
19/06/2025
🔰ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလား?
ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလား
ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးဆင်းတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ပထမ သုံးလကာလမှာပေါ့။ ဒါပေမဲ့ တစ်ခါတလေကျပြန်တော့လည်း အရေးကြီးတဲ့အခြေအနေတွေ ဖြစ်တော့မယ်ဆိုတာ သတိပေးနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ရော သင့်ကလေးကောရဲ့အခြေအနေကို သေချာသိချင်ရင် ဆရာဝန်ဆီသွားပြတာတော့ မမှားပါဘူး။
ကိုယ်ဝန်ပထမ သုံးလကာလအတွင်း သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီ ၁၂ ပတ်ကာလအတွင်းမှာ သွေးဆင်းတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကတော့-
၁။ သန္ဓေသားလောင်း တွယ်ကပ်ချိန်
သန္ဓေအောင်ပြီးသားမျိုးဥဟာ သားအိမ်နံရံမှာ တွယ်ကပ်တဲ့အခါ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ ၆ – ၁၂ ရက် အတွင်းမှာ ဖြစ်တတ်ပါတယ်။ တချို့ အမျိုးသမီးတွေကျတော့ ဒါကို ရာသီသွေးဆင်းတယ် ထင်ပြီး ကိုယ်ဝန်ရှိမှန်းမသိ ဖြစ်တတ်ပါတယ်။ အများအားဖြင့် သွေးဆင်းတာဟာ နည်းနည်းလေးနဲ့ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်လောက်သာ ဆင်းတတ်ပါတယ်။
၂။ သားပျက်သားလျှောဖြစ်ခြင်း
ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ အဖြစ်အများဆုံးကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ သွေးဆင်းတယ်ဆိုရင် သားပျက်သားလျှော ဖြစ်၊ မဖြစ် စစ်ကြည့်ရပါမယ်။ သို့ပေမဲ့ ဒီကာလမှာ သွေးဆင်းတယ်ဆိုတာ သင့်ကလေးကို လုံးဝ ဆုံးရှုံးလိုက်ရပြီ၊ သားပျက်သားလျှောဖြစ်ပြီလို့ မဆိုလိုတာကို သတိပြုပါလေ။ အာထရာဆောင်း သွားရိုက်လိုက်လို့ ကလေးနှလုံးခုန်တာကို တွေ့နေရပြီဆိုရင် သွေးဆင်းတဲ့ အမျိုးသမီးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သားပျက်သားလျှောဖြစ်တာ မဟုတ်ပါဘူး။
သားပျက်သားလျှောဖြစ်ခြင်းရဲ့လက္ခဏာတွေကတော့ –
* သွေးဆင်းတာအပြင် ဗိုက်အောက်ပိုင်းကိုက်ခဲတာ၊
* သန္ဓေသားရဲ့ တစ်သျှူးအစတွေ ထွက်ကျတာ စတာတွေ ဖြစ်တတ်ပါတယ်။
၃။ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း
အများအားဖြင့် သားဥပြွန်တွင် သန္ဓေတည်တတ်ပါတယ်။ သားဥပြွန်က ကျဉ်းတဲ့အတွက် သန္ဓေသား ကြီးထွားလာတဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်။ ဒါဟာ မိခင်အတွက် အသက်အန ္တရာယ်ကို စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂ ရာခိုင်နှုန်းမှာ သားအိမ်ပြင်ပသန္ဓေတည်တတ်တာကိုလည်း တွေ့ရှိရပါတယ်။
သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းရဲ့ တခြားလက္ခဏာတွေကတော့ –
* ဝမ်းဗိုက်အောက်ပိုင်း ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာ၊
* မူးမေ့လဲတာ စတာတွေ ဖြစ်ပါတယ်။
၄။ စပျစ်သီးသန္ဓေတည်ခြင်း
သားအိမ်ထဲမှာကလေးလေးမဟုတ်တော့ပဲ ပုံမှန်မဟုတ်တဲ့တစ်သျှူးစတွေ ဖြစ်နေတာပါ။ ရှားပါးတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီတစ်သျှူးစတွေဟာ ကင်ဆာဖြစ်နိုင်ပြီးတော့ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။
တခြားသောလက္ခဏာတွေကတော့ –
* ပြင်းထန်စွာ မူးဝေပျို့အန်တာ၊
* သားအိမ်က ပုံမှန်ထက်ပိုပြီး ကြီးထွားလာတာ (ဗိုက်ပူမြန်ခြင်း) တို့ ဖြစ်ပါတယ်။
တခြား အကြောင်းအရာတွေအနေနဲ့ ကိုယ်ဝန်ပထမ သုံးလကာလအတွင်း သွေးဆင်းတာကို ဖြစ်စေတဲ့ အနေအထားကတော့ ပိုးဝင်တာနဲ့ သားအိမ်ခေါင်းအတွင်း ပြောင်းလဲမှုတွေ ဖြစ်တာ စတာတွေ ဖြစ်ပါတယ်။
ကိုယ်ဝန် ဒုတိယ သုံးလကာလနှင့် တတိယ သုံးလကာလတွင် သွေးဆင်းခြင်း
ဒီလိုအချိန်တွေမှာ သွေးဆင်းရင် မကောင်းတဲ့ကိစ္စ ဖြစ်ဖို့များပါတယ်။ ဆရာဝန်ဆီချက်ချင်းသွားဖို့ ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
အကြောင်းရင်းတွေကတော့ –
၁။ အချင်းရှေ့ရောက်ခြင်း
အချင်းဟာ ကလေးထွက်မယ့် မွေးလမ်းကြောင်းကို ပိတ်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အယောက် ၂၀၀ မှာ ၁ ယောက်သာ ဖြစ်တတ်ပါတယ်။ သွေးဆင်းတဲ့အခါ နာကျင်မှု မရှိတတ်ပါဘူး။ ဒါပေမဲ့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားဖို့ လိုအပ်ပါတယ်။
၂။ အချင်းကွာခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ၁ ရာခိုင်နှုန်းမှာသာ ဖြစ်တတ်ပါတယ်။ အချင်းဟာ ကလေး မမွေးခင် စောကွာကျတဲ့အတွက် ကလေးရော မိခင်ရဲ့အသက်အန ္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ သွေးခဲတွေဆင်းပြီး ခါးတွေပါ နာလာရင် သတိထားပါ။
၃။ သားအိမ်ကွဲခြင်း
အရင်က ခွဲမွေးဖူးတဲ့သူတွေ အခု ကိုယ်ဝန်မှာ သွေးဆင်းပြီး ဗိုက်တအား နာလာရင် သားအိမ်ကွဲတာ ဖြစ်နိုင်ပါတယ်။
၄။ လမစေ့ ပေါင်မပြည့်ဘဲ ကလေးမွေးခြင်း
သွေးဆင်းတာက သင့်ကိုမွေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ၃၇ ပတ် မတိုင်ခင်မှာ မွေးရင် ကလေးအတွက် စိုးရိမ်ရပါတယ်။
ကိုယ်ဝန် ဒုတိယ သုံးလကာလနှင့် တတိယ သုံးလကာလတွင် သွေးဆင်းတာကို ဖြစ်စေတဲ့ တခြားအကြောင်းတွေကတော့ –
* မွေးလမ်းကြောင်း ဒါမှမဟုတ် သားအိမ်ခေါင်းကို ထိခိုက်မိတာ
* အသားပို ရှိတာ
* ကင်ဆာရောဂါတွေကြောင့်လည်း သွေးဆင်းတတ်ပါတယ်။
ကဲ.. ကိုယ်၀န်ဆောင် ကာလ အချိန်တွေမှာ သွေးဆင်းတတ်တဲ့ အခြေအနေတွေကို သေချာ ပြောပြထားပြီဖြစ်ပါတယ်။
#ကျန်းမာရေးဗဟုသုတများ
#