19/10/2023
National Institute For Automatic Service Excellent (ASE)
ASE အဖွဲ့ကြီးသည်မော်တော်ယာဉ်ပြုပြင်ရေးဆိုင်ရာဝန်ဆောင်မှုအခန်းကဏ္ဍ၏အရည်အသွေးကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် အမေရိကန်ပြည်ထောင်စု၌ ၁၉၇၁ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အကျိုးအမြတ်ကိုမရည်ရွယ်ပဲစေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောအနေအထားတွင်မော်တော်ယာဉ်လောက၏အထူးပြုနယ်ပါယ် ၄၀ကျော်တွင် ASE အသိအမှတ်ပြုလက်မှတ်ကိုင်ဆိုင်ထားသော ပရော်ဖစ်ရှင်နယ်ပညာရှင်ပေါင်း ၄၀၀၀၀၀ ကျော်ရှိသည်။
ASE အသိအမှတ်ပြုလက်မှတ်သည် ၎င်းကိုကိုင်ဆောင်ထားသောပညာရှင်၏အသိပညာ၊အတတ်ပညာနှင့်အတွေ့အကြုံတို့ကိုအသိအမှတ်ပြုပေးသည်။ဤအသိအမှတ်ပြုလက်မှတ်အတွက်စာမေးပွဲများစစ်ဆေးခြင်း၊အောင်မြင်ခြင်းများကိုလည်းလူထုမျက်မှောက်၌ပြုလုပ်သော စေတနာ့ဝန်ထမ်းလုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ဤလုပ်ငန်းနယ်ပါယ်ရှိ ဖေါက်သည်များနှင့်လုပ်ငန်းရှင်များ၏ ဂရုတစိုက်စောက့်ကြည့်မှုနှင့် အကဲဖြတ်မှုတို့ကိုရရှိလေ့ရှိသည်။
ASE အသိအမှတ်ပြုလက်မှတ်သည် ပညာရှင်၏အသက်မွေးမှုနယ်ပါယ်အတွက် သရုပ်ပြမှုနှင့်ဂတိကဝတ်ပြုမှု(တာဝန်ခံမှု၊တာဝန်ယူမှု)များလည်းဖြစ်သည်။တနည်းအားဖြင့်ဆိုသော်ပိုမိုကောင်းမွန်သောလုပ်ခလစာများနှင့်အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလာနိုင်ခြင်းကိုဆိုလိုသည်။
ASE အဖွဲ့ကြီးသည် မော်တော်ယာဉ်ဆိုင်ရာနယ်ပါယ်ပေါင်းစုံရှိ ကျွမ်းကျင်လုပ်သားများ(Technicians)၏နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကို အသိအမှတ်ပြုပေးခြင်းများသာမကပဲ မော်တော်ယာဉ်သုံးစွဲသူလူထု၏ အကျိုးကျေးဇူးများကိုလည်းမြှင့်တင်ပေးသည်။
အနည်းဆုံး ASE လက်မှတ်ရနည်းပညာရှင် အလုပ်လုပ်သော မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံတစ်ရုံသည် ဂုဏ်သိက္ခာရှိသောASE အမှတ်လက္ခဏာကိုရရှိပြသနိုင်ပြီး အခြားလုပ်ငန်းတူနယ်ပါယ်၏ပြိုင်ဘက်များထက်ခေါင်းတစ်လုံးသာပေသည်။ဆိုလိုသည်မှာ မိမိဖေါက်သည်များ၏ယုံကြည်မှုကိုပိုမိုရရှိနိုင်ပြီး ယုံကြည်မှုနှင့်ကိုက်ညီသော ဝန်ဆောင်မှုများကိုပေးနိုင်သည့်အာမခံချက်ကိုအခိုင်အမာရရှိခြင်းကိုဆိုလိုသည်။
ASE အောင်လက်မှတ်တစ်ခုကိုရရှိနိုင်ရန် သက်ဆိုင်ရာလုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်အနည်းဆုံးရှိရမည်ဖြစ်ပြီး ASE စာမေးပွဲတစ်ခုကိုအောင်မြင်စွာဖြေဆိုနိုင်ရမည်ဖြစ်သည်။စီးရီးတစ်ခုတွင် သတ်မှတ်ထားသောစမ်းသပ်စစ်ဆေးမှုများကို အောင်မြင်စွာဖြတ်ကျော်နိုင်သော နည်းပညာရှင်များသည် Master Technician အဆင့်အတန်းကိုရရှိနိုင်မည်ဖြစ်သည်။ဤလက်မှတ်သည်အချိန်ကာလအားဖြင့် ၅နှစ်သက်တမ်းရှိပြီး သက်တမ်းတိုးရန် သို့မဟုတ် လက်မှတ်ကိုဆက်လက်ထိန်းသိမ်းကိုင်ဆောင်နိုင်ရန်အတွက် သတ်မှတ်စာမေးပွဲများကိုပြန်လည်ဖြေဆိုရမှာဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် စာမေးပွဲများသည် လက်ရှိရောက်နေသောအချိန်ကာလ၏ မျက်မှောက်ခေါတ်နည်းပညာများ(Updated Technology) ကို ကိုယ်စားပြုထင်ဟပ်နေသောကြောင့်ဖြစ်ပေသည်။