09/05/2026
ခုနောက်ပိုင်း အသက်က ၄၀ ကျော်လာပြီ ဆိုတော့ ကျန်းမာရေးကို တော်တော်လေး ဂရုစိုက်ဖြစ်တယ်။ မနက်ဆို အိပ်ယာက စောစောထပြီး မနက်စာကို ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် အစုံပါအောင် စားတယ်။ မနက်ပိုင်း မိနစ် ၃၀ လောက် ခြံထဲမှာ လမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်တယ်။ တစ်ပတ်ကို ၃ ရက်လောက် Gym ပုံမှန် သွားဖြစ်တယ်။
အထိုင်များတဲ့သူ ဖြစ်လို့ တစ်နာရီခြားတစ်ခါ လမ်းလျှောက်တာ၊ အကြောဆန့် တာမျိုး လုပ်ပေးရသေးတယ်။ နေ့လည်စာ ဆိုလည်း ထမင်းထက် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပဲကို ပိုစားဖြစ်တယ်။ အဆီအအိမ့်နဲ့ ချိုလွန်းတာတွေ တတ်နိုင်သလောက် ရှောင်တယ်။ အထူးသဖြင့် တစ်နေ့ကို ရေ ၃ လီတာ ပြည့်အောင် သောက်တယ်။
အလုပ်တွေ များနေရင်တောင် ၁၀ မိနစ်လောက် ပုံမှန် တရားထိုင်တာ ဖြစ်တယ်။ တစ်ပတ်ကို စာအုပ် တစ်အုပ် ပြီးအောင်ဖတ်တယ်။ ဆေးလိပ် ဖြတ်လိုက်တယ်။ အရက်၊ ဘီယာ အတတ်နိုင်ဆုံး ရှောင်တယ်။ မိတ်ဆွေတွေနဲ့ ထိုင်ဖြစ်လို့ ငြင်းမရရင် အရက်ဆို ၄ ပက်၊ ဘီယာဆို နှစ်ခွက်ထက် ပိုမသောက်ဖြစ်အောင် ထိန်းတယ်။ ညစာကို ည ၈ နာရီထက် နောက်ကျပြီး မစားဘူး။
အရေး အကြီးဆုံးက အိပ်ချိန်ပဲ။ အိပ်ရာမဝင်ခင် ၁ နာရီလောက် အလိုကတည်းက ဖုန်း၊ ကွန်ပျူတာ လုံးဝ မသုံးတော့ဘူး။ တစ်နေ့ကို ၇ နာရီ- ၈ နာရီလောက် Quality Sleep ရအောင် ကြိုးစား အိပ်တယ်။ Medical Check-up ကိုလည်း တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ လုပ်ဖြစ်အောင် လုပ်တယ်။ ရောဂါတွေက စောစော ကြိုသိရလေ ကုဖို့ ပိုလွယ်လေ မဟုတ်လား။
+++++++++++
ဘယ်သူ ရေးထားတာ လဲတော့ မသိဘူး။ ဘီယာ သောက်နေရင်း အမြည်းအတွက် ဝယ်လာတဲ့ ဝက်ဆီဖတ် ထုပ်ထားတဲ့ စက္ကူပေါ်မှာ ပါလာလို့ ကျန်းမာရေး လိုက်စားတဲ့ မိတ်ဆွေတွေ ဗဟုသုတ ရအောင် တင် ပေးလိုက်ပါတယ် 😅 to original owner #သဗ္ဗဇေယျ