31/12/2025
(၂၀၂၅)ခုနှစ်က ကုန်ပါတော့မယ်။
(၂၀၂၅)ခုနှစ်အတွက် စားရိတ်မျှပေး စာရင်းလေးကို တင်ပြပေးဖို့ အချိန်ရောက်လာပါပြီ။
စားရိတ်မျှပေးအစီအစဉ်ဆိုတာက
ဆေးခန်းကိုလာတဲ့ စစ်ရှောင်လူနာတွေ၊ ခက်ခဲနွမ်းပါးလူနာတွေ အနေနဲ့ စိုက်ထုတ်ကုန်ကျစားရိတ် လျော့နည်းသက်သာစေဖို့ ဆိုပြီး လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်လေး ဖြစ်ပါတယ်။
(၉.၈.၂၀၂၁)ရက်နေ့မှာ စတင်ဖြစ်ခဲ့ပါတယ်။
လွိုင်ကော်မြို့ပေါ်ကို စစ်ဘေးရှောင်တွေ စရောက်လာခဲ့တဲ့အချိန်ပေါ့။ သူတို့တွေက လိုအပ်ချက်တွေများတော့ ဆေးခန်းလာပြတဲ့အခါ ကျွန်တော်နိုင်သလောက် အခမဲ့ကုပေးဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်တော်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင်၊ ရေရှည်လည်း အဆင်ပြေအောင်ဆိုပြီး အခုလိုမျိုး စီစဉ်ဖြစ်ခဲ့ပါတယ်။
စလုပ်တုန်းကတော့ မျှဝေခြင်းအစီအစဉ်လို့ ခေါ်ခဲ့ပါတယ်။
မိတ်ဆွေအရင်းတွေကနေ အစပြုမျှဝေပေးတဲ့ ငွေလေးအနည်းငယ်နဲ့ စခဲ့ပါတယ်။
ဒီလိုနဲ့ ဆေးခန်းလာလူနာတွေထဲက ပိုသူတွေကလည်း လိုသူတွေအတွက် မျှဝေလှူပေးခဲ့ရင်းကနေ မျှဝေခြင်းအစီအစဉ်က သူ့အလိုလို လည်ပတ်နိုင်တဲ့ အစီအစဉ်လေး ဖြစ်ခဲ့ပါတယ်။
(၂၀၂၁)ခုနှစ်မှာ လူနာ (၂၀၀)ဦး
(၂၀၂၂)ခုနှစ်မှာ လူနာ (၆၉၄)ဦး
(၂၀၂၃)ခုနှစ်မှာ လူနာ (၁၄၂၀)ဦး ကို စားရိတ်မျှပေး၊ အဲ့ထဲက အချို့ကို အလုံးစုံအခမဲ့ ကုသပေးနိုင်ခဲ့ပါတယ်။
နှစ်တိုင်းအတွက် နှစ်ချုပ်စာရင်းတွေကိုတော့ နှစ်ကုန်တိုင်းမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီကြားထဲမှာ ကိုယ်တိုင်လည်း စစ်ရှောင်ခဲ့ရပါသေးတယ်။ ပထမအကြိမ်က ဆိုက်ခေါင်မှာ ၃လ ကြာခဲ့ပြီး၊ ဒုတိယအကြိမ်က အောင်ပန်းမှာ တနှစ် နဲ့ ၆လကျော် ကြာခဲ့ပါတယ်။
(၂၀၂၄)ခုနှစ် တနှစ်လုံးကိုတော့ အောင်ပန်းမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။
(၂၀၂၄)ခုနှစ်မှာ လူနာ (၂၉၄)ဦးကို စားရိတ်မျှပေး၊ (၄၇)ဦးကို အလုံးစုံအခမဲ့ ကုသပေးနိုင်ခဲ့ပါတယ်။
စစ်ရှောင်အစပိုင်း ကိုယ်ပိုင်ဆေးခန်း မဖွင့်နိုင်ခင်၊ သူများဆေးခန်းထိုင်ချိန်မှာလည်း လူနာ (၁၈၄)ဦးကို ကျွန်တော်ရမယ့် စမ်းသပ်ခ မယူဘဲ ကြည့်ရှုကုသပေးခဲ့ပါတယ်။
(မှတ်တမ်းတင်ထားချင်လို့ ထည့်ရေးလိုက်တာပါ။)
(၂၀၂၅)ခုနှစ် ကိုတော့ အောင်ပန်းမှာ ၆လ ဖြတ်သန်းခဲ့ပြီးနောက် လွိုင်ကော်ပြန်ခဲ့ပါတယ်။
လွိုင်ကော်မှာ (၆)လ ကြာခဲ့ပါပြီ။
(၂၀၂၅)ခုနှစ် တနှစ်လုံးမှာ လူနာ (၄၈၉)ဦးကို စားရိတ်မျှပေး၊ (၃၀)ဦးကို အလုံးစုံ အခမဲ့ ကြည့်ရှုကုသပေးခဲ့ပါတယ်။
(၂၀၂၄)ခုနှစ်ရဲ့ လက်ကျန်ငွေ ၂၀၀၀၀၀၊
(၂၀၂၅)ခုနှစ်အတွင်း လက်ခံရရှိငွေ ၂၈၀၂၀၀၀၊
စစ်မရှောင်ခင်က လွိုင်ကော်ဆေးခန်း စာရင်းကျန်ငွေ ၆၆၅၀၀၀ စုစုပေါင်း ၃၆၆၇၀၀၀ ကျပ်နဲ့ (၂၀၂၅)ခုနှစ်ကို ဖြတ်သန်းခဲ့ပါတယ်။
ဒီငွေထဲကနေ ကင်ဆာလူနာ (၂)ဦးအတွက် ၁သိန်းကျပ်စီနဲ့ နာတာရှည်လူနာတဦးအတွက် ၅၀၀၀၀ ကျပ်ကို မျှဝေပေးလိုက်ပါသေးတယ်။
အများရဲ့ မျှဝေမှုလေးတွေကနေ အခုလိုမျိုး ပြုလုပ်ပေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကျန်ငွေ (၄၀၆၀၀၀)ကျပ် ကျန်ရှိနေပါသေးတယ်။
(၂၀၂၆)ခုနှစ်ကို အစပြုဖို့ ကြိုးစားရင်း
(၂၀၂၅)ခုနှစ်ကို နှုတ်ဆက်လိုက်ပါတယ်။
(မှတ်ချက်။ ယခုပိုစ့်သည် အလှူခံပိုစ့် မဟုတ်ပါ။ ရန်ပုံငွေ လုံလောက်မှုရှိနေပါတယ်။)