30/04/2020
အော်တိုအင်မြူးရောဂါ များ ( Autoimmune Diseases) - ၆
Celiac disease ဆိုတာ gluten ( ဂလူတန် ) စားလို့မရတဲ့ အော်တိုအင်မြူးရောဂါတစ်ခုပါ။ Celiac disease ရှိတဲ့သူတစ်ယောက် ဂလူတန်ပါတဲ့ အစားအစာကို စားလိုက်တဲ့အခါ အူသိမ်မှာရှိတဲ့ ဆဲလ်တွေ အတိုက်အခိုက် ခံရပါတယ်။ အူသိမ်ဆိုတာ အစာလမ်းကြောင်းမှာရှိတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အူသိမ် တိုက်ခိုက်ခံရတဲ့အခါ အစာစုပ်ယူမှု ပြုလုပ်ပေးမည့် microvilli လေးတွေ ပျက်စီးသွားပါတယ်။ Microvilli လေးတွေ မရှိတော့တဲ့အခါ စားလိုက်တဲ့အစားအစာတွေမှာ ပါလာမည့် အဟာရတွေကို မစုပ်ယူနိုင်ဘူး လို့ဆိုပါတယ်။ လူပေါင်း ၁၃၃ ယောက်မှာ celiac disease ရှိတဲ့လူနာ တစ်ယောက်ရှိတယ် ဆိုပါတယ်။
Celiac disease ရှိတဲ့ လူနာတွေက ဂလူတန်ကို ရှောင်ရပါတယ်။ Celiac disease ရှိတဲ့လူနာတွေ သာမက သာမန်လူတွေပါ ကျန်းမာရေးအတွက် ဂလူတန်ကို ရှောင်သင့်ပါတယ်ဆိုတဲ့ ယုံကြည်မှုတွေက အခုနှစ်ပိုင်းအတော်လေး လူပြောများပါတယ်။ လိုက်နာကျင့်သုံးတဲ့သူတွေလည်းရှိပါတယ်။ ဂလူတန်ဆိုတာ ပရိုတိန်းအုပ်စု တစ်မျိုးပါ။ ဂလူတန်မှာ gliadin နှင့် glutenin ဆိုပြီး အစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်။ ဂျုံ၊ ဂျုံကြမ်း၊ မုယောစပါးလို အစေ့အဆန်တွေမှာ ဂလူတန် ပရိုတိန်းကို တွေ့နိုင်ပါတယ်။ ဂလူတန်နဲ့ ပတ်သတ်တယ်လို့ ယူဆရတဲ့ ရောဂါ ၅၅ ခု ရှိပါတယ်။ နှစ် ၅၀ အတွင်း celiac disease ဖြစ်တဲ့ လူနာအရေအတွက်လည်း ၄၀၀% လောက်တိုးလာတယ်လို့ပြောပါတယ်။
Gluten ( ဂလူတန် ) စားခြင်းက အူလမ်းကြောင်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဒေါက်တာ William Davis နှင့် ဒေါက်တာ David Perlmutter စပြောခဲ့ပါတယ်။ ဂလူတန် နှင့် အူနံရံယိုစိမ့်ခြင်း(Leaky gut) က အဆက်အသွယ်ရှိပါတယ်လို့ ဒေါက်တာ Alessio Fasano က ဖော်ထုတ်တွေ့ရှိထားပါတယ်။ Dr. Fasano တွေ့ရှိချက်အရ ဂလူတန် ပရိုတိန်းက " zonulin " ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထွက်လာစေပြီး အူလမ်းကြောင်းမှာရှိတဲ့ tight junction တွေ ရဲ့ ခိုင်မာမှုကို ပျက်သွားစေပါတယ်။ Tight junction တွေ ရဲ့ ခိုင်မာမှု ပျက်သွားတဲ့ အစာလမ်းကြောင်းနံရံကနေ မကျေညက်တဲ့ အစားအစာတွေ ကိုယ်ခန္ဓာထဲကို ဝင်လာမည်။ ခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေက ကျူးကျော်သူအမှတ်နဲ့ မကျေညက်တဲ့အစားအစာတွေကို တိုက်မည်။ တိုက်ခိုက်မှုမှာ ရောင်ရမ်းခြင်းဖြစ်စဥ်တွေ ဖြစ်မည်။ ခုခံအားစနစ်က အနားမရတဲ့အခါ အားလျော့သွားတာ။ ကမောက်ကမဖြစ်သွားတာတွေဖြစ်မည်။ ဒါကြောင့် အော်တိုအင်မြူး ဝေဒနာသည်တွေ ဂလူတန်ကို ရှောင်ပါလို့ပြောကြတယ်။
တစ်ချို့လူတွေက Celiac disease မရှိလျှင် ဂလူတန်ရှောင်ဖို့ မလိုဘူးလို့ပြောကြပါတယ်။ Allergy ( ( ဓာတ်မတည့်ခြင်း)က ဖြစ်တာမြန်တယ်။ ဓာတ်မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့လိုက်တာနဲ့ သေလောက်တဲ့အထိ ပြင်းထန်ခက်ခဲတဲ့ ဝေဒနာကို ခံစားရမည်။ ဓာတ်မတည့်ခြင်းကို စစ်တာက Ig E reaction (Ig E ဓာတ်ပြုမှု )ကို စစ်တာပါ။ လူဦးရေရဲ့ ၁% လောက်မှာပဲ ဂလူတန် ဓာတ်မတည့်ခြင်း ရှိပါတယ်။ ဒါပြင် "" Gluten sensitivity spectrum "" ကိုလည်း နားလည်ထားရမည်လို့ ဒေါက်တာ Amy Myers က ပြောပါတယ်။
Sensitivity ( ထိခိုက်လွယ်ခြင်း) ဆိုတာ IgG reaction ( IgG ဓာတ်ပြုမှု ) ကို တိုင်းတာတာပါ။ IgG ဓာတ်ပြုမှုတွေက ဝေဒနာပြချိန် ကြာပါတယ်။ တစ်ခါတစ်ရံ မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့ပြီး ၇၂ နာရီလောက်မှ ဝေဒနာပြတတ်တယ်။ စနေနေ့ ညက ပင်လယ်ငါး နှင့် ပဲ စားပြီး ဗုဒ္ဓဟူးနေ့မနက်မှာ ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်း၊ အဆစ်နာခြင်း၊ လေပွခြင်းတွေက food sensitivity ကြောင့်ဖြစ်နိုင်တယ်။ ဒီလို အကြာကြီးနေမှ ဝေဒနာပေါ်တတ်တာကြောင့် ပြသနာတွေပိုဆိုးသွားနိုင်ပါတယ်။ ဂလူတန် sensitivity အတွက် 33-mer ဆိုတဲ့ test စစ်ကြပါတယ်။ ဒီ 33-mer တစ်ခုတည်းနဲ့လည်း ဂလူတန် sensitivity ကို မဆုံးဖြတ်နိုင်ဘူးပြောပါတယ်။ Cyrex laboratory ( ဓာတ်ခွဲခန်း) တွေမှာတော့ ဂလူတန် sensitivity test တွေကို ပိုပြည့်ပြည့်စုံစုံ စစ်နိုင်တယ်လို့ ရေးတယ်။
Cyrex Lab ဆိုတာ မြန်မာနိုင်ငံအတွက် လက်လှမ်းမမှီတဲ့ ဓာတ်ခွဲခန်းတွေပါ။ အကောင်းဆုံးနည်းက ဂလူတန်ပါတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ပန်ကိတ်၊ ပါစတာ၊ ဝေဖာတွေကို တစ်လလောက်ရှောင်ကြည့်ပါ။ ရှောင်ပြီး ပြန်စားကြည့်ပါ။ စားပြီးနောက် မကောင်းတဲ့ ထူးခြားမှုတွေ့လျှင်တော့ အမြဲရှောင်ဖို့ပြောပါရစေ။ အော်တိုအင်မြူးရောဂါဖြစ်နေသူတွေကိုတော့ ဂလူတန် လုံးဝရှောင်ဖို့ ဒေါက်တာ Amy Myers က ပြောပါတယ်။ အော်တိုအင်မြူးရောဂါအရမ်းဆိုးနေချိန်မှာ ဂလူတန် သာမက ဆန်၊ ဂျုံကြမ်း ၊မုယောစပါး၊ အုတ်စပါး လို အစေ့အဆန်တွေ၊ ပြောင်း နှင့် quinoa လို pseudo-cereal တွေ နှင့် ပဲအမျိုးမျိုးကိုပါ ၁၀၀% ရှောင်ဖို့လိုပါလိမ့်မည်။
Dr.PHYO MAUNG MAUNG