09/09/2024
ဗီတာမင် ဘီ 12 သို့ Folate လျော့နည်းခြင်းကြောင့် သွေးအားနည်းခြင်း
🩸သွေးအတွင်းမှာ သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးဥမွှား စတာတွေရှိပါတယ်... ဒီအထဲက သွေးနီဥအတွင်းမှာတော့ Hemoglobin ခေါ် အရာများ ရှိပြီး ကိုယ်ခန္ဓာအနှံ့ အောက်ဆီဂျင်သယ်ယူ ပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်... သွေးနီဥတွေ အကြောင်းကြောင်းကြောင့် အရေအတွက် ကျဆင်းလာတာ၊ စွမ်းဆောင်ရည် ကျဆင်းလာတာကို သွေးအားနည်းရောဂါလို့ သတ်မှတ်ပါတယ်…
🩸ကိုယ်ခန္ဓာထဲမှာ ဗီတာမင် B12 သို့မဟုတ် Folate လို့ လူသိများတဲ့ ဗီတာမင် B9 ချို့တဲ့ လာတဲ့အခါ သွေးနီဥ တည်ဆောက်ရေးမှာ မူမမှန်မှု ဖြစ်ပြီး အရွယ်အစား ကြီးမားတဲ့ သွေးနီဥတွေဖြစ်ပေါ်လာပြီး ကောင်းစွာ အလုပ်မလုပ်နိုင်ဘဲ သွေးအားနည်းခြင်း ဖြစ်ပေါ်လာတတ်ပါတယ်... ဒါ့အပြင် ဗီတာမင် B12 နဲ့ Folate ဓါတ်တွေဟာ အာရုံကြောဆိုင်ရာကျန်းမာရေး အတွက်ပါ လိုအပ်တာကြောင့် အဆိုပါ ဓါတ်တွေ ချို့တဲ့ရင် အာရုံကြော ဆိုင်ရာ ပြဿနာတွေပါ ခံစားရတတ်ပါတယ်...
🔰တွေ့ရတတ်သော လက္ခဏာများ
- အားမရှိသလို ခံစားရခြင်း၊ နုံးခြင်း
- ကြွက်သား အားနည်းခြင်း
- လျှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း
- ပါးစပ်တွင် အနာပေါက်ခြင်း
- ပင်ပမ်းလွယ်ခြင်း
- မောခြင်း
- မှတ်ဉာဏ် ချို့တဲ့ခြင်း
- ခြေလက်များ ကျဉ်ခြင်း၊ ထုံခြင်း
- အပျော့စား စိတ်ကျ ရောဂါ (mild Depression) ခံစားရခြင်း
🔰ရောဂါဖြစ်စေသော အကြောင်းရင်းများ
B12 နဲ့ Folate ဓါတ်ချို့တဲ့စေတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်... အဓိက ဖြစ်စေတဲ့ အကြောင်းတချို့ကို ပြောရရင်တော့
- Pernicious Anaemia
မိမိကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် (immune system) က အစာအိမ်နံရံက ဆဲလ်တချို့ကို တိုက်ခိုက်မှုကြောင့် ဗီတာမင် B12 ကို စုပ်ယူခြင်း မပြုတော့သော ရောဂါ ရှိခြင်း
- အစားအစာထဲတွင် B12 နည်းပါးခြင်း
ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခု ဖြစ်ပါတယ်... ဒါပေမဲ့ တချို့သော သားသတ်လွတ် (Vegan Diet) စားသူများ၊ အာဟာရ စုံအောင် မစားရသူများ မှာ တွေ့ရတတ်ပါတယ်...
- ဆေးဝါးများကြောင့် B12, Folate ချို့တဲ့ခြင်း
တချို့သော ဆေးဝါးတွေကို ကာလရှည်သောက်သုံးရတဲ့ အခါ အစာအိမ်ကနေ ဗီတာမင်တွေ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတတ်ပါတယ်... ဥပမာ အတက်ရောဂါကြောင့် သောက်သုံးရတဲ့ ဆေးဝါးတွေ၊ အစာအိမ် အက်ဆစ်ဓါတ်ကို လျှော့ပေးတဲ့ proton pump inhibitors လို ဆေးဝါးတွေဟာ အစာအိမ်ရဲ့ ဗီတာမင် စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်...
🔰နောက်ဆက်တွဲ ပြဿနာများ
B12 နဲ့ folate deficiency ဖြစ်လာရင် သွေးအားနည်းခြင်း (Anaemia) ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိပါတယ်... ဗီတာမင်ချို့တဲ့သော ကာလ ပိုကြာလေ နောက်ဆက်တွဲ ပိုဝင်နိုင်လေဖြစ်ပါတယ်... တွေ့ရတတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
- အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- နှလုံးဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
- ကလေးမရခြင်း (Temporary Infertility)
- ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး ပြဿနာများ ဖြစ်ခြင်းနှင့်
- ကလေး မွေးရာပါ ကိုယ်လက် အင်္ဂါ ချို့ယွင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်...
🔰ကုသခြင်း
လိုအပ်သော ဗီတာမင် ဆေးပြားများ သောက်သုံးခြင်း၊ လိုအပ်ပါက ဆေးထိုး ကုသခြင်းနဲ့ ဒီရောဂါကို အလွယ်တကူ ကုသနိုင်ပါတယ်... ရောဂါ ဖြစ်ပွားတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေးဝါးလိုအပ်မှု သောက်သုံးရမယ့် အချိန်ကာလ စတာတွေ ကွာခြားပါတယ်...
ဗီတာမင် B12 နဲ့ Folate ဓါတ်ချို့တဲ့ခြင်းကို စနစ်တကျ ကုသရင် တော်တော်များများ ပျောက်ကင်း သက်သာပေမဲ့ ရောဂါပြင်းထန်ရင် တချို့သော အာရုံကြော ပြဿနာတွေကတော့ ပြန်မကောင်းတဲ့အထိ ဖြစ်နိုင်ပါတယ်…
🔰ကာကွယ်ခြင်း
အာဟာရ ပြည့်ဝအောင် စားခြင်းက အကောင်းဆုံး ကာကွယ်ခြင်း နည်းလမ်း ဖြစ်ပါတယ်... ဗီတာမင် B12 ပေါများတဲဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ ဥ အမျိုးမျိုး၊ နို့နှင့် နို့်ထွက်ပစ္စည်းများ စတာတွေ ဖြစ်ပါတယ်... Folate ဓါတ်ကြွယ်ဝတဲဲ့ အစားအစာတွေကတော့ အစိမ်းရောင် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကုလားပဲ၊ ပဲလိပ်ပြာ စသည့် ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်...
ကျန်းမာပျော်ရွှင်ကြပါစေ
ဒေါက်တာ ကျော်စွာသက်(ဆီးချိုနှင့်အထွေထွေရောဂါကု)
🙋♀️Online မှဆေးခန်းပြသလိုပါက အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်ရှင် …
https://www.facebook.com/100076428967118/posts/207524458471852/
https://www.facebook.com/107519981780172/posts/142256824973154/?d=n
💁♀️အသေးစိတ်အချက်အလတ်များသိရှိလိုပါက messenger သို့မဟုတ် 09757677532/ 09455585554 သို့ဆက်သွယ်၍မေးမြန်းနိုင်ပါတယ်ရှင် ☺️
#ဒေါက်တာကျော်စွာသက် #ကျန်းမာရေးဆောင်းပါး #သွေးအားနည်းခြင်း