Aye Thukha Health Care

Aye Thukha Health Care ကျန်းမာကြပါစေ

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြ...
22/08/2023

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြင်း၊ ပါရာစီတမောဂြိုလ်တု ထည့်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

အထူးသဖြင့် သွေးလွန်တုပ်ကွေး လိုမျိုး သွေးထွက်လွန်တတ်တဲ့ရောဂါမျိုးမှာ - သွေးတိတ်စေဖို့အရေးကြီးတဲ့သွေးဥမွှားလေးတွေ နည်းနေချိန် အသားဆေးထိုးလိုက်မိရင် အဲဒီနေရာမှာသွေးထွက်လွန်ပြီး သွေးခဲဖြစ်ကာ အရေးပေါ်ကုသရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ စစချင်းမှာ ရိုးရိုးတုပ်ကွေးလိုဖျားပြီးဆေးခန်းရောက်လာတာပါပဲ။ ဒါကြောင့် ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီး တော်ယုံဖျားနာခြင်းမှာ အချိန်တစ်ခုစောင့်ဆိုင်းပြီးရင် အဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ကလေးတော့ ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဘူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဘူး ဒီလိုပြောလာရင်တော့ " မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပါယ်မတူဘူးလို့ပြောပါရစေ။ မြွေပေါက်ရင် သေတတ်တယ်လို့ပြောတာကို ငါမြွေပေါက်ခံရဖူးတယ် အခု ဘာမှမဖြစ်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ မဖြစ်ရင်ဘာမှမဖြစ်ပေမယ့် တစ်ချက်မှားရင် တစ်ဘဝစာပါ။

ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။

မေတ္တာဖြင့်
Dr. စိုင်းမြတ်သူ

သွေးတိုးရောဂါ🎈ဆရာ ကျွန်နော် သွေးတိုးရောဂါ ရှိနေပြီလား အခုသွေးပေါင်ချိန်က အပေါ် ၁၅၀ အောက် ၉၀ (၁၅၀/၉၀)             သွေးပေါ...
18/05/2023

သွေးတိုးရောဂါ

🎈ဆရာ ကျွန်နော် သွေးတိုးရောဂါ ရှိနေပြီလား အခုသွေးပေါင်ချိန်က အပေါ် ၁၅၀ အောက် ၉၀ (၁၅၀/၉၀)

သွေးပေါင်ချိန် အပေါ် ၁၄၀ နဲ့ အောက် ၉၀ (၁၄၀/၉၀) အထက်ရှိပြီဆိုရင် သွေးတိုးရောဂါရှိပြီလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ တကြိမ် တခါတည်း ဆေးရုံ ဆေးခန်း မှာတိုင်းပြီး သွေးပေါင်တက်ရုံနဲ့တော့ သွေးတိုးရှိပြီလို့ ဆုံးဖြတ်လို့ မရပါဖူး။ တချို့က ဆေးခန်းရောက်တဲ့အချိန် စိုးရိမ်တာ ကြောက်တာနဲ့ သွေးပေါင်ချိန် ခဏတက် တတ်တယ် ကျွန်နော်တို့က white coat hypertension လို့ခေါ်ပါတယ်။ ရောဂါမရှိတဲ့အတွက် ကုဖို့ မလို့ပါ။ တချို့က ဆေးရုံ ဆေးခန်းလာရင် သွေးပေါင်ချိန်ရင် အကောင်း ပုံမှန်အတိုင်း ဒါပေမဲ့ အိမ်မှာ အလုပ်မှာ တက်နေတတ်တယ် masked hypertension လို့ဆိုပါတယ်။ ဒီအုပ်စုက သွေးတိုးရောဂါရှိပြီး ထိရောက်တဲ့ ကုသမူ့ မရတဲ့အတွက် အန္တရာယ် ပိုကြီးပါတယ်။ ဒါကြောင့်မို့ သွေးပေါင်တိုင်းတဲ့စက် ဒီဂျင်တယ် စက်ဖြစ်ဖြစ် ပြဒါးနဲ့ စက်ဖြစ်ဖြစ် အိမ်မှာ ရုံးမှာ ဆောင်ထားပြီး စစ်ဆေးသင့်ပါတယ်။ သွေးပေါင် ဘယ်အချိန်တိုင်းတိုင်း ပုံမှန်ထက်တက်နေပြီဆိုရင် သွေးတိုးရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါပြီ။

🎈 သွေးတိုးကို ကုသမူ့ မယူရင် ဘာဖြစ်မလဲ

လေဖြန်း လေဖြတ်နိုင်ခြေ ၇၀% နှလုံးအားနည်းနိုင်ခြေ ၅၀ % နလုံးသွေးကြောပိတ် ၂၅ % ကျောက်ကပ်အားနည်း ၂၀% ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်လျော့နည်းတာ လိင်စိတ် လျော့နည်းတာ စသည့် ထိခိုက်မူ့များဖြစ်နိုင်ပါသည်။ သေသေချာချာ ကုသမူ့ ခံယူရင် အပေါ်သွေးပေါင်ချိန် နဂိုအောက် ၁၀ ကျတိုင်း လေဖြတ်နိုင်ခြေ ၃၈% သွေးကြောပိတ်နိုင်ခြေ ၁၈% သက်သာမယ်လို့ ဆိုပါတယ်။

🎈ဘယ်လို့လက္ခဏာပြမလဲ

ခေါင်းမူး ခေါင်းကိုက် နှုံးတာ စိတ်ရှုတ်ထွေးတာ မောတာ အသက်ရှု့မဝတာတွေ ဖြစ်နိုင်ပါတယ်။ တချို့လဲ သွေးပေါင်ချိန် ၂၀၀ ဝန်းကျင် ရှိတာတောင် ဘာလက္ခဏာမှ မပြတာလဲရှိပါတယ်။

🎈 သွေးတိုးကို ဘယ်အချိန် စဆေးသောက်ကုရမလဲ

ပုံမှန်သွေးပေါင်ချိန်ကို အပေါ် ၁၂၀နဲ့ အောက် ၈၀ သတ်မှတ်ထားပါတယ်။အမေရိကန်တွေကတော့ သွေးပေါင်ချိန် ၁၃၀/၈၀ နဲ့ အထက် ရောက်ရင် အဆင့် ၁ သွေးတိုးလို့ သတ်မှတ်ပါပြီ သွေးပေါင်ချိန် ၁၄၀/၉၀ ကျော်ရင် အဆင့် ၂ သွေးတိုးလို့ သတ်မှတ်ပြီး စတင်ဆေးကုသမူ့ ခံယူရပါမယ်။

ဥရောပကတော့ ၁၄၀/၉၀ အထက်ကိုပဲ သွေးတိုးရှိပြီ ကုသဖို့လိုပြီလို့ သတ်မှတ် ကြပါတယ်။ တချို့သူတွေက သွေးပေါင်ချိန် အပေါ် ၁၃၀ နဲ့ ၁၄၀ ကြားရှိနေတယ်။ ကုသမူု့ခံယူဖို့လိုလားဆိုတော့ သူတို့မှာ တခြား ဘာရောဂါမှ တွဲမနေဘူး ဆီးချို အဆီများတာ ဆေးလိပ်သောက်တာ အစရှိတာတွေ မရှိရင်တော့ ကုသဖို့ မလိုပါဖူး ဒါပေမဲ့ CVD risk factors လို့ခေါ်တဲ့ ဆီးချိုရှိတာ အဆီများတာ ယူရစ် အက်ဆစ်များတာ ဆေးလိပ် အရက်သောက်တာ ကျောက်ကပ်မကောင်းတာ လေဖြတ်ဖူးတာ နှလုံးသွေးကြောပိတ်ဖူးတာအစရှိတဲ့ အချက်တွေ များများ ရှိနေရင်တော့ သွေးပေါင်ချိန် အပေါ် ၁၃၀ ကျော်တာနဲ့ ကုသမူ့ ခံယူသင့်ပါပြီ။

🎈 သွေးတိုးရှိရင် ဘာတွေရှောင်ဖို့လိုပြီလဲ

DASH လို့ခေါ်တဲ့ နေ့စဉ်စားသောက်တဲ့ပုံစံ လေ့ကျင့်ခန်း နေထိုင်မူ့ စနစ်ကို ပြောင်းလဲဖို့ လိုပါပြီ အငံလျော့စားရင် သွေးပေါင်ချိန် ၅အထိ ကိုယ်အလေးချိန် ၂ ပေါင်ကျတိုင်း သွေးပေါင်ချိန် ၁ထိကျပါမယ်။ ပိုတက်ဆီယမ်များတဲ့ အစားအစာ ဥပမာ အာလူး ခရမ်းချဉ်သီး ဌက်ပျောသီး စားတိုင်းသွေးပေါင်ချိန် ၅ထိကျတယ်လို့ဆိုပါတယ်။

အဆီလျော့စားမယ် အသီးအရွက် အသီးအနှံများများစားမယ်ဆိုရင် သွေးပေါင်ချိန် ၁၁ အထိ ကျဆင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ၅ အထိ အရက်လျော့သောက်ရင် သွးပေါင် ၄ ထိ ကျမှာပါ။ ဒါကြောင့်မို့ သွေးတိုးရှိတဲ့လူနာတိုင်း ဒီ အစားအစာများကို ဂရုတစိုက်စားသုံးပြီး လေ့ကျင့်ခန်းလုပ် ရှောင်သင့်တာရှောင် သွေးကျဆေး မသောက်ပဲ ထိန်းနိုင်အောင်ကြိုးစားသင့်ပါတယ်။

🎈ဘယ်သွေးကျဆေးကိုမှီဝဲသင့်သလဲ

အဓိက အုပ်စုကြီးလေးခုရှိပါတယ်။ ABCD လို့ မှတ်လို့ရပါတယ်။

A ကတော့ ACEI/ARB အုပ်စုပါ (ဆေးဥပမာ တွေကတော့ peridopril Ramipril Enalapril/ losartan Telmisartan Irbesartan Valsartan)

B ကတော့ Beta blocker ( ဥပမာ metoprolol bisoprolol carvedilol)

C ကတော့ calcium channel blocker ( ဥပမာ Amlodipine nifedipine)

D ကတော့ ဆီးဆေးအုပ်စု diuretic ( ဥပမာ hydrochlothiazide torsemide indapamide) တွေပါ။

အခြေခံအားဖြင့် သွေးပေါင်ချိန် အရမ်း မများဖူးဆိုရင် (အပေါ်သွေးပေါင်ချိန် ၁၅၀အောက်) ဆိုရင် ဆေးတမျိုးပဲစသောက်ရပါမယ် A အုပ်စုဝင်ဆေးကို ဦးစားပေး ရွေးချယ်ရမယ်။

သွေးပေါင်ချိန် ပုံမှန်မရောက်ပဲ တက်နေသေးတယ် ဆိုရင်တော့ A+C ဒါမဟုတ် A+D ကို ရွေးချယ်ပေါင်းစပ်သောက်ရပါမယ်။ နှစ်မျိုးပေါင်းမှ မကျသေးရင် A+C+D ၃ မျိုးပေါင်းစပ်သောက်ရပါမယ်။

ဒါမှ မကျသေးရင်တော့ A+C+D+B ၄ မျိုး ပေါင်းစပ်သောက်ရပါမယ်။ ဒီလိုမှ အဆင်မပြေသေးရင်လည်း ထပ်ပေါင်းစပ်ဖို့ ဆေးတွေရှိပါသေးတယ်။ အခုနောက်ပိုင်းမှာ ပေါင်းစပ်ပြီးသားဆေးတွေ နှစ်မျိုးပေါင်း ၃ မျိုးပေါင်းဆေးတွေ ( single pill combination ) တွေလဲ အများကြီး ပြည်တွင်းမှာ ရရှိနေပြီဖြစ်ပါတယ်။

ပေါင်းစပ်ထားတဲ့ဆေးတွေ သောက်တော့ ဆေးသောက်ဖို့မေ့တာ ကုန်ကျစရိတ်သက်သာတာနဲ့ သွေးပေါင်ထိန်းတာလဲ ပိုအဆင်ပြေ ချောမွတ်တယ်ဆိုပါတယ်။ ဆေးတမျိုးချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုးလဲ လျော့နည်းသွားတဲ့အတွက် လူနာ သွေးပေါင်ချိန်များ ဥပမာ အပေါ်သွေးပေါင်ချိန် ၁၅၀နဲ့အထက်ဆိုရင် ဆေး၂မျိုးပေါင်း စသောက်သင့်ပါပြီ။

ဆေး ၂ မျိုးပေါင်း ပါဝင်တဲ့ သွေးကျဆေး ပမာဏ နည်းနည်းစီနဲ့စ ပေးတာဟာ ဆေး ၁ မျိုးထဲကို ပမာဏများများပေးတာထက် ပိုပြီး သင့်တော်တယ် လိုချင်တဲ့ ပုံမှန် သွေးပေါင်ချိန် မြန်မြန်ရောက်မယ်လို့ ဆိုပါတယ်။ဒါပေမဲ့ သိပ်မများတဲ့ အပေါ်သွေးပေါင်ချိန် ၁၅၀ အောက်နဲ့ အသက် ၈၀ ကျော် လူနာတွေ နာတာရှည် ရောဂါများနဲ့ လူနာတွေကိုတော့ ဆေးတစ်မျိုးထဲနဲ့ပဲ စတင်ကုသရမှာဖြစ်ပါတယ်။

🎈 ဒီဖေါ်မျူလာအတိုင်း သောက်သုံးရင် အဆင်ပြေပြီလား

တချို့က မိသားစုဝင်တွေ သောက်တဲ့ဆေးကို ကောင်းတယ်ဆိုပြီး လိုက်သောက်တာရှိပါတယ်။ အဲဒါက မှားယွင်းပြီး အန္တရာယ်ရှိပါတယ်။ ဆေးတမျိုးဆီမှာ အားသာချက် အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်စီ ရှိလို့ပါ။ ဆရာဝန်တွေက လူနာတွေမှာရှိတဲ့ ရောဂါတွေ ဥပမာ နှလုံးသွေးကြောကျဉ်း နှလုံးအားနည်း ကျောက်ကပ်မကောင်း ဆီးချို လေဖြတ် အစရှိသည်ကို မူတည်ပြီး B အုပ်စုကို ဦးစားပေး A အုပ်စုက်ု ဦးစားပေး ကိုယ်ဝန်ရှိတာ ကလေးယူဖို့ရှိတာ အစရှိသည် ဖြင့် စဉ်းစားဆင်ခြင်ပြီး ကုသ ဆေးပေးတာဖြစ်တဲ့အတွက် သွေးတိုးဆေးဝါးများကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

🎈 သွေးပေါင်ချိန် ဘယ်လောက် target ထားရမလဲ

၁၃၀/၈၀ နဲ့ အောက် အထိ ရောက်အောင် ထားသင့်ပါတယ်။ ဒါပေမဲ့ အရမ်းကျလွန်းရင်လဲ မကောင်းပါဘူး အထူးသဖြင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိတဲ့သူတွေ သွေးပေါင်ချိန် ၁၂၀/၇၀ အောက် ရောက်အောင် မချသင့်ပါဘူး။

🎈အသက်ကြီးတဲ့သူတွေရော သွေးတိုး ကုသသင့်သလား

အသက်အရွယ်ကြီးလာရင် သွေးတိုးလာတဲ့ သဘောသဘာဝရှိပါတယ်။ သွေးတိုးလာတာနဲ့ အမျှ လေဖြတ်နိုင်ခြေ သွေးကြောတွေပိတ်နိုင်ခြေ ကလည်း လူငယ်တွေထက် ပို များပါတယ်။ ဒါကြောင့်မို့ ထိထိရောက်ရောက်ကုသရပါမယ်။ ဒါပေမဲ့ အရမ်းအသက်ကြီးတဲ့ အသက် ၈၀ကျော် အရွယ်ဆိုရင်တော့ သွေးပေါင်ချိန် ၁၆၀/၉၀ ကျော်မှစပြီးကုသရပါမယ်။ သွေးပေါင်ချိန်ကိုလဲ လူငယ်တွေနီးပါး ၁၃၀/၇၀ ထိ ချလျင်အဆင်ပြေပါတယ် ( တကယ်လို့ လူနာခံနိုင်ရည်ရှိလျင်)

🎈အပေါ်သွေးပေါင်ချိန်နဲ့ အောက်သွေးပေါင်ချိန် ဘယ်ဟာက အရေးကြီးလဲ

အခုနောက်ပိုင်းမှာ အပေါ်သွေးပေါင်ချိန်ကပဲ ပိုအရေးကြီးကြောင်း လက်ခံသိမြင်လာကြပါတယ်။ အပေါ်သွေးပေါင်ချိန်ကိုပဲ ကျအောင် ကုသကြရမှာပါ။

🎈 ဆေးတွေ သွေးပေါင်ကောင်းလာရင် ဖြတ်လို့ရလား

အစားအသောက်လဲထိန်းမယ် ဆေးလဲ မှန်မှန်သောက်လို့ သွေးပေါင်ချိန်ကောင်းလာရင် ဖြည်းဖြည်းချင်း ၃ မျိုးက ၂ မျိုး ၂မျိုးက၁ မျိုး လျော့သောက်လို့ ဖြစ်ပါတယ်။ ဘယ်လိုပဲ သောက်သောက် နောက်ဆုံး ရည်မှန်းချက် က သွေးပေါင်ချိန် ပုံမှန်ထဲမှာပဲ ရှိဖို့ပါ။ ဒါမှပဲ သက်ရှည် ကျန်းမာ နေနိုင်မှာပါ။

🎈 သွေးတိုးရောဂါရှိတဲ့သူ တွေ ဘာတွေ ထပ်စစ်ဆေးသင့်လဲ

ကျွန်နော်တို့ ဆေးကုသမူ့ ပေးတဲ့နေရာမှာ သွေးတိုးတခုကိုပဲ ကုသတာမဟုတ်ပဲ လူတကိုယ်လုံး အသက်ရှည် ကျန်းမာအောင် ကုသတာဖြစ်တဲ့အတွက် သွေးတွင်းအဆီများနေလား အဝလွန်နေလား ဆီးချို သွေးချိုရှိနေလား အစရှိသည့် risk factors များနဲ့သွေးတိုးကြောင့် ကျောက်ကပ် နှလုံး ထိခိုက်မူ့ အတိုင်းအတာကို စစ်ဆေးဖို့ လို အပ်မည်ဖြစ်ပါသည်။

🎈အသက်ငယ်တဲ့သူတွေ သွေးတိုးဖြစ်ရင်

အသက် ၃၀ အောက် သွေးတိုးနဲ့ အသက်ကြီးတဲ့သူတွေမှာ ရုတ်တရက် သွေးတိုးပေါ်လာတာ သွေးတိုး ဆေးတွေနဲ့ ထိန်းမရဖြစ်တဲ့သူတွေကို အခြားသွေးတိုး ဖြစ်စေတဲ့ ရောဂါတွေကို ရှာကြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ လည်ပင်းဟိုမုန်းများတာ ကျောက်ကပ်သွေးကြော ကျဉ်းနေတာ အစရှိတဲ့ ရောဂါများ ရှိ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။ တွေ့ရှိပြီး ကုသမူ့ခံယူလျင် သွေးတိုးရောဂါပါ ပျောက်ကင်းမှာဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

Dr. သက်ဟိန်း (နှလုံး အထူးကု)
Cartoon - credit
# hypertension Awareness # Ref - ACC 2017 & ESC 2018 Guideline

Address

War Oo Street
Insein

Telephone

+959454579515

Website

Alerts

Be the first to know and let us send you an email when Aye Thukha Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Thukha Health Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram