21/01/2026
မိမိ၏စိတ်အတွင်း ဖြစ်ပေါ်နေသော အညစ်အကြေးများအား ခွာချစေသော ၊ ခြစ်ထုတ်စေသော ၊ သန့်ရှင်းစေသော တရားတော်မှာ
သလ္လေခသုတ်ဖြစ်ပါတယ် ၊ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟောကြားတော်မူထားခဲ့တာကို Z& T အစာအိမ် အူလမ်းကြောင်း အထူးကုဆေးရုံ၏ နံရံမှာ ကပ်ထားပါတယ် ၊ ဆရာတော်ဘုရားကိုယ်တိုင် ကြွရောက်ပြီး တရားဟောချီးမြှင့်စဥ် ဆရာတော်ကြီးအား ပြသခဲ့ပါတယ် ၊ ယခု အရှင် ညဏဝရ ( ပါရမီ ) မှ ပြန်လည်ရေးသားဖော်ပြထားတာလေးတွေ့လို့ ခွင့်တောင်းပြီး ချစ်မိတ်ဆွေများထံ ထပ်ဆင့်မျှဝေပေးလိုက်ရပါသည် ၊ လိုက်နာကျင့်သုံးကြပါစို့လား 🙏🙏🙏
ပျော်ရွှင်အောင်မြင်တဲ့ဘဝကို တည်ဆောက်ဖို့ Skill တွေထက် ပိုအရေးကြီးတဲ့ အရည်အသွေး (၄၄) ချက် 🌟
ဒါကို "Mindset Detox" (စိတ်ဓာတ်သန့်စင်ခြင်း), "Spiritual development Guide" (သို့မဟုတ်) Spiritual Manifestation လို့ သဘောထားပြီး ဖတ်ကြည့်နိုင်ပါတယ်။
လူငယ်တစ်ယောက်အနေနဲ့
ဘဝမှာ အောင်မြင်ချင်လို့ နည်းပညာတွေ၊ ဘာသာစကားတွေနဲ့ Skill တွေ အများကြီးကို ဦးဇင်းတို့ လေ့လာကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ဘဝခရီးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ဆိုတာ "စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား" အခြေခံကောင်းမှ ဖြစ်တာပါ။
#သလ္လေခသုတ်ဟာ မဇ္ဈိမနိကာယ်မှာ ပါရှိပြီး မြတ်စွာဘုရားရှင်က ရှင်မဟာစုန္ဒကို ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်၊
🙏ပါချုပ်ဆရာတော်ကြီး ရဲ့ "သလ္လေခသုတ် အနှစ်ချုပ်" စာအုပ်ပါ လမ်းညွှန်ချက်တွေဟာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲချင်တဲ့ လူငယ်တွေအတွက် အလွန်တန်ဖိုးရှိတဲ့ "စိတ်ဓာတ်အဆင့်မြှင့်တင်ရေး" လမ်းပြမြေပုံတွေပဲ ဖြစ်ပါတယ်။ ဒါကို အခြေခံပြီး ဦးဇင်းက ပြန်ရေးပေးထားတာပါ။
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဘာတွေ "လုပ်သလဲ" ဆိုတာနဲ့ တိုင်းတာသလို၊ သူဘာတွေကို "မလုပ်ဘူးလဲ" ဆိုတာနဲ့လည်း တိုင်းတာပါတယ်။ "သလ္လေခ" ဆိုတာ "ခြစ်ထုတ်ခြင်း/ ခွာချခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်စိတ်ထဲမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ မကောင်းတဲ့ အကျင့်စရိုက်တွေကို ခြစ်ထုတ်ပြီး လူသစ်စိတ်သစ် မွေးမြူခြင်း (Mindset Detox) လုပ်တာပါ။ ကိုယ့်စိတ်ထဲက အညစ်အကြေးတွေကို ခြစ်ထုတ်ပြီး အရည်အချင်းကောင်းတွေကို အစားထိုး တည်ဆောက်တဲ့ နည်းလမ်းဟာ သလ္လေခသုတ်လာ ဘဝနေနည်း အနုပညာပါပဲ။
ဒီအချက် (၄၄) ချက်ကို နေ့စဉ် ရွတ်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကတိပေး (Affirmation) လုပ်မယ်ဆိုရင် စိတ်ဓာတ်ခွန်အားတွေ တက်ကြွလာပြီး သူတော်ကောင်း စိတ်ဓာတ်တွေ ကိန်းဝပ်လာပါလိမ့်မယ်။
ဒီနေ့ကစပြီး ပိုကောင်းတဲ့ Version တစ်ခုဖြစ်လာဖို့ ဦးဇင်းတို့ အတူတူ အဓိဋ္ဌာန်ပြုကြရအောင်။
✨ ကိုယ့်ဘဝကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် သလ္လေခသုတ်လာ အဓိဋ္ဌာန်စကား (၄၄) ပါး 📜
Checklist 44 🌷🌷
၁။ ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်စေရ။
✅ သနားကြင်နာတတ်သူ ဖြစ်ရမည်။
၂။ ငါသည် သူများအသက် သတ်ဖြတ်သူ မဖြစ်စေရ။
✅ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
၃။ ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။
✅ ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
၄။ ငါသည် မမြတ်သောအကျင့်ကို ကျင့်သူ မဖြစ်စေရ။
✅ မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်ရမည်။
၅။ ငါသည် လိမ်ပြောတတ်သူ မဖြစ်စေရ။
✅ အမှန်အတိုင်း ပြောတတ်သူသာ ဖြစ်ရမည်။
၆။ ငါသည် ကုန်းတိုက်စကား ပြောတတ်သူ မဖြစ်စေရ။
✅ ညီညွတ်အောင် ပြောဆိုသူသာ ဖြစ်ရမည်။
၇။ ငါသည် ရိုင်းပျသောစကား ပြောတတ်သူ မဖြစ်စေရ။
✅ ယဉ်ကျေးစွာ ပြောတတ်သူသာ ဖြစ်ရမည်။
၈။ ငါသည် အကျိုးမရှိသောစကားမျိုး ပြောတတ်သူ မဖြစ်စေရ။
✅ အကျိုးရှိသောစကားကိုသာ ပြောဆိုသူ ဖြစ်ရမည်။
၉။ ငါသည် သူတစ်ပါးပစ္စည်းကို လိုချင်စိတ်ရှိသူ မဖြစ်စေရ။
✅ သူတစ်ပါးပစ္စည်း မလိုချင်သူ (ရောင့်ရဲသူ)သာ ဖြစ်ရမည်။
၁၀။ ငါသည် သူတစ်ပါးပျက်စီးအောင် လုပ်ချင်သူ မဖြစ်စေရ။
✅ သူတစ်ပါးအပေါ် မေတ္တာထားသူသာ ဖြစ်ရမည်။
၁၁။ ငါသည် မှားယွင်းသောအယူဝါဒရှိသူ မဖြစ်စေရ။
✅ မှန်ကန်သောအယူဝါဒရှိသူသာ ဖြစ်ရမည်။
၁၂။ ငါသည် မှားယွင်းသောစိတ်ကူးရှိသူ မဖြစ်စေရ။
✅ မှန်ကန်သော စိတ်ကူးရှိသူသာ ဖြစ်ရမည်။
၁၃။ ငါသည် စကားအရာ မှားယွင်းသူ မဖြစ်စေရ။
✅ စကားအရာ မှန်ကန်သူသာ ဖြစ်ရမည်။
၁၄။ ငါသည် ပြုလုပ်သည့်အရာ မှားယွင်းသူ မဖြစ်စေရ။
✅ ပြုလုပ်သည့်အရာ မှန်ကန်သူသာ ဖြစ်ရမည်။
၁၅။ ငါသည် အသက်မွေးဝမ်းကျောင်းအရာ မှားယွင်းသူ မဖြစ်စေရ။
✅ သမာအာဇီဝကျကျ အသက်မွေးသူသာ ဖြစ်ရမည်။
၁၆။ ငါသည် မှားယွင်းသောအားထုတ်မှုရှိသူ မဖြစ်စေရ။
✅ မှန်ကန်သော အားထုတ်မှုရှိသူသာ ဖြစ်ရမည်။
၁၇။ ငါသည် အကုသိုလ်မှု၌ သတိရသူ မဖြစ်စေရ။
✅ ကုသိုလ်မှု၌ သတိရသူသာ ဖြစ်ရမည်။
၁၈။ ငါသည် အကုသိုလ်၌ စိတ်စိုက်သူ မဖြစ်စေရ။
✅ ကုသိုလ်၌ စိတ်စိုက်သူသာ ဖြစ်ရမည်။
၁၉။ ငါသည် ဉာဏ်နီဉာဏ်နက်များသူ မဖြစ်စေရ။
✅ မှန်ကန်သော ဉာဏ်အမြင်ရှိသူသာ ဖြစ်ရမည်။
၂၀။ ငါသည် အတုအယောင် လွတ်မြောက်သူ မဖြစ်စေရ။
✅ အစစ်အမှန် လွတ်မြောက်သူသာ ဖြစ်ရမည်။
၂၁။ ငါသည် ပျင်းရိထိုင်းမှိုင်းသူ မဖြစ်စေရ။
✅ တက်ကြွလန်းဆန်းသူသာ ဖြစ်ရမည်။
၂၂။ ငါသည် စိတ်ပျံ့လွင့်နေသူ မဖြစ်စေရ။
✅ စိတ်တည်ငြိမ်သူသာ ဖြစ်ရမည်။
၂၃။ ငါသည် ချီတုံချတုံ မပြတ်သားသူ မဖြစ်စေရ။
✅ ဆုံးဖြတ်ချက် ပြတ်သားသူသာ ဖြစ်ရမည်။
၂၄။ ငါသည် စိတ်တိုတတ်သူ မဖြစ်စေရ။
✅ စိတ်ရှည်သည်းခံသူ ဖြစ်ရမည်။
၂၅။ ငါသည် ရန်ငြိုးထားတတ်သူ မဖြစ်စေရ။
✅ စွန့်လွှတ်ခွင့်လွှတ်တတ်သူသာ ဖြစ်ရမည်။
၂၆။ ငါသည် ကျေးဇူးကန်းတတ်သူ မဖြစ်စေရ။
✅ ကျေးဇူးသိတတ်သူသာ ဖြစ်ရမည်။
၂၇။ ငါသည် သူတစ်ပါး၏အရည်အချင်းကို အသိအမှတ်မပြုသူ မဖြစ်စေရ။
✅ အသိအမှတ်ပြုတတ်သူသာ ဖြစ်ရမည်။
၂၈။ ငါသည် သူတစ်ပါး၏အောင်မြင်မှုကို မနာလိုသူ မဖြစ်စေရ။
✅ ဝမ်းသာနိုင်သူ (မုဒိတာပွားသူ)သာ ဖြစ်ရမည်။
၂၉။ ငါသည် ကိုယ့်ဖို့သာကြည့်တတ်သူ တစ်ဖို့သမား မဖြစ်စေရ။
✅ သူတစ်ပါး၏အဖို့ကိုလည်း နားလည်သူ ဖြစ်ရမည်။
၃၀။ ငါသည် သူတော်ကောင်းယောင်ဆောင်သူ မဖြစ်စေရ။
✅ ရိုးသားဖြောင့်မတ်သူသာ ဖြစ်ရမည်။
၃၁။ ငါသည် လှည့်စားတတ်သူ မဖြစ်စေရ။
✅ ရိုးသားဖြောင့်မတ်သူသာ ဖြစ်ရမည်။
၃၂။ ငါသည် ခက်ထန်မာကျော သဘောထားတင်းမာသူ မဖြစ်စေရ။
✅ သဘောထား ပျော့ပျောင်းသူသာ ဖြစ်ရမည်။
၃၃။ ငါသည် ဘဝင်မြင့်သူ မဖြစ်စေရ။
✅ ဆက်ဆံရေး ပြေပြစ်သူ (နှိမ့်ချသူ)သာ ဖြစ်ရမည်။
၃၄။ ငါသည် ပြောရဆိုရ ခက်ခဲသူ မဖြစ်စေရ။
✅ ပြောရဆိုရ လွယ်ကူသူသာ ဖြစ်ရမည်။
၃၅။ ငါသည် မကောင်းသောအပေါင်းအသင်းရှိသူ မဖြစ်စေရ။
✅ မိတ်ကောင်းဆွေကောင်း ပေါင်းတတ်သူသာ ဖြစ်ရမည်။
၃၆။ ငါသည် ယစ်မူးမေ့လျော့သူ မဖြစ်စေရ။
✅ ကောင်းမှုရေးရာ သတိရှိသူသာ ဖြစ်ရမည်။
၃၇။ ငါသည် ကောင်းမှုအရာ ယုံကြည်မှုကင်းမဲ့သူ မဖြစ်စေရ။
✅ ယုံကြည်သူ စိတ်ဝင်စားသူသာ ဖြစ်ရမည်။
၃၈။ ငါသည် မကောင်းမှုဒုစရိုက်အရာ အရှက်မရှိသူ မဖြစ်စေရ။
✅ မကောင်းမှုဒုစရိုက် ရှက်တတ်သူသာ ဖြစ်ရမည်။
၃၉။ ငါသည် မကောင်းမှုကို မကြောက်သူ မဖြစ်စေရ။
✅ မဟုတ်တာလုပ်ရမှာ ကြောက်တတ်သူသာ ဖြစ်ရမည်။
၄၀။ ငါသည် အကြားအမြင်သုတကင်းမဲ့သူ မဖြစ်စေရ။
✅ အကြားအမြင်သုတများသူသာ ဖြစ်ရမည်။
၄၁။ ငါသည် ပျင်းရိသူ မဖြစ်စေရ။
✅ ထကြွလုံ့လ ဝီရိယရှိသောသူသာ ဖြစ်ရမည်။
၄၂။ ငါသည် သတိကင်းမဲ့သူ မဖြစ်စေရ။
✅ အစဉ်သတိရှိသူသာ ဖြစ်ရမည်။
၄၃။ ငါသည် ပညာကင်းမဲ့သူ မဖြစ်စေရ။
✅ အသိပညာ ကြွယ်ဝသူသာ ဖြစ်ရမည်။
၄၄။ ငါသည် မမှန်ကန်သည့် ကိုယ်ပိုင်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသူ မဖြစ်စေရ။
✅ အမှားကို ဆုပ်ကိုင်မထားသူ၊ စွန့်လွှတ်ရန်လွယ်ကူသူသာ ဖြစ်ရမည်။
အမှတ် (၄၄) ဖြစ်တဲ့ "အယူမှားကို ဆုပ်ကိုင်မထားဘဲ စွန့်လွှတ်နိုင်ခြင်း"ဟာ ဝိပဿနာဉာဏ်နှင့် နိဗ္ဗာန်ရောက်ကြောင်းအတွက် အလွန်အရေးကြီးတဲ့ နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ ရိုးရိုးကိုယ်ကျင့်တရား နဲ့ သမာဓိအဆင့်တင်မကဘဲ၊ မိမိရဲ့ အမြင်၊ မိမိရဲ့ အစွဲတွေကိုပါ စွန့်လွှတ်နိုင်တဲ့ ဝိပဿနာဉာဏ် အဆင့်ထိ ရည်ညွှန်းထားတာဖြစ်ပါတယ်။ 🍀🌷🍀
အဓိဋ္ဌာန်ပြုချက်လေးတွေကို နေ့တိုင်းနှလုံးသွင်းပြီး သူတော်ကောင်းစိတ်ဓာတ်တွေ ကိန်းဝပ်နိုင်ကြပါစေ။ 🙏
🪷🪷🪷🪷
Modern Manifestation က အများအားဖြင့် "ရုပ်ဝတ္ထု ရယူပိုင်ဆိုင်ခြင်း" (To Have - ဥပမာ- ကား၊ တိုက်၊ ငွေ) ကို ဦးတည်လေ့ရှိပါတယ်။
Buddhist Affirmation (သလ္လေခသုတ်) ကတော့ "နာမ်ပိုင်းဆိုင်ရာ မြင့်မြတ်သောဓာတ်များ ဖြစ်တည်ခြင်း" (To Be - ဥပမာ- ရိုးသားသူ၊ စိတ်ထားပြည့်ဝသူ) ကို ဦးတည်ပါတယ်။
နိဂုံးချုပ်ရရင် -
ဒီ (၄၄) ချက်ကို ရွတ်ဖတ်နှလုံးသွင်းခြင်းဟာ "Spiritual Affirmation" လုပ်နေတာဖြစ်ပြီး ကိုယ့်ဘဝကို အဆင့်အတန်းမြင့်မားတဲ့ သူတော်ကောင်းဘဝရောက်အောင် "Manifest" လုပ်ယူနေခြင်းပဲ ဖြစ်ပါတယ်။
သလ္လေခသုတ်ရဲ့ အနှစ်သာရမှာ "သူတစ်ပါးတို့သည် မကောင်းမှုကို ပြုချင်ပြုကြပါစေ၊ ငါတို့သည် မကောင်းမှုမှ ရှောင်ကြဉ်မည်" ဟူသော စိတ်ပိုင်းဖြတ်ချက် (Citta Uppada) ဖြင့် မိမိကိုယ်ကို ဖြူစင်အောင် ကျင့်ကြံခြင်းဖြစ်ပါတယ်။
🍀နံနက်ခင်း ဖတ်ရှုခြင်း: တစ်နေ့တာ အလုပ်မစမီ ဤအချက်တွေကို ဖတ်ရှုပြီး မိမိအတွက် အလိုအပ်ဆုံးလို့ ထင်ရသော အချက် (၁) ချက်ကို ထုတ်ယူပြီး ထိုနေ့အတွက် အထူးသတိထား ကျင့်သုံးပါ။
🪷မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း: ညအိပ်ရာမဝင်မီ ဤစာရင်းကိုကြည့်ပြီး ယနေ့ မည်သည့်အချက်တွေကို လိုက်နာနိုင်ခဲ့သလဲ၊ မည်သည့်အချက်တွေ လိုအပ်နေသလဲဆိုသည်ကို ဆင်ခြင်ပါ။
🥰အထူးအရေးကြီးဆုံးက မေတ္တာနှင့် တွဲဖက်ပွားများခြင်းပါပဲ။ မိမိကိုယ်တိုင်သာမက အခြားသူများလည်း ဤကဲ့သို့ စိတ်ထားကောင်းများ ရှိပါစေ
ဆိုတဲ့ စိတ်လေးနဲ့ ရွတ်ဖတ်ပါ။ ဒါဆို ကိုယ်ချင်းစာစိတ်ရော မေတ္တာစိတ်ရော မုဒိတာတရားပါ ပွားများပြီးသားဖြစ်သွားပါတယ်။
🪷🪷🪷
ဦးဇင်း အကြံပြုချင်တာက
ဒီအချက် (၄၄) ချက်ဟာ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်ဖို့ အကောင်းဆုံး Checklist တွေပါပဲ။ ဖုန်းထဲမှာ Save ထားပြီး တစ်ပတ်ကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ် သေချာလိုက်နာကြည့်မယ်ဆိုရင် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။
ဒီအချက် ၄၄ ချက်ကို ဖတ်ကြည့်ပြီးရင် ကိုယ့်အတွက် အလိုအပ်ဆုံးလို့ ထင်တဲ့ အချက်လေးတွေက ဘာလဲ။ တွေးကြည့် ရေးကြည့် စစ်ဆေးကြည့်ပါ။ တစ်နေ့တစ်ချက်ပဲ ပြင်နိုင်ရင်တောင် (၆)လအတွင်းမှာ ကိုယ့်ကိုယ်ကို မယုံနိုင်လောက်အောင် ပြောင်းလဲသွားမှာပါ။
မေတ္တာဖြင့် - မေတ္တာခံယူလျက်
#အရှင်ဉာဏဝရ(ပါရမီ)
"ကုသိုလ်လုပ်ချင်စိတ် ဖြစ်ရင်ကိုပဲ အကျိုးများလှပါပြီ။
တကယ်လက်တွေ့လုပ်မယ်ဆိုရင် ဘာပြောစရာ လိုပါ့မလဲ။"
(အတိုင်းထက်အလွန် ပေါ့)
(မြတ်ဗုဒ္ဓ - သလ္လေခသုတ်)
🌷🌷🌷
မဟာသမယသုတ်လာ ဘဝသင်ခန်းစာ
https://www.facebook.com/share/17f8f6Hf9P/