21/07/2025
ကိုလက်စထရောကျစေသော စတက်တင်ဆေးများ (Statins) သည် ခန္ဓာကိုယ်မှ ကိုလက်စထရောထုတ်လုပ်ရန် လိုအပ်သော အင်ဇိုင်းတစ်မျိုးဖြစ်သည့် (HMG-CoA reductase) ကို ပိတ်ဆို့ခြင်းဖြင့် သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်သော ဆေးများဖြစ်သည်။ သို့သော် စတက်တင်ဆေးများသောက်ခြင်းသည် ကိုလက်စထရောကို လျှော့ချပေးခြင်းသာမက နှလုံးရောဂါနှင့် လေဖြတ်ရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် စတက်တင်ဆေးများသည် အချို့သွေးခဲခြင်းများကို လျှော့ချရာတွင်လည်း ကူညီပေးနိုင်သည်။
စတက်တင်ဆေးအမျိုးအစားများစွာရှိသည်။ ၎င်းတို့မှာ _
Atorvastatin (Lipitor)
Fluvastatin (Lescol XL)
Lovastatin (Altoprev)
Pitavastatin (Livalo)
Pravastatin
Rosuvastatin (Crestor)
Simvastatin (Zocor) တို့ဖြစ်သည်။
သုံးစွဲပုံနည်းလမ်းများ
စတက်တင်ဆေးများကို ဆေးပြားများ (သို့မဟုတ်) ဆေးလုံးများအနေဖြင့် ထုတ်ပြီး တစ်နေ့ တစ်ကြိမ် အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ နေ့စဉ် (သို့မဟုတ်) ညစဥ် အချိန်မှန်မှန်သောက်ရသော ဆေးဖြစ်သည်။ တစ်ခါတစ်ရံ စတက်တင်ဆေးကို သွေးကျဆေး၊ အခြားအဆီကျဆေးများနှင့် ပေါင်းစပ်အသုံးပြုသည်။ ဥပမာအားဖြင့် Atorvastatin-amlodipine (Caduet) နှင့် Ezetimibe-simvastatin (Vytorin) စသည်တို့ဖြစ်သည်။
သောက်သုံးရန်လိုအပ်သော အခြေအနေများ
စတက်တင်ဆေးကို ကိုလက်စထရောပမာဏသာမက နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ရောဂါဖြစ်နိုင်ခြေစသော အခြားအချက်အလက်များပေါ် မူတည်၍ သက်ဆိုင်ရာဆရာဝန်မှ ဆေးညွှန်းပေးမည်ဖြစ်သည်။
ကိုယ်ခန္ဓာအတွင်းရှိ ကိုလက်စထရောအမျိုးအစားပမာဏများမှာ အောက်ပါအတိုင်းဖြစ်သည်။
စုစုပေါင်း ကိုလက်စထရော (Total cholesterol)
ပုံမှန်အားဖြင့် စုစုပေါင်း ကိုလက်စထရောကို ၂၀၀ mg/dL (သို့မဟုတ်) ၅.၂ mmol/L အောက် လျော့နည်းအောင် ထားရသည်။
LDL cholesterol
သွေးကြောအဆီပိတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ရောဂါတို့ကို အဓိကဖြစ်စေသည့် “မကောင်းသော” ကိုလက်စထရောဖြစ်သည်။ ၎င်းကိုလက်စထရောကို ၁၀၀ mg/dL (သို့မဟုတ်) ၂.၆ mmol/L အောက် လျော့နည်းအောင် ထားရန်လိုအပ်သည်။ ယခင်က နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ရောဂါဖြစ်ခဲ့ဖူးပါက ၇၀ mg/dL (သို့မဟုတ်) ၁.၈ mmol/L အောက်အထိ နည်းအောင်ထားရန် လိုအပ်သည်။
အကယ်၍ နောင်တစ်ချိန် နှလုံးသွေးကြောပိတ်ခြင်း (သို့မဟုတ်) လေဖြတ်နိုင်ခြေအန္တရာယ် အလွန်နည်းပါက စတက်တင် (Statin) ဆေး သောက်သုံးရန် မလိုအပ်ပါ။ သို့သော် ယခင်က နှလုံးသွေးကြောပိတ်ဖူးပါက ကိုလက်စထရောမများသော်လည်း စတက်တင်ဆေး သောက်ထားခြင်းသည် သွေးကြောထပ်မပိတ်စေရန် ကာကွယ်ပေးနိုင်သည်။
ကိုလက်စထရောအပြင် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေအတွက် အခြားအန္တရာယ်များမှာ _
ဆေးလိပ်သောက်ခြင်း
ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခြင်း
သွေးတိုးခြင်း
ဆီးချိုရောဂါရှိခြင်း
ကိုယ်အလေးချိန် များလွန်းခြင်း သို့မဟုတ် အဝလွန်ခြင်း
လည်ပင်း၊ လက် (သို့မဟုတ်) ခြေထောက်ရှိ သွေးကြောများ ကျဉ်းခြင်း
အထူးသဖြင့် မိသားစုထဲ၌ အမျိုးသားဆွေမျိုးများတွင် အသက် (၅၅) နှစ်မတိုင်မီ သို့မဟုတ် အမျိုးသမီးဆွေမျိုးများတွင် အသက် (၆၅) နှစ်မတိုင်မီ နှလုံးရောဂါရှိဖူးခြင်း
အသက်အရွယ်ကြီးရင့်ခြင်း စသည်တို့ဖြစ်သည်။
လူတစ်ဦးတွင် နောင်တစ်ချိန် နှလုံးရောဂါဖြစ်ပွါးနိုင်ခြေကို ပိုမိုသိရှိရန်နှင့် စတက်တင်ဆေးပေးရန် သင့်တော်မှု ရှိမရှိ ဆုံးဖြတ်ရန် ခန့်မှန်းတွက်ချက်မှုဖော်မြူလာ (သို့မဟုတ်) ဂဏန်းတွက်စက်ကို အွန်လိုင်းမှတစ်ဆင့် တွက်ချက်အသုံးပြုနိုင်သည်။ ထိုသို့တွက်ချက်ခြင်းဖြင့် နောင်လာမည့် (၁၀)နှစ် မှ (၃၀)နှစ်အတွင်း နှလုံးထိခိုက်နိုင်ခြေကို ခန့်မှန်းရာတွင် ကူညီပေးနိုင်သည်။ ထိုဖော်မြူလာများတွင် ကိုလက်စထရောပမာဏ၊ အသက်၊ လူမျိုး၊ ကျား မ၊ ဆေးလိပ်သောက်သည့် အလေ့အထနှင့် အခံရောဂါအခြေအနေများကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။
စတက်တင်ဆေး သောက်ရမည့် ကိုလက်စထရောဆိုင်ရာ လမ်းညွှန်ချက်များ
နှလုံးရောဂါရှိသူတိုင်း စတက်တင်ဆေးကို အသုံးပြုရန် မလိုအပ်ပါ။ U.S. Preventive Services Task Force၊ American College of Cardiology နှင့် American Heart Association အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များအရ အောက်ပါ လူအမျိုးအစားလေးမျိုးသည် စတက်တင်သောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေရှိသောအချက်တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ရှိနေပြီး နောက် (၁၀) နှစ်အတွင်း နှလုံးသွေးကြောပိတ်နိုင်ခြေ မြင့်မားသူများ
ဤအုပ်စုတွင် ဆီးချိုရောဂါ၊ ကိုလက်စထရောများခြင်း (သို့မဟုတ်) သွေးတိုးခြင်းရှိသူများ (သို့မဟုတ်) ဆေးလိပ်သောက်သူများနှင့် နောက် (၁၀) နှစ်အတွင်း နှလုံးတိုက်ခိုက်ခံရနိုင်ခြေ (၁၀%) သို့မဟုတ် ထို့ထက်ပိုသောသူများ ပါဝင်သည်။
သွေးကြောကျဥ်းခြင်းနှင့် ဆက်စပ်သော နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ဖူးသူများ
ဤအုပ်စုတွင် နှလုံးသွေးကြောပိတ်ဖူးသူများ၊ သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်သော လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ခြေထောက် (သို့မဟုတ်) လည်ပင်းရှိ သွေးကြောများပိတ်ဆို့ခြင်း သို့မဟုတ် နှလုံးသွေးကြောများကို ခွဲစိတ်ဖူးခြင်း သို့မဟုတ် အစားထိုးရန် ခွဲစိတ်ခြင်းခံဖူးသူများ ပါဝင်သည်။
LDL “မကောင်းသော” ကိုလက်စထရော အလွန်မြင့်မားသူများ
ဤအုပ်စုတွင် LDL ကိုလက်စထရောအဆင့် ၁၉၀ mg/dL (၄.၉၂ mmol/L) နှင့် အထက်မြင့်သောသူများ ပါဝင်သည်။ ထိုလူနာအများစုတွင် Familial hyperlipidemia ဟုခေါ်သော မျိုးရိုးလိုက်ရောဂါရှိပြီး နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်နိုင်ခြေ အလွန်မြင့်မားသည်။
ဆီးချိုရောဂါရှိသူများ
ဤအုပ်စုတွင် အသက် (၄၀) မှ (၇၅) နှစ်ကြားရှိသူများ ပါဝင်ပြီး ၎င်းတို့တွင် ဆီးချိုရောဂါနှင့် LDL ကိုလက်စထရောအဆင့် ၇၀ မှ ၁၈၉ mg/dL (၁.၈ နှင့် ၄.၉ mmol/L) ကြားရှိသူများ၊ အထူးသဖြင့် သွေးတိုးခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းကဲ့သို့သော နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသော အခြားအချက်ရှိသူများ ပါဝင်သည်။
ထိုအုပ်စု (၄) မျိုးအပြင် အသက် (၄၀) မှ (၇၅) နှစ်ကြားရှိသူများတွင် နှလုံးနှင့်သွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေများစေသော အချက်တစ်ခု (သို့မဟုတ်) တစ်ခုမက ရှိနေသည့်အပြင် နောင် (၁၀) နှစ်အတွင်း နှလုံးရောဂါဖြစ်ပွါးနိုင်ခြေ အနည်းဆုံး (၁၀%) ရှိပါက ပမာဏနည်းနည်းမှ အလယ်အလတ်ပမာဏရှိသော စတက်တင်ဆေးများကို သောက်ရန် လမ်းညွှန်ထားသည်။
ဆေးမသောက်သင့်သော သို့မဟုတ် သတိထားသင့်သော အခြေအနေများ
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ၊ အသည်းပျက်စီးမှု နောက်ဆုံးအဆင့်လူနာများ၊ စတက်တင်ဆေးနှင့် ဓာတ်မတည့်သော လူနာများတွင် လုံးဝမသုံးစွဲရပါ
ထို့ပြင် အောက်ပါလူနာများတွင် စတက်တင်ဆေးကို သုံးစွဲရာတွင် သတိထားရန် လိုအပ်သည်။
ကိုလက်စထရောလျှော့ချရန် ဆေးအမျိုးမျိုး တစ်ပြိုင်တည်းသောက်သုံးနေခြင်း
စတက်တင်ဆေးများနှင့် ဓာတ်ပြုနိုင်သည့် အခြားဆေးဝါးများ သောက်သုံးနေခြင်း
စတက်တင်ဆေးများကို အများဆုံး ပမာဏဖြင့် သောက်သုံးနေခြင်း
အမျိုးသမီးများ
ခန္ဓာကိုယ်သေးသွယ်သူ ဖြစ်ခြင်း
အသက် (၈၀) နှင့်အထက် သက်ကြီးပိုင်းလူနာများ ဖြစ်ခြင်း
ကျောက်ကပ် (သို့မဟုတ်) အသည်းရောဂါရှိခြင်း
အရက်အလွန်အကျွံ သောက်ခြင်း
ဂရိတ်ဖရုသီးဖျော်ရည် အလွန်အကျွံသောက်သုံးခြင်း (အချို့ စတက်တင်ဆေးများနှင့် ဓာတ်ပြုခြင်းဖြစ်နိုင်သည်)
သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ (Hypothyroidism)
အေအယ်လ်အက်စ် (ALS) အပါအဝင် အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ (neuromuscular conditions) ရှိခြင်း
စတက်တင်ဆေးများ၏ နောက်ဆက်တွဲဆိုးကျိုးများ
စတက်တင်ဆေးသောက်သူ အများစုတွင် ပြဿနာကြီးကြီးမားမားမရှိသော်လည်း တချို့တွင် နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်သည်။ အချို့နောက်ဆက်တွဲလက္ခဏာများသည် ခန္ဓာကိုယ်နှင့်ဆေး လိုက်လျောညီထွေ ဖြစ်လာသည်နှင့်အမျှ တဖြည်းဖြည်း သက်သာသွားတတ်သည်။
သို့သော် စတက်တင်ဆေး စတင်သောက်ပြီးနောက် ခံစားရသော ပုံမှန်မဟုတ်သည့် မည်သည့် လက္ခဏာကိုမဆို မိမိဆရာဝန်အား ပြောပြရန် လိုအပ်သည်။ ဆရာဝန်မှ ဆေးပမာဏကို လျှော့ချရန် သို့မဟုတ် မတူညီသော စတက်တင်ဆေးကို ပြောင်းသုံးရန် လိုအပ်နိုင်သည်။
အများအားဖြင့်တွေ့ရသော စတက်တင်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ_
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
ပျို့အန်ခြင်း
ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း
ဝမ်းချုပ်ခြင်း
သွေးတွင်းသကြားဓာတ် အနည်းငယ်မြင့်တက်ခြင်း
ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်းတို့ဖြစ်သည်။
သို့သော် လေ့လာမှုများအရ ကြွက်သားနာကျင်ခြင်းကို ခံစားရခြင်းသည် လူအနည်းစုတွင်သာ တွေ့ရကြောင်း သိရှိရသည်။
သွေးတွင်းသကြားဓာတ် မြင့်မားနေသူများတွင် စတက်တင်ဆေးသောက်ပြီးနောက် အမျိုးအစား (၂) ဆီးချိုရောဂါအဖြစ် ပြောင်းသွားနိုင်ခြေရှိသည်။ သို့သော် ထိုဘေးထွက်ဆိုးကျိုးထက် ဆေးသောက်ခြင်းကြောင့် ရသော အကျိုးကျေးဇူးမှာ ပိုများသည်။ စတက်တင်ဆေးသောက်နေသော ဆီးချိုရောဂါရှင်များသည် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ အလွန်နည်းပါးသည်။
စတက်တင်ဆေးများသည် တစ်ခါတစ်ရံ ရှားပါး၍ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။
ကြွက်သားဆဲလ်များ ပျက်စီးခြင်း
အလွန်ရှားပါးသော အခြေအနေဖြစ်ပြီး စတက်တင်ဆေးကို ပမာဏများများ အသုံးပြုသည့် လူနာများတွင် ကြွက်သားဆဲလ်များ ပြိုကွဲကာ Myoglobin ဟုခေါ်သော ပရိုတင်းဓာတ်ကို သွေးကြောထဲသို့ ပမာဏများစွာ ထုတ်လွှတ်သည်၊ ထိုမှတစ်ဆင့် ပြင်းထန်သော ကြွက်သားနာကျင်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
အသည်းပျက်စီးခြင်း
စတက်တင်ဆေးအသုံးပြုခြင်းသည် တစ်ခါတစ်ရံ အသည်းအင်ဇိုင်းများ မြင့်တက်စေသည်၊ အနည်းငယ်သာမြင့်တက်ပါက ဆေးကို ရပ်စရာမလိုဘဲ ဆက်လက်သောက်နိုင်သည်၊ စတက်တင်ဆေးများကို ပမာဏနည်းနည်း သို့မဟုတ် အလယ်အလတ်ပမာဏ ပေးထားသော လူနာများတွင် အသည်းအင်ဇိုင်းပမာဏကို ပြင်းထန်စွာ မြင့်တက်စေခြင်းမျိုး မရှိပါ။
ထို့အပြင် စတက်တင်ဆေးသည် အခြားဆေးများနှင့် ဓာတ်ပြုခြင်းများလည်း ရှိသည်။ အဆိုပါဆေးများတွင်
ကိုလက်စထရောလျှော့ချပေးသော အခြားဆေးများ – Fibrates (e.g., gemfibrozil, fenofibrate)
အချို့ ပိုးသတ်ဆေးများနှင့် မှိုရောဂါအတွက်ဆေးများ – (ဥပမာ – Erythromycin, Clarithromycin, Ketoconazole, Itraconazole, Fluconazole)
HIV ရောဂါအတွက်ဆေးများ (e.g., Ritonavir, Nelfinavir)
ကိုယ်အင်္ဂါ အစားထိုးခံယူထားသူများသောက်ရသောဆေးများ – (e.g., Cyclosporine, Tacrolimus)
ဂေါက်ရောဂါအတွက် သောက်သော Colchicine
နှလုံးရောဂါအတွက်သောက်ရသော ဆေးဝါးအချို့ – (e.g., Amiodarone, Amlodipine, Diltiazem, Verapamil, Digoxin)
Warfarin သွေ:ကျဲဆေး
ဟော်မုန်းဆေးများ – Oral Contraceptives
စိတ်ကျရောဂါအတွက် သုံးသောဆေး ဖြည့်စွက်စာ (St. John’s Wort)
စပျစ်သီးဖျော်ရည် စသည်တို့သည် စတက်တင်ဆေးများ၏ အာနိသင်ကို ထိခိုက်နိုင်သည်။
သတိပြုသင့်သည့်အချက်များ
စတက်တင်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် အကျိုးကျေးဇူးများကို ချိန်ဆခြင်း
စတက်တင်ဆေးကုသမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေနှင့် ဆေးသောက်ရမည့်ကာလ စသည်တို့ကို မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ကုသမှုကို ရွေးချယ်ရာတွင် ကျန်းမာရေးအခြေအနေများ၊ လူနေမှုပုံစံ ရွေးချယ်မှုများနှင့် မည်သည့် စိုးရိမ်ပူပန်မှုများကိုမဆို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ ထို့ပြင် စတက်တင်ဆေးမသောက်သင့်သော သို့မဟုတ် သတိထားသင့်သော အခြေအနေများ ရှိပါကလည်း ကိုလက်စထရောကို လျှော့ချနိုင်သော အခြားဆေးဝါးများဖြင့် ကုသနိုင်သည့် နည်းလမ်းများရှိသည်။
ကျန်းမာသောလူနေမှုပုံစံ
စတက်တင်သောက်ခြင်းအပြင် ကျန်းမာသောလူနေမှုပုံစံသို့ ပြောင်းလဲခြင်းသည် နှလုံးရောဂါကို ကာကွယ်ရန် အဓိကသော့ချက်ဖြစ်သည်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချရန်
ဆေးလိပ်ဖြတ်ပြီး ဆေးလိပ်ငွေ့များနှင့် ထိတွေ့မိခြင်းမှ ရှောင်ကြဥ်ပါ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲပင်၊ ငါးနှင့် အစေ့အဆန်များ ကြွယ်ဝသော ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို စားပါ
ပြည့်ဝဆီ (Trans fat)၊ သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်နှင့် ဆားစားသုံးမှုကို ကန့်သတ်ပါ
ပိုမို၍ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး အထိုင်များခြင်းကို လျှော့ချပါ
ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ဆေးသောက်ရမည့် အချိန်ကာလနှင့် ဆေးရပ်ရန် လိုမလို
ကိုလက်စထရော ကျသွားပါက စတက်တင်ဆေးကို ဆက်သောက်ရန် မလိုအပ်တော့ဟု ယူဆကောင်း ယူဆနိုင်သည်။ သို့သော် ကိုလက်စထရောကို ထိန်းထားရန်အတွက် ရေရှည်တွင် ဆက်လက်သောက်ရန် လိုအပ်သည်။ မျှော်မှန်းထားသော ကိုလက်စထရော ပမာဏရောက်ရှိပြီးပါက ဆေးမပါဘဲ စားသောက်မှုပုံစံကို သိသိသာသာ ပြောင်းလဲခြင်း သို့မဟုတ် ကိုယ်အလေးချိန် သိသိသာသာလျှော့ချခြင်းတို့ဖြင့် ကိုလက်စထရောကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ မိမိဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန်လိုသည်။