25/03/2022
ကျောက်ကပ်လူနာများ မှီဝဲသင့်၊ သတိပြုသ
==============================
င့်သော အားဆေးများ
=============
Multivitamin supplements in patients with kidney disease
💊ကျွန်တော်တို့လူမျိုးဟာ ဆရာဝန်မှာကြားတဲ့ အရေးကြီးဆေးတွေသာ ပုံမှန်သောက်ဖို့ ဝန်လေးရင်လေးမယ်။ " ဟိုအားဆေးကောင်းတယ်ဟေ့ " လို့ တစ်ယောက်ယောက်က ညွှန်းလိုက်ပြီဆိုတာနဲ့ ဘယ်လောက်ပဲ စျေးကြီးပေးရပေးရ၊ ဘယ်နိုင်ငံကပဲ တကူးတက မှာသောက်ရပစေ ရအောင်ဝယ်ယူလေ့ရှိပါတယ်။ တစ်ချို့ဆိုဘယ်သူဘယ်ဝါက ဘယ်နိုင်ငံကနေ လက်ဆောင်ပေးလိုက်တဲ့ အားဆေးရယ်လို့ အချင်းချင်းတွေ့ရင် ဂုဏ်တုဂုဏ်ပြိုင်ပြောကြရတာ အမောပါပဲ။ သက်ကြီးဝါကြီးဆွေမျိုးသားချင်းတွေကို ဂါရဝသွားပြုတဲ့အခါ အားဆေးလေးပါပါမှ မျက်နှာပန်းလှကြတယ်မဟုတ်လား။
💊တကယ်တော့ အားဆေးဆိုတာ ဗိုက်တာမင်သတ္တုဓာတ်တွေ (vitamins and minerals)ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဗိုက်တာမင်တွေဘယ်ကရလဲဆိုရင် စားသုံးလိုက်တဲ့ အစားအစာတွေကရပါတယ်။ အကြမ်းမျဉ်းပြောရရင် ဗိုက်တာမင်တွေမှာ အဆီမှာပျော်ဝင်တာရယ်၊ ရေမှာပျော်ဝင်တာရယ်လို့ နှစ်မျိုးမှတ်သားနိုင်ပါတယ်။
💊အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင် (fat soluble vitamins) တွေကတော့ ဗိုက်တာမင် A, D, E, K တွေဖြစ်တယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ကစုပ်ယူပြီးရင် အသဲ၊အဆီတစ်သျှုးတွေမှာ ရေရှည် သိုလှောင်ထားနိုင်တဲ့ အတွက် လိုအပ်လာတဲ့အခါ အချိန်မရွေး ပြန်လည်ထုတ်ယူသုံးစွဲနိုင်စွမ်းရှိတယ်။ ဒါ့ကြောင့် အစာအိမ်အူလမ်းကြောင်းစုပ်ယူမှုအားနည်းတဲ့ ရောဂါရှိတဲ့သူတွေကလွဲရင် ပုံမှန်လူတွေမှာ ဒီဗိုက်တာမင်ဓာတ်တွေချို ့တဲ့တာ ရှားပါတယ်။ မလိုအပ်ပဲ ပုံမှန်သောက်သုံးမိတဲ့အခါမှာမှ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံလာပြီး ဘေးထွက်ဆိုးကျိုးတွေကို ခံစားလာရတတ်ပါတယ်။ ဒီလိုရောဂါမျိုးကိုတော့ ဗိုက်တာမင်အဆိပ်တတ်ခြင်း hypervitaminosis လို့ခေါ်ပါတယ်။
💊နောက်တစ်မျိုးကတော့ ရေမှာပျော်ဝင်တဲ့ water soluble vitamins တွေဖြစ်တဲ့ Vitamin B complex (B1,B2,B3,B5 Pantothenic acid,B6,B7 biotin,B9 folate, B12)နဲ့ Vitamin C တို့ပဲဖြစ်ပါတယ်။ ဒီဗိုက်တာမင်တွေကတော့ ကိုယ်ခန္ဓာက စားသောက်စုပ်ယူပြီး လိုအပ်တဲ့တစ်သျှုးတွေဆီပို့ဆောင်ပြီးတာနဲ့ စွန့် ထုတ်ပြစ်လေ့ရှိတယ်။ အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင်တွေလို ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်တဲ့ အစွမ်းမရှိကြပါဘူး။ ဒီလိုဗိုက်တာမင်ဓာတ်တွေကတော့ အစားအစာကဖြစ်စေ၊ အားဆေးတွေကဖြစ်စေ အမြဲဖြည့်တင်းနေဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ သိုလှောင်ထားခြင်းမရှိတဲ့ အတွက် အဆိပ်အတောက်ဖြစ်မှာကို မစိုးရိမ်ရပါဘူး။
💊ကျောက်ကပ်လူနာတွေမှာ အားဆေးပုံမှန်သောက်ဖို့ လိုအပ်သလား?
လိုရင်းဖြေရရင် ကျောက်ကပ်ရောဂါ သက်တမ်းရင့်လာတဲ့သူတွေ (အဆင့်လေးနဲ့အထက်)နဲ့ ကျောက်ကပ်ပုံမှန်ဆေးနေရတဲ့လူနာတွေဆို လိုအပ်ပါတယ်။ ကျောက်ကပ်သမားတွေဟာ အမျိုးမျိုးသော အကြောင်းတွေကြောင့် ဗိုက်တာမင်ဓာတ်တွေ ချို ့တဲ့နိုင်ပါတယ်။ ဥပမာ အစားရှောင်ရတဲ့သူတွေ၊ ကျောက်ကပ်က မစွန့်ထုတ်နိုင်လို့ ယူရီးယားဓာတ်တွေ သွေးထဲမှာ စုပုံလာပြီး အစားအသောက်ပျက်လာတဲ့အခါ၊ သောက်ရတဲ့ ဆေးတွေ တစ်ပုံတစ်ပင်ကလဲ ဗိုက်တာမင်ဓာတ်တွေရဲ့ စုပ်ယူမှုကို အနှောက်အယှက်ပေးလာတဲ့အခါ၊ ကျောက်ကပ်ပုံမှန်ဆေးရတဲ့လူနာတွေမှာဆိုရင် ရေမှာပျော်ဝင်တဲ့ဗိုက်တာမင်တွေဟာ ကျောက်ကပ်ဆေးရင်းနဲ့ တစ်ဆင့်စွန့်ပစ်တဲ့အထဲပါသွားနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။
💊ဘယ်လိုအားဆေးတွေမှီဝဲဖို့သင့်တော်သလဲ?
ရေမှာပျော်ဝင်တဲ့ water soluble vitamins (B complex and C) တွေပါဝင်တဲ့ အားဆေးတွေပုံမှန်သောက်နိုင်ပါတယ်။ ဗိုက်တာမင် C ကတော့ အသောက်များရင် အောက်ဇဲလိပ်ဓာတ်လွန်ကဲတာ၊ ဆီးလမ်းကြောင်းကျောက်တည်တာ ဖြစ်နိုင်တဲ့အတွက် အများဆုံး တစ်နေ့ ၁၀၀မီလီဂရမ်အထက် ပိုမသောက်သင့်ပါဘူး။ ဒီဆေးတွေကို စျေးကွက်ထဲမှာတော့ renal- nephro-နဲ့စတဲ့ နာမည်တွေနဲ့ တွေ့နိုင်ပါတယ်။ ဥပမာ -Renalvit , Nephrocap။
💊ဘယ်လိုအားဆေးတွေကဘေးဖြစ်စေလို့ ရှောင်ဖို့လိုမလဲ?
အဆီမှာပျော်ဝင်တဲ့ဗိုက်တာမင်တွေ (vitamin A,D,E,K) မပါဝင်ဖို့တော့ ဂရုပြုရပါမယ်။ ဒီဗိုက်တာမင်တွေဟာ ကျောက်ကပ်မှတစ်ဆင့် စွန့်ပြစ်နိုင်စွမ်းကျလာတဲ့အခါ ခန္ဓာကိုယ်မှာ စုပုံလာတတ်ပြီး ဘေးဖြစ်စေတတ်ပါတယ်။
ဗိုက်တာမင်ဒီဓာတ်မှာဆိုရင် ကျောက်ကပ်သမားတွေလိုအပ်လာမှ သောက်ရတဲ့ ကွဲပြားတဲ့active Vitamin D လို့ခေါ်တဲ့ calcitriol,alfacalcidol လိုဆေးမျိုးတွေရှိပါတယ်။ မလိုအပ်ပဲ ဗိုက်တာမင်ဒီတွေကို အားဆေးတွေမှာ ရောနှောသောက်ခြင်းက ကျောက်ကပ်ရောဂါကို ကူညီရာမရောက်ပါဘူး။ ဗိုက်တာမင်အေ၊အီးနဲ့ကေဟာလဲ ကျောက်ကပ်သမားတွေအတွက် မလိုအပ်ပါဘူး။ အထူးသဖြင့် ဗိုက်တာမင်ကေဓာတ်ဟာ warfarin လိုသွေးကျဲဆေးတွေသောက်နေရတဲ့ သူတွေမှာဆိုရင် ဆေးရဲ့အာနိသင်ကို ထိခိုက်နိုင်ပါတယ်။
💊တိုင်းရင်းဆေး၊ဆေးမှီးတိုစတဲ့ အားဆေးတွေနဲ့ ပတ်သတ်ပြီးတော့ သိပ္ပံနည်းကျပြုစုထားခြင်း မရှိတဲ့အတွက် အဆိုးအကောင်း မပြောလိုပါဘူး။ ဒါပေမဲ့ မိမိသောက်နေတဲ့ အင်္ဂလိပ်ဆေးများနဲ့ ဓာတ်ပြုနိုင်စွမ်း ရှိတဲ့အတွက် စိတ်မချရပါဘူး။ ဆင်ခြင်ပြီးမှသာသုံးစွဲကြစေလိုပါတယ်။
Credit…ဒေါက်တာဇေထက်
ပထမလက်ထောက် ကျောက်ကပ်အထူးပြု
ကျောက်ကပ်ဆေးပညာဌာန (ယူကေ)