18/05/2026
🚨 ကြွက်တွေကနေတစ်ဆင့် အသက်အန္တရာယ်ပေးနိုင်တဲ့ Hanta Virus (ဟန်တာဗိုင်းရပ်စ်) အကြောင်း သိကောင်းစရာ 🚨
ခုလို မိုးရွာနေချ်ိန်ရာသီတွေမှာ အိမ်ထဲ၊ ဆိုင်ခန်းထဲကို ကြွက်တွေ ဝင်ရောက်ခိုအောင်းတတ်ပါတယ်။ ဒီလိုကြွက်တွေဆီကနေ လူကို အလွယ်တကူ ကူးစက်နိုင်ပြီး အဆုတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ "Hanta Virus" အကြောင်းကို ကျန်းမာရေးသတိပြုစရာအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
🦠 Hanta Virus ဆိုတာ ဘာလဲ?
ကြွက်တွေရဲ့ တံတွေး၊ ဆီး နဲ့ ကျင်ကြီးတွေထဲမှာ ခိုအောင်းနေတတ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူကနေ လူကိုတော့ မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် ပိုးရှိတဲ့ ကြွက်တွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိတွေ့မိရာကနေ ကူးစက်တတ်ပါတယ်။
⚠️ ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်သလဲ?
(၁) လေထဲမှတစ်ဆင့် ရှူရှိုက်မိခြင်း (အဖြစ်အများဆုံး): ကြွက်ချေး သို့မဟုတ် ကြွက်သေးတွေ ခြောက်သွေ့ပြီး အမှုန်အမွှားလေးတွေ လေထဲ လွင့်ပျံနေတာကို ရှူရှိုက်မိခြင်း။ (ဥပမာ - ကြွက်ချေးတွေကို တံမြက်စည်းနဲ့ ဖုန်ထအောင် လှဲထုတ်လိုက်တဲ့အခါမျိုးမှာ အလွယ်တကူ ရှူမိတတ်ပါတယ်။)
(၂) ကြွက်ချေး၊ ကြွက်သေး ပေကျံနေတဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်မိပြီး ထိုလက်နဲ့ မိမိရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ပြန်လည် ပွတ်သပ်ကိုင်တွယ်ခြင်း။
(၃) ကြွက် ကိုက်ခံရခြင်း။
🤒 ရောဂါလက္ခဏာများက ဘာတွေလဲ?
ပိုးဝင်ပြီး (၁) ပတ် ကနေ (၈) ပတ် အတွင်းမှာ လက္ခဏာတွေ စတင်ပြတတ်ပါတယ်။
• ကနဦး လက္ခဏာများ: ဖျားခြင်း၊ အလွန်အမင်း နုံးချည့်ခြင်း၊ ကြွက်သားများ (အထူးသဖြင့် ပေါင်၊ ခါး၊ ကျောကုန်းများ) ပြင်းထန်စွာ ကိုက်ခဲခြင်း။
• နောက်ပိုင်း လက္ခဏာများ (၄ ရက်မှ ၁၀ ရက်အကြာ): ဗိုင်းရပ်စ်က အဆုတ်ထဲကို ရောက်သွားပြီး အဆုတ်ထဲ ရေဝင်လာတဲ့အတွက် ချောင်းဆိုးလာခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ လေဝဝရှူမရဘဲ မောလာခြင်း။ (ဒီအဆင့်ရောက်ရင် အသက်အန္တရာယ် ရှိနိုင်တဲ့အထိ ပြင်းထန်ပါတယ်။)
🛡️ ဘယ်လို ကာကွယ်ကြမလဲ?
ဆေးပညာမှာ Hanta Virus အတွက် သီးသန့် ကုသနိုင်တဲ့ ဆေးမရှိသေးတာကြောင့် "ကြိုတင်ကာကွယ်ခြင်း" ကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
• ကြွက်မလာအောင် ရှင်းလင်းပါ: အိမ်ထဲ၊ ဆေးခန်းထဲ၊ ဂိုဒေါင်ထဲမှာ ကြွက်ခိုအောင်းနိုင်တဲ့ အမှိုက်ပုံတွေ၊ ပစ္စည်းအဟောင်းတွေကို ရှင်းလင်းပါ။ အစားအသောက်တွေကို လုံခြုံအောင် ဖုံးအုပ်ထားပါ။
• စနစ်တကျ သန့်ရှင်းရေးလုပ်ပါ: ကြွက်ချေး တွေ့ရင် ဖုန်ထအောင် တံမြက်စည်းနဲ့ လှဲတာ၊ Vacuum စုပ်တာမျိုး လုံးဝ (လုံးဝ) မလုပ်ပါနဲ့။
• မှန်ကန်သော ရှင်းလင်းနည်း: ရေနဲ့ ချွတ်ဆေး (Bleach) ဒါမှမဟုတ် ပိုးသတ်ဆေးရည် တစ်ခုခုကို ကြွက်ချေးပေါ် အရင်ဖြန်းပါ။ (၅) မိနစ်လောက် ထားပြီးမှ လက်အိတ်စွပ်ကာ စက္ကူ သို့မဟုတ် အဝတ်စနဲ့ အသာအယာ ကောက်ယူစွန့်ပစ်ပါ။ ပြီးလျှင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ပြန်ဆေးပါ။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ လက္ခဏာတွေ ခံစားလာရရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
အားလုံးပဲ ရောဂါဘယဘေးမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ 💙