Care by Heart

Care by Heart Mental Health Education and Knowledge Sharing (Psychoeducation)

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ
17/04/2026

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ

စိတ်ဆရာဝန်တွေက အလိမ်ဖော်ပေးနိုင်သလား~~~ ~~~ ~~~တစ်စုံတစ်ယောက်ပြောလာတဲ့အကြောင်းအရာကို လိမ်နေသလား၊ တကယ်ပြောနေတာလားခွဲပေးဖိ...
19/03/2026

စိတ်ဆရာဝန်တွေက အလိမ်ဖော်ပေးနိုင်သလား
~~~ ~~~ ~~~

တစ်စုံတစ်ယောက်ပြောလာတဲ့အကြောင်းအရာကို လိမ်နေသလား၊ တကယ်ပြောနေတာလားခွဲပေးဖို့ ...
ဇာတ်လမ်းတွေထဲမှာပါသလို တရားခံကို အမှန်ပြောနေလား၊ လိမ်နေလား စစ်ဆေးဖို့ ...
စိတ်ရောဂါဖြစ်နေပါတယ်ဆိုပြီးပြောလာတဲ့သူကို တကယ်စိတ်ရောဂါဖြစ်နေတာလား ဟန်ဆောင်ပြီးစိတ်ရောဂါဖြစ်နေတာလား ခွဲခြားဖို့ ...

စသဖြင့် အခြေအနေ၃မျိုးနဲ့ ကြုံရတတ်ပါတယ်။

ဒီလိုအခြေအနေတွေမခွဲခြားခင် အရင်ဆုံးကြိုသိထားရမှာက
• စိတ်ဆရာဝန်ဆိုတာ စိတ်နဲ့ပါတ်သတ်ရင် အကုန်သိနေတယ်၊ အကုန်နားလည်နေတယ်လို့ မှတ်ယူလို့မရပါဘူး။
• လူတစ်ယောက်ကိုမျက်နှာမြင်လိုက်ရုံနဲ့ တစ်ခုခုတော့ပြောနိုင်မယ်လို့ ထင်လို့မရပါဘူး။
• လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ရုံနဲ့ သူ့စိတ်ကိုလဲ မသိနိုင်ပါဘူး။
• စကား ၁ခွန်း-၂ခွန်းလောက်ပြောရုံနဲ့ လူတစ်ယောက်ရဲ့စိတ်ကိုလဲ အကုန်နားမလည်နိုင်ပါဘူး။
• တစ်စုံတစ်ယောက်ပြောတဲ့စကားထဲကအကြောင်းအရာတွေ၊ စကားပြောတဲ့ပုံစံ၊ ကိုယ်နေဟန်ထား၊ မျက်နှာအမူအရာတွေကို လေ့လာထားတဲ့ စိတ်ပိုင်းဆိုင်ရာပညာရပ်တွေနဲ့ ချင့်ချိန်ကြည့်ပြီးမှ ဘာဖြစ်နေသလဲဆိုတဲ့ ဖြစ်နိုင်ချေတစ်ခုကို ပြောပြနိုင်တာပါ။
• စိတ်ဆရာဝန်တွေက အခြားသူတွေထက်စာရင် အလိမ်ပိုဖော်နိုင်ပါတယ်။ (သူများတွေထက် နှိုက်နှိုက်ချွတ်ချွတ် ကတ်သီးကတ်သတ်မေးတတ်လို့ပါ)
• တပြိုင်နက်တည်းမှာပဲ အခြားသူတွေထက်စာရင် ပိုပြီးအလိမ်ခံရနိုင်ချေလဲ ပိုများပါတယ်။ (သာမန်လူတောင် လိမ်ပြောနေတယ်လို့သိသာနေတဲ့ကိစ္စမျိုးကိုလဲ စိတ်ရောဂါတစ်ခုခုကြောင့်များ သူ့မှာတကယ်ခံစားနေရတာလားဆိုပြီး လူနာအနေနဲ့မြင်နေတတ်လို့ပါ)
~~~

တစ်စုံတစ်ယောက်ပြောလာတဲ့အကြောင်းအရာကို လိမ်နေသလား၊ တကယ်ပြောနေတာလားခွဲပေးဖို့ ... ?
~~~ ~~~ ~~~

• မလုပ်တတ်ပါဘူး
• လုပ်ပေးလို့လဲမရပါဘူး

- ကြုံရတတ်တာက video တစ်ခုခုပြလို့ပဲဖြစ်ဖြစ်၊ အသံ file တစ်ခုခုကိုဖွင့်ပြပြီးပဲဖြစ်ဖြစ် ဒီထဲမှာပြောနေတာတွေက တကယ်လားလိမ်ပြောနေတာလား ခွဲခိုင်းတာမျိုး ...
- လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး မိတ်ဆွေအသစ်တစ်ယောက်လို သူ့အကြောင်းပြောလိုက် ကိုယ့်အကြောင်းပြောလိုက် တောင်ရောက်လိုက်မြောက်ရောက်လိုက် စကားပြောကြပြီးနောက်မှ "စောနကလူပြောသွား​တာတွေက လိမ်နေတာတွေဖြစ်နိုင်လား" ဆိုပြီး နောက်မှပြန်မေးတာမျိုး ...
- ဆိုရင် ဘာမှပြောပြလို့မရပါဘူး။
- သာမန်လူတစ်ယောက်လို အထင်တစ်မျိုးပဲပြန်ပေးနိုင်မှာပါ၊ မှန်ချင်မှ မှန်မှာပါ။
- စိတ်ဆရာဝန်အနေနဲ့ မသေချာတဲ့အထင်လဲပေးဖို့မသင့်တဲ့အတွက် "ဒီလောက်နဲ့ ပြောလို့မရဘူး" လို့ပဲဆိုရပါလိမ့်မယ်။

- နောက်ထပ်ကြုံရတတ်တာက အခြားသူတစ်ယောက်ကို တစ်ဖက်လှည့်နဲ့ လိမ်နေတာဟုတ်မဟုတ် စစ်ဆေးပေးဖို့ အကူအညီတောင်းတာပါ။
- ဥပမာ သူ့ရီးစားကိုခေါ်ခဲ့မယ်၊ ဆရာဝန်ဆီခေါ်လာတဲ့ကိစ္စတော့ သပ်သပ်တစ်ခု ( အိပ်မပျော်တာ၊ အရက်ခဏခဏသောက်နေတာ တစ်ခုခုပေါ့)၊ သူ့ရီးစားကိုတကယ်စစ်ဆေးချင်တာက အခြားသံသယရှိနေတဲ့ကိစ္စတစ်ခုဖြစ်နေတာ ( အရင် ရီစားဟောင်းနဲ့ဆက်ဆံရေး၊ အိမ်ထောင်ဖက်ကို တကယ်ချစ်တတ်သူဟုတ်မဟုတ်၊ စသဖြင့် ... )
- ဒီလိုကိစ္စမှာလဲ ဘာမှလုပ်ပေးလို့မရပါဘူး။
- စိတ်ဆရာဝန်ရဲ့ ကျင့်ဝတ်နဲ့လဲ ကိုက်ညီမှုမရှိပါဘူး။
- အကြောင်းအရာတစ်ခုကို သေချာသိနိုင်ဖို့ အသေးစိပ်မေးမြန်းရတာဖြစ်တဲ့အတွက် တစ်ဖက်လှည့်နဲ့မေးဖို့ဆိုတာလဲ လုံးဝမဖြစ်နိုင်ပါဘူး။
- ကျင့်ဝတ်နဲ့မကိုက်ညီဘူးလို့ဆိုရတာက ဒီလိုသာလုပ်ပေးနေမယ်ဆိုရင် စိတ်ဆရာဝန်တွေကို လမ်းတွေ့ရင်တောင် ဘယ်သူမှ နှုတ်ဆက်ချင်မှာမဟုတ်တော့ဘူး ဖြစ်သွားတော့မှာပေါ့ - စျေးဝယ်ရင်း သူငယ်ချင်းအချင်းချင်းတွေ့ရင်တောင် ငါ့ကို စမ်းသပ်စကားနှိုက်ဖို့ တစ်ယောက်ယောက်က ကြိုတင်ကြံစည်ထားတာလားလို့ ထင်မိကုန်တော့မှာလေ။
~~~

ဇာတ်လမ်းတွေထဲမှာပါသလို တရားခံကို အမှန်ပြောနေလား၊ လိမ်နေလား စစ်ဆေးဖို့ ... ?
~~~ ~~~ ~~~

- ဒါမျိုးကတော့ စစ်ဆေးပေးလို့ရပါတယ်။
- စိတ်ဆရာဝန်တွေရဲ့ အရမ်းကျွမ်းကျင်တဲ့အပိုင်းတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကြိုးစား ဖော်ထုတ်ပေးနိုင်ပါတယ် (အလိမ်ဖော်တာကို မှုခင်းစိတ်ပညာရှင်တွေက ပိုကျွမ်းကျင်ကြပါတယ်)
- အရေးကြီးတာက အစကတည်းက အစစ်ခံမယ့်သူကို "သင့်ကို လိမ်ပြောနေတာ ဟုတ်မဟုတ် စစ်ဆေးဖို့မေးမှာပါ" လို့ပြောပြီးမှ အစစ်ခံမယ့်သူကလဲ လက်ခံမှ စတင်မေးမြန်းလို့ရမှာပါ။
- အမှုဖြစ်နေတာဆိုရင်တော့ တရားသူကြီးအမိန့်နဲ့ အစစ်ခံရမယ့်သူကို ဆေးရုံတင်ပြီး စိတ်ဆရာဝန်တွေ အများကြီးရဲ့ စောင့်ကြည့်မှုအောက်မှာ အကြိမ်ကြိမ်စောင့်ကြည့် စစ်ဆေးပါရတယ်။ အစစ်ခံရမယ့်သူက သူ့ကိုစစ်ဆေးနေတယ်ဆိုတာတော့ သိရပါတယ်၊ သိဖို့လိုပါတယ်။
- စိတ်ဆရာဝန်တွေ ကျွမ်းကျင်တဲ့အပိုင်းက လူတစ်ယောက်မှာ စိတ်ရောဂါရှိနေလား၊ မရှိနေဘူးလား ဆုံးဖြတ်ရတဲ့အပိုင်းပါ။ စိတ်ရောဂါရှိမနေတဲ့ လူကောင်းတစ်ယောက်က လိမ်နေလား၊ အမှန်ပြောနေလားဆိုတာ စိတ်ဆရာဝန်အနေနဲ့ အဆုံးသတ်အဖြေပေးပိုင်ခွင့်တော့ မရှိပါဘူး။
- ဒါကြောင့် သာမန်ကိစ္စတွေအတွက် စိတ်ဆရာဝန်က လိမ်နေပါတယ်၊ အမှန်ပြောနေပါတယ်လို့ ဖော်ထုတ်ပေးနိုင်ပေမယ့်၊ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ တရားခံ / သက်သေ ရဲ့ လိမ်ခြင်း/အမှန်ပြောခြင်းကိစ္စရဲ့ နောက်ဆုံးအဆုံးအဖြတ်ကို မှုခင်းစိတ်ပညာရှင်နဲ့ တရားသူကြီးရဲ့ အဆုံးအဖြတ်ကိုပဲ အတည်ယူပါတယ်။
~~~

စိတ်ရောဂါဖြစ်နေပါတယ်ဆိုပြီးပြောလာတဲ့သူကို တကယ်စိတ်ရောဂါဖြစ်နေတာလား ဟန်ဆောင်ပြီးစိတ်ရောဂါဖြစ်နေတာလား ခွဲခြားဖို့ ... ?
~~~ ~~~ ~~~

- တကယ်စိတ်ရောဂါလား ဟန်ဆောင်နေတာလားဆိုတာကို စိတ်ဆရာဝန်တွေ ခွဲခြားပေးနိုင်ပါတယ်။
- ဒါပေမယ့် အခုမှစတွေတဲ့လူနာ၊ စိတ်ရောဂါလက္ခဏာဖြစ်နေတယ်ဆိုပြီး ကိုယ့်ဆီကိုအကူအညီတောင်းလာတဲ့သူတစ်ယောက်ကို ဒီလူငါ့ကိုလိမ်ချင်နေတာလားဆိုပြီး ဘယ်စိတ်ဆရာဝန်မှ စပြီးမစဥ်းစားပါဘူး၊ သူပြောတဲ့လက္ခဏာတွေကိုနားထောင်ပြီး အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်နိုင်တဲ့ အကူအညီပေးဖို့ကိုပဲ ကြိုးစားရှာဖွေကြပါတယ်။
- ဒါကြောင့်မို့ စိတ်ဆရာဝန်တွေအနေနဲ့ ပထမဆုံးတွေ့ဆုံကုသမှုတွေမှာ အလိမ်ခံရနိုင်ချေ အလွန်များပါတယ်။
- သာမန်လူတွေနဲ့ သုတေသနပြုထားတဲ့အခါ 50% (ထက်ဝက်) သောလိမ်လည်မှုတွေကို သတိမထားမိဘူးလို့အဖြေထွက်ပါတယ်၊ တနည်းအားဖြင့် သတိထားမိသူတွေကလဲ By chance (ကံကောင်းလို့) အရပဲ သတိထားမိကြတာပါ။ စိတ်ဆရာဝန်တွေကို ရောဂါလက္ခဏာတွေလိမ်ပြောကြတဲ့အခါ ပထမတစ်ကြိမ်မှာတင် သတိထားမိဖို့က 50% ထက် နည်းမှာ အသေအချာပါပဲ။
- နိုင်ငံခြားမှာတော့ အချို့သတင်းထောက်တွေက စိတ်ရောဂါလူနာဟန်ဆောင်ပြီး စိတ်ဆေးရုံကိုတက်ရအောင် ရောဂါလက္ခဏာတုတွေလိမ်ပြောပြီး ဆရာဝန်တွေသတိမထားမိဘဲ ဆေးရုံတင်မိသွားတဲ့ ဖြစ်စဥ်တွေ ရှိဖူးပါတယ်။
- စိတ်ရောဂါဆန့်ကျင်သူများ (Anti-psychiatry) ဆိုသူတွေက ရောဂါလက္ခဏာတုတွေလိမ်ပြောပြီး စိတ်ဆရာဝန်တွေဆီမှာ ကုသမှုတွေလာယူတတ်ပါတယ် - ပြီးမှ စိတ်ဆရာဝန်တွေတပ်ပေးလိုက်တဲ့ရောဂါနာမည်တွေ၊ ပေးလိုက်တဲ့ဆေးတွေကိုဖော်ပြပြီး စိတ်ရောဂါကုနေတဲ့ဆရာဝန်တွေဟာ တကယ်လူနာလား လူနာဟန်ဆောင်ထားတဲ့ လူကောင်းလား မခွဲနိုင်ပါဘူးလို့ ဝေဖန်ထောက်ပြတာတွေအထိ ကြုံရပါတယ်။
- ဒီ post ကိုဖတ်ပြီးနောက်မှာ စိတ်ဆရာဝန်တွေကို လိမ်ရလွယ်သားပဲလို့ မထင်လိုက်ပါနဲ့။
- မိသားစုဝင်ထဲကပဲဖြစ်ဖြစ်၊ အခြားလူနာနဲ့နီးစပ်သူတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် လူနာဆိုသူကို လိမ်ငြာနေတယ်လို့သံသယရှိလာတဲ့အခါ သေချာမေးမြန်း အဖြေရှာပေးနိုင်ပါတယ်။
- လူနာနဲ့တွေ့ဆုံစမ်းသပ်ခြင်း အကြိမ်များလာတဲ့အခါ လူနာပြောတဲ့လက္ခဏာတွေအရသော်လည်းကောင်း၊ ပေးထားတဲ့ဆေးတွေအပေါ်တုန့်ပြန်မှုအရသော်လည်းကောင်း လိမ်နေတာကို သတိထားမိလာပါတယ်။
~~~

- 100% အလိမ်ဖော်နိုင်ပါသလား ?
~~~ ~~~ ~~~

- 100% အလိမ်ဖော်လို့မရသေးပါဘူး၊
- အခုထိရှိထားပြီးသား နည်းပညာတွေ၊ အလိမ်ဖော်စက်တွေ၊ စိတ်ပညာနိယာမတွေကို ဘယ်လိုပဲသုံးသုံး 60% အထိပဲ အလိမ်ဖော်လို့ရပါတယ်။
- 60% ထက်ပိုပြီး လိမ်တာကိုသိအောင်ကြိုးစားမှုမှန်သမျှက အမှန်တွေကိုပါ လိမ်နေတယ်လို့ မှားယွင်းဆုံးဖြတ်မိသွားကြတာများပါတယ်။
- နားလည်လွယ်အောင် နောက်တစ်နည်းပြောပြရရင် သံသယအလွန်များသူဟာ နည်းနည်းလေးလိမ်တာကိုတောင် သတိထားမိနိုင်ပါတယ်၊ ဒါပေမယ့်သေချာတာက ဒီလူဟာ အမှန်တွေကိုပါ လိမ်နေတယ်လို့ မှားယွင်းထင်နေမိမှာ အသေအချာပဲဖြစ်ပါတယ်။
- 100% လိမ်တာကိုသိနေတယ်ဆိုတဲ့သူဟာ အမှန်တွေရဲ့ တော်တော်များများကိုလဲ လိမ်တာလို့ ထင်နေသူပဲဖြစ်ပါလိမ့်မယ် ...
~~~

စိတ်ဆရာဝန်တွေက လိမ်နေမှန်းသိနေလဲ အလိမ်ခံကြရပါတယ်
~~~ ~~~ ~~~

(တစ်သက်လုံးမခွဲဘူးဆိုတာယုံတို့ ... ၊ တစ်ယောက်တည်းပဲတကယ်ချစ်တာပါတို့ ... ကိစ္စတွေမှာ အလိမ်ခံတာကို မဆိုလိုပါဘူးနော် 😅)
- စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ မသိစိတ်ကြောင့် လိမ်လည်ခြင်း ဆိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။
- Factitious Disorder လို့ခေါ်ပါတယ်။
- ဒီအခြေအနေဖြစ်နေတဲ့သူက အကျိုးအမြတ်တစ်ခုခုလိုချင်လို့ လိမ်နေတာမဟုတ်ပါဘူး။
- သူ့ရဲ့မသိစိတ်ထဲမှာရှိနေတဲ့ အဆင်မပြေမှုတစ်ခုခုကြောင့် ခဏခဏလိမ်မိနေတာပါ။
- စိတ်ရောဂါဖြစ်တာကြောင့် စနစ်တကျ ကုသမှုပေးဖို့ လိုအပ်ပါတယ်။
- ဒါကြောင့်မို့ စိတ်ဆရာဝန်တွေက ကိုယ့်ကိုလိမ်နေတယ်ဆိုတာသိနေရင်တောင်မှ Factitious Disorder ဖြစ်နေတာများလားလို့ ဆက်လက်ဖော်ထုတ်ဖို့အတွက် သိသိရက်နဲ့ ဆက်အလိမ်ခံနေရတဲ့အခြေအနေမျိုးရှိနိုင်ပါတယ်။



(photo from google image)

ပျော်ရွှင်မှုတွေ ဘယ်ကလာသလဲ ?~~~နေ့တိုင်း ထမင်းဝဝလင်လင်စားနေရတဲ့သူတစ်ယောက်အတွက်တော့ ထမင်းတစ်နပ်ဟာ ထူးထူးခြားခြားပြင်ဆင်ထာ...
16/03/2026

ပျော်ရွှင်မှုတွေ ဘယ်ကလာသလဲ ?
~~~

နေ့တိုင်း ထမင်းဝဝလင်လင်စားနေရတဲ့သူတစ်ယောက်အတွက်တော့ ထမင်းတစ်နပ်ဟာ ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိရင် ဘာမှထူးခြားဖြစ်စဥ်မဟုတ်တော့ဘူး။
သုံးလေးရက်ထမင်းမစားထားတဲ့သူအတွက်တော့ ဟင်းမပါတဲ့ ထမင်းဆီဆမ်းလေးနဲ့ ငရုတ်သီးကြော်သေးသေးက အလွန်အမင်းပျော်ရွှင်ကျေနပ်မှုကို ပေးကောင်းပေးလိမ့်မယ်။

ပထမဆုံးရတဲ့ အလုပ်သင်လစာလေး ငါးသောင်းက သင့်ကိုအရမ်းပျော်ရွှင်စေခဲ့ဖူးပေမယ့်
အခုလတိုင်းမှန်မှန်ရနေတဲ့ လစာဆယ်သိန်းက မျှော်စရာအနေနဲ့ရှိနေသေးပေမယ့် သိပ်ပျော်စရာတော့မကောင်းတော့ဘူး။

အတန်းထဲမှာ ပထမရတဲ့သူက အစပိုင်းတော့ တော်တော်ပျော်လိမ့်မယ်၊ ခဏခဏ ပထမချည်းရလာတဲ့အခါ ပထမဆိုတဲ့ဂုဏ်ပုဒ်က ပျော်စရာတစ်ခုမဟုတ်တော့ဘဲ မဖြစ်မနေရအောင်လုပ်ရမယ့် အလုပ်တစ်ခုလိုဖြစ်လာလိမ့်မယ်။

*** တကယ်တမ်းတော့ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့အထဲမှာ အစကတည်းကရှိနေပြီးသားအရာပဲလေ။

- အဲ့ဒီပျော်ရွှင်မှုဆိုတဲ့အရာလေး ထွက်ပေါ်လာအောင်၊ ခံစားလို့ရလာအောင် ပါတ်ဝန်းကျင်ကအကြောင်းအရာတွေက လှုံ့ဆော်ပေးနေရုံပဲရှိတာ။

- ပါတ်ဝန်းကျင်ကအရာတွေအပေါ် မူတည်ပြီး ကျွန်တော်တို့တွေရဲ့ပျော်ရွှင်မှုက တိုက်ရိုက်အချိုးကျနေတယ်ဆိုတာ ထင်ယောင်ထင်မှားမှု သပ်သပ်ပဲဖြစ်တယ်။

- ရှည်ရှည်ဝေးဝေးမကြည့်ဘဲ စာမေးပွဲရမှတ်ကိုပဲကြည့်ရင် အမှတ်များလေလေ ပိုပျော်လေလေဖြစ်တယ်ဆိုတာ မဟုတ်ကြောင်းသိသာနေတာပဲ။ ၉၉မှတ်ပဲရတာဆိုပြီး ငိုနေတဲ့သူတွေ၊ အမှတ်၄၀ရတာကို ပျော်နေတဲ့သူတွေ . . .

- ဒါပေမယ့် နေ့စဥ်လူမှုဘဝမှာကျ ပိုက်ဆံများများရှိလေ ပိုပျော်လေ၊ စည်းစိမ်ဥစ္စာများများ ပိုင်ဆိုင်ထားလေ ပိုပျော်ရွှင်နိုင်လေလို့ အလိုလိုမှတ်ယူနေကြတယ်။
ဆင်းရဲတဲ့သူတွေကလဲ ကိုယ့်ထက်ပိုချမ်းသာတဲ့သူက ကိုယ့်ထက်ပိုပျော်နိုင်မယ်ပဲထင်ကြတယ်။
ချမ်းသာတဲ့သူတွေကလဲ ဆင်းရဲတဲ့သူတွေကို ငါတို့လောက်မပျော်နိုင်ကြရှာဘူးလို့ မြင်ကြတယ်။
ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ ခင်ဗျားတို့ထင်နေသလို ပြင်ပမှာလက်ဆုပ်လက်ကိုင်ပြလို့ရနေတဲ့ အရာတွေနဲ့ တိုက်ရိုက်အချိုးကျနေတာဟုတ်ရဲ့လား . . .
~~~

လူတစ်ယောက်နဲ့တစ်ယောက် ပျော်နိုင်စွမ်းတွေက မတူညီကြဘူး၊ ပျော်ပျော်နေတတ်တဲ့သူဟာ ပျော်တာပဲ။

လူတစ်ယောက်ရဲ့ အဆုံးအစွန်ပျော်နိုင်စွမ်းကို ၁၀၀ ရှိတယ်ဆိုကြပါစို့။ သူ့ကို ပြင်ပက ဘယ်လောက်ကောင်းတဲ့အရာကြီးပေးနေပေးနေ သူဟာ သူ့အဆုံးအစွန်ပျော်နိုင်စွမ်း ၁၀၀ထက် ပိုပျော်လို့မှမရတာ။

ပြီးတော့ ကျွန်တော်တို့ရှာဖွေနေတဲ့ ပျော်ရွှင်မှုဖြစ်စေနိုင်တဲ့အရာတွေဟာ ရိုးအီလာတတ်တဲ့သဘောမှာရှိတယ်။
- သင်ဟာပိုက်ဆံမရှိချိန်မှာ ပိုက်ဆံလေး တစ်သောင်းလောက်ရလာရင် ပျော်နေလိမ့်မယ်၊ တဖြည်းဖြည်းနဲ့ ပိုက်ဆံတစ်သောင်းဟာ သင့်အတွက် သိပ်ပျော်စရာမကောင်းတော့ဘူး။ ဒါပေမယ့် ပိုက်ဆံ တစ်သိန်းနှစ်သိန်းကတော့ သင့်ကိုပျော်စေလိမ့်ဦးမယ်၊ ဒီကနေ တဖြည်းဖြည်းနဲ့ ပိုက်ဆံ တစ်သိန်းနှစ်သိန်းကလဲ သင့်ကို မထူးခြားစေတော့တဲ့အခြေအနေရောက်လာမှာပဲ။
- ဒီတော့ သင့်ကသင့်မှာမရှိတဲ့တစ်ခုခုကို ရှာကြည့်လိမ့်မယ်၊ အီစီကလီလုပ်စရာ လက်တွဲဖော်ရှာမှာလား၊ အတူတူကဲကြမယ့် သူငယ်ချင်းမျိုးရှာမလား၊ မခံစားဖူးတဲ့အရသာတွေကိုရှာဖွေမလား။ ပထမဆုံးကြုံဖူးတဲ့အချိန်မှာတော့ သင်ပျော်မှာပါ၊ ပြီးရင်အရင်လိုပျော်စရာမကောင်းတော့တာကြောင့် နောက်ထပ်နောက်ထပ် ဆက်ရှာနေမိဦးမှာပဲ။
- ဒီလို ပိုပိုပြီးပျော်စရာတွေကိုရှာဖွေနေတာက ကိုယ့်ကိုပိုပိုပြီးပျော်ရွှင်လာစေတယ်လို့ ထင်ရင် မှားလိမ့်မယ်။
- ကိုယ်က အရင်လိုမပျော်နိုင်တော့လို့ကို အရင်လိုပျော်နိုင်ဖို့ ပျော်ရွှင်မှုနောက်ကို လိုက်နေရတာမဟုတ်ဘူးလား။
- ပျော်ရွှင်မှုကိုရှာဖွေနေရင်းနဲ့ ကိုယ်ကတော်ရုံတန်ရုံဆို မပျော်တတ်တဲ့သူဖြစ်သွားတာပဲ။
~~~

Dopamine Addiction ...

Post အစကနေ အခုအထိပြောလာတဲ့အကြောင်းအရာတွေကို စာသံပေသံနဲ့ လူအထင်ကြီးအောင် ပြောရရင်တော့ Dopamine addiction ပေါ့။

လူတွေဘာလို့ပျော်သလဲဆိုပြီး ဦးနှောက်ကြီးကိုအမျိုးမျိုးစမ်းသပ်ကြည့်ကြတဲ့အခါ ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ ဓါတ်သဘာဝတွေရှိတယ်ဆိုပြီး၊
- Serotonin(ဆီရိုတိုနင်),
- Oxytocin(အောက်စီတိုစင်),
- Endorphine(အန်ဒေါဖင်း) နဲ့
- Dopamine(ဒိုပါမင်း) တွေပါလို့ဖော်ပြလာကြတယ်။

- Serotonin ဆိုတာနည်းနေရင် မပျော်တတ်တော့ဘူး၊
- Oxytocin ကကျ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်နဲ့ ပိုဆိုင်သွားတယ်၊
- Endorphine ကတော့ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန် ထွက်လာပြီးစိတ်ကြည်စေတဲ့ ဓါတ်သဘာဝတစ်မျိုး၊
- Dopamine ဆိုတာကမှ လူတွေတပ်တပ်မက်မက်လိုချင်ကြတဲ့ ပျော်ရွှင်မှုဆိုတာရဲ့ အဓိကဇာတ်လိုက်​ကျော်ကြီးပေါ့။

ဦးနှောက်ထဲက Nucleus Accumbens (NA လို့ပဲအတိုကောင်မှတ်လိုက်ပါ) ဆိုတဲ့နေရာမှာ ပျော်ရွှင်မှုရဲ့ဇာတ်လိုက်ကျော်ကြီး Dopamine များများရှိလာရင် များများပျော်မယ်၊ နည်းနည်းပဲရှိရင် သိပ်မပျော်တော့ဘူးတဲ့။

Post အစမှာပြောထားတဲ့ ပျော်ရွှင်မှုဆိုတဲ့ နေရာမှာ Dopamine ဆိုတာကို အစားထိုးလိုက်ရင် ဖြစ်စဥ်က အတူတူပဲ။
- အဆုံးသက်ကတော့ ဦးနှောက်ထဲမှာ Dopamine များများထွက်လာစေမယ့်အရာတွေကို ရှာဖွေရင်း ရှာဖွေရင်းနဲ့ ကိုယ့်ဦးနှောက်ကြီးက တော်ရုံတန်ရုံဆို Dopamine သိပ်မထွက်နိုင်တော့ဘူးဖြစ်သွားတာပဲ။

အဲ့လိုအခြေအနေကို Dopamine Addiction လို့ခေါ်လိုက်တာပဲ။ ဦးနှောက်ကြီးက Dopamine စွဲသွားပြီပေါ့။
~~~

မူးယစ်ဆေးစွဲသွားခြင်း
လောင်ကစားစွဲသွားခြင်း
Game စွဲသွားခြင်း
Social media စွဲနေခြင်း
အစားအသောက်ကို စွဲလန်းခုန်မင်ခြင်း (ကော်ဖီ၊ energy drink၊ binge eating habit...)
အလိုရမ္မက်တစ်ခုခုကို စွဲလန်းခြင်း တွေဟာလဲ ဒီ Dopamine addiction နဲ့ ဆက်စပ်နေတယ်။
~~~

Dopamine addiction ဖြစ်နေတာက ဘယ်လိုသိသာသလဲ?
Dopamine = ပျော်ရွှင်မှုလို့ ယေဘုယျချကြည့်လိုက်ရင် Dopamine addiction ဖြစ်တာက ပျော်ရွှင်မှုကို စွဲလန်းလာတာပဲ။
- ပျော်ရွှင်မှုပိုစွဲလန်းလာတယ်ဆိုတာ ပိုပျော်လာတာမဟုတ်ဘူး။
- ပိုပျော်ချင်လာတာ၊ အခုလက်ရှိအခြေအနေကို ပျော်စရာလို့သိပ်မထင်တော့တာ။
- ပျော်ဖို့အတွက်ကိုပဲ ဦးစားပေးလာတာ၊ မပျော်တဲ့အရာတွေကို မလုပ်ချင်တော့ဘူး၊ ပျော်စေတဲ့အရာကိုပဲ လုပ်ချင်တော့တာ။
- တစ်ချိန်ကကိုယ့်ကိုပျော်စေခဲ့တာတွေက အခုပျော်စရာမကောင်းတော့ဘူး၊ အဲ့နောက်မှာ ပျော်စရာကောင်းအောင် ဘာလုပ်ရမလဲပဲ ခေါင်းထဲတွေးနေမိတော့မှာ။
- ပျော်ရွှင်မှုကိုရှာဖွေနေရင်းနဲ့ ကိုယ်ကတော်ရုံတန်ရုံဆို မပျော်တတ်တဲ့သူဖြစ်သွားတယ်။ တနည်းအားဖြင့် ဦးနှောက်ကြီးက Dopamine ပိုလိုချင်နေပေမယ့် တော်ရုံတန်ရုံ Dopamine မထွက်တဲ့သူဖြစ်သွားတာ။
~~~

Dopamine စွဲနေတာကို ဘယ်လိုဖြတ်မလဲ ???

Dopamine detox လုပ်တယ်လို့ခေါ်တယ်။ Dopamine fasting လို့လဲခေါ်တယ်။
မြန်မာမှုပြုရရင်တော့ "ပျော်ရွှင်မှုနဲ့ အဆက်ဖြတ်ခြင်း" ဖြစ်မှာပေါ့

(Dopamine detox / Dopamine fasting ဘယ်လိုလုပ်ရမလဲ ဆိုတာက Google မှာ / Chat GPT မှာ အလွယ်ရှာကြည့်နိုင်တယ်၊ အခု post မှာက ဘာလို့ ဒါတွေလုပ်နေရတာလဲဆိုတဲ့ နောက်ကွယ်က အယူအစကိုပဲ ပြောပြပေးမှာ)

အခုဖြစ်နေတာက ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း မပျော်တတ်တဲ့သူဖြစ်လာတာဆိုတော့ ဒီအခြေအနေကြီးကိုပြောင်းလဲနိုင်ဖို့က တစ်ချိန်ကကိုယ်ပျော်မယ်လို့ယူဆပြီး စွဲစွဲမြဲမြဲလုပ်နေဖူးတဲ့ အမူအကျင့်တွေအားလုံးကို တိခနဲရပ်ပြစ်လိုက်ရမှာ -
Google မှာရှာကြည့်ရင် ဘာတွေကိုရပ်ပါလို့ ပြောထားတာတွေ တွေ့ရလိမ့်မယ်၊ အဲ့အရာတွေက ကိုယ်လုပ်လက်စဖြစ်နေမှ ရပ်ပြစ်ရမှာ၊ အစကတည်းက ကိုယ်ကလုပ်လေ့မရှိဘူးဆိုရင် ဒီအချက်က ကိုယ်နဲ့ မဆိုင်ဘူး။
- ဥပမာ ကော်ဖီဖြတ်ပါလို့ ဆိုထားတယ်ဆိုပါတော့။ သင်က စိတ်ရှုပ်လာတိုင်း အဲ့စိတ်ရှုပ်တာတွေကိုရှင်းထုတ်ဖို့ ကော်ဖီသောက်နေကျသူဆိုရင်တော့ ကော်ဖီဖြတ်လိုက်ခြင်းက သင့်အတွက် ထိရောက်တဲ့ အကျိုးရလဒ်တစ်ခုခုပေးလိမ့်မယ်။ အစကတည်းက ကော်ဖီမကြိုက်တဲ့သူက ကော်ဖီမသောက်တာကို ငါတော့ ဒီအချက်တစ်ချက်လုပ်ထားတယ်လို့ မှတ်ယူလို့မရဘူး။
- ပျော်ချင်လို့ ကစားကွင်းမှာ တစ်နေကုန်တစ်ခုပြီးတစ်ခုဝင်ဆော့ပြီး အချိန်ဖြုန်းနေလေ့ရှိလား၊ အဲ့ဒါဆို သင်ဖြတ်ရမယ့်အထဲမှာ အဲ့အချက်ပါလိမ့်မယ်။
- ပျော်အောင် တစ်ညလုံးမအိပ်ဘဲ ဇာတ်လမ်းတွေထိုင်ကြည့်နေတတ်တဲ့အထဲပါလား၊ ဒါဆို သင်ဖြတ်တောက်ရမယ့်အထဲမှာ ဒါလဲပါတယ်။
- အပျင်းပြေဆိုပြီး social media ကိုအချိန်ပြည့်နီးနီးသုံးနေလား၊ ဒါဆို သင်ဖြတ်ရမှာထဲမှာပါတယ်။
- အချို့တွေရှာလေ့ရှိတဲ့ ပျော်ရွှင်မှုတွေက ဖော်ပြရနည်းနည်းခက်တယ် - ကိုယ့်ကိုကိုယ်ပျော်ရွှင်မှုရှာနေတယ်လို့တောင်မှ မထင်မိတတ်ဘူး (ကျွန်တော်ဆိုရင် ဆန့်ကျင်ဘက်အယူအစတွေကို အလွန်ခုန်ခုန်မင်မင်စွဲလန်းတယ် - ဒဿဂီရိက မင်းသားဖြစ်ပြီး ရာမကဗီလိန်ဆိုတာမျိုး၊ လူအများစုလက်ခံထားတဲ့ အမှန်ဆိုတာကို မှားနေပါတယ်လို့ဖော်ပြချက်မျိုး၊ အမှားကြီးသိသာနေတာကို မရမက အားသာချက်ရှာဖော်ပြတာမျိုး၊ ကမ္ဘာကြီးက အပြားကြီးဆိုတဲ့ theory တွေရှာဖတ်ရတာမျိုးပေါ့) အဲ့လိုအချက်တွေရှိရင်လဲ ရှင်းထုတ်ပြစ်ဖို့လိုတယ်။
- စာဖတ်တိုင်းလဲ ကောင်းတာမဟုတ်ဘူး၊ စာကိုစွဲလန်းပြီးဖတ်နေတဲ့သူတွေရှိတယ်။ (စာဖတ်တာကိုမကောင်းဘူးပြောတာမဟုတ်၊ စွဲလန်းသွားရင် ဘယ်အရာမှအဆင်မပြေဘူးကို ဆိုလိုတာ)
- club သွားတာတွေ၊ blind date လုပ်တာတွေ၊ one night stand တာတွေကလဲ အပျော်ဆိုပြီး သင်လုပ်မိနေတာတွေဖြစ်နေရင် ဖြတ်တောက်ရမှာဖြစ်တယ်။

သင်လိုက်နေတဲ့ အပျော်ဆိုတာတွေအားလုံးကိုရှင်းထုတ်လိုက်ပြီးရင် သင်ကဟာတာတာကြီးဖြစ်သွားလိမ့်မယ်။ ဒီဟာတာတာကြီးနေရာမှာ သင့်တော်တဲ့ ခံစားချက်တွေ ပြန်ဝင်လာအောင် ကြိုးစားရမှာ။

Post အလယ်လောက်မှာဖော်ပြထားတဲ့ Serotonin(ဆီရိုတိုနင်), Oxytocin(အောက်စီတိုစင်), Endorphine(အန်ဒေါဖင်း) ဆိုတာတွေ အမှတ်ပြန်ရကြည့်ပေးပါ။ အခုဖြတ်တောက်လိုက်တာတွေက တပ်တပ်မက်မက်လိုချင်နေတဲ့ Dopamine ကလာတဲ့ အပျော်တွေကိုပဲ ဖြစ်တယ်။ ကျန်တဲ့အရာတွေကလာတဲ့ ခံစားချက်တွေကို အသက်ပြန်သွင်းဖို့လိုတယ်။

Oxytocin ဆိုတာ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်နဲ့သက်ဆိုင်တာဆိုတော့ အဲ့အတွက် ဘာလုပ်လို့ရသလဲ?
- လူတွေနဲ့ ဆက်ဆံတာ၊ စကားပြောတာ၊ အချင်းချင်းကူညီတာ၊ မေတ္တာထားတာတွေက နေစပြီး ခိုင်မာတဲ့ friendship တည်ဆောက်တာ၊ ဘဝလက်တွဲဖော်ရှာဖွေတာတွေအထိပါဝင်တယ်။ ဒါပေမယ့် 🚨 လူဆိုတာ အလွန်ခန့်မှန်းရခက်တဲ့ သတ်ရှိဖြစ်တယ်၊ သင့်ကိုအဆင်ပြေတာပေးနိုင်သလို စိတ်ဒုက္ခတွေလဲပေးနိုင်တယ်။
- လူမှုဆက်ဆံရေးထက်လွယ်ကူတဲ့ သံယောဇဥ်တွေ မေတ္တာတွေကို ဘယ်လိုတည်ဆောက်လို့ရမလဲဆိုတော့ "အပင်စိုက်တာ"နဲ့ "အိမ်မွေးတိရစ္ဆာန်မွေးတာ"ပဲ။ ဒါတွေကနေလဲ bad feeling တွေပေးနိုင်တယ်ဆိုပေမယ့် သူတို့ကလူတွေထက်စာရင် ခန့်မှန်းလို့ရတယ်။

Endorphine က ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန် ထွက်လာပြီးစိတ်ကြည်စေတဲ့ ဓါတ်သဘာဝဖြစ်တာကြောင့် တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုရှိတာလေး တစ်ခုခုလုပ်ပေါ့။
(တစ်နေ့ကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာ ကိုယ်လက်လှုပ်ရှားမှုက ထပ်လုပ်ရဦးမှားလား ဆိုသူတွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နောက်မှထပ်ရေးပေးမယ်)

Serotonin ဆိုတာနည်းနေရင် မပျော်တတ်တော့ဘူးဆိုတော့ serotonin ကိုပုံမှန်ပြန်ဖြစ်အောင်၊ နည်းမသွားအောင် ဘယ်လိုလုပ်ကြမလဲ?
- မှန်မှန်လုပ်နေရတဲ့ တစ်နေ့တာဖြစ်စဥ်တွေက ကိုယ့်ရဲ့ဦးနှောက်ထဲက serotonin ပမာဏကို ချိန်ညှိပေးနေတယ်လို့ဆိုတယ်။
- မနက်ထချိန် အိပ်ယာဝင်ချိန်ကို ပုံမှန်ဖြစ်စေတာ၊
မနက်အစောပိုင် အိပ်ယာထခါစပြုလေ့ရှိတဲ့ အလေ့အကျင့်တွေ၊ ညအိပ်ယာဝင်ခါနီးတိုင်း လုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေ၊
ပုံမှန်စားနေကျအချိန်မှာ အချိန်မှန်မှန်စားဖြစ်စေတာတွေ၊ စားတဲ့အခါ ပုံမှန်စားလေ့ရှိတဲ့ ပမာဏကိုထိန်းစားပေးတာတွေ (ကြိုက်လို့ပိုစားတာ၊ မကြိုက်လို့လျှော့စားတာ၊ မအားလို့ မစားဖြစ်တာမျိုးတွေကို ရှောင်တာပေါ့)
- အလုပ်ဆိုရင်လဲ အချိန်သတ်သတ်မှတ်မှတ်နဲ့ မှန်မှန်လုပ်ဖြစ်တာလေးတွေက သင့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေပါလိမ့်မယ်။
- တချို့တွေက (အများစုတောင်ဖြစ်မလားမသိဘူး) ဒီလိုပုံသေကားချပ်ဘဝကို မကြိုက်ကြပါဘူး။ အပြောင်းအလဲလေးနဲ့ အသစ်အဆန်းလေးတွေကိုပဲ လိုချင်ကြပါတယ်။ ဒီလိုဖြစ်နေတာကိုက Dopamine ကလာတဲ့ အပျော်ကို ​မျှော်လင့်နေတာလေ။
- မှန်မှန်လုပ်နေရတဲ့ နေ့စဥ်အလုပ်တွေက သင့်ကို ပျော်ချင်မှပျော်စေပါလိမ့်မယ်၊ ဒါပေမယ့် စိတ်မညစ်သွားအောင်၊ စိတ်မကျသွားအောင် ထိန်းပေးထားမယ့် အရာတွေပဲဖြစ်ပါတယ်။
~~~

အပျော်တွေကို တစ်သက်လုံးရှောင်နေရမှာလား ? (Dopamine ထွက်စေမယ့် အရာတွေကို အမြဲရှောင်ရမှာလား?)

မဟုတ်ပါဘူး။ အပျော်နောက်ကိုပဲလိုက်မိနေသူအတွက် အပျော်ကလိုက်လေဝေးလေဖြစ်နေတာကြောင့် ပုံမှန်ခံစားမှုတွေပြန်ဖြစ်လာအောင် အပျော်ရှာခြင်းကို ခေတ္တဖြတ်ထားတဲ့သဘောပါ။
သင်ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ပျော်စရာတွေကို သင့်လိုက်ရှာနေစရာမလိုဘဲ သူ့အလိုလို ပြန်ခံစားလို့ရလာမှာပါ။

အချစ်ဟာ လိုက်လို့ပြေးတာလား၊ ပြေးလို့လိုက်တာလားတော့ မပြောတတ်ပေမယ့် ပျော်စရာတွေကတော့ လိုက်လေပြေးလေ၊ ရှာလေဝေးလေပါပဲ။

(((Dopamine Addiction, Dopamine Detox, Dopamine Fasting ဆိုတာတွေက စိတ်ဖြစ်စဥ်တွေကိုနားလည်လွယ်အောင် ရှင်းပြတဲ့ အယူအစပဲဖြစ်ပါတယ်၊ ဦးနှောက်ထဲမှာဖြစ်နေတာတွေကို အတိအကျ လေ့လာသက်သေပြထားချက်တွေ မဟုတ်သေးပါဘူး၊ အခုထိလေ့လာတွေ့ရှိထားချက်တွေက ရိုးရှင်းတဲ့ကောက်ချက်စွဲမှု လုပ်မရနိုင်သေးပါဘူး)))



(Photo from google image)

Time heals all wounds⏰⏰⏰⏰⏰⏰⏰⏰⏰⏰🕰️🕰️🕰️အချိန်တွေက ကုစားသွားမှာပါ🕰️ 'အချိန်တွေက အရာရာကိုကုစားသွားမယ်'ဆိုတဲ့အဆိုကို အရမ်းသဘေ...
14/03/2026

Time heals all wounds
⏰⏰⏰⏰⏰⏰⏰⏰⏰⏰

🕰️🕰️🕰️အချိန်တွေက ကုစားသွားမှာပါ

🕰️ 'အချိန်တွေက အရာရာကိုကုစားသွားမယ်'ဆိုတဲ့အဆိုကို အရမ်းသဘောကျခဲ့ဖူးတယ်။

🕰️ ဒီအဆိုကိုစတင်ရင်းနှီးခဲ့တုန်းက ဥပမာပေးလေးတွေနဲ့ -
- ဘယ်လောက်မာကြောကြမ်းတမ်းတဲ့ ကျောက်တုံးကျောက်ခဲဖြစ်နေပါစေ မြစ်ကြမ်းပြင်မှာရောက်နေတဲ့အချိန် ကြာလာတဲ့အခါ ပြောင်ချောလုံးဝန်းလာရတယ်...
- မိုးတွေရွာလို့ ရေဆိုးတွေဝင်ပြီး ညစ်နွမ်းသွားတဲ့ကန်ရေပြင်ဟာ အချိန်တန်တော့ အနည်ထိုင်ပြီး ကြည်လင်တဲ့ကန်ရေပြန်ဖြစ်ရတာပဲ...
လို့ဆိုတယ်။

🕰️ ဒါပေမယ့်ပေါ့ -
- ပါတ်ဝန်းကျင်မှာမြင်နေရတဲ့အဖြစ်တွေ၊ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့အကြောင်းအရာတွေအရ "အချိန်ကတကယ်ရောကုစားနိုင်ရဲ့လား"ဆိုတာ သံသယဝင်မိလာတယ်။
- အချို့အရာတွေကို ကုစားနိုင်ဖို့ အချိန်ပဲထပ်လိုနေတာလား၊ အချိန်ကိုဆက်စောင့်နေရုံနဲ့ရော ထူးခြားလာပါ့မလားဆိုတာ မသေချာတော့ဘူး။
~~~

⏳⏳⏳ အချိန်ကတကယ်ရော ကုစားနိုင်ရဲ့လား ?

⏳ ကျွန်တော်ဖျားနာနေမကောင်းဖြစ်တဲ့အခါ အဖျားကျဆေး 'ပါရာစီတမော' သောက်ဖြစ်တယ်။ ဆေးသောက်ပြီး နာရီဝက်-၁နာရီနေတဲ့အခါ ချွေးတွေထွက်လာပြီး အဖျားကျသွားလေ့ရှိတယ်။
⏳ ကျွန်တော်အဖျားကျသွားတာ နာရီဝက်-၁နာရီဆိုတဲ့ အချိန်တစ်ခုစောင့်လိုက်လို့ ကျသွားတာမှမဟုတ်တာ။ 'ပါရာစီတမော'ဆိုတဲ့ အဖျားကျဆေးအာနိသင်ကြောင့် အဖျားကျသွားတာလေ။

⏳ ကျောက်တုံးတစ်တုံး မြစ်ကြမ်းပြင်မှာရှိနေရင် လုံးချောလာရခြင်းဟာ စီးနေတဲ့မြစ်ရေကြောင့်သာ အဓိကဖြစ်တယ်။

⏳ ရေဆိုးတွေဝင်လို့ နောက်နေတဲ့ရေကန်က အချိန်တစ်ခုအကြာမှာပြန်ကြည်လာရခြင်းဟာ နောက်ညစ်နေတဲ့ရေဆိုးတွေ ထပ်မဝင်လာတော့ခြင်းကသာ အဓိကလေ။

⏳ ဒီလိုတွေးကြည့်ပြန်တော့ အချိန်တွေက ကျွန်တော်တို့ကို ကုစားပေးသွားတာ၊ ကုစားပေးနိုင်တာ မဟုတ်တော့ဘူးလေ။

⏳ အချိန်တစ်ခုကြာလို့ အဆင်ပြေသွားတယ်ဆိုတဲ့ စိတ်အဆင်မပြေဖြစ်ခြင်းတွေမှာ ကိုယ့်စိတ်ကသာ သူ့ဖာသာပြန်ကုစားသွားတာဖြစ်တယ်။

⏳ အချိန်အကြာကြီးပေးခဲ့ပြီးမှာ ပြေလည်သွားရတဲ့ လူမှုဆက်ဆံရေးပြဿနာတွေမှာ ပါဝင်ပါတ်သတ်နေသူအချင်းချင်းရဲ့ ညှိနှိုင်းနားလည်နိုင်မှုကြောင့်သာ အဓိကဖြစ်မယ်။

⏳ အချိန်ကြာကြာယူခဲ့ရတဲ့ ကြိုးစားအားထုတ်မှုတွေ အောင်မြင်လာတယ်ဆိုတာ မှန်ကန်တဲ့လမ်းကြောင့်ပေါ်ရောက်နေခြင်းကသာ အဓိကအချက်ဖြစ်တယ်။

⏳ ဒီလို အောင်မြင်မှုတွေ၊ အဆင်ပြေ,ပြေလည်သွားမှုတွေမှာ ပေးဆပ်ကုန်ဆုံးလိုက်ရတဲ့အချိန်ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ရှည်မှု၊ ဇွဲရှိမှု၊ သည်းခံနိုင်မှုကိုပြတဲ့ အညွှန်းကိန်းတစ်ခုထက် မပိုပါဘူး။
~~~

⏲️⏲️⏲️ အချိန်က ကုစားပေးမှာမဟုတ်ဘူး။

⏲️ သင်ကအောင်အောင်မြင်မြင်နဲ့ ပိုက်ဆံချမ်းသာချင်သူတစ်ယောက်ဆိုပါတော့
- ငါးပစ်ဂိမ်း၊ Slotဂိမ်းနဲ့ ဂိမ်းပေါင်း၅၀၀ကျော်ကို တစ်နေရာတည်းမှာဆော့လို့ရတယ်ဆိုတဲ့ နည်းတွေသုံးပြီး ပိုက်ဆံရှာနေရင်တော့ မဟုတ်သေးဘူး။
- ဒီနည်းလမ်းမှာ ဘယ်လောက်ပဲ အချိန်တွေရင်းနှီးမြှုပ်နံထားပါစေ ဘာမှဖြစ်လာဖို့မရှိဘူး။
- ဒီအခြေအနေမှာဆိုရင် မှန်ကန်တဲ့ကြိုးစားအားထုတ်မှုက အရေးကြီးတယ်။

⏲️ သင်ကစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးပါချင်သူတစ်ယောက်ဆိုပါတော့
- စာသင်နှစ်တစ်နှစ်လုံးကို တစ်နေ့၃နာရီလောက် ဘုရားစာဆိုပြီး အဓိဋ္ဌာန်ဝင်နေတာထက် အဲ့ကုန်သွားမယ့် ၃နာရီကို စာပိုကျက်လိုက်တာက ပိုလက်တွေ့ကျလိမ့်မယ်။

⏲️ သင်ကကိုယ့်ကိုစိတ်ဒုက္ခပေးနေတဲ့ လူတစ်ယောက်ကိုမေ့နိုင်ဖို့ ကြိုးစားနေတယ်ဆိုပါတော့
- သတိရတိိုင်းအရက်သောက်ရင်း အရက်သမားသာဖြစ်သွားတယ် သောက်တိုင်းသတိရတုန်းပဲဆိုသူတွေရှိတယ်ဆိုတာသတိရပါဦး။
- အချိန်ကြာရင် သူ့အလိုလိုမေ့သွားမယ်ဆိုတာ လူတိုင်းအတွက် မမှန်ပါဘူး။
- စိတ်ဆိုတာသူ့အလိုလိုကုစားသွားနိုင်တယ်ဆိုပေမယ့် လွဲမှားတဲ့ပြုမူမှုတွေလုပ်နေမယ်ဆိုရင် သူအလိုလိုဖြစ်လာမယ့်အရာကိုတောင် မဖြစ်လာအောင် တားမိသလိုဖြစ်နေတတ်တယ်။

⏲️ အဆင်မပြေတဲ့ Toxic Relationship တစ်ခုကို တစ်ချိန်ချိန်မှာတော့ သူငါ့ကိုနားလည်ကောင်းပါရဲ့ဆိုပြီး အချိန်ကိုပဲထိုင်စောင့်နေတော့မှာလား...
⏲️ Abusive family member တစ်ယောက်ကို သူ့ဖာသာပြောင်းလဲလာမယ့်အချိန်ကို သည်းခံစောင့်နေမိပြီလား...
⏲️ Manipulative friendship တစ်ခုမှာ ရုန်းမထွက်နိုင်ဘဲ တစ်ချိန်ကျ အဆင်ပြေလောက်ပါတယ်ဆိုပြီး အချိန်ကိုစောင့်နေမှာလား...
--- ကိုယ်ကတူညီတဲ့တုန့်ပြန်မှုကိုပြုနေသ၍တော့ တူညီတဲ့ရလဒ်ပဲရလာဖို့များပါတယ်!
--- ပြောင်းလဲမှုကိုလိုအပ်တယ်ဆိုရင် ကိုယ့်ဘက်ကမတူညီတဲ့ တုန့်ပြန်မှုတစ်ခုလိုအပ်ပါလိမ့်မယ်။
~~~

⏱️⏱️⏱️ အချိန်တွေကကုစားသွားပါလိမ့်မယ်ဆိုပြီး အချိန်ကိုအားကိုးတော့မယ်ကြံလိုက်တိုင်း
--- ကိုယ်အခုလုပ်နေတာတွေ မှန်ရဲ့လား
--- ကိုယ့်လုပ်ရပ်တွေက လက်တွေ့ရောကျရဲ့လား
--- ကိုယ့်ဘက်က ပြောင်းလဲသင့်တဲ့ပြောင်းလဲမှုတွေ လုပ်ပြီးပြီလား
ဆိုတာပြန်သတိထားဖို့လိုပါမယ်။

Time will not heal wounds...
We need time to heal wounds...



(Photo from Google)

စိတ်ရောဂါတွေ ဘာကြောင့်ဖြစ်တာလဲ ?အချို့စိတ်ရောဂါတွေ ဘာလို့မပျောက်တာလဲ ?~~~ ~~~ ~~~Bio-Psycho-Social Approach~~~ ~~~ ~~~စိ...
12/03/2026

စိတ်ရောဂါတွေ ဘာကြောင့်ဖြစ်တာလဲ ?
အချို့စိတ်ရောဂါတွေ ဘာလို့မပျောက်တာလဲ ?
~~~ ~~~ ~~~
Bio-Psycho-Social Approach
~~~ ~~~ ~~~

စိတ်ရောဂါတွေ ဘာကြောင့်ဖြစ်တာလဲဆိုပြီး အမျိုးမျိုးအဖြေရှာကြတယ်၊ နားလည်ဖို့ကြိုးစားကြတယ်။

နတ်ဆိုးရဲ့ကျိမ်စာကြောင့်ဖြစ်တယ်လို့ ယူဆတဲ့ရှေးခေတ်မှအစ
ပထဝီ၊ တေဇော၊ အာဘော၊ ဝါယော ဓါတ်တွေမညီမျှလို့ - သလိပ်၊ သွေး၊ သဲခြေ အရည်တွေပုံမှန်မဟုတ်လို့လို့ဆိုတဲ့ခေတ်အလယ်
အရာရာဟာဦးနှောက်ထဲမှာပဲဖြစ်နေတာဆိုတဲ့ခေတ်အဆုံး စိတ်ရောဂါတွေ ဘာကြောင့်ဖြစ်လဲဆိုပြီး အမျိုးမျိုးယူဆခဲ့ကြတာတွေရှိတယ်။

အခုလက်ရှိအချိန်အထိ တွေ့ရှိချက်တွေအရ အကောင်းဆုံးလို့ပြောလို့ရတာကတော့ "Bio-Psycho-Social" ဆိုတဲ့ အယူအဆပဲဖြစ်တယ်။

စိတ်ရောဂါတစ်ခုဖြစ်ရတယ်ဆိုတာ
Biologically (ဇီဝကမ္မဖြစ်စဥ်တွေဖောက်ပြန်လို့)
Psychologically (စိတ်မထားတတ်လို့)
Socially (ပါတ်ဝန်းကျင်ရဲ့ပယောဂကြောင့်) ဆိုပြီး အချက်၃ချက်လုံး ပါဝင်ပါတ်သတ်နေတယ်လို့ ယူဆပါတယ်။
~~~

Biologically မှာတော့ စိတ်ရောဂါဖြစ်နိုင်တဲ့ Gene လို့ခေါ်တဲ့မျိုးရိုးဗီဇတွေဟာ မွေးကတည်းက ပါလာခဲ့တယ်၊ အဲ့ဒါတွေကြောင့် အချိန်တန်တော့ စိတ်ရောဂါတွေဖြစ်တယ်လို့ ယူဆတယ်။

စိတ်ရောဂါဖြစ်နေသူရဲ့ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဓါတ်သဘာဝတွေ ပုံမှန်မဟုတ်တာ​ကိုတွေ့ရတယ်။
- ဆီရိုတိုနင် (Serotonin) ဆိုတဲ့ ဓါတ်တစ်မျိုး ဦးနှောက်ထဲမှာ လိုအပ်သလိုမထွက်တဲ့အခါ စိတ်ဓါတ်တွေကျလာတယ်၊ ဒီဓါတ်ကိုပြန်များအောင် ပြုပြင်လိုက်တယ်ဆိုရင် စိတ်ကျတာသက်သာသွားတယ်။
- ဒိုပါမင်း (Dopamine) ဆိုတဲ့ဓါတ်တွေ နားထင်အနီးမှာရှိတဲ့ ဦးနှောက်နေရာမှာ ရှိသင့်တာထက်ပိုများလာတဲ့အခါ အာရုံအမှားတွေရခြင်း၊ တလွဲအထင်တွေဖြစ်လာခြင်း စတဲ့ ဆိုက်ကိုးဆစ် (psychosis) ဆိုတဲ့ စိတ်လက္ခဏာတွေဖြစ်ပေါ်လာတယ်။
- ဒိုပါမင်း (Dopamine) ဆိုတဲ့ဓါတ်တွေ နဖူးအနီးမှာရှိတဲ့ ဦးနှောက်နေရာမှာ နည်းလာတဲ့အခါ ကြိုးစားချင်စိတ်မရှိတော့ဘူး၊ တွေးခေါ်မှုတွေအားနည်းလာတယ်၊ လူတောမတိုးတော့ဘဲသီးခြားနေချင်လာတယ် ဆိုတဲ့ စိတ်တွေဖြစ်လာရတယ်။
~~~

Psychologically အရဆိုရင်တော့ အချို့သူတွေရဲ့ တွေးခေါ်တတ်ပုံ၊ ခံယူချက်နဲ့ ယုံကြည်ချက်တွေဟာ သူ့စိတ်ကိုလိုတာထက်ပိုပြီး ပင်ပန်းစေတယ်၊ ဒါတွေကြောင့်မို့ စိတ်ရောဂါလက္ခဏာတွေ ပေါ်လာတတ်တယ်။

- အရာရာမှာ သူများထက်သာချင်တာ
- သူများဝေဖန်ထောက်ပြမှာကို အလွန်ကြောက်တာ
- အဖြစ်အပျက်တွေကို အဆိုးမြင်ရှုထောင့်ကပဲကြည့်တတ်တာ / အကောင်းမြင်လွန်းအားကြီးနေတာ
- စုန်း၊ နတ်၊ ကဝေ၊ အထက်လမ်း၊ အောက်လမ်းတွေကို အလွန်အမင်းယုံစားတာ
- အရာရာကို ပေါ့ပျက်ပျက်နိုင်လွန်းပြီး အလေးမထားတတ်တာ
အစရှိတဲ့ စိတ်အခံတွေ​ကြောင့် အကြောင်းမတိုက်ဆိုင်တာတွေနဲ့ကြုံလာတဲ့အခါ စိတ်ရောဂါတွေဖြစ်ရတယ်လို့ဆိုတယ်။

ဒီအတွေးတွေဖြစ်လာတာကလဲ သူ့အလိုလိုဖြစ်လာရတာတော့မဟုတ်ဘူး
- ငယ်ဘဝမှာကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ
- မိဘ၊ ဆရာတွေရဲ့ သွန်းသင်မှုတွေ
- ကိုယ်တိုင်ဘဝနဲ့ရင်းပြီးကြုံခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို အခြေခံပြီးဖြစ်လာရတာဖြစ်တယ်။
~~~

Socially ကတော့ Psychological နဲ့ဆက်စပ်တယ်။

အချို့လူနေမှုပုံစံတွေက စိတ်အဆင်မပြေမှုတွေ၊ ဖိအားတွေကို ပိုဖြစ်စေတယ်
- အပြစ်မရှိအပြစ်ရှာပြောတတ်တဲ့ပါတ်ဝန်းမှာနေရတာ
- ကောင်းတာလုပ်ရင် မချိီးကျူးဘဲ မနာလိုစိတ်နဲ့တုန့်ပြန်တတ်သူတွေနဲ့နေရတာ
- အပြိုင်အဆိုင်အလွန်များတဲ့ပါတ်ဝန်းကျင်၊ အဆင့်အတန်းခွဲခြားဆက်ဆံတတ်သူတွေကြားမှာ နေရတာ
- မိဘဘယ်လောက်ဆိုးဆိုး ကျေးဇူးရှင်ပဲ မပြစ်မှားရဘူးလို့ ရိုက်သွင်းထားတဲ့ လူမှုရေးစံနှုန်းတွေကြားမှာ နေရတာ
- မိန်းမကောင်းဆိုရင် ... ၊ ယောက်ျားကောင်းဆိုတာ ... အစရှိတဲ့ ရှေးရိုးစွဲစံနှုန်းတွေဟာ စိတ်ရောဂါဖြစ်ရတဲ့အကြောင်းတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပါတ်သတ်နေတယ်။
~~~

Bio-Psycho-Social ဆိုတဲ့ အယူအဆမှာ တစ်ခုစီသီးသန့်ခွဲထုတ်ယူဆလို့ရတာမဟုတ်ဘဲ တစ်ခုနဲ့တစ်ခုဟာ အပြန်အလှန်ဆက်စပ်နေကြတာဖြစ်တယ်။
- မွေးကတည်းက စိတ်ရောဂါဖြစ်စေနိုင်တဲ့ ဗီဇတွေပါလာခဲ့ပေမယ့် အထောက်အပံ့ပေးတဲ့ ပါတ်ဝန်းကျင်ကောင်းမှာရှင်သန်ရတယ်၊ စိတ်ပိုင်းဆိုင်ရာ ခံယူချက်အလွဲတွေရှိမနေဘူးဆိုရင် စိတ်ရောဂါဖြစ်ချင်မှဖြစ်တယ်။
- ဗီဇမှာ စိတ်ရောဂါဖြစ်စရာအကြောင်း တစ်ခုမှမပါခဲ့ပေမယ့်လဲ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံတွေကြောင့် စိတ်ရောဂါရလာနိုင်တယ်။
- မျိုးရိုးဗီဇပါလာမှသာ ဦးနှောက်ထဲက ဓါတ်သဘာဝတွေက ပြောင်းလဲကုန်တာမဟုတ်ဘဲ ခက်ခဲတဲ့ဘဝအတွေ့အကြုံတွေကလဲ ဦးနှောက်ထဲကဓါတ်တွေကို ပြောင်းလဲစေနိုင်တယ်။
- မူလက ပုံမှန်ဖြစ်နေသူဟာ စိတ်ဖိစီးမှုတွေ၊ စိတ်မထားတတ်မှုတွေများလာတဲ့အခါ သူဦးနှောက်ထဲက ဆီရိုတိုနင် (Serotonin) ဓါတ်တွေ တဖြည်းဖြည်းနည်းလာတာကိုတွေ့ရတယ်။
- ငယ်စဥ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံခဲ့ ရတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ထဲက အာရုံကြောဖွံ့ဖြိုးမှုတွေက သာမန်ကလေးတွေနဲ့မတူတော့ဘူး၊ ဒါကြောင့်ပဲ နောင်မှာ စိုးရိမ်စိတ်လွန်တာနဲ့ စိတ်ကျတာမျိုး ပိုဖြစ်စေနိုင်တယ်။
- လူတစ်ယောက်ရဲ့ တွေးခေါ်ပုံ၊ လက်ခံတတ်ပုံ တွေဟာ သူရဲ့ပါတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို အနည်းနဲ့အများခံရတာပဲ။
- ပါတ်ဝန်းကျင်ရဲ့ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမရှိဆိုတာက ကိုယ့်ရဲ့မွေးရာပါဗီဇရော ကိုယ့်စိတ်ရဲ့ခံနိုင်ရည်အပေါ်ရော မူတည်​နေပြန်တယ်။

ဒီလိုနည်းနဲ့ Bio-Psycho-Social ဆိုတာတွေက အပြန်အလှန်သက်ဆိုင်နေပြီး အကြောင်းမညီညွတ်တဲ့သူမှာ စိတ်ရောဂါရယ်လို့ဖြစ်လာရတော့တယ်။
~~~

စိတ်ရောဂါတွေပျောက်ဖို့ဆိုရင် .....

စိတ်ရောဂါကိုဖြစ်စေတဲ့အကြောင်းက Bio-Psycho-Social ဆိုတဲ့ ၃ချက်ဖြစ်သလို ပျောက်စေတဲ့အကြောင်းကလဲ အဲ့၃ချက်ထဲက လွဲနေတာတွေကို ပြန်လည်တည့်မတ်ခြင်းဖြစ်တယ်။

Biologically နည်းအရပြင်ဖို့ဆိုပြီး မွေးကတည်းကပါလာခဲ့တဲ့ မျိုးရိုးဗီဇကိုအခုမှသွားပြင်လို့တော့မရဘူး။
- သက်ဆိုင်ရာဆေးတွေသောက်ပြီး ဦးနှောက်ထဲမှာ လွဲနေတဲ့ ဓါတ်သဘာဝတွေကို ပြင်လို့တော့ရတယ်။
- ဆီရိုတိုနင် (Serotonin) နည်းခြင်းကြောင့် စိတ်ကျရောဂါဖြစ်တာလို့သိထားတဲ့အတွက် ဆီရိုတိုနင်ကို ပြန်များစေတဲ့ စိတ်ကျရောဂါကုသဆေး (antidepressant) တွေသောက်ပြီး ဦးနှောက်ထဲက ဓါတ်တွေကို ပြန်မှန်အောင် လုပ်လို့ရတယ်။
- ဒိုပါမင်း (Dopamine) များတဲ့အတွက် ဆိုက်ကိုးဆစ် (Psychosis) ဆိုတဲ့စိတ်ရောဂါဖြစ်တာကြောင့် ဒိုပါမင်းကိုနည်းစေတဲ့ စိတ်ဆေးတွေနဲ့ ပြန်ကုသလို့ရတယ်။

တနည်းအားဖြင့်ပြောရရင် စိတ်ဆေးတွေသောက်ပြီး စိတ်ရောဂါကိုကုသတယ်ဆိုတာ Bioligically အရ ကုသခြင်းပဲဖြစ်တယ်။

Psychologically အရကုသခြင်းဆိုတာမှာ စိတ်ကုထုံးတွေကို ဆိုလိုတယ်။
- စိတ်ကိုစိတ်နဲ့ပဲပြန်ကုခြင်းလို့လဲ ခေါ်လို့ရမယ်။
- တိတိကျကျပြောရရင်တော့ ကိုယ့်ရဲ့ တွေးခေါ်တတ်ပုံ၊ ခံယူချက်နဲ့ ယုံကြည်ချက်တွေထဲမှာ ဘာတွေလွဲမှားနေလဲ ဘာလို့အခုလိုလွဲမှားနေရတာလဲ ဆိုတာကို ရှာဖွေပြီး ကြိုးစားပြုပြင်ခြင်းပဲဖြစ်တယ်။

Socially ဆိုတာကတော့ပြင်ရအခက်ဆုံးအပိုင်းလို့ဆိုရလိမ့်မယ်၊ တချို့တွေဆိုရင်ပြင်လို့မရဘူးလို့တောင်ဆိုရလိမ့်မယ်။ လူတွေအားလုံးရဲ့တွေးခေါ်တတ်ပုံ၊ ခံယူချက်တွေ၊ စိတ်ထာတွေကိုပြင်ဖို့ဆိုရင် အချိန်တွေအများကြီးလိုတယ်။ မီဒီယာတွေ၊ သတင်းတွေ၊ သင်ကြားရေးတွေကနေတဆင့်မှာ တဖြည်းဖြည်းချင်းပြောင်းလဲယူရတာဖြစ်တယ်။ တချို့စိတ်ရောဂါတွေအတွက် ကိုယ်လက်ရှိရှိနေတဲ့ ပါတ်ဝန်းကျင်ကနေ လုံးဝရှောင်ထွက်လာနိုင်ဖို့လိုအပ်တယ်။
~~~

အချို့စိတ်ရောဂါတွေ ဘာလို့မပျောက်တာလဲ ?

အခု post ကို အစကနေအခုထိ သေချာနားလည်ခဲ့မယ်ဆိုရင် ဘာလို့မပျောက်တာလဲဆိုတာ မှန်းကြည့်လို့ရပါပြီ ...

Bio
Psycho
Social ဆိုတဲ့ ၃ခုမှာ ပြင်မရတဲ့အပိုင်းပါနေလို့ (သို့) ပြင်ဖို့မလွယ်လို့ပဲဖြစ်ပါတယ်။

ဥပမာ သူငယ်ပြန်ရောဂါ (Dementia) မှာဆိုရင် ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေဟာ အချိန်မတိုင်ခင် ပျက်စီးယိုယွင်းသွားလို့ဖြစ်တာပါ၊ Biologically အရ ဒီယိုယွင်းပျက်ဆီးလာမှုကို တားစီးဖို့ ဆေးဝါးတွေ ကုထုံးတွေ မရှိသေးပါဘူး။ ဒါကြောင့်မို့ သူငယ်ပြန်ရောဂါဆိုတာ Psychologically နဲ့ Socially ကိုပဲအဓိကထားကာ သက်သာအောင်ပဲလုပ်လို့ရပြီး တဖြည်းဖြည်းနဲ့ အဆိုးဘက်ကိုတိုးသွားတဲ့ရောဂါမျိုးဖြစ်နေတာပါ။

စိတ်ရောဂါတွေကို ကုသတဲ့အခါမှာ
- ဆေးပေးကုသခြင်း
- စိတ်ကုထုံးနဲ့ကုသခြင်းဆိုပြီး ၂မျိုးရှိပါတယ်။

စိတ်ဆေးတွေပဲသောက်ခိုင်းပြီး စိတ်ကုထုံးမပေးဘဲ ကုသတာတွေတွေ့ဖူးမှာပါ၊ (စိတ်ဆရာဝန်တွေက ဆေးကိုပဲအားပြုကုသကြပါတယ်) ဒီလိုကုသတဲ့အခါ Bio တစ်ခုတည်းကုနေပြီး Psycho နဲ့ Social ကို ပြစ်ထားသလိုဖြစ်နေပါတယ်။
- ဒါပေမယ့် စိတ်မပူပါနဲ့ လူတစ်ယောက်ရဲ့စိတ်ဆိုတာ သူ့ကိုယ်သူ ကုစားနိုင်စွမ်းရှိပါတယ်၊ ကိုယ့်ဘဝအခြေအနေကိုယ် ကိုယ့်ဖာသာအဖြေရှာနိုင်စွမ်းရှိပါတယ်။
- စိတ်ဆေးတွေပဲသောက်ပြီး ကိုယ့်စိတ်အခြေအနေသက်သာလာတဲ့အခါ ကိုယ့်ရဲ့အတွေးအမှားတွေကို ကိုယ့်ဖာသာသတိထားမိပြီး ပြင်နိုင်သွားပါတယ် (Psychologically)၊ ကိုယ့်ပါတ်ဝန်းကျင်ကဖိအားတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုလဲ သူ့အလိုလို နားလည်သွားတတ်ပါတယ် (Socially)။
- ဒါကြောင့် အချို့လူနာတွေက စိတ်ဆေးပဲသောက်ရုံနဲ့ သက်သာသွားကြပါတယ်။
🚨 လူတိုင်းတော့ စိတ်ဆေးတစ်မျိုးတည်းနဲ့ မသက်သာနိုင်ပါဘူး၊
• စိတ်ဆေးသောက်ရုံနဲ့ မသက်သာဘူး
• စိတ်ဆေးသောက်နေတုန်းတော့သက်သာတယ် ရပ်လိုက်ရင်ပြန်ဖြစ်တယ်၊ ဆေးရပ်လို့မရဘူးဖြစ်နေတယ် ဆိုတာတွေက ကိုယ့်ရဲ့ Psychologically အရ၊ Socially အရ ပြင်စရာတွေကျန်နေလို့လို့ ယူဆရပါတယ်။ စိတ်ကသူ့ဖာသာမပြင်နိုင်တဲ့အခြေအနေဖြစ်နေတဲ့အခါ စိတ်ကုထုံးယူဖို့၊ နေထိုင်မှုပုံစံပြောင်းဖို့ လိုအပ်ပါတယ်။

စိတ်ရောဂါတွေကို ဆေးဝါးမပေးဘဲ စိတ်ကုထုံးတစ်မျိုးတည်းနဲ့လဲ ကုသလို့ရပါတယ်။ (Psychologically ကိုအဓိကထားကုသပြီး Biologically မပါတဲ့ကုသမှု ပုံစံပေါ့)
- စိတ်ကုထုံးတွေကို ကုခန်းစိတ်ပညာရှင်တွေက စနစ်တကျကုသပေးပါတယ်။
- Biologically မပါဘဲ စိတ်ကုထုံးနဲ့ချည်းပျောက်ပါ့မလားလို့ သံသယမဖြစ်ပါနဲ့။ စိတ်ရောဂါတွေကိုကုသဖို့ဆေးဝါးတွေ ပေါ်ပေါက်လာတာ နှစ်၁၀၀မပြည့်သေးပါဘူး၊ ၁၉၅၀နောက်ပိုင်းမှသာ စိတ်ရောဂါတွေအတွက် ကုသဆေးတွေကို လက်ခံအသုံးပြုလာကြတာပါ၊ အဲ့အချိန်မတိုင်ခင်က စိတ်ကုထုံးတွေကိုပဲ အားကိုးခဲ့ရတာပါ။
- စိတ်ကုထုံးကိုပဲ စနစ်တကျယူတဲ့သူတွေမှာလဲ သူတို့ရဲ့ ဦးနှောက်ထဲက အာရုံကြောတွေရဲ့အလုပ်လုပ်ဆောင်မှုတွေ၊ လွဲမှားနေတဲ့ ဓါတုဓါတ်သဘာဝတွေက ကုထုံးအောင်မြင်တာနဲ့အမျှ ပြန်လည်တည့်မတ်လာတာကို တွေ့ရပါတယ်။
- စိတ်ကုထုံးဆိုတာကအမျိုးမျိုးရှိပြီး တိတိကျကျ လိုက်နာကုသဖို့တော့လိုအပ်ပါတယ်
(((စိတ်ကုထုံးအကြောင်းကို အရင် post တစ်ခုမှာ ဖော်ပြဖူးပါတယ်
https://www.facebook.com/102920275610019/posts/174290095139703/ )))
- စိတ်ကုထုံးတစ်မျိုးတည်းနဲ့ သက်သာပျောက်ကင်းမှုမရှိတဲ့အခြေအနေဆိုရင်တော့ စိတ်ရောဂါကုဆေးဝါးရော၊ စိတ်ကုထုံးရော တွဲဖက်ကုသရပါတယ်။

🚨 ဒီနေရာမှာကြုံတုန်းပြောချင်တာက စိတ်ကုထုံးယူတာနဲ့ စိတ်ဆေးသောက်တာနဲ့ယှဥ်တဲ့အခါ စိတ်ကုထုံးယူတာက အချိန်ရော အကုန်အကျရောပိုများပါတယ်။ (စိတ်ဆေးတွေသောက်ရင်အကုန်အကျများမှာစိုးလို့ စိတ်ကုထုံးပဲယူချင်တယ်လို့ အမေးများလို့ပါ)
- စိတ်ကုထုံးရဲ့အားသာချက်ကတော့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားရပါဘူး။

စိတ်ဆေးလဲသောက်နေတယ်၊ စိတ်ကုထုံးလဲတွဲယူနေပေမယ့် ထိရောက်တဲ့တိုးတက်မှုမရှိတဲ့ စိတ်အခြေအနေတွေရှိပါတယ်၊ ဒါတွေရဲ့တရားခံက ပြင်လို့မလွယ်တဲ့ Social effect တွေကြောင့်ပါပဲ။
- တစ်ရုံးလုံးကအရက်သောက်တတ်ပြီး ညနေရုံးဆင်းချိန်ရောက်တိုင်း supervisor ဦးဆောင်ကာ အရက်ဆိုင်သွားနေကျအလုပ်ကနေ အရက်ဖြတ်တော့မယ့်သင်က ထွက်မှကိုရပါလိမ့်မယ်။ အဲ့အလုပ်ကထွက်လို့မရတဲ့အခါ အရက်စွဲရောဂါကြောင့် အရက်ပြန်သောက်မိပါတော့တယ်။
- ဘယ်အရာလုပ်လုပ် အပြစ်မရှိအပြစ်ရှာပြော၊ ကိုယ့်အားသာချက်ရှိရင် မနာလိုဖြစ်၊ ချီးကျူးစရာရှိရင် မသိချင်ယောက်ဆောင်၊ အပြစ်လုပ်မိရင် ရစရာမရှိအောင်နှိမ်တတ်တဲ့ မိသားစုဆွေမျိုးတွေကြားမှာ ကြီးပြင်းရတဲ့သူဆိုရင် သူ့မှာဖြစ်နေတဲ့ စိတ်ရောဂါဟာ တော်ရုံတန်ရုံ မပျောက်နိုင်ပါဘူး။
- စစ်မက်ဖြစ်ပွားနေတဲ့နေရာမှာ ပြေးလွှားနေထိုင်နေရသူဟာ ထိန်လန့်စရာတွေကြုံရများလာတော့ စိုးရိမ်စိတ်လွန်ရောဂါ၊ စိတ်ဒဏ်ရာရသောရောဂါတွေရလာတတ်ပါတယ်၊ ဒီရောဂါတွေသက်သာဖို့ဆိုတာ အန္တရာယ်ရှိတဲ့အရပ်ဒေသကနေ အရင်ရှောင်ထွက်နိုင်မှရမှာပါ။

လူတွေမှာ ဒါကြောင့်ကိုယ့်ကိုစိတ်ဒုက္ခဖြစ်စေမှန်းသိပေမယ့် မစွန့်လွှတ်နိုင်၊ ရှောင်ထွက်မရနိုင်တဲ့အခြေအနေတွေရှိပါတယ်၊ ဒီအခါမျိုးမှာ စိတ်ဆေးတွေ စိတ်ကုထုံးတွေဟာ ကူညီယုံပဲတတ်နိုင်ပြီး ပျောက်ကင်းအောင် မစွမ်းနိုင်တော့ပါဘူး။



(Photo from Google Image)

Address

51st
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when Care by Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share