21/08/2024
မျောက်ကျောက်ရောဂါဆိုတာဘာလဲ?
+ + + + + + + + + +
မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။
မျောက်ကျောက်ရောဂါ လက္ခဏာတွေက ဘာတွေလဲ?
ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား?
လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။
မျောက်ကျောက်ရောဂါကုသနိုင်သည့် ဆေးရှိသလား?
မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
ကလေးငယ်များ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်လား?
ကလေးငယ်များသည် လူငယ်လူရွယ်များနှင့် လူကြီးများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။ ရောဂါပိုးသည် သန္ဓေသား သို့မဟုတ် မွေးကင်းစ ကလေးငယ်မွေးဖွားသည့်အချိန် သို့မဟုတ် မွေးကင်းစကလေးငယ်များအား ကနဦး ကိုင်တွယ်ထိတွေ့ခြင်းစသည်တို့မှ ကူးစက်နိုင်ပါသည်။
မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ မိမိကိုယ်တိုင်နှင့် အခြားသူများကို ဘယ်လို ကာကွယ်မလဲ?
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။
အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့် ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း (ဥပမာ- အဖုအပိန့်များကို ဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း) တို့ကို လုပ်ဆောင်ရန် အားပေးပါ။ ချောင်းဆိုးနေသော သို့မဟုတ် ပါးစပ်တွင် အနာရှိသော လူနာများနှင့် နီးကပ်စွာရှိနေပါက ၎င်းတို့ကို ဆေးရုံသုံးနှာခေါင်းစည်း (Mask) တပ်ဆင်ထားစေပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်း တပ်ဆင်ထားပါ။ သင့်အနေဖြင့် ဖြစ်နိုင်ပါက အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး အကယ်၍ အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုပြီး ကိုင်တွယ်ပါ။ လူနာများကိုယ်တိုင် အဝတ်အစားဝတ်ခြင်း သို့မဟုတ် အိပ်ယာခင်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို မလုပ်ဆောင်နိုင်၍ မိမိက ကိုင်တွယ်ပေးရမည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။
Credit : WHO
မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက 7887 ဂဏန်းလေးလုံးကို ATOM ဖုန်းနဲ့အခမဲ့ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ