27/01/2025
𝗔𝘂𝘁𝗼𝗶𝗺𝗺𝘂𝗻𝗲 𝗲𝗻𝗰𝗲𝗽𝗵𝗮𝗹𝗶𝘁𝗶𝘀
🧠 ကိုယ်ခံအားမူမမှန် အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ခြင်းများ 🧠
🩺 ရောဂါပိုးများကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်းများနှင့်ယှဉ်လျှင် ရှားပါးသည်ဟုဆိုနိုင်သော်လည်း ကိုယ်ခံစွမ်းအားနှင့်ဆိုင်သော ဦးနှောက်ရောင်ခြင်းများသည် တဖြည်းဖြည်းအတွေ့များလာသော ရောဂါများ ဖြစ်သည်။ အဆိုပါဦးနှောက်ရောင်ခြင်းအမျိုးအစားများ များစွာရှိသော်လည်း 𝗔𝗰𝘂𝘁𝗲 𝗗𝗶𝘀𝘀𝗲𝗺𝗶𝗻𝗮𝘁𝗲𝗱 𝗘𝗻𝗰𝗲𝗽𝗵𝗮𝗹𝗼-𝗠𝘆𝗲𝗹𝗶𝘁𝗶𝘀 (𝗔𝗗𝗘𝗠) နှင့် 𝗔𝗻𝘁𝗶-𝗡-𝗺𝗲𝘁𝗵𝘆𝗹- 𝗗-𝗮𝘀𝗽𝗮𝗿𝘁𝗮𝘁𝗲 (𝗮𝗻𝘁𝗶-𝗡𝗠𝗗𝗔) 𝗿𝗲𝗰𝗲𝗽𝘁𝗼𝗿 𝗲𝗻𝗰𝗲𝗽𝗵𝗮𝗹𝗶𝘁𝗶𝘀 ဟုခေါ်သော ဦးနှောက်ရောင်ခြင်း အမျိုးအစားနှစ်မျိုးမှာ ကလေးများတွင် အတွေ့ရများသည်။ နောက်ဆက်တွဲပြဿနာ များစွာရှိသော်လည်း စောစီးစွာသိရှိလျှင် ထိထိရောက်ရောက် ကုသနိုင်သော ရောဂါအုပ်စုဖြစ်သည်။
________________________________________
🎯 ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အများစုတွင် ကိုယ်ခံအားမူမမှန် အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ပွါးကြောင်း သိသာသော်လည်း အကြောင်းရင်းကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။
ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးများဝင်ရောက်လာသောအခါ ခန္ဓာကိုယ်၏ ခုခံစွမ်းအားက အဆိုပါပိုးများကိုတိုက်ခိုက်ရမည့်အစား ဦးနှောက်၏အစိတ်အပိုင်း၊ ဦးနှောက်ပရိုတင်း စသည်တို့ကို မှားယွင်းတိုက်ခိုက်သောကြောင့် ရောဂါဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင်ကလေးငယ်၏ဗီဇ၊ ကင်ဆာအဖုအကျိတ်များ စသည်တို့နှင့်လည်း ဆက်စပ်မှုရှိနိုင်သည်။ တိုက်ခိုက်ဖျက်ဆီးခံရသည့် ဦးနှောက်အစိတ်အပိုင်းပေါ်မူတည်ပြီး ရောဂါလက္ခဏာများကွဲပြားကာ ရောဂါအမည်အုပ်စုများလည်း ခွဲခြားထားသည်။ 𝗔𝗻𝘁𝗶-𝗡-𝗺𝗲𝘁𝗵𝘆𝗹- 𝗗-𝗮𝘀𝗽𝗮𝗿𝘁𝗮𝘁𝗲 (𝗮𝗻𝘁𝗶-𝗡𝗠𝗗𝗔) 𝗿𝗲𝗰𝗲𝗽𝘁𝗼𝗿 𝗲𝗻𝗰𝗲𝗽𝗵𝗮𝗹𝗶𝘁𝗶𝘀 ဟုခေါ်သော ဦးနှောက်ရောင်ရောဂါသည် လူကြီးများတွင် သားဥအိမ်၊ မျိုးပွါးအင်္ဂါအကျိတ်တစ်မျိုးနှင့် ယှဉ်တွဲတွေ့ရတတ်သော်လည်း ကလေးများတွင်တွေ့ရလေ့မရှိပါ။
________________________________________
📌 ရောဂါလက္ခဏာများ
တချို့သောကလေးများတွင် ဦးနှောက်ရောင်ရောဂါမပေါ်မီ ဗိုင်းရပ်စ်ပိုးဝင်သည့် လက္ခဏာများဖြစ်သည့် နှာစေးချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည်တို့ တစ်ပတ်နှစ်ပတ်ခန့် ကြို၍ဖြစ်တတ်သည်။ သို့သော် နှာစေးချောင်းဆိုးတိုင်း၊ ဖျားနာတိုင်း အဆိုပါရောဂါများ ဖြစ်လာနိုင်မည်မဟုတ်၍ ကြောက်စရာမလိုပါ။ ကြိုတင်၍လည်းမကာကွယ်နိုင်ပါ။
ရောဂါဖြစ်လာပြီဆိုလျှင် အထက်ဖော်ပြပါအတိုင်း ဦးနှောက်အစိတ်အပိုင်း ထိခိုက်မှုပေါ်မူတည်ပြီး လက္ခဏာများကွဲပြားလာသည်။
▶ 𝗔𝗰𝘂𝘁𝗲 𝗗𝗶𝘀𝘀𝗲𝗺𝗶𝗻𝗮𝘁𝗲𝗱 𝗘𝗻𝗰𝗲𝗽𝗵𝗮𝗹𝗼-𝗠𝘆𝗲𝗹𝗶𝘁𝗶𝘀 (𝗔𝗗𝗘𝗠) ဟုခေါ်သော ဦးနှောက်ရောင်ခြင်းမျိုးတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးကိုထိခိုက်ပြီး သတိလစ်ခြင်း၊ တက်ခြင်း၊ ခြေထောက်များမလှုပ်နိုင်ခြင်း၊ ဆီးချုပ်ဝမ်းချုပ်ခြင်း၊ ဆီးမထိန်းဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်တတ်သည်။
▶ 𝗔𝗻𝘁𝗶-𝗡-𝗺𝗲𝘁𝗵𝘆𝗹- 𝗗-𝗮𝘀𝗽𝗮𝗿𝘁𝗮𝘁𝗲 (𝗮𝗻𝘁𝗶-𝗡𝗠𝗗𝗔) 𝗿𝗲𝗰𝗲𝗽𝘁𝗼𝗿 𝗲𝗻𝗰𝗲𝗽𝗵𝗮𝗹𝗶𝘁𝗶𝘀 ဟုခေါ်သော ဦးနှောက်ရောင်ခြင်းတွင် အတွေ့များသောလက္ခဏာများမှာ တက်ခြင်း၊ ခြေလက် ပါးစပ် စသည်တို့၌ အကြောဆွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း၊ ပုံမှန်မအိပ်ခြင်း၊ စကားပြောပုံစံပြောင်းသွားခြင်း သို့မဟုတ် စကားမပြောတော့ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်တတ်သည်။
________________________________________
⚠️ နောက်ဆက်တွဲပြဿနာများ
အသက်ဆုံးရှုံးနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ဉာဏ်ရည်ထိခိုက်ခြင်း၊ အကြောဆွဲခြင်း၊ အတက်ရောဂါ၊ ဆီးပိုးဝင်ခြင်း စသည်တို့ ဆက်လက်ဖြစ်ပွါးနိုင်သည်။
💡 အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန်လိုသည်။ 💡
________________________________________
🔎 ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများသည် ရောဂါပိုးများကြောင့်ဖြစ်သော ဦးနှောက်ရောင်လက္ခဏာများနှင့်တူညီသဖြင့် ဆရာဝန်များသည် အစပိုင်းတွင် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများပေး၍ စတင်ကုသလေ့ရှိသည်။ တစ်ပြိုင်နက်ထဲတွင် လိုအပ်သောစမ်းသပ်မှုများ – ဥပမာ – သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် (CT, MRI head) ရိုက်ခြင်း၊ ခါးဆစ်ကြားမှတစ်ဆင့် CSF အရည်ကိုယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း (lumbar puncture) စသည်တို့ကို ကလေး၏ ရောဂါလက္ခဏာပေါ်မူတည်ပြီး ပြုလုပ်ရသည်။ ADEM ရောဂါအတွက် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းဖြင့် တိတိကျကျသိနိုင်သကဲ့သို့ Anti-NMDA ဦးနှောက်ရောင်ခြင်းအတွက် သက်ဆိုင်ရာ Antibody ဟုခေါ်သော ပဋိပစ္စည်းများကို သွေးနှင့် CSF အရည်တို့မှ ရှာဖွေသိရှိနိုင်သည်။
________________________________________
🌿💉 ကုသခြင်း
အဆိုပါရောဂါများသေချာပါက သက်ဆိုင်ရာကုသမှုကို အမြန်ဆုံးစတင်ရသည်။ ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ရောဂါဖြစ်ပွါးရသဖြင့် ကိုယ်ခံအားကိုထိန်းချုပ်ပေးသော စတီးရွိုက်နှင့် immunoglobulin ဆေးများ၊ ပဋိပစ္စည်းများကိုဖယ်ထုတ်ပေးနိုင်သည့် သွေးလဲလှယ်ကုထုံးများ (plasma exchange)ဖြင့် ကုသရသည်။ အခြားလက္ခဏာများပေါ်မူတည်၍ အတက်ကျဆေး၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေး စသည်တို့လည်းအသုံးပြုရသည်။
သတိလစ်နေသောကလေးများအတွက် မိဘ (သို့မဟုတ်) သူနာပြုများ၏ အနီးကပ်ပြုစုမှုသည်လည်း အရေးကြီးသည်။ ဥပမာ – တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊ လေ့ကျင့်ခန်းများစသည်တို့ ပြုလုပ်ပေးရသည်။ ပြန်လည်နလန်ထူလာသောအချိန်တွင်လည်း အစားအစာမျိုချစားသောက်နိုင်ခြင်း၊ ကိုယ်လက်အစိတ်အပိုင်းများ၏ လှုပ်ရှားသွားလာခြင်း၊ စကားပြောစွမ်းရည်နှင့် အသိဉာဏ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ စသည်တို့ကို ပြန်လည်ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားလေ့ကျင့်ပေးရန်အရေးကြီးသည်။
________________________________________
🌈 ကာကွယ်ခြင်း
ပိုးမွှားများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများကဲ့သို့ ကာကွယ်ဆေးများဖြင့် အဓိကကာကွယ်ရသောရောဂါမျိုးမဟုတ်ပါ။ ကိုယ်ခံအားကိုထိန်းညှိပေးရန်လည်း ကြိုတင်မကာကွယ်နိုင်ပါ။
🚨 အရေးအကြီးဆုံးအချက်မှာ ဤရောဂါများသည် ရှားပါးသော်လည်း ဖြစ်နိုင်ခြေရှိသည်ဟု ဆရာဝန်များဘက်မှ အမြဲသတိရှိနေရန်နှင့် ရောဂါလက္ခဏာများနှင့် ယဉ်ပါးနေရန်ဖြစ်သည်။ မိဘများဘက်မှလည်း ဤရောဂါများနှင့်ပတ်သက်သော ဗဟုသုတများ အသင့်အတင့်ရှိနေသင့်သည်။ သို့မှသာ ရောဂါဖြစ်ပွါးလျှင် စောစီးစွာသိရှိပြီး ထိရောက်သောကုသမှုများ လျင်မြန်စွာ ပေးနိုင်မည်ဖြစ်သည်။
________________________________________
𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/
#ကိုယ်ခံအား #ဦးနှောက်ရောင်