မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး 1) To give information about pregnancy and infant health care
2) To give information about physical and psychological development of children

12/05/2026

မိုးရာသီရောက်ပြီမို့ ကလေးတွေကိုစွပ်ပြုတ်လေး လုပ်တိုက်ကြမယ်။

မေမေလွေးကတော့ ဒူးကောက်သားကိုရွေးထားတာမို့ အဆီနည်းနည်းတော့ပါတာပေါ့😍

10/05/2026
🍓ကိုယ်ဝန်ဆောင်ချိန် ဆီးချိုကိုဖြစ်စေနိုင်တဲ့ (hPL)ဟော်မုန်းhuman Placental Lactogen(hPL)ဟော်မုန်းဟာ အမျိုးသမီးတွေကိုယ်ဝန...
10/05/2026

🍓ကိုယ်ဝန်ဆောင်ချိန် ဆီးချိုကိုဖြစ်စေနိုင်တဲ့ (hPL)ဟော်မုန်း

human Placental Lactogen(hPL)ဟော်မုန်းဟာ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာ ကလေးရဲ့အချင်းကနေပြီးတော့ ထုတ်လွှတ်ပေးတဲ့ဟော်မုန်းတမျိုးဖြစ်ပါတယ်။

အချင်းရဲ့ လုပ်ငန်းဆောင်တာတွေကတော့ မိခင်ဆီကနေ သွေး၊ အောက်ဆီဂျင် နဲ့အာဟာရတွေကို ကလေးထံ ပို့ဆောင်ပေးပါတယ်။ဒါ့အပြင် ကလေးကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးတာ ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတာတွေလည်း လုပ်ဆောင်ပေးပါတယ်။

🍓(hPL)ဟော်မုန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး

(hPL)ဟော်မုန်းဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း ကလေးကမိခင်နို့ကိုအသင့်စုပ်ယူနိုင်အောင် နို့ဂလင်း( နို့ကျိတ်)လေးတွေကိုလှုံ့ဆော်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ပေးပါတယ်။ဒါက ခန္ဓာကိုယ်ထဲ (hPL)ဟော်မုန်းထွက်ရှိခြင်းရဲ့ ကောင်းကျိုးပါ။

(hPL)ဟော်မုန်းထွက်ရှိခြင်းရဲ့ ဆိုးကျိုးတခုကတော့ အင်ဆူလင်ဟော်မုန်းရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေဖြစ်တဲ့ သွေးတွင်း သကြားဓာတ်ထိန်းညှိပေးတဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်တားဆီးပေးတာပါဘဲ။ဒါကြောင့် သကြားဓာတ်လိုအပ်တဲ့ ဆဲလ်တွေဆီကို သကြားဓာတ်တွေမရောက်ဘဲ သွေးကြောထဲမှာဘဲ စုပုံမြင့်တက်လာတာမို့ ကိုယ်ဝန်ဆောင်ဆီးချိုကို ဖြစ်ပေါ်စေပါတယ်။

မိခင်ရဲ့သွေးကိုဖောက်ယူစစ်ဆေးခြင်းအားဖြင့်(hPL)ဟော်မုန်းပမာဏ ပုံမှန်ထဲမှာ ရှိ မရှိ ၊သန္ဓေသားလောင်းနဲ့ အချင်းကကျန်းမာခြင်း ရှိ မရှိ သိရှိနိုင်ပါတယ်။

🍓ပုံမှန်ရှိရမယ့် (hPL)ဟော်မုန်း ပမာဏများ

(hPL)ဟော်မုန်းပမာဏကို ကိုယ်ဝန်ခြောက်ပတ်မြောက် ကနေစတင်ပြီးတော့သွေးဖောက်စစ်ဆေးကြည့်နိုင်ပါတယ်။

ကိုယ်ဝန်မဆောင်မီ အမျိုးသမီးတွင်ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.00-0.10 mcg/mL (micrograms per milliliter)

ကိုယ်ဝန်ဆောင်ပထမ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.20-2.10 mcg/mL

ကိုယ်ဝန်ဆောင်ဒုတိယ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.50-6.70 mcg/mL

ကိုယ်ဝန်ဆောင် တတိယ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 4.50-12.80 mcg/mL

နှစ်​မြွှာပူး သုံးမြွှာပူး ကိုယ်ဝန်ဆောင်တွေမှာ (hPL)ဟော်မုန်းပမာဏဟာ အထက်မှာဖော်ပြထားတဲ့ ပုံမှန်ပမာဏထက်ပိုများပြားပြီး မြင့်တက်နေနိုင်ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ (hPL)ဟော်မုန်းပမာဏဟာ ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။

🍓(hPL)ဟော်မုန်းကိုဘယ်လိုကိုယ်ဝန်ဆောင်မိခင်တွေက စစ်ဆေးကြည့်သင့်သလဲ?

ရေမွှာရည်နည်းနေတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

ကိုယ်ဝန်စရှိချိန် ပထမဆုံးရိုက်ကြည့်တဲ့ Ultrasound ထဲမှာ ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတခုခုကို တွေ့ရှိတဲ့အချိန်မှာ။

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

ကိုယ်ဝန်ဆိပ်တက်တဲ့မိခင်တွေ။

အမြွှာကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ။

ကိုယ်ဝန်ဆောင်စဉ် ဆီးချို သွေးချိုရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

🍓(hPL)ဟော်မုန်းကို ဘယ်လိုဖောက်လဲ?

(hPL)ဟော်မုန်းကို ဓာတ်ခွဲခန်းတွေမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ စစ်ဆေးကြည့်လို့ရပါတယ်။ ဓာတ်ခွဲစစ်ဆေးပေးမယ့်သူတွေက အပ်လေးတချောင်းကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်မိခင်ရဲ့သွေးပြန်ကြောထဲကနေ လိုအပ်တဲ့သွေးပမာဏအနည်းငယ် ဖောက်ယူပြီးတော့စစ်ဆေးပေးတာဖြစ်ပါတယ်။

သွေးစစ်ဆေးပြီးတဲ့နောက်ပိုင်း သွေးအဖြေကိုတော့ စစ်ဆေးခိုင်းတဲ့ သက်ဆိုင်ရာအတိုင်ပင်ခံ ဆရာဝန်က သေချာရှင်းပြပေးပါလိမ့်မယ်။ (hPL)ဟော်မုန်းပမာဏ မြင့်တက်နေတယ်ဆိုတာက ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရှိနေတာ ဒါမှမဟုတ် အမြွှာကိုယ်ဝန်ဆောင်ထားရတယ်လို့အကြမ်းအားဖြင့်ရည်ညွှန်းနေတာဖြစ်ပါတယ်။

(hPL)ဟော်မုန်းပမာဏ နည်းပါးနေတယ်ဆိုတာက ကိုယ်ဝန်ပျက်ကျတာ၊ ကိုယ်ဝန်ဆိပ်တက်နေတာ၊ အချင်း ဒါမှမဟုတ် သန္ဓေသားရဲ့ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုခုမှာပြဿနာရှိနေပြီလို့ အကြမ်းအားဖြင့် ရည်ညွှန်းနေတာဖြစ်ပါတယ်။

🍓(hPL)ဟော်မုန်းပမာဏ ပုံမှန်ရောက်ရှိအောင်ဘယ်လိုတွေလုပ်ဆောင်လို့ရမလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ (hPL)ဟော်မုန်းပမာဏ မြင့်တက်နေခဲ့ရင်တော့ ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲပြီး အလိုလိုဖြစ်ပျက်လာတာမို့လို့ဒီဖြစ်စဥ်ကို ကျွန်မတို့ရပ်တန့်ခိုင်းလို့မရတော့ပါဘူး။(hPL)ဟော်မုန်းပမာဏကိုလည်း ပုံမှန်ရောက်ရှိအောင် ထိန်းချုပ်လို့မရပါဘူး။သို့သော်လည်း မိခင်ရော ကလေးပါ မွေးဖွားသည်အထိ ကျန်းမာအောင် လိုအပ်တဲ့ ကုသမှုမှန်သမျှကို မိမိတို့ရဲ့ သက်ဆိုင်ရာ အတိုင်ပင်ခံဆရာဝန်တွေနဲ့ စံနစ်တကျ ကုသမှုခံယူရမှာဖြစ်ပါတယ်။

🍓(hPL)ဟော်မုန်းပမာဏ မတက်အောင် ဘယ်လိုကာကွယ်ရမလဲ?

ကိုယ်ဝန်မဆောင်မီ နဲ့ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း (hPL)ဟော်မုန်းမတက်အောင်ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့နည်းလမ်းတွေကိုမျှဝေပေးပါမယ်။

✅အသင့်စား ဒါမှမဟုတ် အလွယ်တကူစားသောက်လို့ရမယ့် (Ready made) အစားအသောက် နဲ့ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်အမျိုးမျိုးကိုရှောင်ရှားပေးရပါမယ်။

✅ကျန်းမာရေးနဲ့အညီထုတ်လုပ်ထားတဲ့ အသားဓာတ် ၊အဆီဓာတ်၊ကဆီဓာတ်တွေပါဝင်တဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးပေးရပါမယ်။

✅ဆီကြော် အစားအသောက်တွေထက် သံလွင်ဆီနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကိုရွေးချယ်စားသုံးပေးရပါမယ်။

✅ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ညီမျှတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုပုံမှန်ပြုလုပ်ပေးရပါမယ်။

✅အရည်ရွှမ်းတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားသုံးပေးရပါမယ်။

✅ကိုယ့်ရဲ့ အရပ်အမောင်းနဲ့ ညီမျှတဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရပါမယ်။

References;

https://my.clevelandclinic.org/health/body/24806-human-placental-lactogen



#ကိုယ်ဝန်ဆောင်

#ဆီးချိုသွေးချို

🍑ဟော်မုန်းအပြောင်းအလဲများသော ကိုယ်ဝန်ဆောင်ကာလကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ဟော်မုန်းပြောင်းလဲ...
07/05/2026

🍑ဟော်မုန်းအပြောင်းအလဲများသော ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ဟော်မုန်းပြောင်းလဲမှုတွေကို သိသိသာသာ ကြုံတွေ့ရပါတယ်။ ဒီဟော်မုန်းတွေဟာ သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့၊ ကိုယ်ဝန်တည်မြဲဖို့ နဲ့ အဆင်ပြေချောမွေ့စွာ မွေးဖွားဖို့အတွက် အဓိကတာဝန်ယူရပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ထွက်ရှိတဲ့အဓိကဟော်မုန်းတွေနဲ့ လုပ်ဆောင်ချက်တွေကို အကြမ်းအားဖြင့် ပြောပြပေးပါ့မယ်။နောက်ဆောင်းပါးတွေမှာ တခုချင်းဆီကို အသေးစိတ် ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။

၁)Human Chorionic Gonadotropin (hCG)

ကိုယ်ဝန်ဆောင်စမှာ သ​န္ဓေသားရဲ့ အချင်းကနေ အစောဆုံး စတင်ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ကိုယ်ဝန်စစ်တံပေါ်မှာ နှစ်ကြောင်းပေါ်လာအောင်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပြီး ကိုယ်ဝန်တည်မြဲအောင်လည်း ကူညီပေးပါတယ်။

၂)Progesterone (ပရိုဂျက်စထရုန်း)

ကိုယ်ဝန်တည်မြဲစေဖို့အတွက် သားအိမ်ကြွက်သားတွေကိုပြေလျော့စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ပျက်ကျတာမျိုး မရှိရလေအောင် ထိန်းထားပေးပါတယ်။

၃)Estrogen (အီစထရိုဂျင်)

သားအိမ်ကြီးထွားဖွံ့ဖြိုးလာစေရန်၊ သွေးလည်ပတ်မှုကောင်းစေရန် နှင့် နို့တိုက်ကျွေးရန်အတွက် ရင်သားတစ်ရှူးတွေကို​ ဖွံ့ဖြိုးလာစေရန် အကူအညီပေးတဲ့ ဟော်မုန်းတမျိုးဖြစ်ပါတယ်။

၄)Relaxin (ရီလက်ဆင်)

ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ ကလေးငယ်အတွက် သားအိမ်ထဲနေရာပိုရစေဖို့ ၊ကိုယ်အလေးချိန်တိုးလာမှုကို ခံနိုင်ရည်ရှိစေဖို့၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရွတ် (Ligaments) ၊အဆစ်တွေနဲ့ ကြွက်သားတွေကို ပျော့ပြောင်းပြေလျော့လာစေဖို့ အတွက် (Relaxin)ဟော်မုန်းတွေ အများကြီးထုတ်လွှတ်ပေးရပါတယ်။ (Relaxin)ဟော်မုန်းကို မျိုးဥအိမ်ကထုတ်လွှတ်ပေးသလို သန္ဓသေားရဲ့အချင်းကနေလည်းထုတ်လွှတ်ပေးပါတယ်။ မွေးဖွားချိန်မှာလည်း ကလေးငယ် ချောချောမွေ့မွေ့ထွက်လာနိုင်ဖို့အတွက် တင်ပါးဆုံရိုးမှာရှိတဲ့အရွတ်တွေကို ပျော့ပျောင်းစေပြီး တင်ပါးဆုံရိုးကို ပိုမိုကျယ်လာစေဖို့ ကူညီပေးပါတယ်။

၅)Human Placental Lactogen (hPL)

ဒီဟော်မုန်းကို အချင်းကနေတဆင့် ထုတ်လုပ်ပေးပြီး သန္ဓေသားကြီးထွားဖို့ရန်အတွက် မိခင်စားသောက်တဲ့ အာဟာရတွေကို သန္ဓေသားဆီ ပိုမိုရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။ကလေးမွေးဖွားပြီးနောက်ပိုင်း မိခင်နို့အဆင်သင့်တိုက်နိုင်အောင် ရင်သားတစ်ရှူးတွေကို ဖွံဖြိုးစေရန်လုပ်ဆောင်ပေးပါတယ်။

၆)Oxytocin (အောက်ဆီတိုစင်)

ကလေးမွေးဖွားချိန်မှာ Oxytocin (အောက်စီတိုစင်) ဟော်မုန်းရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ သားအိမ်ကြွက်သားတွေကို ညှစ်ပေးတာမို့ ကလေးကိုသဘာဝအတိုင်းမွေးဖွားနိုင်အောင်ကူညီပေးတာ၊မွေးဖွားပြီးနောက် သားအိမ်ကို ပြန်လည်ကျုံ့စေတာ၊သွေးမသွန်အောင် ကာကွယ်ပေးတာအပြင်ကလေးမွေးဖွားပြီးချိန်မှာ နို့ထွက်အောင်လုပ်ဆောင်ပေးပါတယ်။

🍑ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောလက္ခဏာများ

• မနက်ခင်းတွင် ပျို့အန်ခြင်း (Morning Sickness)

• ပင်ပန်းနွမ်းနယ်ပြီး လုပ်ခြင်ကိုင်ခြင်စိတ်မရှိခြင်း

• စိတ်ခံစားချက် မတည်ငြိမ်ခြင်း (Mood swings)

• ဝမ်းချုပ်ခြင်း

• ရင်သားတင်းခြင်း

• အသားအရေအရောင်ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲမှုတွေဟာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီလက္ခဏာတွေဟာ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

ဟော်မုန်းတွေဟာ ကလေးကျန်းမာစွာ ကြီးထွားလာစေဖို့အတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်ထားတဲ့ ဇာတ်လိုက်တွေဘဲဖြစ်ပါတယ်။

References;

https://www.hopkinsmedicine.org/health/conditions-and-diseases/staying-healthy-during-pregnancy/hormones-during-pregnancy



#ကိုယ်ဝန်ဆောင်
#ဟော်မုန်းများ

💐 နှစ်ကြောင်းပေါ်တိုင်းကိုယ်ဝန်မဟုတ်ကလေးယူဖို့ပြင်ဆင်နေတဲ့မေမေတွေ ရာသီလာရမယ့်ရက်ကျော်လွန်လာပြီဆိုတာနဲ့ နောက်တစ်နေ့နံနက်မ...
03/05/2026

💐 နှစ်ကြောင်းပေါ်တိုင်းကိုယ်ဝန်မဟုတ်

ကလေးယူဖို့ပြင်ဆင်နေတဲ့မေမေတွေ ရာသီလာရမယ့်ရက်ကျော်လွန်လာပြီဆိုတာနဲ့ နောက်တစ်နေ့နံနက်မှာ အမောတကောပြေးဝယ်ကြတဲ့ ပစ္စည်းတခုရှိပါတယ်။အဲဒါကတော့ဆီးစစ်တံတွေပါဘဲ။ဆီးစစ်တံတွေလို့ဘာလို့ပြောလဲဆိုရင်တော့ မေမေတွေကဆီးစစ်တံကိုပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးကို တခါတည်းသုံးလေးခုလောက်ဝယ်တတ်ကြလို့ပါ။တစ်ခုစစ်ရင် မသေချာမှာစိုးလို့အမျိုးမျိုးပြောင်းပြီးတော့ စစ်ကြပါသေးတယ်။

ဒီအချိန် ဆီးစစ်တံမှာရှိတဲ့ အကြောင်းနှစ်ကြောင်းထဲမှာ တကြောင်းကသိပ်မထင်းလင်းသေးပါဘူး။ရာသီလာရမယ့်ရက်ကိုကျော်လွန်ပြီး နောက်တစ်ပတ် ဆယ်ရက်လောက်နေမှ ဆီးစစ်မယ်ဆိုရင်တော့ ဆီးစစ်တံမှာရှိတဲ့ အကြောင်းနှစ်ကြောင်းကို ထင်းထင်းလင်းလင်းမြင်နေရမှာဖြစ်ပါတယ်။ဆီးစစ်လို့ တကြောင်းတည်းဆို ကိုယ်ဝန်မရှိဘူး။နှစ်ကြောင်းပေါ်တယ်ဆို ကိုယ်ဝန်ရှိတယ်လို့ မေမေတွေနားလည်ထားကြပါတယ်။ကိုယ်ဝန်ရှိ မရှိ ဆီးစစ်တာနဲ့တင် အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်ရှိပါတယ်။ သူကတော့( hCG)ဟော်မုန်းဘဲ ဖြစ်ပါတယ်။

💐Human Chorionic Gonadotropin (hCG) ဆိုတာဘာလဲ?

မမျိုးဥနဲ့ သုတ်ပိုးတို့ ပေါင်းစပ်ပြီး သန္ဓေအောင်ပြီးနောက် သားအိမ်နံရံမှာ သန္ဓေသားလေးကပ်တွယ်မိတဲ့အခါ အချင်း (Placenta) ကနေ (hCG) ဟော်မုန်းကိုစတင်ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ဒါကြောင့်မို့ သန္ဓေသားလေး သားအိမ်မှာတွယ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကိုယ်ဝန် ရှိ မရှိဆီးကနေတဆင့် (hCG) ဟော်မုန်းကို စစ်ကြည့်လို့ရတာပါ။

(hCG)ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။

ကိုယ်ဝန်သက် (၁၀)ပတ် အချိန်တွင်းမှာ (hCG )ဟော်မုန်းပမာဏ တဟုန်ထိုးတက်လာနိုင်ပါတယ်။(၁၀)ပတ်ကျော်လာရင်တော့ဟော်မုန်းပမာဏက တဖြည်းဖြည်း ပြန်ကျသွားတတ်ပါတယ်။ပုံမှန်ဆိုရင် ကိုယ်ဝန်သက်ရင့်လာလေလေ ဟော်မုန်းပမာဏ များလာလေလေဖြစ်ရမှာကို ဘာကြောင့် ဆက်မတက်တော့တာလဲလို့ မေမေတွေကမေးရင် ဖြေဖို့ အဖြေရှိပါတယ်။ကိုယ်ဝန်သက်ရင့်လာတဲ့အခါ အီစထရိုဂျင် နဲ့ ပရိုဂျက်စထရုန်း ဟော်မုန်းတွေကပဲ ထိန်းချုပ်တော့တာကြောင့် (hCG )ဟော်မုန်းရဲ့ အခန်းကဏ္ဍမှေးမှိန်သွားရတာဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်တွေမှာ( hCG) ပမာဏဟာ အခြားကိုယ်ဝန်တွေထက် အများကြီးပိုတက်နေနိုင်ပါတယ်။

သားအိမ်ပြင်ပမှာ ကိုယ်ဝန်တည်နေတဲ့အခါမျိုး ၊သားပျက် သားလျှောဖြစ်တဲ့အခါမျိုးတွေမှာ( hCG )တရှိန်ထိုး မဟုတ်ဘဲတဖြည်းဖြည်းဘဲ တက်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ (hCG )ဟော်မုန်းမြင့်တက်နေတတ်သလို အချို့သော ကိစ္စရပ်တွေဖြစ်တဲ့ စပျစ်သီးသန္ဓေတည်ချိန် ၊ သားအိမ်ကင်ဆာ (Choriocarcinoma) နဲ့ အမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာ ဖြစ်ခဲ့ရင်လည်း( hCG) ပမာဏ မြင့်တက်တတ်တယ်ဆိုတာ သတိချပ်ရပါမယ်။

💐ဆီးကိုဘယ်အချိန်မှာ စစ်ကြည့်သင့်သလဲ?

ကိုယ်ဝန်စစ်ဆေးတဲ့အခါ ပိုမိုတိကျစေဖို့အတွက်( hCG )ဟော်မုန်း အများဆုံးပါဝင်နိုင်တဲ့ မနက်အစောဆုံးသွားတဲ့ ဆီး နဲ့ စစ်ဆေးဖို့လိုအပ်ပါတယ်။

အဖြေပိုမိုတိကျစေဖို့ ရာသီလာရမယ့်ရက်ထက် (၁) ပတ်ခန့် နောက်ကျပြီးမှ စစ်ဆေးပါက အကောင်းဆုံးဖြစ်ပါတယ်။

နံနက်ခင်းဆီး မဟုတ်ဘဲ အချိန်မရွေးစစ်ကြည့်ခြင်တယ်ဆိုရင် ဆီးမသွားဘဲ အနည်းဆုံး (၄) နာရီ ခန့် အောင့်ထားပြီးမှ စစ်ဆေးသင့်ပါတယ်။စစ်ဆေးခါနီးမှာ ရေအများကြီးသောက်မိပါက ဆီးအတွင်းထဲမှာရှိတဲ့ ဟော်မုန်းပမာဏကျဲသွားပြီး အဖြေမှားထွက်နိုင်ပါတယ်။

💐(hCG)စစ်ဆေးနည်း အမျိုးအစားများ

• ဆီးစစ်ခြင်း (Urine hCG Test) - အိမ်မှာ အလွယ်တကူ ကိုယ်တိုင်စစ်ဆေးနိုင်ပြီး ဈေးသက်သာတဲ့နည်းလမ်းဖြစ်ပါတယ်။ရာသီလာရမယ့်ရက်ထက် (၁) ပတ်ခန့် နောက်ကျပြီးမှ စစ်ဆေးပါက အကောင်းဆုံးဖြစ်ပါတယ်။

• သွေးစစ်ခြင်း (Blood hCG Test) - ဆေးရုံ သို့မဟုတ် ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးရတာဖြစ်ပြီး အိမ်မှာဆီးစစ်တဲ့နည်းထက် ပိုမိုစောစီးစွာအဖြေကို တိတိကျကျသိနိုင်ပါတယ်။ လိင်ဆက်ဆံပြီး (၁၀)ရက်အကြာမှာ စစ်ဆေးကြည့်နိုင်ပါတယ်။

ကိုယ်ဝန်နဲ့ပတ်သက်တဲ့ သံသယတစုံတရာရှိခဲ့ပါက သွေးစစ်ဆေးခြင်း(Quantitative hCG) သည် အတိကျဆုံးဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့် စစ်ဆေးသင့်ပါတယ်။

commentထဲမှာ ကိုယ်ဝန်အပတ်ရေအလိုက် ပုံမှန်ရှိရမယ့်( hCG)ပမာဏကို ရေးပေးထားပါတယ် မေမေတို့ရေ။

References;

https://medlineplus.gov/ency/article/003510.htm



#ကိုယ်ဝန်ဆောင်
#ဆီးစစ်ခြင်း

✅ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းအိမ်မှာရုပ်ရှင်ကားတကားကြည့်တဲ့အချိန်မှာ ကိုယ်မကြည့်ခြင်တဲ့အပိုင်းကို( remote control) ...
29/04/2026

✅ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း

အိမ်မှာရုပ်ရှင်ကားတကားကြည့်တဲ့အချိန်မှာ ကိုယ်မကြည့်ခြင်တဲ့အပိုင်းကို( remote control) လေးနဲ့ ရစ်ပစ်လိုက်ရသလိုပဲ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်မှာ ဝမ်းချုပ်တဲ့ကာလအပိုင်းအခြားကို (remote control) နဲ့ရစ်လို့ရရင် ရစ်ပစ်ခြင်ကြတဲ့အပိုင်းထဲမှာပါပါတယ်။ဘာလို့လဲဆိုတော့ ဝမ်းချုပ်တာက လူတွေကို နေမထိ ထိုင်မသာဖြစ်စေတဲ့ ခံစားချက်ကိုရစေလို့ပါ။

✅ဝမ်းချုပ်ခြင်းဆိုသည်မှာ

ဝမ်းချုပ်တယ် (Constipation) ဆိုတာ အူတွေလှုပ်ရှားမှုနည်းပြီး ဝမ်းသွားရခက်ခဲလာတာ၊ ဝမ်းတုံးမာလာတာ၊ တစ်ပတ်မှာ( ၃) ကြိမ်အောက်သာ ဝမ်းသွားတာ ဒါမှမဟုတ် ဝမ်းသွားသခိုက်မှာ အချိန်ကြာကြာယူပြီး ညှစ်ထုတ်ရတာကို ဆိုလိုတာပါ။အစာဟောင်းအိမ်ထဲမှာရှိတဲ့ ဝမ်းတွေဟာ ခဲနေတာဖြစ်တဲ့အတွက် ဝမ်းညှစ်နေချိန်မှာ အစာဟောင်းအိမ်နံရံမှာရှိနေတဲ့သွေးကြောတွေကို ဖိအားနဲ့ ပွတ်တိုက်မိသလိုဖြစ်ပြီးတော့ သွေးကြောတွေပေါက်ထွက်တတ်ပါတယ်။ဝမ်းသွားရာကနေ သွေးတွေပါ ထွက်ကျလာတာမျိုးတွေလည်းရှိနိုင်ပါတယ်။အစာခြေလမ်းကြောင်းကနေတဆင့် မစင်စွန့်ထုတ်တာနှေးကွေးလာတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

✅ကိုယ်ဝန်ဆောင် ဘယ်အပိုင်းအခြားမှာ ပိုအဖြစ်များသလဲ?

ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပတ်မှာ စပြီးဝမ်းချုပ်တတ်ကြပေမယ့် အများစုကတော့ ကိုယ်ဝန်ဆောင် တတိယ သုံးလပတ်မှာ ဝမ်းချုပ်တာသိသိသာသာ ခံစားလာရတာဖြစ်ပါတယ်။

✅ကိုယ်ဝန်ဆောင်ချိန် ဘာလို့ဝမ်းချုပ်ကြတာလဲ?

🥭Progestrone ဟော်မုန်းမြင့်တက်လာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ Progesterone ဟော်မုန်းမြင့်တက်လာခြင်းကြောင့် အူလမ်းကြောင်းမှာရှိတဲ့ကြွက်သားတွေကို ပြေလျော့လာစေပြီး အစာခြေစနစ်ကို နှေးကွေးလာစေပါတယ်။အစားအစာတွေကို ခြေဖျက်တဲ့အချိန်မှာရော စွန့်ထုတ်တဲ့အချိန်မှာရော အူတွေရဲ့လှုပ်ရှားမှုက နှေးကွေးလာတာမို့ အူထဲမှာအစာတန်းရှည်ကြီး ရောက်ရှိနေပါတော့တယ်။

ဥပမာနဲ့မြင်သာအောင်ပြောရမယ်ဆိုရင် မနက်စာစားပြီးတဲ့နောက်ပိုင်း အူထဲရှိနေတဲ့အစာတွေကောင်းကောင်း မခြေဖျက် မစုပ်ယူရသေးခင်မှာ နေ့လည်စာစားရမယ့်အချိန်ရောက်ရှိလာပြန်ပါပြီ။ နေ့လည်စာစားပြီးတဲ့နောက် အူလမ်းကြောင်းထဲမှာအစာတသီတတန်းကြီးဖြစ်လာပါတော့တယ်။အူကတအိအိနဲ့ လှုပ်ရှားနေတာဖြစ်လို့ အစာတွေက အူထဲနေတာကြာလာလေလေ အစာထဲမှာရှိတဲ့ ရေဓာတ်နဲ့အစိုဓာတ်တွေ စုပ်ယူတဲ့အချိန်ကာလကကြာလာလေလေပါ။အဲဒါကြောင့်မို့လို့အစာဟောင်းတွေက ခြောက်ပြီးမာခဲလာပါတော့တယ်။ အဲလိုမာခဲနေတဲ့အစာဟောင်းတွေကိုစွန့်ထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဝမ်းသွားတဲ့အချိန်မှာနာကျင်တဲ့ခံစားချက်ကိုရရှိတာဖြစ်ပါတယ်။

🥭သားအိမ်ကြီးထွားလာခြင်း

နောက်ဆုံးကိုယ်ဝန်သုံးလပတ်မှာ ကလေးဟာ သိသိသာသာဖွံ့ဖြိုးလာတာမို့ သားအိမ်ကကြီးထွားလာပြီး အူမကြီးကိုဖိမိခြင်းကြောင့် အူတွေရဲ့လှုပ်ရှားမှုကနှေးကွေးလာပါတယ်။ရလဒ်အနေနဲ့ကတော့ ဝမ်းချုပ်ခြင်းကို ဖြစ်လာစေပါတယ်။

🥭သံဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်ဖြည့်စွက်စာများကို လိုအပ်တာထက်ပိုသောက်သုံးခြင်း

ကိုယ်ဝန်ဆောင်စဉ်သောက်ရတဲ့ သံဓာတ် (Iron) အားဆေးများဟာ ဝမ်းချုပ်တာကို ပိုဆိုးစေနိုင်တာမို့ OG ညွှန်ကြားထားတဲ့ နေစဥ်သောက်ရမယ့်ပမာဏကိုကျော်လွန်ပြီး မသောက်သုံးသင့်ပါ။

🥭လူနေမှုပုံစံ

ရေကိုလုံလောက်စွာ မသောက်သုံးတာ၊အမျှင်ဓာတ် (Fiber) ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို မစားသုံးတာ နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာတွေကြောင့်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

✅ဝမ်းချုပ်တဲ့လက္ခဏာတွေကိုဘယ်လိုဖော်ပြတတ်ကြသလဲ?

လူအများစုကတော့ တရက်တကြိမ်တော့ဝမ်းသွားတတ်ကြပါတယ်။ဝမ်းသွားပြီးတဲ့အချိန်ဆို ဗိုက်ထဲမှာမသန့်ရှင်းတဲ့အညစ်အကြေးတွေ စွန့်ထုတ်လိုက်ရတာမို့ ဗိုက်ကလေးကလည်း ချပ်ရပ်သွားသလို ပေါ့ပါးပြီး စိတ်ကြေနပ်စရာကောင်းတဲ့ခံစားချက်ကိုလည်းရရှိစေပါတယ်။ဝမ်းချုပ်တဲ့လူတွေကတော့ ဒီခံစားချက်ရဲ့ဆန့်ကျင်ဘက်ခံစားချက်ကိုရရှိတာပါ။

ဝမ်းမသွားရတဲ့နေ့တွေမှာဆို ဗိုက်ကဘဲပိုပူနေသလိုလို၊ လေတွေပွထနေတာလိုလို၊ခန္ဓာကိုယ်ထဲမှာမအီမသာဖြစ်တာလိုလို၊ တစ်ခုခုကိုဆွဲထားသလိုမျိုးလေးလံတာလိုလို စသဖြင့် မကောင်းတဲ့စိတ်ခံစားချက်ကိုရရှိစေပါတယ်။

ဝမ်းချုပ်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေကဘယ်လိုတွေ ညည်းတွားတတ်ကြသလဲဆိုတော့

`ကျွန်မကတော့ဒီတပတ်ထဲမှာ နှစ်ကြိမ်ထဲဝမ်းသွားရသေးတာ။ဗိုက်ထဲနေလို့လဲမကောင်းဘူး။´

`ဝမ်းသွားတော့လည်း အိမ်သာထဲမှာအကြာကြီးထိုင်နေရတာ။အီးကထွက်လားဆိုတော့လည်း မထွက်ဘူး။ထွက်ဖို့ညှစ်ပေမယ့် ဝမ်းကမထွက်ဘူး၊ ပြူတစ် ပြူတစ်နဲ့ ။အတော်ဆိုးဆိုးပါအေ။´

`စမြင်းတုံးခံနေတာမို့ ခက်ခက်ခဲခဲသွားရတယ်။ဝမ်းသွားပြီးတော့လည်း ဖင်ကနာပြီးကျန်ခဲ့တာ´

`ဗိုက်ကြီးကလည်းတစ်နေ့တခြား ပိုပိုပူလာသလိုပဲ။ဗိုက်ထဲမှာလည်းလေတွေကပြေးလွှားနေသလိုပဲ။´
စသဖြင့် စသဖြင့် ညည်းတွားတတ်ကြပါတယ်။

✅ကိုယ်ဝန်ဆောင်ချိန်မှာဘယ်လိုလူတွေကပိုပြီးဝမ်းချုပ်နိုင်သလဲ?

ကိုယ်ဝန်မဆောင်မီ အရင်ကတည်းကဝမ်းချုပ်လေ့ချုပ်ထရှိခဲ့ဖူးတဲ့သူတွေ။

အဝလွန်ပြီးတော့ ခန္ဓာကိုယ်အလေးချိန်များလွန်းတဲ့သူတွေ။

ကိုယ်ဝန်ဆောင်ချိန်မှာသံဓာတ်အားဆေးအလွန်အကျွံသောက်သုံးတဲ့သူတွေ။

ရေဓာတ်နဲ့အမျှင်ဓာတ် လုံလောက်စွာမစားသုံးတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

မတ်တပ်ရပ်တာ၊ ထိုင်တာများလွန်းတဲ့သူတွေ။

✅ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းမဖြစ်ရလေအောင် ဘယ်လိုကာကွယ်မလဲ?

အမျှင်ဓာတ် (Fiber) ပြည့်ဝစွာပါဝင်တဲ့ အစားအစာများကို ရွေးချယ်စားသုံးပါ။အသီးအရွက်များ၊ သစ်သီးဝလံများ၊ ဖွဲနုနှင့် အစေ့အဆံများ စားသုံးပေးပါက ဝမ်းအမြန်သွားစေဖို့ ကူညီပေးပါတယ်။

ရေများများသောက်ပေးပါ။တစ်နေ့လျှင် ရေအနည်းဆုံးဖန်ခွက် (၆-၈ )ခွက်သောက်ပေးပါက ဝမ်းကိုပျော့ပျောင်းစေပြီး ဝမ်းချုပ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ နေ့စဉ်မိနစ်(၂၀)ခန့်လမ်းလျှောက်ပေးတာ၊ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးက အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။

ဝမ်းအောင့်မထားပါနဲ့။ ဝမ်းသွားခြင်တဲ့စိတ်ပေါ်လာခဲ့ရင် ချက်ချင်းထသွားပါ။ ဝမ်းအောင့်ထားတာက ဝမ်းချုပ်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

ကိုယ်ဟန်အနေအထားမှန်ပါစေ။အနောက်တိုင်းအိမ်သာသုံးတဲ့ မေမေတွေရှိခဲ့ရင် ခြေထောက်အောက်မှာ ခွေးခြေခုံခံပေးပါက အူမကြီးကိုပိုပြီး ဖြောင့်တန်းစေတာမို့ ဝမ်းသွားရလွယ်ကူစေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဝမ်းနုတ်ဆေးသောက်သုံးဖို့လိုအပ်ခဲ့မယ်ဆိုရင် OG ကညွှန်ကြားပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ်ဝမ်းပျော့ဆေးတွေ ဝမ်းနုတ်ဆေးတွေကို ဝယ်သောက်တာမျိုးမလုပ်သင့်ပါ။ဝမ်းနုတ်ဆေးအများစုဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ် နဲ့ သတ္တုဓါတ်တွေကိုဆုံးရှုံးစေနိုင်ပါတယ်။ဒါကြောင့်မို့ ဝမ်းနှုတ်ဆေးသောက်တော့မယ်ဆိုရင် ဘယ်အချိန် ဘယ်လောက်ပမာဏ သောက်ရမလဲဆိုတာကို မှန်မှန်ကန်ကန်တိတိကျကျ သိရှိပြီးမှသောက်သုံးသင့်ပါတယ်။

✅ဆရာဝန်နှင့်တိုင်ပင်ရမယ့်အခြေအနေများ

ဝမ်းချုပ်ခြင်းနဲ့အတူ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲမှာ သွေးပါလာတာ ဒါမှမဟုတ် ချွဲပါလာတာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းဆွေးနွေးတိုင်ပင်သင့်ပါတယ်။

References;

https://my.clevelandclinic.org/health/diseases/21895-pregnancy-constipation



#ဝမ်းချုပ်ခြင်း
#စမြင်းတုံး
#ကိုယ်ဝန်ဆောင်

✅ကိုယ်ဝန်ဆောင်စဉ် ခြေချောင်း လက်ချောင်းများ ထုံကျဉ်ခြင်းကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့တစ်ဦးကြားထဲမှာ ထုံကျဉ်ကိုက်ခဲတဲ့ဝေဒနာဟ...
26/04/2026

✅ကိုယ်ဝန်ဆောင်စဉ် ခြေချောင်း လက်ချောင်းများ ထုံကျဉ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့တစ်ဦးကြားထဲမှာ ထုံကျဉ်ကိုက်ခဲတဲ့ဝေဒနာဟာ အနည်းနဲ့အများကွဲပြားခြားနားလေ့ရှိပါတယ်။ သို့ပေသိခြေချောင်းလက်ချောင်းလေးတွေ ထုံကျဉ်ကိုက်ခဲတာကျတော့ အများစုတူတတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခြေချောင်းလက်ချောင်းတွေ ထုံကျဉ်ကိုက်ခဲတာဟာ ကိုယ်ဝန်(၄)လလောက်မှာ ခဏတာ စတင်ပေါ်လာတတ်ပြီးတော့ ပြန်ပျောက်သွားတတ်ပါတယ်။ဒီအချိန်မှာ အဖြစ်လည်းနည်းပြီးတော့ ဝေဒနာကလည်းမပြင်းထန်သေးပါဘူး။

အများစုကတော့ကိုယ်ဝန်နောက်ဆုံး သုံးလပတ်မှာ အဖြစ်များကြပါတယ်။ ထုံကျဉ်ကိုက်ခဲတာက လက်ချောင်း ၊ခြေချောင်း၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ် ကနေတဆင့် ပေါင် တင်ပါး နဲ့ နောက်ဆုံးမှာ ခါးတွေအထိပါ ထုံကျဉ်ကိုက်ခဲတဲ့ဝေဒနာတွေကရောက်ရှိသွားပါတော့တယ်။

မနက်အိပ်ရာထချိန်၊ ညတရေးနိုးချိန်၊ ဒါမှမဟုတ် အိပ်ရာကနေ ရုတ်တရက်ထပြီးလှုပ်ရှားချိန်မှာ ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ လက်ကထိလို့ထိမှန်းမသိဘဲ ထုံနေတာမျိုး၊ ပူခနဲဖြာထွက်သွားတဲ့ခံစားချက်မျိုး နဲ့ ကျဉ်ခနဲနာကျင်မှုမျိုးတွေ ခံစားရတတ်ပါတယ်။

ဒီလိုကိုက်ခဲနာကျင်တဲ့ဝေဒနာဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ကျန်းမာရေးအပေါ်ကြီးကြီးမားမားသက်ရောက်မှုမရှိပေမယ့် နေ့စဉ်ပြုလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေကိုတော့ သက်တောင့်သက်သာနဲ့ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။

✅အဓိကဖြစ်ရတဲ့အကြောင်းရင်းများ

၁)ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ ကလေးငယ်အတွက် သားအိမ်ထဲ နေရာပိုရစေဖို့ ၊ကိုယ်အလေးချိန်တိုးလာမှုကို ခံနိုင်ရည်ရှိစေဖို့၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရွတ် (Ligaments) ၊အဆစ်တွေနဲ့ ကြွက်သားတွေကို ပျော့ပြောင်းပြေလျော့လာစေဖို့ အတွက် (Relaxin)ဟော်မုန်းတွေ အများကြီးထုတ်လွှတ်ပေးရပါတယ်။ (Relaxin)ဟော်မုန်းကို မျိုးဥအိမ်ကထုတ်လွှတ်ပေးသလို သန္ဓသေားရဲ့အချင်းကနေလည်းထုတ်လွှတ်ပေးပါတယ်။ မွေးဖွားချိန်မှာလည်း ကလေးငယ် ချောချောမွေ့မွေ့ထွက်လာနိုင်ဖို့အတွက်တင်ပါးဆုံရိုးမှာရှိတဲ့အရွတ်တွေကို ပျော့ပျောင်းစေပြီး တင်ပါးဆုံရိုးကို ပိုမိုကျယ်လာစေဖို့ ကူညီပေးပါတယ်။ အရွတ် နဲ့ အရိုးတွေပျော့ပြောင်းလာတာမို့ ကိုယ်ဟန်အနေအထားပုံစံပြောင်းလဲလာကာ ရလဒ်အနေနဲ့ အာရုံကြောညပ်တာဖြစ်လာနိုင်ပြီး စူးခနဲနာကျင်တာ၊ ခြေထောက် ၊ ပေါင်၊ ခါးနဲ့ တင်ပါးထဲက ထုံကျဉ်တာတွေ ဖြစ်လာနိုင်ပါတယ်။

၂)အလားတူပါပဲ ကလေးပိုထွားလာတာနဲ့အမျှ သားအိမ်ကကြီးထွားလေးလံလာပြီး ကြွက်သား၊ အရွတ်နဲ့အာရုံကြောတွေမှာ အရင်နဲ့မတူဘဲ ဝန်ပိုပိစေနိုင်လို့ ထုံကျဉ်တဲ့ ခံစားမှုတြွေဖစ်စေနိုင်ပါတယ်။

၃)ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်ကနေ ရေဓာတ်နဲ့ ဆားဓာတ်တွေကို ပိုမိုထိန်းထားခြင်း (Fluid retention) ကြောင့် တစ်ရှူးတွေရောင်ရမ်းပြီး အရည်တွေစုလာတာကြောင့် အာရုံကြောတွေကို ဖိမိရာမှ ထုံကျင်ခြင်းဆိုတဲ့ဝေဒနာတွေ ဖြစ်ပေါ်လာပါတော့တယ်။ခြေထောက်တွေ လက်တွေဖောင်းလာရောင်လာလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လက်ချောင်း၊ ခြေချောင်းထိပ်တွေအပြင် လက်ကောက်ဝတ်၊ ခါး၊ ခြေထောက်တို့မှာ ထုံကျဉ်တာတွေပိုဖြစ်လာနိုင်ပါတယ်။

၄)ကိုယ်ဝန်ဆောင်စဉ်အာဟာရတွေကို မျှမျှတတနဲ့လုံလောက်စွာ စံနစ်တကျစားသုံးတတ်ခြင်းဟာလည်းအရေးကြီးသောအခန်းကဏ္ဍကနေပါဝင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တယောက် အာဟာရချို့တဲ့လာပြီဆိုရင် ခုခံအားတွေကျဆင်းလာတာ၊ သွေးလည်ပတ်မှုမကောင်းမွန်တော့တာ ၊သွေးအားနည်းတာ နဲ့ နောက်ဆုံးမှာခြေလက်တွေထုံကျဉ်လာတာတွေပါဖြစ်လာပါတော့တယ်။

၅)လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်းဟာလည်း ခြေလက်ထုံကျဉ်ခြင်းရဲ့အကြောင်းရင်းတစ်ခုထဲမှာပါဝင်ပါတယ်။အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာကိုယ်ဝန်လရင့်တာလာတာနဲ့အမျှ ခန္ဓာကိုယ်က လေးလံထိုင်မှိုင်းလာတာရယ်၊ ပင်ပန်းနွမ်းနယ်နေတာကြောင့်ရယ် လေ့ကျင့်ခန်းပြုလုပ်ဖို့ ပျင်းရိလာတတ်ကြပါတယ်။ဒီလိုပျင်းရိပြီး တက်ကြွလှုပ်ရှားမှုမရြှိခင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ခြေလက်တွေကိုပိုခိုင်လာစေပြီး ထုံကျင်ကိုက်ခဲလာစေပါတယ်။ ကလေးမွေးဖွားတဲ့အချိန်မှာလည်း ခက်ခဲတတ်ပါတယ်။ ခြေဖျားလက်ဖျားထိပ်တွေအထိကို သွေးရောက်ရှိမှုနည်းပါးလာပြီးတော့ အောက်စီဂျင် နဲ့ အာဟာရပံ့ပိုးမှုတွေကျဆင်းလာပါတော့တယ်။ဒါဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ခြေချောင်းလက်ချောင်းထုံကျဉ်ခြင်းဖြစ်လာစေတဲ့ အစပါဘဲ။

၆)ကိုယ်ဝန်ဆောင်မိခင်မှာ နဂိုရောဂါအခံတစ်ခုခုဥပမာ- ဆီးချိုရောဂါ၊ အဝလွန်ရောဂါ ၊သွေးတွင်းအဆီများလွန်းတဲ့ရောဂါ ၊အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါ နဲ့ သွေးအားနည်းရောဂါတွေရှိခဲ့မယ်ဆိုရင်လည်းပဲ ခြေလက်ထုံကျဉ်တဲ့ပြဿနာတွေက ပိုမိုဆိုးရွားလာနိုင်ပါတယ်။

✅ဘယ်လို သက်သာအောင်လုပ်ရမလဲ?

🍊ရေနွေးနွေးထဲမှာ စိမ်ပေးခြင်း (သို့မဟုတ်) ရေနွေးအိတ်ကပ်ပေးခြင်းက သွေးလည်ပတ်မှုကို တိုးလာစေပြီး ကြွက်သားများကို ပြေလျော့စေကာ ထုံကျဉ်မှုကိုသက်သာစေပါတယ်။

🍊ခြေချောင်းလက်ချောင်းလေးတွေကိုနေ့စဉ်မိနစ်(၃၀)ခန့်ညင်ညင်သာသာနှိပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးတော့ ခြေချောင်းလက်ချောင်းထုံကျဉ်တာတွေကိုသက်သာစေပါတယ်။

🍊လက်ချောင်း၊ ခြေချောင်းလေးတွေကို လှုပ်ရှားပေးတာ၊ ခြေကျင်းဝတ်ကို ဝိုင်းပေးတာ စတဲ့ရိုးရှင်းတဲ့ အကြောလျှေ့ာလေ့ကျင့်ခန်းတွေက အာရုံကြောပေါ် ဖိမိနေတဲ့ဖိအား တွေကိုလျော့ကျစေနိုင်ပါတယ်။

🍊ကိုယ်ဝန်ဆောင်မိခင်ဖြည့်စွက် အားဆေးတွေအပြင် Magnesium, Calcium, folic acid, B1, B2 ပါဝင်တဲ့ ဖြည့်စွက်အစားအစာ နဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးရမှာဖြစ်ပါတယ်။ကြက်ဥ ၊နွားနို့ နဲ့အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များကို ရွေးချယ်စားသုံးပေးရပါမယ်။

🍊ယောဂလိုမျိုး ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အပြင် အဆစ်အမြစ်တွေခိုင်မနေစေဘဲ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ လှုပ်ရှားစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခြေချောင်းလက်ချောင်းတွေ ထုံကျဉ်ကိုက်ခဲတဲ့ဝေဒနာတွေကိုပါ သက်သာစေပါတယ်။ခြေချောင်းလက်ချောင်းတွေဟာ မလှုပ်ရှားလေ ပိုပြီးထုံကျဉ်ကိုက်ခဲလေ မဖြစ်ရလေအောင် OG ကလုပ်ဖို့ခွင့်ပြုထားတဲ့အခြားသော လေ့ကျင့်ခန်းတွေပါ ပြုလုပ်ပေးလို့ရပါတယ်။

🍊လိုအပ်လို့ရှိရင် ဆရာဝန်ကညွှန်ကြားထားတဲ့ အကိုက်အခဲပျောက်ဆေးသောက်တာ၊ အပူသိပ်မပြင်းတဲ့ လိမ်းဆေး လိမ်းပေးတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

🍊ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့အိပ်တာ၊ ကြွက်သားတွေဆန့်ထုတ်အကြောလျှော့တာ၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းလေးတွေရှိပါတယ်။

✅ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်သလဲ?

ကိုယ်ဝန်ဆောင်ချိန်ထုံကျဉ်ခြင်းဟာ ပုံမှန်ဖြစ်လေ့ရှိပေမယ့်လည်း အောက်ပါလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အလွန်အမင်း နာကျင်လာခြင်း။

လက်အကြောများ အားနည်းလာခြင်း။ပစ္စည်းများ ကိုင်တွယ်ရာတွင် မကြာခဏပြုတ်ကျခြင်း။

ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ (Pre-eclampsia) နှင့် ဆက်စပ်နိုင်သည့် ရုတ်တရက် ရောင်ရမ်းမှုများ ဖြစ်ပေါ်လာခြင်း။

https://my.clevelandclinic.org/health/body/24305-relaxin

https://www.vinmec.com/eng/blog/pregnant-women-often-experience-numbness-in-their-hands-and-feet-during-pregnancy-en #:~:text=Light%20exercise%20can%20help%20pregnant,can%20also%20help%20reduce%20numbness.


#ကိုယ်ဝန်ဆောင်ချိန်ခြေလက်ထုံကျဥ်ခြင်း

Address

Between 71*72 , 34 Th Street
Mandalay

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00

Telephone

09971243547

Website

Alerts

Be the first to know and let us send you an email when မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share