20/05/2026
- သင့်ကျောက်ကပ်ကို တိတ်တဆိတ် ဖျက်ဆီးနေတဲ့ နေ့စဉ်အမူအကျင့်များ
- မင်္ဂလာပါခင်ဗျာ ဒေါက်တာရဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ "ကျောက်ကပ်" (Kidneys) တွေက 'တိတ်တဆိတ် အလုပ်လုပ်တဲ့ အင်္ဂါအစိတ်အပိုင်း' တွေပါ။ သူတို့ဟာ ၂၄ နာရီပတ်လုံး ခန္ဓာကိုယ်က အညစ်အကြေးတွေကို စစ်ထုတ်ပေးတယ်၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်၊ ဆီးသွားစေပြီး ရေဓာတ်ကို မျှတစေပါတယ်။
ဒါပေမဲ့ ကျောက်ကပ်ရဲ့ ကြောက်စရာအကောင်းဆုံးအချက်က ၇၀%၊ ၈၀% လောက် ပျက်စီးသွားတဲ့အထိ ဘာလက္ခဏာမှ ကောင်းကောင်းမပြတတ်တာပါပဲ။ နောက်ဆုံးအဆင့်ရောက်ခါနီးမှ သိရတာမျိုး များပါတယ်။
ဒါကြောင့် ကျောက်ကပ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့၊ တဖြည်းဖြည်း ပျက်စီးစေတဲ့ နေ့စဉ်အမူအကျင့်တချို့ကို မျှဝေပေးချင်ပါတယ်။
-🚫 ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေသော အဓိကအမူအကျင့်များ
၁။ အကိုက်အခဲပျောက်ဆေးတွေကို လွယ်လွယ်ကူကူ သောက်သုံးခြင်း 💊
ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံး အချက်တစ်ချက်ပါ။ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ညောင်းညာတာနဲ့ ဆေးဆိုင်ကနေ NSAID အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ- Ibuprofen, Mefenamic Acid (Mefa), Diclofenac, ) ကို ရေတောင်းသောက်သလို လွယ်လွယ်ကူကူ ဝယ်ယူသောက်သုံးနေကြတာဟာ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။
-ဒီဆေးတွေက ကျောက်ကပ်ဆီသွားတဲ့ သွေးကြောတွေကို ကျဉ်းစေပြီး ကျောက်ကပ်ရဲ့ သွေးစစ်ထုတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရေရှည် လုံးဝမသောက်သုံးသင့်ပါဘူး။
၂။ အငန်ဓာတ် (ဆိုဒီယမ်) များလွန်းတဲ့ အစားအစာများ
မြန်မာအစားအစာတွေ ချက်ပြုတ်တဲ့အခါ ငံပြာရည်၊ ငါးပိ၊ အချိုမှုန့်၊ ငါးခြောက်၊ ငပိရည်၊ ဆား တို့ကို အများအပြား သုံးစွဲလေ့ရှိပါတယ်။ ဒီအစားအစာတွေမှာ ဆိုဒီယမ် (Sodium) အလွန်အကျွံ ပါဝင်ပါတယ်။
-ဆိုဒီယမ်များတာက သွေးတိုးစေပါတယ်။ သွေးတိုးဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ နံပါတ် (၁) အကြောင်းရင်း ဖြစ်ပါတယ်။ ဒါ့အပြင် အငန်ဓာတ်က ကျောက်ကပ်ကျောက်တည်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ တတ်နိုင်သလောက် အရသာကို "ပေါ့ပေါ့" စားသုံးတဲ့ အကျင့်ကို မွေးမြူပါ။
၃။ သွေးတိုး နဲ့ ဆီးချိုကို ပေါ့ဆစွာထားခြင်း
ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးနေရတဲ့ လူနာအများစုရဲ့ အရင်းခံရောဂါတွေက "ဆီးချို" နဲ့ "သွေးတိုး" ပါ။ "ငါက ဆေးမသောက်ချင်ဘူး၊ ဘာမှမဖြစ်ဘူး" ဆိုပြီး ဆေးကို ပုံမှန်မသောက်တာ၊ သွေးပေါင်ချိန်နဲ့ သွေးချိုဓာတ်ကို ပုံမှန်မစစ်ဆေးဘဲ ပစ်ထားတာဟာ ကျောက်ကပ်ကို တိတ်တဆိတ် သတ်နေတာနဲ့ အတူတူပါပဲ။
-သွေးတိုး၊ ဆီးချို ရှိမှန်းသိရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို "နေ့စဉ်" မှန်မှန်သောက်ပါ။ သွေးပေါင်ချိန်နဲ့ သွေးချိုကို ပုံမှန်အဆင့်မှာ ထိန်းထားနိုင်လေ၊ သင့်ကျောက်ကပ်က ပိုပြီး အသက်ရှည်လေပါပဲ။
၄။ ရေသောက်နည်းလွန်းခြင်း
ရေဓာတ်ပြည့်ဝနေမှ ကျောက်ကပ်က အဆိပ်အတောက်တွေကို ကောင်းကောင်းစစ်ထုတ်နိုင်မှာပါ။ ရေသောက်နည်းလွန်းရင် ဆီးထဲမှာ အနည်အနှစ်တွေ ပျစ်ခဲလာပြီး ကျောက်ကပ်ကျောက်တည် နိုင်ခြေ အရမ်းများလာပါတယ်။
-တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် ကနေ (၁၀) ခွက် (သို့) ကိုယ့်ခန္ဓာကိုယ်၊ ရာသီဥတု၊ လုပ်ဆောင်တဲ့ အလုပ်ပေါ်မူတည်ပြီး လုံလောက်အောင် သောက်ပါ။ (ဒါပေမဲ့ ကျောက်ကပ်ပျက်စီးနေပြီး ဆရာဝန်က ရေကန့်သတ်ထားသူတွေကတော့ ညွှန်ကြားချက်အတိုင်းပဲ သောက်ရပါမယ်)။
၅။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အဆုတ်တင်မကပါဘူး၊ ကျောက်ကပ်ဆီသွားတဲ့ သွေးကြောလေးတွေကိုပါ ပျက်စီးစေပါတယ်။ သွေးကြောတွေ ပျက်စီး/ကျဉ်းမြောင်းလာတဲ့အခါ ကျောက်ကပ်က သွေးအလုံအလောက်မရတော့ဘဲ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်လာပါတယ်။
-ကျောက်ကပ်ကျန်းမာချင်ရင် ဆေးလိပ်ဖြတ်ပါ။
၆။ အစွမ်းထက်မြန်မာဆေး/တိုင်းရင်းဆေး အချို့ကို စစ်ဆေးမှုမရှိဘဲ သောက်သုံးခြင်း
ဒါလည်း အရေးကြီးပါတယ်။ တချို့သော သစ်ဥသစ်ဖု၊ အမြစ်တွေ၊ သဘာဝဆေး၊ အားဖြည့်ဆေးနာမည်ခံထားတဲ့ (FDA အသိအမှတ်ပြု မဟုတ်တဲ့) ဆေးတွေမှာ ကျောက်ကပ်ကို ဒုက္ခပေးနိုင်တဲ့ Heavy Metals (ပြဒါး၊ ခဲ) သတ္တုဓာတ်တွေ ပါလာတတ်ပါတယ်။ ဒီဆေးတွေကြောင့် "ကျောက်ကပ်ရုတ်တရက်ပျက်စီးခြင်း" (Acute Kidney Injury) ဖြစ်ပြီး အရေးပေါ်ကျောက်ကပ်ဆေးရတဲ့ လူနာတွေ အများအပြားရှိပါတယ်။
-ကိုယ်သောက်မယ့်ဆေးက ကျောက်ကပ်ကို မထိခိုက်နိုင်ဘူးဆိုတာ သေချာအောင် အမြဲတမ်း ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။FDA အသိအမှတ်ပြုဟုတ်မဟုတ် စစ်ဆေးပါ။
👨⚕️ အကြံပြုချက်
ကျောက်ကပ်က တစ်ခါပျက်စီးသွားရင် ပြန်ကောင်းဖို့ သိပ်မလွယ်ပါဘူး။ အစားထိုးကုသဖို့ (ကျောက်ကပ်ဆေးဖို့၊ ကျောက်ကပ်လဲဖို့) ကုန်ကျစရိတ်ကလည်း အလွန်ကြီးမားပါတယ်။
ဒါကြောင့် "ကာကွယ်ခြင်းက ကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါတယ်" ဆိုတာကို အမြဲသတိရပါ။
ဒီအမူအကျင့်တွေထဲက ဘယ်နှစ်ခုကို သင်လုပ်မိနေပါသလဲ?
ဒီပိုစ့်က အကျိုးရှိတယ်ဆိုရင် Yes လို့မန့်ခဲ့ပါ။ နောက်ထပ် ကျန်းမာရေးဗဟုသုတများအတွက်လည်း Dr. Ye page ကို follow လုပ်ထားပါ။
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။
#ကျောက်ကပ် #ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်အထူးကု #ကျောက်ကပ်ပျက်စီးခြင်း #သွေးတိုး #ဆီးချို #အကိုက်အခဲပျောက်ဆေး #ကျန်းမာရေးဗဟုသုတ
Credit to original writer