
08/07/2024
ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အရေးကြီးဆုံးလုပ်ရမယ့် အချက် (၄) ချက်
ခုတလော လူတော်တော်များများ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ ဖြစ်နေကြပါတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ လူတချို့မှာဆိုရင် ပြင်းပြင်းထန်ထန်မခံစားရဘဲ ပျောက်ကင်းသွားတတ်ပေမယ့် တချို့လူတွေမှာဆိုရင် အချိန်မီမကုသဘူးဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အရမ်းကြီးစိုးရိမ်ကြောက်လန့်နေစရာမလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး၊ ဒီ နေ့မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အရေးကြီးဆုံးလုပ်ရမယ့် အချက် (၄) ချက် ကို ပြောပြပေးမှာဖြစ်ပါတယ်
(၁) ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်အောင် ဂရုစိုက်ပါ
ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ကျွန်တော်တို့အကြောက်ဆုံးအရာက ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပါတယ်၊ ရေဆိုတာက တနည်းအားဖြင့်ဘာနဲ့တူလဲဆိုရင် ခန္ဓာကိုယ်ထဲမှာဆိုရင် သွေးနဲ့အတူတူပါပဲ၊ သဘောကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ရင် သွေးပမာဏပါလျော့နည်းလာပါတယ်၊ သွေးပမာဏလျော့နည်းလာခြင်းကြောင့် သွေးပေါင်ချိန်တွေကျလာမယ်၊ အဲ့ဒီအခါ သွေးစီးဆင်းမှုလျော့နည်းလာပြီး ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါတွေကို သွေးထောက်ပံ့မှုကျဆင်းလာမယ်၊ ဥပမာ ကျောက်ကပ်သွေးစီးဆင်းမှုလျော့နည်းလာရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်၊ ဒီလိုပဲ သွေးပေါင်ချိန်တွေမတရားထိုးကျပြီး shock ရတဲ့အခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အင်္ဂါတွေပျက်စီးလာပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်
ဒီတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် အလွယ်ကူဆုံးလုပ်လို့ရတာကတော့ ဓာတ်ဆားရည်သောက်ဖို့ပါပဲ၊ ရိုးရှင်းသော ဓာတ်ဆားရည်လေးသောက်ခြင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ချေကို ရာခိုင်နှုန်းအများကြီး ကာကွယ်ပေးနိုင်ပါတယ်
ဒီတော့ ဓာတ်ဆားရည်ကို ဘယ်လောက်သောက်ရမလဲ၊ ဘယ်လိုဓာတ်ဆားရည်မျိုးကို သောက်ရမလဲ ?
ဓာတ်ဆားရည်ပမာဏဘယ်လောက်သောက်ရမလဲဆိုတာကို အလွယ်ကူဆုံးမှတ်ရမယ်ဆိုရင် ဝမ်းသွားသလောက်ပြန်သောက်ဖို့ဖြစ်ပါတယ်၊ ကိုယ်ဝမ်းသွားတဲ့ပမာဏများရင် များများသောက်ရပါမယ်၊ ပမာဏနည်းရင် တော့ နည်းနည်းသောက်ပါ
ဘယ်လိုဓာတ်ဆားရည်သောက်ရမလဲဆိုရင် WHO formula နဲ့ဖော်စပ်ထားတဲ့ မည်သည့်ဓာတ်ဆားရည်မဆို သောက်လို့ရပါတယ်၊ WHO formula ဆိုတာကတော့
- sodium chloride 3.5 g
- potassium chloride 1.5 g
- sodium citrate 2.9 g
- dextrose anhydrous 20 g
ဒီလိုမျိုးပါဝင်တဲ့ဓာတ်ဆားရည်မျိုးဖြစ်ပါတယ်
ဒီလို WHO formula နဲ့ထုတ်လုပ်ထားတဲ့ ဓာတ်ဆားတွေကတော့ BPI ဓာတ်ဆား, MPF ဓာတ်ဆား၊ electral forte, peditral စတဲ့ဓာတ်ဆားတွေဖြစ်ပါတယ်၊ ဒါကတော့ လက်လှမ်းမီသလောက် ဥပမာပေးတာပါ၊ နောက်ထပ်လည်းရှိပါသေးတယ်
ဓာတ်ဆားရည်တစ်ထုတ်ကို ရေ (၁) လီတာနဲ့ဖျော်ပါ၊ ရေသန့်နဲ့ဖျော်တာအကောင်းဆုံးပါ၊ ရေသန့်မရှိရင် ရေကိုကျိုချက် အရေးခံပြီးဖျော်ပါ၊ ဓာတ်ဆားဖျော်တဲ့ ရေဘူး သန့်ရှင်းဖို့တော့ လိုပါတယ်၊ ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ပါ၊ ၂၄ နာရီပြည့်လို့မကုန်ရင် သွန်ပစ်ပြီး အသစ်ဖျော်ပါ
ဓာတ်ဆားသောက်ရင် သတိထားရမှာကတော့ ဓာတ်ဆားထုတ်ကိုဖောက်လိုက်လို့ အထဲကအမှုန့်တွေက ခဲနေတာ၊ အစိုပြန်နေတာ၊ အဝါရောင်ပြောင်းနေတာဆိုရင် သောက်လို့မရပါဘူး
(၂) အာဟာရဓာတ်ပြည့်ဝအောင် အစာစားပါ
တချို့က ဝမ်းလျှောနေတဲ့သူကို ဘာမှမကျွေးဘဲ ဓာတ်ဆားရည်တစ်မျိုးပဲတိုက်ပြီး ဒီတိုင်းထားတတ်ကြပါတယ်၊ တကယ်က အဲ့လိုလုပ်လို့လုံးဝမရပါဘူး၊ လူနာက ပျို့တာအန်တာ၊ ဗိုက်အောင့်တာမရှိဘူး၊ ပါးစပ်ကလည်း စားနိုင်နေတယ်ဆိုရင် ပူပူနွေးနွေးချက်ထားတဲ့ အစာပျော့ပျော့ကျွေးလို့ရပါတယ်၊ ဥပမာ ထမင်းပျော့ပျော့၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် တွေအပြင် အခြားသော အာဟာရရှိမယ့်အစားအစာတွေ ကျွေးလို့ရပါတယ်
ရှောင်ရမှာတွေကတော့ အပူအစပ်တွေ၊ အစာမာမာတွေ၊ အရက်ဘီယာ၊ ကဖိန်းပါတဲ့အစားအစာတွေရှောင်ပါ
(၃) သန့်ရှင်းရေးဂရုစိုက်ပါ
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဗိုင်းရပ်ပိုး၊ ဘတ်တီးရီးယားပိုးတွေကြောင့် အဖြစ်များပါတယ်၊ ဒီပိုးတွေဟာ သန့်ရှင်းမှုအားနည်းလို့အလွယ်တကူ ကူးစက်တာဖြစ်ပါတယ်၊ သန့်ရှင်းရေးဂရုစိုက်ခြင်းဟာ ဝမ်းမလျှောခင်ကာကွယ်ဖို့ရော၊ ဝမ်းလျှောနေစဥ် ပိုမဆိုးအောင်ရော၊ မိသားစုဝင်တွေကို မကူးစက်အောင်ရော အရေးပါပါတယ်
အစာသန့်ဖို့၊ လက်သန့်ဖို့၊ ရေသန့်ဖို့၊ အိမ်သာသန့်ဖို့လိုပါတယ်
ဝမ်းလျှောနေတဲ့သူအနေနဲ့ အစာမစားခင်တစ်ခါ၊ အစားစားပြီးရင်တစ်ခါလက်ဆေးပါ
ဝမ်းလျှောနေတဲ့သူရဲ့အညစ်အကြေး၊ အဝတ်အစား၊ အသုံးအဆောင်တွေကိုင်တွယ်ပြီးတိုင်း ဘယ်သူမဆိုလက်ဆေးပါ
(၄) အန္တရာယ်ပြလက္ခဏာများ စောင့်ကြည့်ပါ
ဝမ်းပျက်ဝမ်းလျှောလူနာမှာ ပြင်းထန်ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေပြရင်တော့ အန္တရာယ်ရှိပါတယ်၊ ဥပမာ
- ရေအရမ်းငတ်တာ
- အာခေါင်ခြောက်တာ၊ အရေပြားခြောက်သွေ့တာ
- ဆီးအရမ်းနည်းတာ/ ဆီးမထွက်တော့တာ
- နုန်းတာ၊ ခေါင်းမူးတာ
- ဆီးအရောင် မည်းမည်းတွေသွားတာ
- မှိန်းတာ
- အစားမဝင်တော့တာ စတဲ့လက္ခဏာတွေဖြစ်ရင်တော့ အရေးကြီးတဲ့အတွက် ဆေးရုံဆေးခန်းအမြန်ပြပါ
ဒါ့အပြင် ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အဘိုးအဘွားတွေဖြစ်ရင်လည်း ဆေးရုံဆေးခန်းပြပါ
အခုလောက်ဆိုရင် ဝမ်းပျက်ဝမ်းလျှောခံစားရတဲ့အခါ သတိထားရမယ့် အရေးကြီးတဲ့အချက်တွေကို သိရှိသွားလောက်ပြီလို့ယူဆပါ
အားလုံးပဲ ရောဂါမျိုးစုံအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ
#အခြားသူများသိစေရန် share နိုင်ပါတယ်
#ကော်ပီကူး၍ပြန်တင်ခြင်းခွင့်မပြုပါ
Theikdi Aung
AUNG
#ဝမ်းပျက်ဝမ်းလျှော