
12/11/2024
မိန်းမကိုယ် ယားယံခြင်း အဖြူဆင်းခြင်း အနံဆိုးထွက်ခြင်းများ
#မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း
မှိုမစွဲအောင် ဂရုစိုက်ဖို့ အရေးကြီးတယ်နော်
မိန်းမကိုယ်ယားယံခြင်းဖြစ်စေတဲ့ အကြောင်းတွေထဲက
တစ်ခုဖြစ်တဲ့ မိန်းမကိုယ် မှိုစွဲခြင်းအကြောင်း မျှဝေပေးချင်ပါတယ်။ မှိုစွဲရာကနေ မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားယားယံတာ၊ မခံနိုင်လွန်းလို့ လက်သည်းနဲ့ ကုတ်ရာကနေ အရေပြားနေရာတွေပေါက်ပြဲတာမျိုး၊ ဆီးသွားဖို့တောင်ခက်ခဲတာမျိုးအထိ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ👀
💮မိန်းမကိုယ်နေရာတဝိုက်မှာ ယားယံတာ
💮ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက်ခံစားရတာ
💮ရောင်ရမ်းတာ၊ နာကျင်တာ
💮ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ
💮ဆီးပူ၊ ဆီးကျင်တာ
💮အမျိုးသားနှင့်အတူနေချိန် နာကျင်တာ
(တချို့အမျိုးသမီးတွေမှာ မိန်းမကိုယ် အနံ့ဆိုးတာတွေလည်း ဖြစ်တတ်ပါတယ်)
ဘာကြောင့်ဖြစ်တာလဲ 👀
Candida လို့ခေါ်တဲ့ မှိုတစ်မျိုးဟာ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ထဲမှာ ပုံမှန်အားဖြင့် အနည်းငယ်ရှိပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိပါဘူး။ သူ့ရဲ့ပုံမှန်အခြေအနေ ပျက်သွားပြီး ရှိသင့်တာထက် ပိုပွားလာရင်တော့ ရောဂါလက္ခဏာတွေ
စပြီး ဖြစ်လာပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ👀
🦠ဆီးချိုရောဂါရှိသူများ
🦠ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကိုယ်ဝန်တားဆေးသောက်နေတဲ့သူများ
🦠သားအိမ်ထဲ ကိုယ်ဝန်တားပစ္စည်းထည့်ထားသူများ
🦠 ပိုးသတ်ဆေး၊ စတီးရွိုက်ဆေးသောက်နေသူများ
🦠ကိုယ်ခံအားနည်းသူများ၊ အိပ်ရေးပျက်လွန်းသူများ၊ စိတ်ဖိစီးမှုများသူများ
🦠ရာသီလာခါနီးနှင့်၊ ရာသီလာနေချိန်
🦠ဂျင်းဘောင်းဘီကျပ်ကျပ် ဝတ်လေ့ရှိသူများ
🦠ရေကူးပြီး ရေကူးဝတ်စုံအစိုနဲ့ အကြာကြီး ဆက်နေလေ့ရှိသူများ
🦠ကိုယ်အလေးချိန် များတဲ့သူများ
ဘယ်လို ကုသ၊ ကာကွယ်မလဲ ✅✅
✅မှိုသတ်ဆေးပါတဲ့ လိမ်းဆေး၊ သောက်ဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြု သင့်ပါတယ်။
✅ယားယံတာ၊ နေရထိုင်ရမသက်မသာဖြစ်တာတွေအတွက် မိန်းမကိုယ်သန့်ရှင်းရေးကို တစ်နေ့ ၂ကြိမ်-၃ကြိမ် လုပ်သင့်ပါတယ်။
✅ဂျင်းဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာရှောင်ပြီး ချည်သားအတွင်းခံ ပွပွကိုဝတ်ပါ။
✅မိန်းမကိုယ်ကို ရိုးရိုးဆပ်ပြာနဲ့ ဆေးတာက မိန်းမကိုယ်အတွင်းပိုင်းကို ခြောက်စေပြီး Candida မှို လိုတာထက် ပိုပွားလာတာမျိုးဖြစ်စေလို့ ရှောင်ကျဉ်ပါ။
✅ရေချိုး၊ အိမ်သာသွားပြီးလျှင် မိန်းမကိုယ်ကိုသေချာခြောက်သွေ့အောင်သုတ်ပါ။
✅အတွင်းခံလျှော်ဖွတ်ပြီး သေချာမခြောက်သေးဘဲ ဝတ်တာမျိုးရှောင်ပါ။
✅မိန်းမကိုယ်မှိုစွဲနေစဉ် လိင်ဆက်ဆံတာရှောင်ပါ။
မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း
အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။
ဘာလက္ခဏာတွေ ကြုံရသလဲ
မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။
– မိန်းမကိုယ်ယားယံခြင်း
– မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း
– မိန်းမကိုယ်မှ ဆင်းသော အရည်များ အရောင်ပြောင်းခြင်း
– ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း
– လိင်ဆက်ဆံစဉ် နာကျင်ခြင်း
– မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်း
မိန်းမကိုယ်ပိုးဝင်ခြင်းဟာ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။
– မိန်းမကိုယ်မှိုစွဲခြင်း။ များသောအားဖြင့် ယားယံတတ်ပါတယ်။ ဆင်းတဲ့အရည်ဟာ ပျစ်ပြီး ဖြူပါတယ်။
– Trichomonas ပိုးဝင်ခြင်း။ မိန်းမိကိုယ်ယားယံပြီး အနံ့နံပါတယ်။ စိမ်းဝါရောင်များဆင်းပြီး အမြှုပ်များ တွေ့ရနိုင်ပါတယ်။
ဖြစ်စေသော အကြောင်းအရင်းများ
မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– ဘက်တီးရီးယားပိုးဝင်ခြင်း။ bacterial vaginosis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားများနဲ့ မကောင်းတဲ့ ဘက်တီးရီးယားများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်ပါတယ်။
– မှိုစွဲခြင်း။ Candida albican ဆိုတဲ့ ရောဂါပိုးကြောင်း အများဆုံးဖြစ်ပွားပါတယ်။
– Trichomoniasis။ လိင်ဆက်တဆံရာကနေ ကူးစက်တဲ့ ပရိုတိုဇိုဝါကပ်ပါးပိုးကြောင့် ဖြစ်တတ်ပါတယ်။
– မိန်းမကိုယ်ကျုံ့သွားခြင်း။ သွေးဆုံးချိန်မှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းများနည်းသွားပြီး မိန်းမကိုယ်ဟာ သေးငယ်ခြောက်သွေ့သွားတတ်ပါတယ်။
ဘယ်အချိန် ဆရာဝန်ပြမလဲ
မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။
– ယခင်က မိန်းမကိုယ်ပိုးဝင်ဖူးခြင်း
– မိန်းမကိုယ်ပိုးဝင်ခြင်း ကြုံဖူးသော်လည်း ယခင်နှင့်မတူသော လက္ခဏာအသစ်များပြနေခြင်း
– လိင်ဆက်ဆံသူမတူညီခြင်း၊ အဖော်အသစ်နှင့် နေမိခြင်း
– ဖျားနာခြင်း
– ကိုယ်ဝန်ရှိနေသည်ဟု ယူဆမိခြင်း
– ကုသမှုပြုလုပ်ထားသော်လည်း ပြန်ဖြစ်ခြင်း
မိန်းမကိုယ်ပိုးဝင်ခြင်းအများစုအတွက် အိမ်မှာပဲ သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြတာကတော့ အကောင်းဆုံးပါပဲ။
ဘယ်လိုကုသနိုင်သလဲ
မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်
– ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် Metronidazole သောက်ဆေး လိမ်းဆေး၊ Clindamycin လိမ်းဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။
– မှိုပိုးဝင်ခြင်းအတွက် လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေ ရှိပါတယ်။
– ကပ်ပါးပိုးဝင်ခြင်းအတွက် Metronodazole ဒါမှမဟုတ် tinidazole ဆေးများ သုံးစွဲနိုင်ပါတယ်။
– မိန်းမကိုယ်သေးပြီး ခြောက်သွေ့သွားခြင်းအတွက် အီစထရိုဂျင်လိမ်းဆေးများ သုံးစွဲနိုင်ပါတယ်။
သတိပြုရန် - အကောင်းဆုံးကတော့ မိမိဘာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။ အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကြပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွားကူးစက်စေနိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။