Care by Heart

Care by Heart Mental Health Education and Knowledge Sharing (Psychoeducation)

BrainwashingBrainwashing ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူး၊ အတွေးနဲ့ ခံယူချက်တွေကို သူမဟုတ်တဲ့ အခြားပုံစံတစ်ခုအဖြစ် အတင်းအကျပ်သ...
25/02/2026

Brainwashing

Brainwashing ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူး၊ အတွေးနဲ့ ခံယူချက်တွေကို သူမဟုတ်တဲ့ အခြားပုံစံတစ်ခုအဖြစ် အတင်းအကျပ်သွပ်သွင်းခြင်းပဲဖြစ်ပါတယ်။

သမိုင်းခေတ်အဆက်ဆက်မှာ လူတွေရဲ့တွေးခေါ်ပုံ၊ ခံယူချက်တွေကို ပြောင်းလဲဖို့၊ ထိန်းချုပ်ဖို့ ကြိုးစားမှုတွေ အမျိုးမျိုးလုပ်ခဲ့ကြပါတယ်။

Brainwash ဆိုတဲ့စကားလုံးကို စတင်အသုံးပြုလာတာကတော့ တရုတ်ကွန်မြူနစ်တွေရဲ့ စစ်သုံ့ပန်းတွေအပေါ် ထိန်းချုပ်ဖို့လုပ်တဲ့ လုပ်ရပ်တွေကို လေ့လာဖော်ပြရင်းကနေ စပါတယ်။
ကိုရီးယားစစ်ပွဲအတွင်းမှာ အဖမ်းခံရတဲ့ အမေရိကန်စစ်သားတွေ၊ spy တွေဟာ ကွန်မြူနစ်လုံးလုံးဖြစ်ပြီး တဖက်လူအနေနဲ့ပြန်ဖြစ်သွားတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။
အဲ့ဖြစ်စဉ်တွေကိုလေ့လာရင်း Brainwash ဆိုတဲ့အသုံးအနှုန်းက တွင်ကျယ်လာတာပါ။

Brainwash ဘယ်လိုလုပ်သလဲ ?

လူတစ်ယောက်ကို မျှော်လင့်ချက်လုံးဝမရှိတော့တဲ့အထိ နှိပ်စက်ညှင်းပန်းမှုတွေလုပ်ခြင်းအားဖြင့် အဲ့လူရဲ့ စိတ်ဓါတ်ကို ပထမဦးစွာဖျက်ဆီးပစ်ပါတယ်။
တိုက်ပိတ်ထားခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အငတ်ထားခြင်း၊ နာကျင်အောင်နှိပ်စက်ခြင်း စတဲ့
နည်းမျိုးစုံကိုသုံးပြီးလုပ်ဆောင်ပါတယ်။
ကိုယ့်ရဲ့ခံယူချက်တွေအားလုံးပျက်စီးပြီး သက်ရှိတစ်ယောက်ရဲ့ နောက်ဆုံးအသိစိတ်ဖြစ်တဲ့ ရှင်သန်လိုစိတ်ပါ မရှိတော့တဲ့ အခြေအနေ (လူမသေသေးသော်လည်း စိတ်ဓါတ်သေသွားချိန်) ရောက်သွားတော့မှ အသစ်သွင်းလိုတဲ့ အယူအဆတွေ ခံယူချက်တွေထည့်ပေးရင် ရှင်သန်ဖို့ မျှော်လင့်ချက်ကို ပြန်ဖွင့်ပေးရင်း Brainwashing ဆိုတဲ့ ဦးနှောက်ဆေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပါတယ်။

Spy ဇာတ်ကားတွေမှာ အမြဲပါတဲ့ spy တွေကိုလေ့ကျင့်ပေးတဲ့ လေ့ကျင့်ရေးအဆင့်တွေအကုန်လုံးဟာ brainwashing လုပ်နေတာပါပဲ။

Brainwash ဆိုတာ နိုင်ငံရေးတွေ၊ စစ်ပွဲတွေမှာပဲ ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ အစွန်းရောက် ဘာသာရေးကျင့်စဉ်တွေကိုလည်း brainwash ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ထားပါတယ်။
အဲ့လိုကျင့်စဉ်တွေကိုတော့ Religious Cult ဆိုပြီးခေါ်ပါတယ်။
အပြောများတဲ့ ကျင့်စဉ်တွေကတော့ ‘ဘုရားကိုမတွေ့မချင်း ရေနှစ်တာမျိုး’၊ ‘နာကျင်မှုတွေ, သွေးထွက်သံယိုဖြစ်အောင်တွေလုပ်ပြီး ဘုရားနဲ့နီးတယ်ဆိုတဲ့ ခံစားချက်ကိုရအောင်လုပ်တာမျိုး’တွေပါ။
(ကိုယ့်ကိုကိုယ် self-isolate လုပ်ပြီး ဂူပိတ်ကျင့်စဉ်တွေကရော brainwash ထဲမှာပါလား?
ဘယ်စာပေအထောက်အထားမှတော့ မရှိသေးပေမယ့်၊ တရားကျင့်ရင်း တရားမရဘဲ ဂေါက်သွားတယ် ဆိုတဲ့စကားကတော့ အရပ်ထဲမှာ အပြောများတဲ့အတွက် ထည့်စဉ်းစားသင့်ပါတယ်။)

နောက်ထပ်တွေရတဲ့ brainwash ခံရသူတွေက လူကုန်ကူးခံရသူတွေနဲ့၊ ဖိနှိပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေမှာပါ (ခေတ်သစ်ကျွန်စနစ်ပေါ့)။ သူတို့တွေထဲမှာလဲ ကိုယ်တိုင်က ခံရတဲ့သူဖြစ်ပေမယ့် အဲ့စနစ်ကြီးကို ပြန်လည်ကျားကန်ပေးနေတဲ့သူတွေပေါပါတယ်။

Brainwash လုပ်ခံထားရသူဟာ အဲ့အဖွဲ့အစည်းကနေ ပြန်လည်လွတ်မြောက်လာရင်တောင်မှ အသစ်ထည့်ပေးလိုက်တဲ့ အယူအဆအသစ်တွေနဲ့ပဲနေထိုင်ရင်း ယခင်နဲ့လုံးဝမတူတော့တဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်သွားတတ်ပါတယ်။

အဲ့လို Brainwash ဖြစ်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ Post Traumatic Stress Disorder (PTSD) ဆိုတဲ့ စိတ်ဒဏ်ရာရနေတာတွေ တွေ့ရပါတယ်။ ထိုသူတွေကို ပုံမှန်လူနေမှုဝန်းကျင်မှာ ပြန်လည်ဝင်ဆန့်နိုင်ဖို့ရာ စိတ်ကုထုံးတွေလိုအပ်တဲ့အပြင် ပါတ်ဝန်းကျင်ကလဲ ထိုသူ့ကို ပြန်လည်လက်ခံပေးဖို့ နွေးထွေးစွာကြိုဆိုဖို့လိုပါတယ်၊ အချိန်ပေးဖို့လိုပါတယ်။

Brainwash ခံထားရတဲ့သူတွေကို ဘက်ပြောင်းသွားတဲ့သူတွေလို့ပဲထင်ပြီး reject လုပ်နေမယ်၊ သူများနဲ့မတူတော့တဲ့ သူ့တို့အမြင်နဲ့ ခံယူချက်တွေကို အပြစ်တင် ဝေဖန်နေရုံနဲ့တော့ သူတို့တွေဟာ ပြန်လည်ပြောင်းလဲလာပြီး လူမှုပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

‘ They are victims of torture ! ’

အကြောင်းတစ်ခုခုကြောင့် ကိုယ့်ဘဝမှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ကြိုသိခွင့်ရရင် လူတွေတုန့်ပြန်တတ်တဲ့ ပုံစံလေးရှိတယ်။တန...
23/02/2026

အကြောင်းတစ်ခုခုကြောင့် ကိုယ့်ဘဝမှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ကြိုသိခွင့်ရရင် လူတွေတုန့်ပြန်တတ်တဲ့ ပုံစံလေးရှိတယ်။

တနည်းအားဖြင့် သေခြင်းတရားကို ရင်ဆိုင်ဖို့ စိတ်ပြင်ဆင်တဲ့အဆင့်တွေလို့ ပြောရလိမ့်မယ်။

~ ~ ~
Stages of Dying လို့ခေါ်တယ်။
Kubler-Ross Grief Cycle လို့လည်းခေါ်တယ်။
~ ~ ~

Elisabeth Kübler-Ross ဆိုတဲ့ စိတ်ပညာရှင်က ဘဝရဲ့နောက်ဆုံးအချိန်ကို ရင်ဆိုင်နေကြတဲ့ သူအမျိုးမျိုးရဲ့ စိတ်တုန့်ပြန်မှုကိုလေ့လာသုံးသပ်ပြီး လူတွေက သူတို့ဘဝနေဝင်ချိန်မှာ ဒီလိုတွေဖြစ်လေ့ရှိပါတယ်ဆိုပြီး ဖော်ပြထားခြင်းဖြစ်တယ်။

ငြင်းပါယ်ခြင်း (Denial)
~~~ ~~~ ~~~
ရောဂါတစ်ခုနဲ့ပဲ ဥပမာပေးရရင် ကိုယ့်မှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြစ်နေပြီး ကိုယ့်ဘဝမှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိရပြီဆိုပါတော့။ ပထမဆုံးတုန့်ပြန်မှုက ဘာမဖြစ်သလို တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်လေ့ရှိပါတယ်။
- လူဆိုတာသေမျိုးပဲလေ၊ အချိန်မရွေးသေသွားနိုင်တာပဲ၊ မထူးဆန်းပါဘူးလို့ တွေးတယ်။
- စစ်ဆေးထားတဲ့အဖြေတွေ မှားတာနေမယ်၊ ငါ့ကအကောင်းကြီးရှိသေးတာ၊ စားနိုင်သောက်နိုင်၊ သွားနိုင်လာနိုင်သေးတာကြီးကို . . .
- ဒီသွေးအဖြေတွေမှားနေတာ၊ နောက်ဆေးရုံတစ်ခုမှာ ထပ်စစ်မယ်၊ ပိုက်ဆံရှိတဲ့သူဆိုရင် ဒီနိုင်ငံက စစ်ဆေးတာတွေက အမှားတွေ နိုင်ငံခြားမှာ သွားပြန်စစ်မယ် . . .
ဒီ Denial အဆင့်က ခဏပဲဖြစ်တာများပါတယ်။

ဒေါသ (Anger)
~~~ ~~~ ~~~
ကိုယ့်ကိုကိုယ်ဒေါသထွက်တာလည်းဖြစ်တတ်တယ်၊ တခြားတစ်ယောက်ယောက်အပေါ်ဒေါသပုံချလိုက်တာလည်းဖြစ်နိုင်တယ်၊ ဖြစ်လာတဲ့အခြေအနေကြီးကို ဒေါသဖြစ်တာမျိုးလည်းရှိတယ်။
- ငါစောစောစီးစီးကတည်းက စစ်ဆေးကြည့်ရင် ရောဂါမဆိုးခင် သိမှာ၊ ငါကိုကအသုံးမကျတာ . . .
- ငါပြနေကျဆရာဝန်ကအသုံးမကျလို့ဒီလိုဖြစ်ရတာ၊ ငါ သူနဲ့ ၃-၄လကို တစ်ခါလောက်ဆေးခန်းပြဖြစ်နေတာ ရှေ့အခေါက်တွေတုန်းက သူသေချာစမ်းသပ်ရင် ငါ့ရောဂါကို ကြိုသိရမှာလေ . . .
- ဘာလို့ငါ့ကျမှဒီလိုတွေဖြစ်နေတာလဲ၊ လောကကြီးကမတရားဘူး . . .

စျေးဆစ်ခြင်း / အပေးအယူ (Bargaining)
~~~ ~~~ ~~~
အကောင်းဆုံးဖြစ်နိုင်ချေကိုမျှော်လင့်ပြီး မျှော်လင့်ချက်သေးသေးလေးကိုဖြစ်ဖြစ် အရဖမ်းဆုပ်ဖို့ ကြိုးစားတတ်ကြတယ်။ ရေနစ်သူအတွက် မှီရာလှမ်းဆွဲလိုက်တဲ့ ကောက်ရိုးလေးတစ်မျဥ်ဖြစ်ဖြစ်ပေါ့။
- ဒီနေ့ကနေစပြီးကျန်းမာရေးနဲ့ လုံးဝညီအောင်နေမယ်ကွာ၊ ဒါကြောင့် ကိုယ်က ဆရာဝန်တွေ ၃လကနေ ၆လအတွင်းလောက်ပဲကျန်တော့တယ်လို့ ခန့်မှန်းထားတာကနေ ၃-၄နှစ်လောက် နေရဦးမယ်လို့ မျှော်လင့်မိတာမျိုး . . .
- ဘာသာရေးတွေဖိလုပ်မယ်၊ ဘုရားသခင်တွေ၊ နတ်ဘုရားတွေ၊ မယ်တော်ဘိုးတော်တွေရဲ့ အလိုအတိုင်းလိုက်နေထိုင်ပြီး ဆက်လက်ရှင်သန်ခွင့်ကို ဖန်ဆင်းပေးဖို့ မျှော်လင့်မိတာမျိုး . . .
- ပျောက်ကင်းပါတယ်လို့ အာမခံတွေအရမ်းပေးနေတဲ့ ပျောက်စေဆရာတွေ၊ စမ်သပ်မှုမရှိသေးတဲ့ ကုထုံးတွေ၊ အရင်ကကိုယ်နည်းနည်းမှမယုံခဲ့ဖူးတဲ့ သဘာဝလွန်နည်းတွေကို ကောင်းချင်လည်းကောင်းသွားမှာပေါ့ဆိုတဲ့စိတ်နဲ့ စွဲကိုင်တတ်ကြတယ်။
စိတ်မကောင်းစရာက အချို့သူတွေစွဲကိုင်မိတဲ့ ကောက်ရိုးမျှဥ်တွေက စျေးကြီးလွန်းနေတတ်တယ်။ အချို့တွေဆိုရင် နည်းနည်းပိုနေရလည်းရတယ် ကုန်ချင်သလောက်ကုန်ပါလေ့စေဆိုပြီး စည်းစိမ်တွေအားလုံးကုန်သွားတာ၊ အကြွေးတွေနင့်နေအောင်တင်သွားတာတွေအထိ ဖြစ်ကြရတယ်။

စိတ်ညစ်ချိန် (Depression)
~~~ ~~~ ~~~
မဖြစ်ချင်တာတွေ ဖြစ်လာတော့မယ်၊ လုံးဝရှောင်လွှဲလို့မရတော့ဘူးဆိုတာ သိလိုက်ချိန်မှာ စိတ်ညစ်တယ်ဆိုတာ ပုံမှန်တုန့်ပြန်မှုတစ်ခုလို့ ဆိုရလိမ့်မယ်။ စိတ်ညစ်တာကနေ စိတ်ကျရောဂါရဲ့လက္ခဏာတွေအထိ ဖြစ်လာတတ်တယ်။
- လုံးဝ မပျော်တော့ဘူး၊
- ဘယ်သူနဲ့မှလည်း မတွေ့ချင်၊ ဘာကိုမှလည်းမလုပ်ချင်တော့ဘူး။
- အိပ်တာ စားတာတွေလည်းမမှန်တော့ဘူး
- အချိုလည်းငိုမယ်၊ အချို့ လည်း အရမ်းငိုချင်ပေမယ့် ငိုမထွက်တဲ့အထိ ဖြစ်မယ်။
စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့စကားအတိုင်းပဲ ဒီစိတ်အဆင်မပြေတဲ့အခြေအနေတွေကြောင့် ကိုယ့်ရဲ့ရှိရင်းစွဲအခြေအနေတွေ ပိုဆိုးသွားတတ်တယ်။

လက်ခံချိန် (Acceptance)
~~~ ~~~ ~~~
လက်ခံတယ်ဆိုတာ ပျော်လာတယ်လို့တော့မဆိုလိုဘူး လုပ်စရာရှိတာတွေ လုပ်နိုင်လာတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်ကန်ကန်တုန့်ပြန်နိုင်လာတာကိုဆိုလိုတယ်။
- မှာချင်တာတွေ အေးအေးဆေးဆေး မှာနိုင်လိမ့်မယ်၊ စီမံစရာတွေ စီမံနေတာလဲ ဖြစ်ချင်ဖြစ်မယ်
- ကိုယ်နောက်ဆုံးလုပ်ချင်တာလေးတွေကို အေးအေးဆေးဆေး လုပ်ချင်လည်း လုပ်နေလိမ့်မယ်

ဒီအဆင့် ၅ဆင့်ဟာ အစဥ်လိုက်ဖြစ်ရမယ်လို့ မဆိုလိုဘူး၊ ဖြစ်ချင်သလို အစီအစဥ်နဲ့ဖြစ်နေနိုင်ပြီး တပြိုင်တည်း ဖြစ်နေတာတွေလည်း ရှိနိုင်တယ်။ Denial နဲ့စချင်မှ စလိမ့်မယ်၊ နောက်ဆုံးအချိန်အထိ acceptance မရသွားတာလည်း ဖြစ်နိုင်တယ်။
~~~ ~~~ ~~~

ဒီလိုနောက်ဆုံးအချိန်ကို ရင်ဆိုင်နေကြတဲ့သူတွေကို ဘယ်လိုဖြစ်ရမှာ ဘယ်လိုဖြစ်သင့်တာဆိုပြီး၊ ပြန်တည့်ပေးနေရမှာတော့ မဟုတ်ဘူး၊ သူဖြစ်နေတဲ့အခြေအနေကို နားလည်ပေးပြီး အဆင်ပြေပြေလေးဖြစ်အောင် ကူညီရုံပဲ။
- ဆိုလိုချင်တာက Denial, Anger, Bargaining, Depression ဖြစ်နေတဲ့သူတွေကို မှားနေတယ်၊ Acceptance ရမှဆိုပြီး လိုက်ပြင်ပေးနေရမှာ မဟုတ်ဘူး။

- အချို့သူတွေနဲ့ သူတို့မိသားစုဝင်တွေဆိုရင် “အားတင်းထားနော်၊ ဘာမှမဖြစ်ဘူး၊ ကောင်းသွားမှာ၊ ခဏနေဆရာဝန်လာပြီးဆေးထိုးပေးမှာ၊ ပြီးရင်သက်သာသွားမှာ” ဆိုပြီး လုံးဝနောက်ဆုံးအချိန်အထိကို Bargaining အဆင့်ပဲ။

- အချို့တွေကျတော့ “သားတို့၊ သမီးတို့ကိုစိတ်ချနော်၊ သက်သာသလိုလေးနေ၊ စိတ်အေးအေးထား” ဆိုပြီး မိသားစုက Acceptance ဘက်ကိုဦးတည်စေတတ်သလို၊ ကာယကံရှင်ကိုယ်တိုင်ကလည်း မှာချင်တာလေးနည်းနည်းမှာပြီး အေးအေးဆေးဆေး ရင်ဆိုင်သွားကြတာတွေရှိတယ်။

~~~ ~~~ ~~~

ဒီ stages of dying ဆိုတာက ကျန်ရစ်သူမိသားစုမှာ တွေ့ရတဲ့ ပူဆွေးလွမ်းဆွတ်ခြင်းနဲ့လည်း အတူတူဖြစ်နေတာတွေ့ရတယ်
- နာတာရှည်ရောဂါတစ်ခုခုကြောင့် အချိန်ကြာကြာပြုစုနေရပြီးမှ ဆုံးပါးသွားရသူအတွက်ဆိုရင် ကျန်ရစ်သူတွေက Acceptance လုပ်နိုင်ချေပိုများမယ်။
- မမြော်လင့်ထားတဲ့ ဆုံးရှုံးမှုကြောင့် ဆုံးပါးသွားရသူအတွက်ဆိုရင် အထက်မှာဖော်ပြထားတဲ့ Denial, Anger, Bargaining, Depression ကပါ ကျန်ရစ်သူတွေမှာ တွေ့ရတယ်၊ ခံစားရတယ်။
~~~ ~~~ ~~~
အခုနောက်ပိုင်းမှာတော့ ဒီ စိတ်တုန့်ပြန်မှုပုံစံကို သေဆုံးခါနီးအခြေအနေကို ဖော်ပြချိန်မှာသာမကဘဲ အခြားသောအခြေအနေဆိုးကြီးတစ်ခုခုကို ရုတ်တရက်ရင်ဆိုင်ရချိန်အခါမျိုးတွေမှာပါ အသုံးပြုဖော်ပြလာကြပါတယ်။
ဥပမာ
- Accident ကြောင့် ရုတ်တရက် ခြေလက်ဆုံးရှုံးသွားတာမျိုး
- COVID တွေအရမ်းဖြစ်နေတုန်းအချိန်မှာ ကူးစက်ခံရတာမျိုး
- ကုသလို့မပျောက်နိုင်တဲ့ရောဂါတစ်ခုခု ရှိနေပြီလို့ သိလိုက်ရချိန်မျိုး
- အစရှိတဲ့ အခြေအနေတွေမှာဖြစ်တဲ့ စိတ်အခြေအနေတွေကိုလည်း ဒီ stages of dying ပုံစံမျိုးနဲ့ ဖော်ပြကြပါတယ်။

The Dunning-Kruger effect ~~~ ~~~ ~~~မြန်မာမှုပြုရရင် “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” ဆိုတဲ့ စကားနဲ့ နီးစပ်တယ်။Dunning-Kurge...
21/02/2026

The Dunning-Kruger effect
~~~ ~~~ ~~~

မြန်မာမှုပြုရရင် “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” ဆိုတဲ့ စကားနဲ့ နီးစပ်တယ်။

Dunning-Kurger effect ရဲ့ဆိုလိုရင်းက ကိုယ်က နယ်ပါယ်တစ်ခုခု၊ ပညာရပ်တစ်ခုခုကို စတင်လေ့လာချိန်၊ စသိလာတဲ့အချိန်မှာ ကိုယ့်ရဲ့ confident က အမြင့်ဆုံးကိုရောက်နေတာပဲ။
- ဒီနယ်ပါယ်မှာ ငါကပါရမီပါတယ်၊
- ငါလုပ်ရင်ဖြစ်ကိုဖြစ်တယ်၊
- အရှေ့ကလူတွေအားလုံးနဲ့မတူအောင်ဖောက်ထွက်ပြမယ်။
- ဘာသာစကားအသစ်တစ်ခုကိုစလေ့လာရင်လဲ ဒီလိုပဲ၊ ဒါလေးများလွယ်လွယ်လေး၊ အေးဆေးပါလို့ ပျော်စရာကောင်းတဲ့အချိန်ပေါ့။

အဲ့ကနေမှ ကိုယ်သိတာတွေ တဖြည်းဖြည်းပိုလာလေလေ အခက်အခဲတွေကိုပိုမြင်လာလေလေပဲ၊ ယုံကြည်မှုတွေပျက်ပြီး စိတ်အားလျော့လာတဲ့အချိန်ပေါ့။
- အလုပ်လုပ်နေသူဆိုရင်လည်း ဒီအသက်မွေးဝမ်းကျောင်းက ငါနဲ့မကိုက်ဘူးလို့ထင်ချိန်၊
- ပညာရပ်တစ်ခုကိုလေ့လာနေချိန်ဆိုလည်း၊ ငါသိထားတာတွေက ဘာမှမဟုတ်သေးဘူးပဲဆိုပြီး သိမ်ငယ်နေချိန်၊ ငါဒီပညာနဲ့ ရှေ့ဆက်လို့ရပါ့မလားဆိုပြီး လက်လျှော့ချင်ချိန်
- ဘာသာစကားအသစ်လေ့လာနေတာဆိုရင်လည်း စိတ်ပျက်လာပြီး ဆက်မလေ့လာဖြစ်တော့ချိန်မျိုးပေါ့။

ကိုယ်က လျှောက်လက်စလမ်းကို လက်မလျှော့ဘဲ တစ်စိုက်မတ်မတ်ဆက်လေ့လာနေမယ်၊ ကိုယ့်ကိုကိုယ်တိုးတက်အောင် ဆက်ကြိုးစားနေမယ်ဆိုရင်တော့ ဒီနယ်ပါယ်မှာ ယုံကြည်မှုတွေ တဖြည်းဖြည်းနဲ့ ပြန်တက်လာလိမ့်မယ်။

ပုံမှာပြထားသလိုပဲ ကိုယ်က ဒီနယ်ပါယ်မှ ဆရာကြီးဖြစ်တဲ့အဆင့်ကိုရောက်သွားရင်တောင်မှ ကိုယ့်ရဲ့ confident level က ပထမအစတုန်းကလောက် မိုးထိုးနေတာမဟုတ်ဘူး။ ကိုယ်သိထားတာ ကိုယ်တတ်ထားတာတွေအရ ဒီလိုဒီလိုရှိတာမှန်ပေမယ့် ကိုယ်မသိတဲ့အရာတွေ၊ ကိုယ်သိလဲကိုယ်မစွမ်းနိုင်တဲ့အရာတွေကို သိနားလည်လာတော့ ပညာတွေရှိပေမယ့် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေဖြစ်ကြတယ်။

~~~ ~~~ ~~~

ဒီ Dunning-Kruger effect က ကိုယ့်ပါတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အခြေအနေအားလုံးနဲ့ အကြမ်းအားဖြင့် ကိုက်ညီနေတတ်တယ်။

အိမ်ထောင်ပြုတဲ့ကိစ္စမျိုးမှာကြည့်ရင်လည်း သမီးရီးစားဖြစ်ခါစ သဲသဲလှုပ်ဖြစ်နေချိန်မှာ ချက်ချင်းယူဖြစ်သွားကြသူတွေရှိတယ်။
- အဲ့အချိန်မယူဖြစ်လို့ နည်းနည်းတွဲတာကြာလာရင် သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိဖြစ်ပြီး တို့နှစ်ယောက်က အဆင်ရောပြေပါ့မလား ဖြစ်လာတဲ့အဆင့်ကိုရောက်တယ်၊ ဒီအချိန်မယူဖြစ်ကြဘူး၊ အချို့လဲဒီအချိန်မှာ လမ်းခွဲသွားကြတယ်။
- အချိန်တွေကြာပြီး တစ်ယောက်အကြောင်းတစ်ယောက် သိတာအပြင် နားလည်လို့ရလာတဲ့အဆင့်ကိုရောက်တယ်၊ ဒီတစ်ခါ လက်တွဲပြီး အိမ်ထောင်ပြုဖို့ ပြန်ဖြစ်နိုင်လာကြတယ်၊ ဒါပေမယ့် သေချာတာက ဟိုးပထမအစပိုင်းကလောက် သဲသဲလှုပ်ဖြစ်မနေတော့ဘူး။

အလုပ်အသစ်မှာလဲ အတူတူပဲ

ပညာအသစ်တစ်ခုကိုလေ့လာလည်း အတူတူပဲ

ဘာသာစကားအသစ်လေ့လာလည်း အတူတူပဲ

စီးပွားရေးအသစ်စလုပ်လည်းအတူတူပဲ

~~~ ~~~ ~~~

ဒီ Dunning-Kruger effect မှာဘာပညာယူရမှာလဲဆိုရင်

- ပထမပိုင်း ယုံကြည်မှုတွေမိုးထိုးနေတဲ့အချိန်မှာ အလွန်အကျွံတွေမလုပ်မိဖို့ ထိန်းရမယ်
- အလယ်ပိုင်း စိတ်ပျက်စရာအချိန်မှာ လက်မလျှော့မိအောင် ထိန်းရမယ်
- ဒါမှသာ ကိုယ်က အခြေအနေတစ်ခုအထိအောင်မြင်မယ့်သူဖြစ်တယ်။
Dunning-Kruger effect နဲ့ဆက်နွယ်ပြီး ကိုယ့်ပါတ်ဝန်းကျင်မှာ ဘယ်လိုအလွဲလေးတွေ တွေ့နိုင်သလဲဆိုရင်
- အချို့တွေက ဘယ်အကြောင်းပြောပြောသူကဆရာကြီးပဲ၊ အကုန်သိ အကုန်တတ်၊ ဘာအကြောင်းလာလာ ဒိုင်ခံပြီး အာဘောင်အာရင်းသန်သန်ပြောနိုင်ကြတယ်။ နယ်ပါယ်အသီးသီးက ပညာရှင်တွေကို ဘယ်သူကဘယ်နားမှာ ဘယ်လိုလွဲနေတာဆိုပြီးတောင် ထောက်ပြတတ်ကြသေးတယ်။ ဒီလိုတွေပြောလို့ သူကဘာကောင်းကြီးလဲဆိုတော့ ဘာမှမဟုတ်ဘူး၊ အရာရာကိုတော့သိနေပြီး ဘယ်အဆင့်မှရောက်မနေတဲ့သူ၊ ငါလုပ်ရင် ဘယ်အရာမဆိုဖြစ်မှာဆိုပြီး ဘယ်အရာကိုမှ ဟုတ်တိပါတ်တိလုပ်မနေတဲ့သူမျိုးပေါ့။
- အချို့က အလုပ်တွေအမျိုးမျိုးလုပ်ဖူးတယ်၊ အစပိုင်းတော့တက်ကြွနေတာပဲ၊ အချိန်တစ်ခုရောက်ရင် ဒီအလုပ်ကငါနဲ့မကိုက်ဘူးဆိုပြီး ဆက်မလုပ်တော့ဘဲ နောက်တစ်ခုပြောင်းတယ်၊ ဒီလိုပြောင်းလာလိုက်တာ လုပ်ဖူးတာတွေလဲ တော်တော်များနေပြီ၊ လေ့လာထားတာတွေလဲများနေပြီ၊ အသစ်အသစ်ကိုပဲ ပြန်ပြန်စမိနေတာမျိုးပေါ့။

~~~ ~~~ ~~~
Dunning-Kruger effect နဲ့ ဆက်စပ်နေသောအခြေအနေများ

Overestimation by the Incompetent:
- ရေခဲသေတ္တာပျက်လို့ သွားပြင်တဲ့အခါ ပြင်နေကျဆိုင်က Compressor လဲမှရမှာ ပြင်ရုံနဲ့မရဘူးလို့ပြောလိုက်တယ်၊ အဲ့ဒါနဲ့ အခြားဆိုင်တစ်ခုကိုပြကြည့်တော့ တစ်ချက်ကလေးကြည့်ပြီး လဲစရာမလိုဘူးစိတ်ချ၊ ကောင်းစေရမယ်ဆိုပြီး ပြင်ပေးလိုက်တယ်၊ ပြင်ခပဲကုန်ပြီး ကောင်းမလာလို့ နောက်ဆုံးတော့ compressor လဲလိုက်ရတာမျိုး။ “စိတ်ချ၊ လုံးဝကောင်းစေရမယ်”ဆိုတဲ့ စကားမျိုးဟာ ပညာမစုံသေးတဲ့သူတွေဆီကပိုလာတတ်တာ သတိထားရမယ်။

Underestimation by the Competent:
- အရမ်းတော်တဲ့ စက်ပြင်ဆရာတစ်ယောက်ရှိတယ်၊ အားလုံးကလည်းတော်လွန်းလို့ သူ့ဆီကိုညွှန်းကြတယ်။ တခြားဆရာတွေမပြုပြင်နိုင်တာမျိုးကို သူနဲ့မှအဆင်ပြေလို့ နာမည်ကြီးတယ်။ ဒါပေမယ့် စက်လက်ခံရင် ကျွန်တော်စမ်းကြည့်ပေးမယ်၊ အရမ်းတော့အာမမခံနိုင်ဘူးလို့ပဲပြောတယ်။ သူများမပြင်နိုင်တာကို ပြင်နိုင်သွားရင်လည်း ခင်ဗျားကိုကကံကောင်းတာ၊ စက်ကဘာမှသိပ်မဖြစ်နေဘူး၊ ကျွန်တော်တော်လို့မဟုတ်ပါဘူး စက်ဆရာတိုင်းက ဒီလောက်တော့ အေးဆေးပါလို့ပဲ ဆိုတတ်တယ်။

Overestimation by the Incompetent နဲ့ Underestimation by the Competent နှစ်ခုကိုပေါင်းပြောရရင် “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” လို့ဆိုရမှာပေါ့။



(((Photo from google image)))

Dysphoria~~~ ~~~ ~~~Dysphoria ဆိုတာက စိတ်ခံစားမှုကိုဖော်ပြတဲ့ စကားလုံးတစ်ခုဖြစ်တယ်။ဘယ်လိုစိတ်ခံစားမှုလဲဆိုတော့ - မပျော်ဘ...
18/02/2026

Dysphoria
~~~ ~~~ ~~~

Dysphoria ဆိုတာက စိတ်ခံစားမှုကိုဖော်ပြတဲ့ စကားလုံးတစ်ခုဖြစ်တယ်။

ဘယ်လိုစိတ်ခံစားမှုလဲဆိုတော့
- မပျော်ဘူး
- အဆင်မပြေဘူး
- မကျေနပ်ဘူး လို့ အလွယ်ပြောလို့ရတယ်။
ကိုယ့်ဘေးမှာ၊ ကိုယ့်မှာ ဖြစ်နေတဲ့၊ ရှိနေတဲ့အရာရာကို မကျေမနပ်ဖြစ်နေတဲ့ စိတ်အခြေအနေတစ်ခုပေါ့။

- သင်က နားနေရရင် အလုပ်မရှိလို့၊ productive မဖြစ်လို့ဆိုပြီး နားနေရတာကို မကျေနပ်ဘူး
- အလုပ်တွေလုပ်နေပြန်တော့လဲ ပင်ပန်းလိုက်တာဖြစ်ရော
- ပျော်အောင်တစ်ခုခုလုပ်ပြန်တော့လဲ ထင်သလောက်မပျော်ဘူး၊ ပျော်ရတာမတန်လိုက်တာတဲ့
- ကိုယ်အရမ်းကြိုက်တဲ့ တစ်ခုခုသွားစားတော့လဲ အရင်လိုစားလို့မကောင်းဘူး
- အလည်အပါတ်ခရီးသွားတော့လဲ ပင်ပန်းပြီး စိတ်မကျေနပ်စရာပဲ တိုးလာတယ်

- ကိုယ့်ကိုကိုယ်တင်မကဘူး ကိုယ့်ဘေးကလူတွေကိုလဲ မကျေနပ်ဘူး
- အလုပ်တွေလုပ်နေတဲ့သူတွေကို ကြည့်ရင် မျက်စိနောက်တယ်၊ ငြိမ်ငြိမ်နေကြ၊ ဝေးဝေးသွားလုပ်ဆိုပြီး နှင်ထုတ်မယ်
- ဘာမှမလုပ်ဘဲနေတဲ့သူကျ အားနေတစ်ခုခုလုပ်ပါ့လား၊ နင်ကြည့်ရတာ ဘာမှသုံးစားမရဘူးလို့ဆိုလိမ့်မယ်
- ဘေးကသူငယ်ချင်းက စကားလာပြောရင် အာရုံနောက်တယ်လို့ထင်ပြီး
- အာရုံနောက်မှာစိုးလို့ ခပ်ရှောင်ရှောင်လေးနေကြရင် သူငယ်ချင်းတွေက ငါ့ကိုပစ်ထားကြတယ်ဖြစ်သွားရော
- သမီးရီးစားတွေမှာဆိုရင် ပိုဆိုးမှာပေါ့ … စိတ်မကြည်လို့ မပြင်မထွက်ချင်ဘူးပြောထားရင်၊
* ဘာလို့စိတ်မကြည်လဲ? ဘာလုပ်ပေးရမလဲ? ဘာစားချင်လဲ? ဆိုပြီး ဂရုစိုက်ပြတာတွေကို စိတ်မကြည့်ပါဘူးဆိုနေ ဘာလို့ အာရုံလာစားနေတာလဲဆိုပြီးရန်တွေလိမ့်မယ်။
* ဒါဆိုလဲ အေးအေးဆေးဆေးနားလိုက်နော်ဆိုပြီး Personal space တစ်ခုပေးထားလိုက်တယ်ဆိုပြန်ရင်လည်း စိတ်မကြည်ဘူးပြောထားတာကို တစ်ယောက်တည်းပစ်ထားရက်တယ်လို့ ပြဿနာရှာလိမ့်မယ်
~~~
ဒီလိုအခြေအနေမျိုးမှာ ပြဿနာအရင်းခံက ကိုယ့်စိတ်ဖြစ်ပြီး အခြားသူကြောင့်မဟုတ်နေဘူးဆိုတာ လက်ခံထားဖို့လိုတယ်
ဆိုလိုချင်တာက
❎ ငါစိတ်မကြည်ဘူးနော်၊ နင်တို့တွေ ဂရုစိုက်နေကြ ဆိုတာမဖြစ်သင့်ဘူး
✅ ငါစိတ်မကြည်ဖြစ်နေလို့ အနှောက်အယှက်ဖြစ်သွားရင် Sorry ဆိုတာက ပိုသင့်တော်တယ်
~~~
ဒီစိတ်ခံစားမှုက အကြောင်းရင်းခံတစ်ခုခုရှိလို့ ပေါ်လာတတ်သလို ဘာအကြောင်းမှ မရှိဘဲလည်း သူ့အလိုလိုပေါ်လာတတ်တယ်။

Dysphoria ခဏခဏဖြစ်နေမယ်၊ ဒီလိုစိတ်ကြောင့် အလုပ်ထိခိုက်မယ်၊ အပေါင်းအသင်းတွေကြား အဆင်မပြေဖြစ်မယ် ဆိုတာတွေဖြစ်ခဲ့ရင် အဖြေရှာဖို့လိုပြီပေါ့။

အများစုနဲ့ ရင်းနှီးတဲ့အခြေအနေကတော့ အမျိုးသမီးတွေ ဓမ္မတာလာခါနီးတိုင်း စိတ်အဆင်မပြေဖြစ်ရတဲ့အခြေအနေပါ။ Premenstrual Dysphoria လို့ခေါ်ပါတယ်။
အထက်မှာပြောထားသလိုပဲ
❎ ဒီလိုအခြေအနေမှာ ကိုယ်အနိုင်ကျင့်လို့ရတဲ့ တစ်ယောက်ယောက်ကို ပြဿနာရှာနေရမှာမဟုတ်ဘဲ
✅ ငါတော့ ဒီအချိန် စိတ်အလိုမကျဖြစ်နေမှာ၊ ဒါကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်နေမှလို့ ကိုယ့်ဖာသာထိန်းဖို့လိုတယ်
✅ ကိုယ့်ကိုဂရုစိုက်တဲ့သူတွေဆီက ပိုဂရုစိုက်ခံချင်တာမျိုးတော့ တောင်းဆိုလို့ ရပေမယ့်၊ သူတို့ဘယ်လိုပဲပိုဂရုစိုက်နေနေ ကိုယ်စိတ်ထဲက အလိုမကျဖြစ်နေတာက ရှိနေလိမ့်ဦးမယ်ဆိုတာ သိထားရမယ်။ (ကိုယ်အလိုမကျမချင်း တောင်းဆိုနေလို့မရ)
တကယ်လို့ ဒီလိုဓမ္မတာလာခါနီးတိုင်း စိတ်အဆင်မပြေဖြစ်တဲ့ ကိစ္စက ပြဿနာဖြစ်လောက်တဲ့ထိဆိုးတယ်၊ အလုပ်ထိခိုက်လောက်တဲ့အထိ အနှောက်အယှက်ဖြစ်ရတယ်ဆိုရင်တော့ စိတ်ရောဂါအဆင့်အထိ ဆိုးရွားတယ်လို့သတ်မှတ်တယ်၊ Premenstrual dysphoric disorder လို့ခေါ်တယ်၊ စနစ်တကျကုသဖို့လိုအပ်တယ်။
~~~
Dysphoria ဖြစ်နေတာက ခဏတဖြုတ် နာရီပိုင်းလောက်မဟုတ်ဘဲ ရက်နဲ့ချီပြီးကြာနေတယ်ဆိုတာ ကိုယ့်မှာ အဆင်မပြေတာ တစ်ခုခုရှိနေတယ်ဆိုတာကိုပြတယ်။
- နေမကောင်းဖြစ်နေတာရှိလို့လား
- စိတ်ဖိစီးစေတဲ့ ဖိအားတစ်ခုခုရှိနေတာလား
- စိတ်ရောဂါတစ်ခုခုရှိနေတာလား (စိတ်ကျနေတာ၊ စိုးရိမ်စိတ်လွန်နေတာ) အစရှိတဲ့ အရင်းခံတစ်ခုခုကို ဖော်ထုတ်အဖြေရှာဖို့ လိုအပ်တယ်။

❎ မကျေနပ်တဲ့စိတ်ကို ကျေနပ်အောင် တစ်ခုပြီးတစ်ခုကြိုးစားနေတာက အဖြေမဟုတ်ဘူး။
✅ အကြောင်းရင်းခံကို ဖြေရှင်းဖို့ကြိုးစားတာကမှ အဖြေဖြစ်မှာ။
ဥပမာ သင်ကအကြွေးပူမိနေတယ်၊ အကြွေးရှင်ကလဲ ဖိအားပေးနေပြီ၊ ကိုယ်ကလဲချင်ချင်းဖြေရှင်းပေးရခက်နေတယ်ဆိုရင် စိတ်ဖိစီးမှုတွေဖြစ်ပြီး dysphoric mood ဖြစ်လာတတ်တယ်။
- ဒီလိုအခြေအနေမျိုးမှာ မပျော်တဲ့စိတ်ကိုပျော်လာအောင် ကြိုးစားနေတာတွေ၊ စိတ်ကြည်မှအလုပ်လုပ်ရမှာဆိုပြီး dysphoric mood ကိုပဲဦးတည်ဖြေရှင်းနေတာတွေက အဆင်ပြေစေမှာမဟုတ်ဘူး။
- လုပ်စရာရှိတာကြိုးစားလုပ်ပြီး အကြွေးကိစ္စမြန်မြန်ပြေလည်ဖို့ကြိုးစားတာက ပိုဖြစ်သင့်တယ်။
စာမေးပွဲကနီးနေပြီ စာကမရသေးဘူး ဒီလိုကနေမှ dysphoric mood ဝင်လာတတ်တယ်။
- ဒီလိုအခြေအနေမှာ ဒီစိတ်ကြီးနဲ့ဆို စာကျက်လဲအာရုံလာမှာမဟုတ်ဘူး၊ စိတ်ကြည်သွားအောင် online ခဏတက်လိုက်ဦးမယ်၊ game တစ်ပွဲလောက်ဆော့လိုက်ဦးမယ်၊ အအေးဆိုင်ခဏသွားထိုင်လိုက်ပါဦးမယ်ဆိုတာတွေက အဆိုးဘက်ကိုပိုပိုဦးတည်သွားတတ်တယ်။
- စာကျက်လို့မရရင် ဘာပြီးရင်ဘာကျက်မလဲဆိုတဲ့ time table ဆွဲနေတာကမှ အဖြေနဲ့နီးစပ်ဦးမယ်။ ကိုယ်ကြည့်နေတဲ့ topic ပြောင်းလို့ရတယ်၊ ကိုယ်စာလုပ်နေတဲ့ နေရာကိုပြောင်းလို့ရမယ်၊ အသစ်ကျက်လို့မရတော့ရင် ရပြီးသားတွေပြန်ကြည့်တာ၊ မေးခွန်းဟောင်းလေ့လာတာတွေ အစရှိတဲ့ စာမေးပွဲအတွက် အသုံးဝင်တာ တစ်ခုခုလုပ်နေတာပဲ ဖြစ်သင့်တယ်။



(photo from google image)

Inferiority Complex and Superiority ComplexInferiority Complex ဆိုတာက လူတော်တော်များများကြားဖူးကြမှာပါ။အလွယ်ပြောရရင်တော့...
15/02/2026

Inferiority Complex and Superiority Complex

Inferiority Complex ဆိုတာက လူတော်တော်များများကြားဖူးကြမှာပါ။
အလွယ်ပြောရရင်တော့ မနာလိုတာပေါ့။

ဒီ Inferiority နဲ့ Superiority ဆိုပြီး ဆန့်ကျင်ဘက် နှစ်ခုလိုထင်ရတဲ့ Complex နှစ်ခုဟာ တကယ်တမ်းတော့ အတူတူပဲဆိုတာ သိပါသလား?
~~~ ~~~ ~~~

Inferiority Complex ကိုအရင်ရှင်းပြရရင် လက်ရှိကိုယ့်မှာဖြစ်နေတဲ့ ရှိနေတဲ့ အရာရာကို သူတစ်ပါးနဲ့ယှဥ်ပြီး နိမ့်ကျနေတယ်၊ သေးသိမ်နေတယ်လို့ခံစားရပြီး ကိုယ့်ကိုကိုယ် အားမရဖြစ် သေးသိမ်နေတဲ့ စိတ်အခြေအနေကိုဆိုလိုပါတယ်။

အခုလိုဖြစ်နေတဲ့သေးသိမ်မှုအတွက် ကိုယ့်မှာအခုလက်ရှိ ရှိနေတဲ့အရာတွေက ဖြည့်ဆည်းမပေးနိုင်ပါဘူး။

- ကိုယ့်ကိုကိုယ် သူများတွေထက် ရုပ်ပိုရင့်နေတယ်၊ အိုစာနေတယ်၊ သူများလောက်မလှဘူးလို့ ခံစားရလို့ သိန်းရာချီတဲ့ အလှအပဆိုင်ရာ ကုသမှုတွေလုပ်နေပေမယ့် ကျေနပ်မှုမရနိုင်ဘဲ လိုအပ်နေသေးတယ်၊ သူများလို့မဟုတ်ဘူးဆိုတဲ့ ခံစားမှုပဲရှိနေမှာပါ။

- အခုလောလောဆယ်မှာ ပိုက်ဆံတွေအများကြီး သုံးမကုန်အောင်ရှိနေခြင်း၊ တိုက်အကြီးကြီး ကားအကြီးကြီးပိုင်နေခြင်းတွေက ကိုယ့်အတွင်းထဲမှာဖြစ်နေတဲ့ inferiority comolex ကို ခဏပဲဖုံးဖိလို့ရပြီး ပြေလည်သွားစေနိုင်မှာတော့ မဟုတ်ပါဘူး။
~

Inferiority Complex ဖြစ်နေသူရဲ့ စိတ်ထဲမှာ အမြဲကြီးစိုးနေတဲ့ အချက် ၃ချက်ရှိတယ်။
- Insecurity - လုံခြုံမှုမရှိဘူး
- Inadequacy - မလုံလောက်ဘူး (သူများနဲ့ယှဥ်ရင် ကိုယ်ကနိမ့်ကျနေတယ်ပဲ ခံစားနေရတာ)
- Low Self-esteem - ကိုယ်ကိုကိုယ် ယုံကြည်မှုမရှိခြင်းနဲ့ ကိုယ့်ကိုကိုယ် မကောင်းတဲ့အမြင်တွေ များနေခြင်း
တွေလို့ဆိုတယ်။
~

ဘာလို့များ Inferiority Complex ဖြစ်လာရသလဲဆိုတော့

- ငယ်ဘဝမှာရခဲ့တဲ့ မလုံခြုံမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ၊ ဂရုစိုက်မခံရမှုတွေ နဲ့ဆက်စပ်နေတယ်။

- ကိုယ့်ရဲ့ လက်ရှိဘဝက တကယ်ပဲ နိမ့်ကျတဲ့အခြေအနေတစ်ခုမှာ ရှင်သန်နေခဲ့ရတာကြောင့်လည်း ဖြစ်နိုင်တယ်။ (ဆိုလိုချင်တာက အရင်ကအရမ်းဆင်းရဲတယ်၊ အရမ်းကြိုးစားပြီး ချမ်းသာလာပေမယ့် inferiority complex ဆက်ရှိနေသေးတာမျိုးပေါ့)

- ပါတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ခံယူချက်တွေ၊ ကိုယ့်အနီးအနားကလူတွေရဲ့ အယူအဆတွေနဲ့လည်း အများကြီးဆိုင်တယ်။ (ငယ်ငယ်ကတည်းက ကိုယ်အပြစ်သေးသေးလေးလုပ်မိရင်တောင် အရမ်းအပြစ်တင်၊ ကိုယ်ကောင်းတာလုပ်ထားရင် မသိချင်ယောင်ဆောင်၊ အပြစ်ပဲထိုင်ရှာပြောနေတဲ့ ပါတ်ဝန်းကျင်ရဲ့ ပုံစံသွင်းမှုတွေကြောင့် inferiority complex ဖြစ်လာနိုင်တယ်)
~

Inferiority Complex ကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေလေးတွေရှိတယ်

>>> လူတွေဝေးရာကိုရှောင်နေမိတတ်တယ်၊ တစ်ယောက်တည်းပဲနေတတ်တော့တယ်။ လူတွေကြားထဲသွားရင် ငါ့ကိုပြောကြမှာ၊ ငါ့ကိုဘယ်လိုထင်တော့မှာပဲ စတဲ့ စိတ်အခံတွေကြောင့်ပေါ့။ Social Withdrawal လို့ခေါ်တယ်။

>>> အပြစ်သေးသေးလေးကအစ သည်းမခံနိုင်၊ အကုန်လိုက်ဖြေရှင်း၊ အကုန်လိုက်ရှင်းပြ၊ လူတိုင်းဆီက ထောက်ခံတယ်ဆိုတာကိုပဲရချင်၊ အရမ်းကိုပြီးပြည့်စုံပြီး အပြစ်ပြောစရာလုံးဝမရှိအောင် အတင်းကြိုးစားနေမိတာမျိုး ဖြစ်တတ်တယ်။ Perfectionism ဖြစ်သွားတာပေါ့။

>>> အကောင်းနဲ့မတန်ဘူးလို့ ကိုယ့်ကိုကိုယ် အမြင်စွဲသွားတာလည်း ဖြစ်တတ်တယ်။ ကိုယ်က တစ်ခုခုမှာတော်လို့ချီးကျူးခံရရင်တောင်မှ ငါကံကောင်းလို့ရသွားတာ၊ ငါက ဘာမှမဟုတ်နေဘူး၊ ငါ့ကိုအထင်တွေကြီးနေပြီး နောက်တစ်ခါကျ ငါမလုပ်နိုင်ရင် ဒုက္ခပဲဆိုပြီး တွေးမိတာမျိုးပေါ့။ ချီးကျူးခံရတာကိုမပျော်ဘဲ pressure ပိုဖြစ်နေတာ။

>>> အလွန်အကျွံတုန့်ပြန်မိခြင်း (overcompensation)
လူတွေသိကြတာက ဒီ over-compensation ဆိုတဲ့အခြေအနေကိုပဲ inferiority complex လို့သိထားတာပါ။

- အလွန်ဒေါသကြီးတတ်တယ်၊ အထူးသဖြင့် ကိုယ့်ကိုနှိမ်တယ်လို့ခံစားမိတဲ့အခါမျိုးမှာ အလွန်းဒေါသထွက်မိတာမျိုးပေါ့။

- ကိုယ်ရဲ့အိမ်နီးချင်း၊ သူငယ်ချင်း စတဲ့ တစ်ယောက်ယောက်နဲ့ အလွန်အမင်း တစ်ဖက်သက်လိုက်ပြိုင်နေတတ်တယ်၊ အဲ့သူထက် သာချင်တာ၊ သာကြောင်းပြချင်တယ်၊ ကိုယ့်ထက် တစ်နေရာလေးမှာ နည်းနည်းလေးသာသလိုဖြစ်သွားရင်တောင် လုံးဝမခံစားနိုင်ဘူး။

- ဒီလိုလိုက်ပြိုင်တာရဲ့ နောက်ထပ်ပုံစံတစ်ခုက တစ်ဖက်လူကို အသဲအသန်လိုက်တိုက်ခိုက်တာပဲ။ တကယ်တမ်းတော့ ပြိုင်ချင်တာကိုပဲ အခြေခံတယ်၊ ပြိုင်ဖို့ယှဥ်ကြည့်တဲ့အခါ အချို့အပိုင်းတွေမှာ ကိုယ်ဘယ်လိုမှ သူ့ထက်သာစရာမရှိဘူးလို့ ခံစားရတဲ့အခါ တစ်ဖက်လူရဲ့အားနည်းချက်ကို ထိုးနှက်ပြီး တစ်ဖက်လူကို ပြိုလဲသွားအောင် လုပ်ဆောင်တဲ့သဘောပဲဖြစ်တယ်။ ဥပမာ - အတန်းထဲမှာ စာအရမ်းတော်တဲ့သူငယ်ချင်းကို သူက စာသာတော်တာ ရုပ်ကဘယ်လိုကြီးဆိုပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို တိုက်ခိုက်တာမျိုး။ ပိုက်ဆံချမ်းသာတဲ့သူကို သူကပိုက်ဆံသာရှိတာ စိတ်ထားဘယ်လိုပုပ်တာဆိုပြီး ထိုးနှက်တာမျိုးတွေပေါ့။

- Over-compensation ရဲ့ နောက်ထပ်ပုံစံတစ်ခုကတော့ Superiority Complex ဖြစ်တာပါပဲ။
~~~ ~~~ ~~~

Superiority Complex ဆိုတာက

ကိုယ့်ကိုကိုယ် သူများထက်သာတယ်၊ ငါကသူများတွေလိုမဟုတ်ဘူးလို့ ခံစားရတတ်တာပါ။ ဒီလိုခံစားချက်နဲ့အတူ ကိုယ့်ကိုကိုယ်လည်း အထင်တွေကြီး ကိုယ့်လုပ်နိုင်စွမ်းတွေ၊ စွမ်းဆောင်ရည်တွေကိုလည်း တကယ့်အရှိထက် ပိုတယ်လို့ပဲ မြင်နေသူပေါ့။

- ဒါတင်မကသေးပါဘူး ကိုယ်သာကြောင်းပြဖို့ လိုတာထက်ပိုပြီးကြွားဝါတာ (ဥပမာ အကြောင်းအရာဆက်စပ်မှုမရှိဘဲ “အမအခုကိုင်ထားတဲ့အိတ်က သိန်း၆၀၀တောင်ပေးရတာလေ၊ limited edition၊ ဘယ်သွားတုန်းကဝယ်ခဲ့တာ” လို့ထပြောတာမျိုး။ စိတ်ထဲမှာတော့ ဒီလိုပြောလိုက်ရင် တစ်ဖက်လူက ကိုယ့်ကို အရမ်းအထင်ကြီးအားကျသွားမယ်လို့ ယူဆပြီးကျေနပ်နေတာ)

- သူတစ်ပါးကို နှိမ်ချပြီး မတူသလိုမတန်သလိုဆက်ဆံတာ (“ဟဲ့ဟဲ့ ငါ့အနားမကပ်နဲ့၊ နင်တို့တွေ ငါ့ကိုမထိနဲ့၊ ရွံလို့” ဆိုတဲ့ မြန်မာကားထဲက ဇာတ်ဝင်ခန်းတွေမှာ မြင်သာပါလိမ့်မယ်)

- သူများရဲ့ အထင်ကြီးမှု၊ အာရုံစိုက်မှုကို ရဖို့ကြိုးစားတာ။

- အချို့ကျတော့လည်း လူတိုင်းက သူ့ကိုအထင်ကြီးအားကျနေတယ်လို့ ထင်နေတာ။

- ကိုယ်မလုပ်နိုင်တာ၊ ကိုယ့်မှာမရှိတာတွေကိုလည်း လူအထင်ကြီးအောင် ပိုပိုသာသာပြောတတ်တာလည်း ပါဝင်တယ်လို့ဆိုတယ်။

နားလည်မှုလွဲမှာစိုးလို့ သေချာထပ်ပြောရရင်
>>> လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုကြတဲ့အခါ ကိုယ်က သူထက်သာတယ်၊ သူကကိုယ့်ထက်သာတယ်လို့ ခံစားရပါတတ်တယ်၊ သုံးသပ်မိတတ်တယ်။ ဒါပုံမှန်ပါပဲ။
>>> ကိုယ့်ဘက်ကသာတယ်လို့ ခံစားရတဲ့အခါ တစ်ဖက်လူနေရမခက်သွားစေဖို့ ထိန်းပြီးဆက်ဆံပေးတာ၊ တစ်ဖက်လူ အဆင်ပြေစေဖို့ ကိုယ့်အဆင့်ကို နှိမ့်ချပြီး ပြောဆိုပေးတာမျိုးဆို superiority complex မဟုတ်ပါဘူး။
>>> ကိုယ်ကသာတယ်ထင်တဲ့အခြေအနေမျိုးမှာ တစ်ဖက်လူကို နင့်ထက်ငါသာတယ် မြင်လားဆိုပြီး ကိုယ်သာလွန်ကြောင်း သိသိသာသာ ပညာပြတာမျိုးကိုမှ superiority complex လို့ခေါ်တာပါ။
>>> စည်းစိမ်ဥစ္စာတွေ၊ ရာထူးအာဏာတွေနဲ့ပါတ်သတ်ပြီး superiority complex ဖြစ်တာ သိသာမြင်သာဖြစ်ပါတယ်။ ပညာရပ်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ superiority complex ဖြစ်တာမျိုးက သိပ်မသိသာပါဘူး၊ ပညာရှင်တွေအများစုမှာ ဒီလိုအဖြစ်မျိုး အနည်းနဲ့အများရှိတတ်ပါတယ်။ ကွန်ပျူတာအကြောင်း သိပ်နားမလည်သူကို ကိုယ်ကသူ့ထက်နည်းနည်းပိုသိလို့ရှင်းပြတဲ့အခါ တစ်ဖက်လူ လုံးဝနားမလည်နိုင်တဲ့ (technical terms) စကားလုံးအကြီးကြီးတွေ ထည့်ပြောတာမျိုးပေါ့၊ တစ်ဖက်လူကို ပိုနားလည်စေချင်တာမဟုတ်ဘဲ ကိုယ့်ကို ပိုအထင်ကြီးစေချင်တာ။

ဒီ Superiority Complex ဆိုတာနဲ့ Inferiority Complex ဆိုတာ ပုံစံအားဖြင့် ဆန့်ကျင်ဘက်လိုဖြစ်နေပေမယ့် ဒီလိုလုပ်တတ်တဲ့သူတွေရဲ့စိတ်ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်
- insecurity
- inadequacy
- low self-esteem ဆိုတာတော့ အတူတူပဲလို့ဆိုလို့ရပါတယ်။
ဒါကြောင့် ဒီအခြေအနေနှစ်ခုဟာ ကြွေပြားစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလို့ပါပဲ။

Hero complex ~~~ ~~~ ~~~ကိုယ့်ကိုကိုယ် ကယ်တင်ရှင်၊ အရာရာမှာစွမ်းဆောင်နိုင်သူ၊ အရေးပါအရာရောက်သူ လို့ အထင်ရောက်နေတာပါ။ အရမ...
13/02/2026

Hero complex
~~~ ~~~ ~~~

ကိုယ့်ကိုကိုယ် ကယ်တင်ရှင်၊ အရာရာမှာစွမ်းဆောင်နိုင်သူ၊ အရေးပါအရာရောက်သူ လို့ အထင်ရောက်နေတာပါ။

အရမ်းလွတ်ပြီး ဘဝ​င်မြင့်နေတာမျိုးလည်း မဟုတ်ပါဘူး။

ပရဟိတအလုပ်တွေ၊ စွန့်လွှတ်အနစ်နာခံရတဲ့အလုပ်တွေ၊ ပေးဆပ်ရတဲ့အလုပ်တွေ၊ ကိုယ်ကျင့်တရားတစ်ခုခုကို အရမ်းထိန်းချုပ်ဖို့လိုတဲ့ အလုပ်တွေကိုစိတ်နှစ်လုပ်ရင်းနဲ့ ကိုယ့်ကိုကိုယ် မရှိမဖြစ်အရေးပါတဲ့သူလိုလို အထင်ရောက်လာတာပါ။

ငါမရှိရင် ဒီလူတွေကိုဘယ်လိုလုပ်ကြမလဲလို့တွေးတတ်လာတယ်။

ငါအခုလုပ်နေတာတွေ ငါ့အတွက်ဘာမှမပါဘူး၊ အများကောင်းဖို့လုပ်နေတာဆိုပြီး ကိုယ်လုပ်သမျှ အမှန်လို့ထင်လာတာတွေဖြစ်လာတယ်။

ကိုယ့်ရဲ့အားနဲ့ချက်တွေကို ထောက်ပြတဲ့သူတွေကို အလွန်အမင်းတုန့်ပြန်တတ်ပြီး ကိုယ့်ကိုကိုယ် ပြီးပြည့်စုံတဲ့သူတစ်ယောက်လိုထင်မြင်လာခြင်းမျိုးပါ။

ငါ့လောက်ဘယ်သူမှ အခုလိုမစွန့်လွှတ်နိုင်ဘူး၊ ငါ့နေရာမှာ ငါလုပ်သလိုလာလုပ်ကြည့်လို့ဆိုတတ်ကြပါတယ်။

ဒီလိုစိတ်မျိုး ဝင်တတ်နေပြီဆိုရင် ကိုယ်က အများနည်းတူ သူလိုကိုယ်လို လူသားတစ်ယောက်ဆိုတာ ပြန်သတိကပ်ဖို့လိုပါလိမ့်မယ်။

- ပရဟိတသမား
- ဆရာဝန်
- ကျောင်းဆရာ
- စစ်သား / ရဲ
- ဘာသာရေးဆရာ
စတဲ့သူတွေ Hero Complex ဖြစ်လာတတ်တယ်။

ကိုယ်ကဘာမှမဟုတ်ဘဲ ဓါတ်ဆရာလိုလို နတ်ဆရာလိုလိုနဲ့ ၇ရက်သားသမီးတွေကို ကယ်တင်နေတယ်လို့ အထင်ရောက်ပြီး Hero complex ဖြစ်နေသူတောင်ရှိသေးတယ်လို့ပြောရင် တစ်ယောက်ယောက်ကို သင်တို့မျက်လုံးထဲ မြင်မိမယ်ထင်ပါတယ်။

Hero complex ကလူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ မိသားစုအတွက် ဝင်ငွေရှာတဲ့ အိမ်ထောင်ဦးစီးနေရာကိုယူထားရသူ (ယောက်ျားဖြစ်ဖြစ် / မိန်းမဖြစ်ဖြစ်) ငါကနင်တို့အားလုံးအတွက် ဘယ်လိုတွေ ကြိုးစားနေရတာ၊ နင်တို့ ငါထားတဲ့အတိုင်းနေ၊ ငါမရှိမှ နင်တို့ငါ့တန်းဖိုးသိမှာ ... စသဖြင့် Hero complex သေးသေးလေးဖြစ်တတ်တယ်ပေါ့။

- ကျွန်တော်တို့တွေဟာ ဘာမှထူးခြားနေသူတွေမဟုတ်ပါဘူး၊ ကျွန်တော့်တို့နေရာမှာ ကျွန်တော်မရှိနေခဲ့ရင် ကျွန်တော်လိုလူတစ်ယောက်ယောက်က အခုကျွန်တော်လုပ်နေတာတွေကို လုပ်နေမှာပါ၊ အဲ့လူက ကျွန်တော့်ထက်တောင် ပိုကောင်းချင်ကောင်းနေနိုင်ပါတယ်။

Sense of Control~~~ ~~~ ~~~ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ခြင်း~~~ ~~~ ~~~1989 ခုနှစ်က Sanderson ဆိုတဲ့ စိတ်ပညာရှင် ဦးဆောင...
11/02/2026

Sense of Control
~~~ ~~~ ~~~
ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ခြင်း
~~~ ~~~ ~~~

1989 ခုနှစ်က Sanderson ဆိုတဲ့ စိတ်ပညာရှင် ဦးဆောင်တဲ့ လက်တွေ့သုတေသနလေးနဲ့ စပြောရအောင်။

ဒီသုတေသနမှာက လူတွေနဲ့ စမ်းသပ်ထားတာဗျ။
- လူကောင်းတွေတောင်မှ 5.5% ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို ရှူလိုက်ရင် ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ အခုသုတေသနမှာ လူကောင်းတွေကို အဲ့ဓါတ်ငွေ့ရှူခိုင်းပြီး စမ်းထားတာ။
- စမ်းသပ်မှုမှာ ဓါတ်ငွေ့ကိုရှူရမယ်၊ ဒီဓါတ်ငွေ့ကိုထိန်းချုပ်တဲ့ ခလုပ်တစ်ခုလည်းပေးထားတယ်၊ ခလုပ်ဖွင့်ထားရင် မီးနီလေးလင်းနေမယ် ဓါတ်ငွေ့ထွက်နေမယ်၊ ခလုပ်ပိတ်လိုက်ရင် မီးစိမ်းလင်းလာမယ် ဓါတ်ငွေ့ရပ်သွားမယ်ပေါ့။ ခလုပ်ပိတ်လိုက်ချိန်မှာ မီးစိမ်းမလင်းဘဲ မီးနီပဲဆက်လင်းနေရင်တော့ ဓါတ်ငွေ့က ဆက်ထွက်နေသေးတယ်လို့ယူဆရမယ်လို့ သင်ပေးထားတယ်။

- ဒီစမ်းသပ်နေရင်းနဲ့ မခံနိုင်တော့ရင် စမ်းသပ်မှုက ထွက်ခဲ့လို့ရတယ်ပေါ့။
- စမ်းသပ်မှုမှာ ပါဝင်ချင်တဲ့သူတွေကို အုပ်စု၂ခု ခွဲထားလိုက်တယ်။

- တကယ်တမ်း ဒီအုပ်စု၂ခုလုံးကို ပေးထားတဲ့ခလုပ်တွေက ဟန်ပြတွေပဲ၊ ဓါတ်ငွေ့က ပုံသေထွက်နေမှာဖြစ်ပြီး ခလုပ်ဖွင့်ဖွင့် ပိတ်ပိတ် မီးနီးနေနေ မီးစိမ်းနေနေ ဓါတ်ငွေ့အပေါ် ဘာမှ ထိန်းချုပ်မှုမရှိဘူး၊ ဒီအချက်ကိုတော့ အုပ်စု ၂ခုလုံးကိုပြောပြမထားဘူး။

- ပထမအုပ်စုကိုပေးထားတဲ့ ခလုပ်က ပိတ်လိုက်တာနဲ့ မီးစိမ်းသွားအောင် လုပ်ထားတယ်။
- ဒုတိယအုပ်စုကို ပေးထားတဲ့ခလုပ်က ပိတ်ပိတ် ဖွင့်ဖွင့် မီးနီပဲပြအောင် လုပ်ထားတယ်။

စမ်းသပ်မှုစတော့ ဒုတိယအုပ်စုကတော့ ရှင်းပါတယ်
- ဓါတ်ငွေ့ကိုရှူရတယ်၊ ခဏနေတော့ ကြောက်စိတ်ဝင်လာတယ်၊ ခလုပ်ကိုပိတ်တယ်၊ မီးကဆက်ပြီးအနီရောင်ဖြစ်နေတယ်၊ စိမ်းမသွားဘူး၊ ဒါကြောင့် အများစုက မခံနိုင်တော့ဘူးဆိုပြီး စမ်းသပ်ခန်းထဲကနေ ထွက်လာကြတယ်။

Sense of control အတွက် လက်တွေ့ကို ပထမအုပ်စုမှာ တွေ့ရတယ်
- ဓါတ်ငွေ့ကိုရှူရင်းနဲ့ ကြောက်စိတ်ဝင်လာတော့ ခလုပ်ကိုပိတ်လိုက်ကြတယ်၊ မီးစိမ်းသွားတယ်၊ စမ်းသပ်ခံတွေရဲ့စိတ်ထဲမှာ ဓါတ်ငွေ့တကယ်ရပ်သွားတယ်လို့ယုံကြည်တဲ့အတွက် ကြောက်စိတ်လဲ လျှော့သွားတယ်၊ ခဏနေကျရင် ခလုပ်ပြန်ဖွင့်နိုင်ကြတယ်။
- အဲ့လိုနဲ့ ခလုပ်ပိတ်လိုက်မီးစိမ်းလိုက်၊ ပြန်ဖွင့်လိုက် မီးနီသွားလိုက်နဲ့ အများစုက စမ်းသပ်ချိန်အဆုံးအထိ ထွက်မသွားဘဲ နေနိုင်ကြတယ်။
- တကယ်တမ်း သူတို့ရှူနေရတာက 5.5%ကာဗွန်ဒိုင်အောင်ဆိုဒ်ကို ဆက်တိုက်ရှူနေရတာဖြစ်ပြီး ခလုပ်ဆိုတာ ဟန်ပြဘဲလေ။
- ဒီလို ကြောက်စိတ်ကို တကယ်ဖြစ်စေပါတယ်ဆိုတဲ့ ဓါတ်ငွေ့ကြီးကို ကိုယ်တိုင်ရှူနေရတာကိုတောင်မှ ဒီဓါတ်ငွေ့ကို “ငါထိန်းလို့ရပါတယ်” ဆိုတဲ့ယုံကြည်မှု (Sense of control) ရှိသွားတဲ့အခါ မကြောက်တော့ဘူး။

ဒီ Sense of control ဆိုတဲ့ အယူအစကို လက်တွေ့ဘဝမှာ အသုံးချလို့ရတယ်။ ဒီအယူအစနဲ့ အသုံးချခံနေရတဲ့ သူတွေလည်းရှိနေတယ်။
- စိုးရိမ်စိတ် (Anxiety)
- ရုတ်တရက် အကြောက်လွန်ခြင်း (Panic Attack)
- Learned Helplessness
- လောင်းကစား ဆိုတဲ့ ကိစ္စတွေမှာ
အသုံးချပုံကို ရှင်းပြမယ်။
~ ~ ~

Anxiety အတွက် >>>>>

Anxiety ဖြစ်ရတဲ့သူတွေက Sense of control မရှိလို့ဖြစ်ကြရတယ်။
- မသေချာဘူး၊ ဘာဖြစ်မလဲ မှန်းမရဘူး၊ ကိုယ်လည်းဘာမှမတတ်နိုင်ဘူး ဆိုတဲ့ကိစ္စတွေများလာလေလေ စိတ်မလုံခြုံမှုတွေ စိုးရိမ်စိတ်တွေ များလာလေလေပဲ။
ဒါဆို Sense of control ရအောင် ဘယ်လိုလုပ်ရမလဲ ?
- အဖြစ်အပျက်ကြီးတစ်ခုလုံးကို Total control ရအောင်လုပ်မှာ မဟုတ်ဘူးနော်၊ Sense of control ဆိုတဲ့ ငါထိန်းချုပ်နိုင်ပါတယ်ကွာဆိုတဲ့ ယုံကြည်မှုပဲလိုတာ။
- ယုံကြည်မှုဆိုတဲ့ Sense လေးပဲလိုတာ။

- ဒီ Sense ကို တည်ဆောက်ဖို့ဆိုရင် 80/20 rules ဆိုတာလေးကို သတိရဖို့လိုတယ်။
- 80% ကသင်ထိန်းချုပ်လို့ မရတဲ့အရာတွေ၊ သူ့သဘောသူဆောင်ပြီး ဖြစ်ချင်တိုင်းဖြစ်နေမယ့်အရာတွေ။
- 20% ကပဲ သင်တကယ်ထိန်းချုပ်လို့ရမယ်၊ ကြိုးစားလို့ရမယ်၊ ပြောင်းလဲလို့ရမယ်။
- ဒါပေမယ့် စိတ်မပူနဲ့ ဒီ ထိန်းချုပ်လို့ရတဲ့ 20% လေးကပဲ ရလဒ်တစ်ခုလုံးရဲ့ 80% ကိုဖန်တီးပုံဖော်ပေးလိမ့်မယ်။
- ဒီသဘောတရားမှာပါတဲ့ 20% တွေ၊ 80% တွေက သုတေသနကနေ အတိအကျကြီး ရလာတဲ့ ဂဏန်းတွေတော့ မဟုတ်ဘူး၊ ယေဘုယျချပြီး ရှင်းလင်းချက်တစ်ခုအနေနဲ့ သုံးပြတာ။

- ဆိုလိုချင်တာက ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကိုယ်ထိန်းချုပ်လို့မရတာက အများစုဖြစ်ပြီး ကိုယ်ထိန်းချုပ်နိုင်တာက အနည်းစုပဲ။

- ကိုယ်ထိန်းချုပ်နိုင်စွမ်းရဲ့ အလွန်မှာရှိနေတဲ့ အရာတွေကို အာရုံစိုက်တာများသွားတဲ့အခါ … ဒါကလည်းမသေချာဘူး၊ ဒီကိစ္စကလည်း ငါမပိုင်ဘူး၊ ဒီလိုဖြစ်လာနိုင်ချေလည်းရှိသေးတာ၊ စတဲ့ မသေချာမှုတွေကိုပဲမြင်လာပြီး Sense of control ပျောက်သွားတယ်။ Anxiety ရဲ့ အစပဲ။
- ကိုယ် မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက်ပဲ တွေးနေမယ်၊ အဖြေကမရှိ၊ ဒီလိုနဲ့ ရိုးရိုး Anxiety ကနေ စိတ်ရောဂါ Anxiety Disorder အထိဖြစ်သွားကြတယ်။

- ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာ ဗျာများနေတဲ့ ကိုယ့်အာရုံတွေအားလုံးကို ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာပဲ စုပုံလိုက်ဖို့လိုတယ်။
- အခုကိုယ်ဘာလုပ်နိုင်သလဲဆိုတာအမြဲကိုယ့်ကိုယ်ကိုပြန်မေး၊ လုပ်နိုင်တာကိုပိုကြိုးစား၊ ပိုအားစိုက် အဲ့ဒီကနေမှ Sense of control ဆိုတာ ပြန်ရလာနိုင်တယ်။

🚨 ဒါပေမယ့် သင်က Anxiety Disorder အဆင့်အထိရောက်နေပြီဆိုရင်တော့ ကိုယ်လုပ်နိုင်တာကို လုပ်နေပြီဆိုပေမယ့် အခုလုပ်နေတာတွေကို မလုံလောက်ဘူး၊ ဒီလောက်နဲ့ အဆင်မပြေလောက်ဘူးလို့ ဆက်တွေးမိနေတတ်တယ်။ ဒီအဆင့်ဆိုရင်တော့ စိတ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီ၊ သင်က Sense of control လုံးဝပျောက်နေပြီး ကိုယ့်ဖာသာကိုယ် အဖြေပြန်ရှာတွေ့ဖို့ သိပ်မလွယ်ဘူး။
~ ~ ~

Panic Attack အတွက် >>>>>

Panic Attack ဆိုတာက ရုတ်တရက် အကြောက်လွန်လာတဲ့ အဖြစ်ကိုခေါ်တယ်။
- ဖြစ်စေတဲ့ အကြောင်းအရင်းရှိချင်လည်းရှိမယ်၊ ဘာအကြောင်းမှမရှိဘဲ သူ့အလိုလို ပေါ်လာတာလည်း ဖြစ်နိုင်တယ်
- မူလအကောင်းကြီးကနေ ရုတ်တရက် ချက်ချင်းကြီး ထဖောက်လာတာဖြစ်တယ်
- ရင်တွေတုန်လာမယ်
- အသက်ရှုကြပ်လာမယ်၊ ရှူနေတဲ့လေက ကိုယ့်ထဲကိုမဝင်တော့ဘဲ လည်ပင်းထဲ တစ်နေသလိုဖြစ်လာမယ်
- ခြေဖျားလက်ဖျားတွေ အေးစက်လာမယ်၊ ချွေးစေးတွေပြန်လာမယ်
- လက်တွေခြေတွေထုံလာမယ်၊ နှုတ်ခမ်းတွေပါထုံပြီး စကားပြောရခက်လာမယ်၊ လျှာတွေလေးလာလိမ့်မယ်
- မျက်လုံးတွေပြာလာမယ်၊ နားတွေအူလာမယ်
- အသိလွတ်ချင်သလိုလိုဖြစ်လာမယ်
- ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်လာတော့မှာလို့ အလွန်အမင်းကြောက်လာမယ်
- ဒီထက်ပိုဆိုးလာရင် တစ်ကိုယ်လုံးအားပျော့ပြီး ပုံကျသွားလိမ့်မယ်။ အချို့လည်း သတိလစ်သွားတယ်လို့ပြောပေမယ့် အများစုက သတိလစ်တာမဟုတ်ဘဲ ကိုယ့်ဘေးမှာဖြစ်နေတာတွေကို အကုန်သိပေမယ့် ကိုယ်က ဘာမှမတုန့်ပြန်နိုင်တော့ဘဲ ဖြစ်သွားတာ။
Panic attack ဆိုတာက အခုလိုဖြစ်တဲ့ ဖြစ်စဥ်ကြီးက ခန္တာကိုယ်ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ကြောင့်ဖြစ်တာ၊ ဒီဖြစ်တဲ့ ဖြစ်စဥ်ကြီးတစ်ခုလုံးကို Sense of control ဆိုတာတစ်ခုတည်းနဲ့ မဖြစ်တော့အောင် တားဆီးလို့ရတယ်။
- အထက်မှာပြောထားတဲ့ လက္ခဏာတွေထဲမှာ အသက်ရှူတာကလွဲပြီး ကျန်တာ ကိုယ်ဘာမှ ထိန်းလို့မရဘူး။
- ရင်တုန်တာထိန်းမရဘူး၊ ချွေးပြန်တာထိန်းမရဘူး၊ ကြောက်လာတာကိုထိန်းမရဘူး၊ မျက်စိပြာလာတာ၊ လျှာတွေလေးလာတာ စတဲ့ အခြားဘာလက္ခဏာတစ်ခုကိုမှ ထိန်းလို့မရဘူး။
- Panic ဖြစ်နေချိန်မှာ အသက်ရှူမဝဘူးအထင်နဲ့ ဇွတ်တွေရှူသွင်းနေလို့ အသက်ရှူကမြန်နေမယ်၊ ဒီမြန်နေတဲ့ အသက်ရှူတာကို တဖြည်းဖြည်းပဲ ရအောင်ရှူဖို့ ထိန်းရတယ်။
- ပြီးရင် အသက်ရှူတာက ကိုယ့်ထိန်းချုပ်မှုအောင်မှာရှိနေတယ်ဆိုတာလေးကို သတိကပ်ထားရတယ်။ ကိုယ်ထိန်းလို့ရတဲ့ အသက်ရှူတာလေးကို ထိန်းနေရင်းနဲ့ပဲ ဖြစ်နေတဲ့ panic attack သူ့ဖာသာ သက်သာသွားတယ်။
- ပထမတစ်ခေါက်တည်းနဲ့တော့ အဆင်ပြေချင်မှပြေမယ်ပေါ့။ ကြိုးစားရင်းနဲ့ တစ်ခေါက်ကလေး အဆင်ပြေသွားလိုက်ပြီဆိုတာနဲ့ နောက်ဆို panic ပြန်ဖြစ်မှာ မကြောက်တော့ဘူး၊ ငါထိန်းနိုင်တယ်၊ ငါ့ဖာသာပြန်ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ Sense of Control ရသွားတာ။

- အဲ့လိုမလုပ်ဘဲ Panic attack ဖြစ်တိုင်း နီးစပ်ရာဆေးခန်းပြေးလိုက်ရမှ၊ Panic attack လုံးဝမပေါ်လာအောင် စိတ်ငြိမ်ဆေးတွေ အများကြီးသောက်နေရမှ၊ Panic ဖြစ်နိုင်မယ်လို့ ကိုယ့်စိတ်ထဲထင်တာတွေကို ရှောင်နေမှ ဆိုသူတွေက ပျောက်ဖို့ပိုကြာတယ်။

((( Panic attack အကြောင်းနဲ့ အသက်ရှူနည်းအကြောင်း post က cmt မှာ link ရှိမယ် )))
~ ~ ~

Learned Helplessness >>>>>

Learned Helplessness ဆိုတာက ကိုယ့်ဘဝမှာ ဒီတစ်သက်တော့ ငါမလုပ်နိုင်တော့ပါဘူး၊ မဖြစ်နိုင်တော့ပါဘူးဆိုပြီး လက်လျှော့ထားရတဲ့ ကိစ္စတွေကိုပြောတာ။
- ဥပမာ ငါဘယ်လိုကြိုးစားကြိုးစား ဒီတစ်သက်တော့ မပိန်နိုင်တော့ပါဘူး လို့ထင်နေတယ်ဆိုပါတော့။
- ကိုယ်က ဒီတစ်ခုမှာ ခြေကုန်လက်ပန်းကျနေပြီ၊ ကြိုးစားချင်စိတ်ကိုမရှိတော့တာ ဆိုတဲ့အခါ ကိုယ်လုပ်ရင် ဘာဖြစ်နိုင်မလဲ ဆိုတဲ့ အခြားနည်းလမ်းတစ်ခုနဲ့ ပြန်ပြောင်းလို့ရတယ်။
- Weight ချိန်ကြည့်မနေနဲ့တော့၊ ကိုယ်အလေးချိန်ဆိုတာကို ခေါင်းထဲကထုတ်ထားလိုက်၊ အဲ့အစား အခြားကိုယ်လုပ်နိုင်တဲ့ ရည်မှန်းချက်သေးသေးလေးတွေ ပြောင်းထားရတယ်။
- တစ်ရက်ကို ခြေလှမ်း ၅၀၀၀ ပြည့်အောင် လမ်းလျှောက်မယ်၊ အစားတွေကို ကယ်လိုရီတွက်ပြီး စားတဲ့အကျင့်လုပ်မယ်၊ မနက်ကိုအချိန်မှန်မှန်ထမယ်၊ အိပ်ချိန်လုံလောက်အောင် ဂရုစိုက်မယ် . . . အစရှိတဲ့ ကိုယ့်ကိုကျန်းမာရေးပိုညီစေတဲ့ နေထိုက်မှုလေးတွေကို ပြောင်းပြီး အာရုံစိုက်လို့ရတယ်။
- ဒီအချက်လေးတွေကို တစ်ခုစီ လုပ်ကြည့်မယ်၊ တဖြည်းဖြည်းလုပ်နိုင်လာရင် ငါလုပ်နိုင်ပါသေးတယ် ဆိုတဲ့ Sense of control ပြန်ရလာလိမ့်မယ်။

(Learned Helplessness အကြောင်းက အရင် ဒီရှေ့ကပ်ရပ်က တင်ထားတဲ့ post မှာဖော်ပြထားပါတယ်)
~ ~ ~

လောင်းကစား >>>>>

လောင်းကစားမှာက sense of control ဆိုတဲ့အချက်ရဲ့ အသုံးချတာကို ခံနေရတာဖြစ်တယ်။

ဘယ်လောင်းကစားကိုကြည့်ကြည့် ဒိုင်ဘက်ကို အမြတ်ကျန်အောင် ဖန်တီးထားတာချည်းပဲ၊ ဒါပေမယ့် ထိုးသားဘက်ကို Sense of control ရအောင် လုပ်ပေးထားတယ်၊ အဲ့ဒါကြောင့်ကိုယ့်ဘက်က နိုင်နိုင်ချေ 1% ပဲရှိရင်တောင်မှ အဲ့ 1% က ငါပဲဖြစ်မှာဆိုတဲ့ ယုံကြည်မှုနဲ့ လောင်းကစားကိုဆက်ဆော့ဖြစ်ကြတယ်။

၂လုံး ၃လုံးမှာဆိုရင် အမျိုးမျိုးတွက်ကြတယ်၊ ဂဏန်းတွေချပြီးတွက်ကြတယ် အတိတ်နိမိတ်တွေကောက်ပြီး ဂဏန်းဖော်ကြတယ်၊ မွေးပြီးထိုးတယ်ဆိုတာကလည်းရှိသေးတယ် ဒီလိုတွေလုပ်လိုက်ခြင်းအားဖြင့် ငါရွေးလိုက်တဲ့နံပါတ် ပေါက်မှာဆိုတဲ့ Sense of Control ရသွားတယ်။ တကယ်ကတော့ Illusion of control ဖြစ်မှာပေါ့။ ဒါကြောင့် ပျော်ပျော်ကြီးနဲ့ ယုံကြည်မှုရှိရှိကို ထိုးကြတယ်၊ စွဲလန်းကြတယ်။

စလော့ဂိမ်းတွေမှာဆိုရင်လည်း အတူတူပဲ၊ ငါ ဂျက်ပေါ့ပေါက်တော့မှာ နီးစပ်နေပြီ၊ နည်းနည်းထပ်လိုက်ရင်ရပြီ စသဖြင့် ကျပန်းဖြစ်နေတဲ့အခြေအနေ (ထိုးသားဘက်က အမြဲရှံးတဲ့ ကျပန်း) မှာ ကိုယ်ကတော့ မြတ်ကိုမြတ်မှာဆိုပြီး Sense of control တွေနဲ့ ရူးရူးမိုက်မိုက် ဆက်လုပ်ကြတယ်။

လောင်းကစားတွေအကုန်လုံးက ဒီပုံစံပဲ Sense of control ထဲဝင်အောင် ပုံသွင်းပြီး လူတွေရဲ့စိတ်ကို စွဲဆောင်ထားကြတာပဲ။

အဲ့အထဲမှာ အနိုင်ငံအသီးသီးရဲ့ အစိုးရတွေ တရားဝင်လုပ်ကြတဲ့ ထီတောင်ပါသေးတယ်။
- သင်ကထီလက်မှတ်ကိုဝယ်တဲ့အခါ နံပါတ်ရွေးလို့မရဘဲ Random နံပါတ်တစ်ခုပဲရမယ်ဆိုရင် လူတွေက ထီကို သိပ်စိတ်မဝင်စားနိုင်ဘူး၊ ထီနံပါတ်တွေကို ရွေးချယ်ခွင့်ပေးထားလိုက်တာက ထီထိုးတဲ့သူကို Sense of Control ကိုဖြစ်စေတယ်။
- ငါရွေးထားတဲ့နံပါတ်၊ ငါကြိုက်တဲ့နံပါတ်၊ ငါ့နေ့နံနဲ့ ကိုက်တဲ့နံပါတ်ဆိုပြီး Sense of control ဖြစ်သွားစေတဲ့အတွက် ထီပိုထိုးဖြစ်စေတယ်။
- ဗေဒင်တွေက ကိုယ်နဲ့ကိုက်တဲ့ နံပါတ်တွေ ပေးကြမယ်၊ ထီပေါက်နည်း ဆိုတဲ့စာအုပ်တွေတောင် ရှိလိုက်သေးတယ်။ ဒါတွေအားလုံးဟာ Sense of Control ကိုဖြစ်စေပြီး ထီထိုးချင်စိတ်ကို ပိုပိုဖြစ်စေတယ်။
~ ~ ~

လူနာကုသမှု >>>>>
ခင်ဗျား ဆေးခန်းသွားပြတဲ့အခါ ခင်ဗျားကို ရော့ဒီဆေးသောက်၊ သေချာသောက်မှရမယ် ဆိုတာထက် ကုသမှုကတော့ ဒီလိုမျိုးတွေရှိတယ်၊ ဆိုပြီး ကုသလို့ရတဲ့နည်း ၂မျိုး ၃မျိုးကိုသေချာရှင်းပြပြီးတော့မှ လူနာကိုကိုယ်တိုင်ရွေးစေတာက ပိုပြီး စိတ်လုံခြုံမှုကိုပေးတယ်။

အချို့ကုသမှုတွေက တစ်မျိုးပဲရှိတယ်၊ ဒီလိုမှမကုရင် မရဘူးဆိုတာမျိုးမှာလည်း လူနာအတွက် လိုအပ်ရင် အတိုးအလျှော့လုပ်ပြီးသောက်လို့ရတဲ့ ဆေးတစ်ခုခုထပ်ပေးထားတာက လူနာကို ပိုစိတ်ချမ်းသာစေတယ်။
- ဥပမာ TB ဖြစ်တယ်ဆို TB ဆေး ၆လက မဖြစ်နေသောက်ရမှာပဲ ဘာမှရွေးချယ်စရာမရှိဘူး။ ဒီအခါမျိုးမှာ “ TB ဆေးသောက်ခါစမှာ ခေါင်းမူးတာတို့ အစားအသောက်ပျက်တာတို့ ဖြစ်ခဲ့ရင် ဒီအားဆေးလေးဝယ်သောက်လိုက်၊ ဘာမှမဖြစ်ရင် သောက်စရာမလိုဘူးနော် ” ဆိုပြီး လူနာကို ကိုယ်ပိုင်ထိန်းချုပ်ပိုင်ခွင့် တစ်ခုခုပေးထားတာမျိုးပေါ့။

Address

51st
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when Care by Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram