31/03/2026
📌ကာဘိုဟိုက်ဒရိတ် အများအပြား စားသုံးခြင်းကြောင့် ဖြစ်စေနိုင်သည့် ဆိုးကျိုးများ။📌
______________________________________________
အဆီစားသုံးမှုများခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်မှန်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ အဆီပိုတွေကြောင့် သွေးတိုး၊ဆီးချို၊ နှလုံး အစရှိတဲ့ နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
အဆီပိုတွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ တစ်စတစ်စ စုပုံလာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ ကျန်းမာရေးကို ထိခိုက်လာစေတာဖြစ်ပါတယ်။ အဆီနဲ့ပတ်သတ်ပြီး ကျန်းမာရေးဆိုင်ရာ ကြေငြာချက်တွေ၊ အသိပညာပေးမှုတွေကြောင့် အဆီကို လျှော့စားရမယ်ဆိုတာရယ်၊ မကောင်းတဲ့အဆီတွေကို ရှောင်ရှားရမယ်ဆိုတာရယ်ကို သိရှိနားလည်လာကြပါတယ်။
အဆီကိုလျှော့စားဖို့လိုအပ်သလို နောက်ထပ် လျှော့စားရမယ့်အရာကတော့ ကာဘိုဟိုက်ဒရိတ် လို့ ခေါ်တဲ့ ကစီဓာတ်ပဲ ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ပေးတဲ့ အာဟာရ ဖြစ်ပါတယ်။
စွမ်းအင်ရရှိမှုများတဲ့အတွက် ကာဘိုဟိုက်ဒရိတ်ကို နေ့စဥ် စားသုံးကြပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ကာဘိုဟိုက်ဒရိတ် စားသုံးမှုများတဲ့အခါ အဆီလိုပဲ ကျန်းမာရေးဆိုးကျိုးတွေကိုဖြစ်စေပါတယ်။
အခုဆိုရင် သကြားဖြတ်တာတွေ၊ သကြားလျှော့တာတွေဟာလည်း ခေတ်စားလာပြီးတော့ ကာဘိုဟိုက်ဒရိတ်ကို လျှော့လာကြပါပြီ။
ကာဘိုဟိုက်ဒရိတ်တွေ အများအပြားစားသုံးခြင်းဟာ ဘယ်လိုကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ?
🍬 ရောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ်။
ပိုလျှံတဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်ရဲ့နေရာတွေမှာစုဝေးပြီး ရောင်ရမ်းခြင်းတွေဖြစ်စေပါတယ်။
အထူးသဖြင့် အဆစ်အမြစ်တွေမှာ စုပုံတဲ့အခါ အဆစ်ရောင်၊ အဆစ်နာတာတွေအပြင် လှုပ်ရှား သွားလာတဲ့အချိန်တွေမှာပါ နာကျင်တာတွေဖြစ်နိုင်ပါတယ်။
🍬 ကိုယ်အလေးချိန် တက်စေပါတယ်။
ကာဘိုဟိုက်ဒရိတ်တွေက်ို အများအပြား စားသုံးတဲ့အခါမှာ အဆီအဖြစ်နဲ့ပြောင်းပြီး ခန္ဓာကိုယ်မှာ သိမ်းတဲ့အတွက် ကိုယ်အလေးချိန်တက်လာပြီး အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။
🍬 လေးလံထိုင်းမှိုင်း စေပါတယ်။
ခန္ဓာကိုယ်မှာ သကြားဓာတ်တွေများလာတဲ့အခါမှာ လေးလံထိုင်းမှိုင်းပြီး မောပန်းလွယ်တာ၊ ပင်ပန်းလွယ်တာတွေ ဖြစ်တတ်ပါတယ်။ ပေါ့ပေါ့သွက်လက်မှု မရှိဘဲ လေးလံထိုင်းမှိုင်းပြီး အာရုံစူးစိုက်နိုင်စွမ်းကို လျော့ကျစေပါတယ်။
🍬 အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။
ကာဘိုဟိုက်ဒရိတ်တွေများလာတဲ့အခါမှာ ဓာတ်တိုး ပစ္စည်းလို့ခေါ်တဲ့ oxidants တွေကို ထွက်စေတဲ့အတွက် အရေးအကြောင်းနဲ့ ဆဲလ်အသေတွေကို ဖြစ်ပေါ်စေပါတယ်။
ကာဘိုဟိုက်ဒရိတ်တွေဟာ အဆီအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်ရဲ့ အရေပြားအောက်မှာ နေရာယူတဲ့အတွက် ရုပ်ရင့်တာ၊ အသားအရေ ကြမ်းတာတာ၊ ဝက်ခြံထွက်တာ၊ ချွေးပေါက်ကျယ်တာတွေ ဖြစ်စေနိုင်ပါတယ်။
🍬 ဆီးချိုရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။
ကာဘိုဟိုက်ဒရိတ် စားသုံးမှုများခြင်းဟာ သွေးတွင်း အချိုဓာတ်ကို မြင့်တက်စေတဲ့အတွက် ဆီးချိုရောဂါ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။
🍬 နှလုံးနဲ့ သွေးတိုးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ကာဘိုဟိုက်ဒရိတ် စားသုံးမှုများတဲ့အခါမှာ သွေးတွင်း အဆီတွေ များလာစေပြီး အဆီတွေဟာ သွေးကြော နံရံတွေမှာ စုလာစေပါတယ်။ အချိန်ကြာလာတဲ့အခါမှာ သွေးကြောကျဥ်းလာပြီး သွေးတိုးတာ၊ နှလုံးသွေးကြောကျဥ်းတာ၊ နှလုံးရောဂါ ဖြစ်တာ အရှိတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။
🍬 အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါတယ်။
စားလိုက်တဲ့ ကာဘိုဟိုက်ဒရိတ်တွေထဲက အသုံးပြုပြီး ပိုလျှံတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အသည်းမှာ စုဆောင်းတဲ့အတွက် အချိုတွေ၊ ထမင်းတွေ စားသုံးမှု များလေလေ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ချေများလေလေ ဖြစ်ပါတယ်။
ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ထမင်း၊ ပြောင်းဖူး၊ ချိုလွန်းတဲ့ အစားအစာတွေနဲ့ ကစီဓာတ်လွန်ကဲတဲ့ မြန်မာမုန့်တွေကို လျှော့စားဖို့လိုအပ်ပါတယ်။
ထမင်းကိုလျှော့ပြီးတော့ အသီးအရွက်တွေကို ပိုမိုစားသုံးပေးရမှာဖြစ်ပါတယ်။
Plate model အရ ဆိုရင်တော့ ပန်းကန်ပြားရဲ့ တစ်ဝက်ကို အသီးအရွက်တွေထည့်ပြီး လေးပုံတစ်ပုံကို အသား၊ ကျန်လေးပုံတစ်ပုံကို ထမင်းထည့်ပြီး စားသင့်ပါတယ်။
_____________________________________________
🏥ဆေးရုံလိပ်စာ - အမှတ် (၇၆)၊ အထက်လမ်းမကြီး၊ ပန်းဘဲတန်းရပ်၊ မော်လမြိုင်မြို့။🏥
☎️Ph- 𝟬𝟱𝟳-𝟮𝟬𝟮𝟳𝟵𝟯𝟬/𝟮𝟬𝟮𝟳𝟵𝟯𝟭/𝟮𝟬𝟮𝟳𝟵𝟯𝟮/𝟬𝟵𝟰𝟮𝟴𝟳𝟬𝟬𝟯𝟬𝟬 / 𝟬𝟵𝟰𝟮𝟴𝟳𝟬𝟬𝟰𝟬𝟬 ☎️
#ငွေမိုးဆေးရုံ