Dear Doctor : အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Maymyo
  • Dear Doctor : အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု

Dear Doctor : အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု သင့်ကျန်းမာရေးအတွက် အိမ်တိုင်ရာရောက် ကုသမှုပေးသော Mobile Clinic တစ်ခု ဖြစ်ပါသည်။

ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ သကြားမရှိခဲ့ရင်လို့ တွေးရတာ တော်တော်ခက်ခဲပါလိမ့်မယ် ဒါပေမယ့်လည်း သကြားကို များများရော စားသင့...
23/09/2024

ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ သကြားမရှိခဲ့ရင်လို့ တွေးရတာ တော်တော်ခက်ခဲပါလိမ့်မယ် ဒါပေမယ့်လည်း သကြားကို များများရော စားသင့်ပါ့မလား ?
WHO ကတော့ တနေ့ကို အများဆုံး သကြား သတ်မှတ်ချက် 50grams ပါတဲ့ သို့သော် 25grams ထက်ပိုပြီး မစားသုံးရင်တော့ ကောင်းပါတယ် လို့ recommend ပါတယ်

ကျွန်တော်တို့ body မှာ အချိုဓာတ်များလာတဲ့အခါ ဘယ်အချက်တွေနဲ့ သိနိုင်မလဲ
ကြည့်လိုက်ရအောင်

(၁)
မကြာခဏ ဗိုက်ဆာမယ်
ကိုယ်အလေးချိန်တက်လာမယ်

(၂)
ဝက်ခြံ များလာမယ်

(၃)
စိတ်အပြောင်းအလဲမြန်ခြင်း
စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း ဖြစ်လာတတ်တယ်

(၄)
ကိုယ်ခံအား ကျဆင်းလွယ်တယ်

(၅)
အသက်အရွယ် အိုမင်းလွယ်လာပါမယ်

ဒီလိုအချက်တွေ သတိထားမိရင်တော့ အချိုလျှော့စားဖို့ အကြံပေးချင်ပါတယ် တန်ဆေးလွန်ဘေးပေါ့ခင်ဗျာ

_အသိသတိရှိ ကျန်းမာ၏_

Resource:
https://www.vogue.com/article/too-much-sugar-signs

Dear Doctor Team (MayMyo) မှ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးနေပါပြီ
ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါကလည်း အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ် ဆရာဝန်များအားချိတ်ဆက်ပေးနေပါတယ်ခင်ဗျာ

Available Hours:
6AM to 6PM

Contact:
Ph - 09 970779730, 09 989887680

ဂျင်း ရဲ့ အရေးပါပုံ
17/09/2024

ဂျင်း ရဲ့ အရေးပါပုံ

ဘာလို့လဲ 🤭🤭
13/06/2024

ဘာလို့လဲ 🤭🤭

"နှာရည်ယိုခြင်းအကြောင်းသိကောင်းစရာ"ရာသီအကူးအပြောင်းကာလမှာ အဖြစ်အများဆုံးဖြစ်တဲ့ အဆက်မပြတ်နှာရည်ယိုခြင်း ကို ဘယ်လိုကုသလို...
19/03/2024

"နှာရည်ယိုခြင်းအကြောင်းသိကောင်းစရာ"

ရာသီအကူးအပြောင်းကာလမှာ အဖြစ်အများဆုံးဖြစ်တဲ့ အဆက်မပြတ်နှာရည်ယိုခြင်း ကို ဘယ်လိုကုသလို့ရနိုင်မလဲဆိုရင်

ဘာကြောင့်အများဆုံးဖြစ်တတ်သလဲ ?
-အအေးမိဖျားနာ တုပ်ကွေး
-ပတ်ဝန်းကျင်မှ အမှုန်အမွှား ဖုန်မှုန့်များကြောင့် allergic ဖြစ်ခြင်း
-နာတာရှည်ပြဿနာတခုဖြစ်တဲ့ နှာခေါင်းအတွင်း အဖုလေးများဖြစ်ပြီး အသက်ရှုလမ်းကြောင်းကို ပိတ်နေခြင်း
-စွဲသောက်နေရသော တချို့သောဆေးများရဲ့ side effect ကြောင့်လည်း နှာရည်ယိုတတ်ပါတယ် (တားဆေးများ/ တချို့သွေးပေါင်ထိန်းဆေးများ/ antidepressant drugs များ)

အိမ်တွင်အလွယ်ကူဆုံး ဘယ်လိုကုသလို့ ရမလဲ ?
-အနားယူပါ
-အရည်ရွှမ်းသောဖျော်ရည် သို့ ရေများများသောက်ပါ
-Antihistamine drug တခုခု သောက်ရန်လိုအပ်ပါတယ်
-ရေနွေးငွေ့ရှုပေးပါ
-နဖူးနဲ့ နှာခေါင်းအထက်ပိုင်းကို ရေခပ်နွေးနွေးနဲ့စိမ်ထားတဲ့ towel ဖြင့် မကြာခဏကပ်ပေးပါ
-ရေနွေးဖြင့်ရေချိုးပေးပါ
-နွေးနွေးထွေးထွေးနေပါ
-အခန်းတွင်းလေထုသန့်ရှင်းစေရန် humidifier အသုံးပြုပါ
-Nasal Polyps နှာခေါင်းအတွင်းအဖုများကြီးပြီး ပိတ်နေတတ်သူများအတွက် Normal saline ဖြင့် နှာခေါင်းတဖက်စီကိုထည့်သွင်းပြီး သန့်ရှင်းရေးလုပ်ပေးနိုင်တယ်
-တုပ်ကွေးကြောင့် ဖျားနာ၍နှာစေးနေပါက နီးစပ်ရာဆေးခန်းသို့ သွားရောက်ကုသမှုခံယူပါ

ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ

References

• Centers for Disease Control and Prevention (U.S.). Common Cold (https://www.cdc.gov/antibiotic-use/colds.html). Last reviewed 6/27/2023. Accessed 7/28/2023.

• Centers for Disease Control and Prevention (U.S.). Symptoms of COVID-19 (https://www.cdc.gov/coronavirus/2019-ncov/symptoms-testing/symptoms.html). Last updated 10/26/2022. Accessed 7/28/2023.

Dear Doctor Team (MayMyo) မှ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးနေပါပြီ
ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါကလည်း အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ် ဆရာဝန်များအားချိတ်ဆက်ပေးနေပါတယ်ခင်ဗျာ

Available Hours:
6AM to 6PM

Contact:
Ph - 09 970779730, 09 989887680

 (Obstructive Sleep Apnoea) ဆိုတာ ဘာလဲ?အိပ်ပျော်နေစဉ် ခဏတာအသက်ရှုရပ်သွားခြင်းဖြစ်ပါတယ်။ 10seconds to One minute ထိ ကြာနိ...
28/10/2023

(Obstructive Sleep Apnoea) ဆိုတာ ဘာလဲ?

အိပ်ပျော်နေစဉ် ခဏတာအသက်ရှုရပ်သွားခြင်းဖြစ်ပါတယ်။ 10seconds to One minute ထိ ကြာနိုင်ပြီး ညတညအတွင်းမှာ အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ဖြစ်နိုင်ပါတယ်။ လေပြွန်ပိတ်ဆို့မှုကြောင့် အဆုတ်အတွင်းသို့ လေအပြည့်အဝမရောက်တဲ့အချိန်မှာ အသက်ရှူခဏတာ ရပ်သွားပြီး ဦးနှောက်ကအသိပေးတဲ့အခါမှသာ လန့်နိုးလာတတ်ပါတယ်။

ဘာတွေဖြစ်လာမလဲ?
အိပ်ရေးမဝခြင်း
နွမ်းနယ်လွယ်ခြင်း
အာရုံစူးစိုက်မှု အားနည်းလာခြင်း
မနက်အချိန်တွေမှာ ခေါင်းကိုက်ခြင်း
စိတ်တိုစိတ်ဆတ်ဖြစ်ခြင်း
ဖြစ်ပါမယ်။

ဘယ်လိုလူတွေမှာပိုဖြစ်နိုင်လဲ?
အသက်၃၀နောက်ပိုင်း အမျိုးသားများ
အိပ်နေရင်း ဟောက်တတ်တဲ့သူတွေ
မေးရိုးပုံမှန်မဟုတ်သောသူတွေ
လည်ပင်းတိုတဲ့သူတွေ အာသီးကြီးတဲ့သူတွေမှာ ဖြစ်နိုင်ချေ များပါတယ်။

ဘာကြောင့်ဖြစ်တတ်သလဲ?
အဝလွန်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း
အိပ်နေစဉ်ဟောက်တတ်ခြင်း
Thyroid Hormone နည်းခြင်း
အိပ်ဆေးသောက်ခြင်း

နောက်ဆက်တွဲပြသနာတွေအနေနဲ့
သွေးတိုး
နှလုံးရောဂါ နဲ့
လေဖြတ်ခြင်း များ ဖြစ်နိုင်ပါတယ်။

ကိုယ့်မှာ OSA ဖြစ်နေပြီလား ဘယ်လိုသတိထားရမလဲ?
ကိုယ်တိုင်မသိနိုင်တဲ့အတွက် အတူဘေးနားအိပ်နေတဲ့သူကသာ သတိထားမိတတ်တာ ဖြစ်ပါတယ်။ အိပ်နေစဉ် အသက်ရှုကျပ်ပြီး အသက်ရှုတာနှေးသွားမယ် ခဏရပ်သွားမယ် လန့်နိုးလာမယ်။ တချို့မှာ ကိုယ်တိုင်လန့်နိုးခြင်းမရှိဘဲ ဘေးကလူက နှိုးမှ နိုးလာတာမျိုးရှိတတ်ပါတယ်။ ဟောက်တတ်တဲ့သူတွေမှာဖြစ်ရင်တော့ ဘေးကလူက ပိုသတိထားမိလွယ်တယ်။
ဟောက်တတ်တဲ့သူတိုင်းလည်း OSA မရှိတတ်သလို မဟောက်တတ်တဲ့သူတွေမှာလည်း OSA ရှိနိုင်တယ်။
Sleep Study စစ်ဆေးပေးတဲ့ ဆေးရုံ‌တွေမှာလည်း စစ်ဆေးကြည့်လို့ရပါတယ်။

သက်သာစေမယ့်နည်းလမ်းတွေကတော့
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချပါ
အရက် ရှောင်ပါ အိပ်ဆေး ရှောင်ပါ
Mild to severe degree တွေရှိတာမလို့ လိုအပ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင် ကုသသင့်ပါတယ်။ လိုအပ်ရင် စက်တပ်ပြီးအိပ်ခြင်း CPAP အသုံးပြုရပါမယ်။

Dr.Niva

Reference:
Sleep Health Foundation, Australia
Vicroads, State Government Victoria, Australia

အသေးစိတ် တိုင်ပင်ဆွေးနွေးချင်တာရှိရင် chat box ကတဆင့် လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
Dear Doctor Team (MayMyo) မှ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးနေပါပြီ
ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါကလည်း အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ် ဆရာဝန်များအားချိတ်ဆက်ပေးနေပါတယ်ခင်ဗျာ

Available Hours:
6AM to 6PM

Contact:
Ph - 09 970779730, 09 989887680

K for ကက်တမင်း နှင့် သူ၏ အလွင့်များသူတို့အခေါ်  K ဆိုတာ ကက်တမင်း (Ketamine)။ ကက်တမင်း အမှုန့်လိုင်းလေးကို ပိုက်လေးတွေနဲ့...
29/03/2023

K for ကက်တမင်း နှင့် သူ၏ အလွင့်များ
သူတို့အခေါ် K ဆိုတာ ကက်တမင်း (Ketamine)။ ကက်တမင်း အမှုန့်လိုင်းလေးကို ပိုက်လေးတွေနဲ့ နှာခေါင်းမှာတေ့ပြီး ရှိုက်သွင်း။ ပါးစပ်ထဲ မျိုချတာမဟုတ်ဘူးနော်။ နှာခေါင်းအတွင်းထိပ်က အသားနုလေးကို ထိအောင် ရှိုက်သွင်းရတာ။ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တစ်ခါပြင်ဆိုရင်ပြင်၊ ဒါမှမဟုတ် မှန်ခင်းထားတဲ့ စားပွဲပေါ်မှာ ရှိုက်ဖို့ ပြင်ဆင်တာတွေလည်းရှိတယ်။ ဘေးမှာ ရေသန့်ဘူးတို့ မီးခြစ်တို့ ဆေးလိပ်တို့ ရှိမယ်။ ရေများများသောက်ရတယ် ဆိုတာကလည်း အန်ဂျီအိုက ဆရာဆိုတဲ့ လူတွေရဲ့ ကျန်းမာရေးစကားတွေ နားထောင်ဖူးတဲ့ လူမှသိတာပါ။ မူးယစ်ဆေးတွေထဲမှာ ကြားဖူးလားတော့ မသိ၊ အငြိမ်လိုင်း၊ အကြွလိုင်း၊ အကွဲလိုင်း နဲ့ အလွင့်လိုင်း ဆိုတာ ရှိတယ်။ သူ့လိုင်းနဲ့ သူပဲ။ အငြိမ် လိုင်းသမားတွေက အကြွလိုင်းသမားတွေကို အချင်းချင်းပြန်နှိမ်တာတွေတောင် ရှိတယ်။ အရင်ကပါ။ အခုတော့ လိုင်းတွေလည်း ပူးကုန်ကြပြီ။ အလွင့် တစ်ခုအကြောင်း ပြောရအောင်။
ဆေးပညာ အရ ကက်တမင်း (Ketamine) လို့ အမည်တွင်တဲ့ ဆေးတစ်မျိုးအကြောင်း ပြောမယ်ဆိုရင် သူ့အရင် ပေါ်ခဲ့တဲ့ ပီစီပီ (P*P) ဆိုတဲ့ ဆေးအကြောင်း နည်းနည်း ပြောဖို့လိုမယ်။ ပီစီပီ ဆိုတာ ဖန်ဆိုက်ကလဒင်း (Phencyclidine) ပါ။ ကက်တမင်း နဲ့ ညီအကိုလိုတူပါတယ်။ ဓာတ်ခွဲခန်းမှာ ဓာတုဗေဒနည်းအရ ဖော်ထုတ်ထားတဲ့ ဆေးတွေပါ။ ဘာတူတာလဲ ဆိုတော့ အဆိုပါဆေး ၂ မျိုးဟာ (Dissociative Substances) စိတ် နဲ့ ကိုယ် နဲ့ မကပ်စေတဲ့ ဆေးအုပ်စုမှာ ပါဝင်ပါတယ်။ စိတ် နဲ့ ကိုယ် နဲ့ ဘယ်လို မကပ် ပြီး ဘယ်လို လွင့် တယ် ဆိုတဲ့ အလွင့်တွေ အကြောင်းပြောပါမယ်။
ပီစီပီ ကို Sernyl ဆိုတဲ့ အမည်နဲ့ ၁၉၅၀ လောက်က ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ မေ့ဆေးအဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ချေရှိလို့ပါ။ စတွေ့တုန်းမှာတော့ အခြားမေ့ဆေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူနှုန်းကို နှေးကွေးစေတာမျိုး ပီစီပီ မှာမရှိလို့ သုံးရင် အဆင်ပြေမယ်လို့ ထင်ခဲ့ကြပါတယ်။ သို့ပေမယ့် ပီစီပီ မေ့ဆေးသုံးပြီး ခွဲစိပ်ကုသမှု ပေးတဲ့ လူနာတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ အမြင်အာရုံ ဝေဝါးလာခြင်း၊ ပြင်းထန်စွာ စိတ်တိုခြင်း စတာတွေဖြစ်လာတဲ့အတွက် မေ့ဆေးအဖြစ် အသုံးပြုမှု အဖြစ်မှ ၁၉၆၅ မှာ ရပ်လိုက်ရပါတယ်။ အခုလို နားသွားပေမယ့်လည်း ပီစီပီ ကို မူးယစ်ဆေးအနေနဲ့ အလွဲသုံးမှုတွေက အမေရိကား ဆန်ဖရန်စစ်စကိုလို မြို့ကြီးတွေရဲ့ လမ်းတွေပေါ် ရောက်သွားခဲ့ပါတယ်။ သို့ပေသိ ဆေးခြောက်၊ဘိန်းဖြူ၊ ကိုကင်း မူးယစ်ဆေးတို့ကို လူတွေပိုကြိုက်ကြတာကြောင့် ပီစီပီ ခေတ်စားမှုက ၁၉၇၀ နောက်ပိုင်း မှေးမှိန်သွားပါတယ်။
မစိုးရိမ်ပါနဲ့။ ပီစီပီ ရဲ့ ညီ ထွက်ပေါ်လာပါပြီ။ ကက်တမင်းပါ။

ကက်တမင်း ကို မေ့ဆေးအနေနဲ့ ၁၉၆၄ မှာ လူတွေမှာ စတင်စမ်းသပ်ခဲ့ပါတယ်။ ပီစီပီ ထက်ပိုဘေးကင်းပြီး အာနိသင် တိုတောင်းတာတွေ့ရလို့ ကလေးလူနာတွေ နဲ့ တိရစ္ဆာန်တွေကို ခွဲစိပ်ကုသရာမှာ မေ့ဆေးအဖြစ်၊ လှုပ်ရှားမှုကို ထိန်းချုပ်သော ဆေးအနေနဲ့ သုံးကြပါတယ်။ စျေးကွက်ထဲမှာ ဆေးအမည် Ketalar ၊ Ketaset၊ Vetalar ဆိုပြီးရှိပါတယ်။ တခြား သမားရိုးကျ မေ့ဆေးတွေနဲ့ မတူတဲ့အချက်က ကက်တမင်း ဟာ စိတ် နဲ့ လူ နဲ့ မကပ်တော့တဲ့ အာနိသင်ရှိလို့ သူ့ကို Dissociative Anesthesia လို့ခေါ်ပါတယ်။ စိတ် နဲ့ လူ နဲ့ မကပ်တဲ့ အာနိသင်ကို မူးယစ်ဆေးအဖြစ် အလွဲသုံးကြတာပါ။
အလွဲသုံးတဲ့ ကက်တမင်းတွေ ဘယ်ကရသလဲ။

ကနဦးမှာတော့ ဆေးကုရာမှာ သုံးဖို့ ထုတ်ထားတဲ့ စျေးကွက်မှာရှိတဲ့ ကက်တမင်း ထိုးဆေးတွေ၊ တိရစ္ဆာန်ဆေးကုသခန်းတွေမှာ ရှိတဲ့ ကက်တမင်းတွေက ပြင်ပကို မရိုးမသား ရောက်သွားတာကတဆင့် အလွဲသုံးကြတာပါ။ နောက်များကျတော့ ဥာဏ်ပိုကောင်းလာကြပြီး ထိုးဆေးရည်တွေကို အငွေ့ပျံစေတဲ့ နည်းနဲ့ ပေါင်ဒါမှုန့်အဖြစ်၊ ဆေးပြားများအဖြစ် ထုတ်လုပ်လာကြပါတယ်။ လမ်းမပေါ်က မူးယစ်ဆေးစျေးကွက်ဆီ ရောက်ရှိလာကြတာပါပဲ။
လမ်းမပေါ်ဆိုတာ street markets ကို အလွယ်သုံးနှုန်းလိုက်တဲ့ စကားလုံးပါ။ တကယ်တော့ ကက်တမင်း ဟာ Night Club တွေ၊ KTV တွေ၊ Electro Music တွေပါတဲ့ ကခုန်ပွဲ၊ ပါတီပွဲတွေမှာ ခေတ်စားလာတဲ့ မူးယစ်ဆေးတစ်မျိုး ဖြစ်လာပါတယ်။ ကက်တမင်း မှာ ချစ်စနိုးနဲ့ ပေးထားကြတဲ့ အမည် လှလှလေးတွေရှိပါတယ်။ စပယ်ရှယ် K ၊ ဗိုက်တာမင် K ၊ ကြောင်အိပ်ဆေး၊ Jet K ၊ Kit Kat ၊ Purpie ၊ စူပါ K စသဖြင့် စသဖြင့်။
ပန်းကန်ပြား အသေးတစ်ချပ်ပေါ်မှာ ကက်တမင်း အမှုန့်ကို သွားကြားထိုးတံ အချောင်းလေး တစ်ချောင်းစာ ရှည်ရှည်လေးတွေ ကန့်ပေးထားတယ်။ ကက်တမင်း bumps လို့ ခေါ်ပါတယ်။ အဲ့ဒါ တစ်ကြောင်းဆွဲ၊ နှစ်ကြောင်းဆွဲနိုင်ရင်လည်း နှစ်ကြောင်းဆွဲ ပေါ့ဗျာ။ ဆွဲတယ်ဆိုတာ ကက်တမင်း အမှုန့်လိုင်းလေးကို နှာခေါင်းထဲကို ပိုက်နဲ့တေ့ပြီး snorting ရှိုက်သွင်းတာပါ။ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တစ်ခါပြင်ဆို အမှုန့်လိုင်းလေး ငါးလိုင်းလောက်ပါနိုင်တယ်။ ခန့်မှန်းချေ ၁၀၀ မီလီဂရမ်လောက် ရှိမယ်။ Club တစ်ခုနဲ့တစ်ခု တော့ ပြင်ဆင်ပုံကွာခြားနိုင်ပါတယ်။ တစ်ချို့တွေကတော့ ကက်တမင်းအမှုန့်ကို ဆေးခြောက်ပါတဲ့ ဆေးလိပ်၊ ရိုးရိုးဆေးလိပ်တွေထဲ ရောပြီး ရှူကြပါတယ်။
ကက်တမင်းကို မေ့ဆေးအနေနဲ့သုံးတဲ့ ပမာဏထက် လျော့နည်းပြီးသုံးရင် အိပ်မက် မက်နေသလိုလို၊ ကိုယ်ခန္ဓာနဲ့ စိတ်နဲ့ဟာ ကင်းကွာသွားသလိုလို၊ ခန္ဓာကိုယ်ကြီးက လေထဲမှာ မြောက်နေသလိုလို စတင်ခံစားရပါတယ်။ ၁၉၆၅ မှာ မစ်ချီဂန်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ရှိခဲ့တာပါ။ ပါတီပွဲတွေမှာ စတင်စမ်းသပ်သုံးစွဲကြတဲ့ လူသစ်တွေက ပမာဏနည်းနည်း သုံးလေ့ရှိကြပါတယ်။ ဝါမရင့် သေးတဲ့သဘော။
မေ့ဆေးမှာသုံးတဲ့ ပမာဏအတွင်း ရောက်ရှိအောင် ဆွဲပြီဆိုတာနဲ့ (မေ့ဆေးမှာ အနည်းဆုံး ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ၁ ကီမီလီဂရမ်ဆေးပမာဏ အကြောဆေးအနေနဲ့ သုံးပါတယ်)၊ ပြောချင်တာက နည်းနည်းထပ်ဆွဲလိုက်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့က လုံးဝ လွတ်ကင်းပြီး လွင့်တော့တာပါပဲ။ မျက်လုံးတွေက ပွင့်လျက်နဲ့ လူက ကခုန်နေပေမယ့် စိတ် နဲ့ လူ နဲ့ လွတ်နေပါပြီ။ ဒီလို အနေအထားကို dissociated state လွင့်နေတဲ့ အခြေအနေလို့ ခေါ်ပါတယ်။ အလွင့်က သိပ်တော့ ကြာရှည်မခံပါဘူး၊ အနည်းဆုံး ၁၀ မိနစ်ကနေ နာရီဝက်ပါပဲ၊ ဆွဲထားတဲ့ ဆေးပမာဏ နဲ့ သူ့ရဲ့ “ရင့်” ပေါ်မူတည်ပါတယ်။
.
ထပ်ဆွဲကြတာပေါ့။ နောက်တစ်ပွဲ ထပ်မှာပါ။ ဝန်ဆောင်မှု ကောင်းတဲ့ Night Club တွေဆို အလိုက်သိပါတယ်။
၁၉၉၆ မှာ တွေ့ရှိခဲ့တဲ့ သုတေသနတစ်ခုမှာ ကက်တမင်းအသုံးပြုသူတွေရဲ့ ခံစားရတဲ့ အာရုံတွေကို လေ့လာထားပါတယ်။ လွင့်တယ်ဆိုတာကို ထပ်ပြီး အသေးစိတ်ထားတာပါ။ ဘယ်လိုလွင့်သလဲပေါ့။
ဘယ်လိုလွင့်သလဲဆို စိတ်က ကိုယ်ခန္ဓာအပြင်ဘက်ကြီးကို ထွက်ပြီး ကိုယ့်ခန္ဓာကို ကိုယ်ပြန်ကြည့်လို့ ရနေတာမျိုးကြီး၊ near death experience သေလုမျောပါး ခံစားချက်များလား၊ သေခါနီး အာရုံလား၊ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ အဲ့သလိုပါတဲ့။ ကြုံဖူးရင် သိပါလိမ့်မယ်။
အဲ့လို အလွင့်ကြီးကို K-Hole လို့ ခေါ်ပါတယ်။ K ဟင်းလင်းပြင်ကြီး ပေါ့။ တခြား လွင့်ပုံလွင့်နည်းတွေရှိပါသေးတယ်။ ကိုယ်ခန္ဓာအတွင်းကနေ အလင်းရောင်တွေထွက်နေတာတွေ၊ ဆေးရောင်စုံတွေ မြင်နေရတာတွေ၊ အချိန်ဆိုတဲ့ ခံစားမှု လုံးဝပျောက်သွားတာတွေ၊ ကိုယ်ခန္ဓာကြီးက ပျော့စိစိကြီး၊ ရာဘာနဲ့လုပ်ထားသလိုကြီး၊ သစ်သားနဲ့ လုပ်ထားသလိုကြီး၊ ပလတ်စတစ် ကိုယ်ခန္ဓာ စသဖြင့် ကိုယ်ခန္ဓာကြီးက ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ခံစားမှုတွေ၊ ကိုယ်ခန္ဓာကြီးဟာ အာကာသ ဟင်းလင်းပြင်ကြီးမှာ လွင့်မျောနေသလိုကြီးတွေ၊ ဒီ ဒွန်နယာ လောကကြီးမှာ ကိုယ်တစ်ယောက်ထဲ ရှိနေသလိုမျိုး ခံစားမှုတွေ၊ spiritual ဆန်ဆန် စိတ်နယ်လွန်၊ သဘာဝလွန် နေရာတစ်ခုကို ရောက်သွားသလိုလိုမျိုးတွေ။ ဖန်ဆင်းရှင် ဘုရားသခင် God နဲ့ တွေ့ရတယ် ဆိုတာမျိုးတွေ၊ အလွင့် တွေဆိုတာ အဲ့ဒါတွေပါ။
ဘာလို့ လွင့်ကုန်တာလဲ။ ကက်တမင်း ဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်း နဲ့ အနောက်ပိုင်း cortical လို့ခေါ်တဲ့ အစိတ်အပိုင်း ၂ ခု ရဲ့ အဆက်အသွယ်ကို ဖြတ်တောက်ပစ်ပါတယ်။ ဒီအချက်က ဦးနှောက်ရဲ့ ထိန်းချုပ်လှုပ်ရှားမှု လုပ်ငန်းစဥ်တွေကို အနှောက်အယှက်ပေးပါတယ်။ ရှုပ်ထွေးကုန်ပြီး လွင့်ကုန်တော့တာပါပဲ။ မူးယစ်ဆေးတွေဟာ ဦးနှောက်ရဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးခြင်း၊ ပိတ်ဆို့ပေးခြင်း အခြေခံနည်းစနစ် ၂ ခုနဲ့ အလုပ်လုပ်ပါတယ်။ ဟော်မုန်းလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ များလာခြင်း၊ နည်းသွားခြင်း တို့ ဖြစ်လာရာမှတဆင့် ဟော်မုန်း တစ်ခုစီရဲ့ အာနိသင် အတိုင်း ဆေးသုံးစွဲသူမှာ ခံစားမှုတွေ ရပါတယ်။ မူးယစ်ဆေးတွေနဲ့ ပတ်သက်လာရင် ဒိုပါမင်း Dopamine ဆိုတဲ့ ဟော်မုန်းနဲ့ ကင်းလို့မရပါဘူး။ ဒိုပါမင်း ဆိုတာ ပျော်ရွှင်စေသော ဟော်မုန်းလို့ တင်စားလို့ရပါတယ်။ ကက်တမင်း ဟာလည်း ဒိုပါမင်းနဲ့ မကင်းရာ မကင်းကြောင်းတွေပါ။ ကက်တမင်းကြောင့် ဦးနှောက်ထဲမှာ ဒိုပါမင်း ထွက်တယ်။ သာယာနာပျော်တဲ့ ခံစားမှု (Euphoria) ရတယ်။ အဲ့ဒီ ခံစားမှုကို ကြိုက်တယ်။ အဲ့တော့ ထပ်သုံးတယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ။
လောကကြီးဟာ စိတ်ညစ်စရာများပါတယ်။ ကျွန်တော်တို့ကို ငယ်ငယ်တုန်းက မူးယစ်ဆေးတွေဆိုတာ မကောင်းဘူးဆိုပြီး ပြောခဲ့ကြတာ ဘယ်သူတွေလဲ။ ဘယ်သူကပြောလဲ။
ဆိုတော့ကာ ကက်တမင်း ဟာ စိတ်ပိုင်းဆိုင်ရာမှာ “စွဲ” ပါတယ်။ “ရင့်” ရှိပါတယ်။
အစမှာတော့ တစ်ခါရှိုက်၊ နှစ်ခါရှိုက်ပါ။ နောက်တော့ အကြိမ်ရေ တက်လာပါတယ်။ ပထမရှိုက်တဲ့ ပမာဏလောက် သုံးရင်တောင် မလွင့်တော့ပါဘူး။ လွင့်ချင်လို့ သုံးပါတယ်ဆိုမှ မလွင့်တော့ဘူးဆိုတော့ လွင့်အောင် ထပ်ဆွဲတာပေါ့။ အဲ့ဒါကို သူတို့ အခေါ် “ရင့်” ကပ်တယ်လို့ ခေါ်ပါတယ်။ tolerance တက်လာတာပါ။ ထပ်လွင့်ချင်တော့ ထပ်ရှိုက်၊ ရှိုက်တာနဲ့ မရတော့ ကက်တမင်းကို အသားထဲထိုးကြ၊ အကြောထဲထိုးကြ။
အေးတာပဲ။ ရှိုက်နေတာကမှ ဟုတ်ဦးမယ်၊ ဆေးထိုးအပ် ကိစ္စက ပါလာပြီ။
ဘိန်းဖြူထိုးရာမှာ သူများထိုးပြီးသား ဆေးထိုးအပ်တွေ ပြန်သုံးကြလို့ HIV တို့ Hepatitis C တို့ အရမ်းများနေပါတယ် ဆိုမှ၊ အရမ်းများနေလို့ ၂၀၀၂ ခုနှစ်လောက်ကတည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ Harm Reduction တွေလုပ်ကြလို့ ကူးစက်နှုန်းတွေ စတင်ကျနေပါတယ် ဆိုမှ၊ အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်ကြောင့် တိုင်းပြည်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ထိခိုက်ပြီး နဂိုထဲကမှ ထိလွယ်ရှလွယ်တဲ့ Harm Reduction လုပ်ငန်းတွေ စစ်ဖြစ်နေတဲ့ နေရာတွေမှာ ခက်ခဲနေပါတယ်ဆိုမှ ဒီ ကက်တမင်းတွေ ထိုးလာကြပြီ ဆိုရင်ဖြင့်။ အလွင့်တွေကို ဖြစ်လို့။ လူတွေ လွမ်း၊ဆွေး၊တွေး၊ငေး၊ပြေး ဟို အဝေး . . . . . ။
မပြီးသေးဘူး။ ကက်တမင်းနဲ့ တခြား အလွင့်တွေ ရောသုံးတာ ရှိသေးတယ်။
ကက်တမင်း ရှိုက်တာကနေ “ရင့်” တွေတက်ပြီး မလွင့်တော့တဲ့ အခါမှာ သူ့ထက်ပိုလွင့်တဲ့ ပို High ဟိုင်း ဖြစ်တဲ့၊ နောက်ထပ် မူးယစ်ဆေးတွေနဲ့ ရောသုံးလာကြပါတယ်။ Club Drugs တွေလို့ နာမည်ကြီးတဲ့ မူးယစ်ဆေးတွေပါ။ Night Club၊ KTV နဲ့ ပါတီကခုန်ပွဲရပ်ဝန်းတွေမှာ သုံးကြတဲ့ မူးယစ်ဆေးတွေကို Club Drugs တွေလို့ ခေါ်ကြပါတယ်။ Night Club တွေမှာ ဟိုင်းခန်း တွေရှိပါတယ်။ ဒါမှမဟုတ် ဟိုင်းခန်း ရှိတဲ့ Night Club တွေ မြန်မာပြည်မှာ ရှိနေပါပြီ။ ရောက်ဖူးလား။
စိတ်ကြွဆေးအုပ်စုထဲမှာ ခေါင်းခါဆေးဆိုပြီး နာမည်ကြီးတဲ့ အက်စတာစီ (Ecstasy) သူတို့ အခေါ် E ။ အက်စတာစီဟာ စိတ်လည်းကြွစေ (Stimulant) ၊ စိတ်ထင်ယောင်ထင်မှားလည်းဖြစ်စေ (Hallucinogen) အုပ်စုမှာပါတဲ့ မူးယစ်ဆေးပါ။ နောက်ထပ် စိတ်ကြွဆေးတစ်မျိုးကတော့ ကိုကင်း Cocaine၊ သူတို့အခေါ် Coke ၊ Crack ၊ Big C ။ အခုဆိုရင် ဟက်ပီးဝါးတား ဆိုပြီး အမည်အလန်းလေးနဲ့ ကော့တေးတွေတောင် ရနေပါပြီ။ ဟက်ပီးဝါးတားထဲမှာ ကက်တမင်း၊ မက်အင်ဖက်တမင်း၊ အက်စတာစီ နဲ့ ဒိုင်ယာစီပင်တို့ကို အမှုန့်ကြိတ်၊ အရည်ဖျော်ထားပါတယ်။ ကော်ဖီနဲ့ စပ်ပြီးသောက်ရတဲ့ အထုပ်လေးတွေ ထိုင်းမြန်မာနယ်စပ်က တာချီလိတ်မှာ ရှိကြောင်း ထိုင်းမူးယစ်က သတိပေးထားပါတယ်။
သူတို့ အသိဆုံး။ သိမှာပေါ့၊ လုပ်ကြပါ၊ ရှင်တို့က ရဲတွေပဲ။
မပြီးသေးဘူး။ ကက်တမင်း နဲ့ ကိုကင်း နဲ့ တွဲသုံးတာ ရှိပါသေးတယ်။

နာမည်ကြီး အမှတ်တံဆိပ်လည်း မနေရ၊ Calvin Klein ဆိုပဲ။ C က Cocaine၊ K က ကက်တမင်း။ အကြွ နဲ့ အလွင့် အတွဲအစပ်။
ဆိုတော့ကာ
K လား၊ E လား၊ ဟက်ပီးဝါးတားလား၊ Calvin Klein လား ၊ ဘေဘီ ကြိုက်တာပြော။
ကက်တမင်း တစ်မျိုးနဲ့တင် လုံလောက်စွာ လွင့်နေ၊ အန္တရာယ်များစွာရှိနေတဲ့အထဲ အတွဲအစပ်တွေပါ သုံးလာကြတဲ့အခါ အန္တရာယ်ပေါ်၊ အန္တရာယ်ဆင့်ပါပဲ။ အတွဲအစပ်ဆေးတွေဟာ ဦးနှောက်ထဲမှာ တစ်ခုနဲ့တစ်ခု အာနိသင်ကို ပိုပြင်းအောင် တွန်းပေးပါတယ်။ ဆေးလွန်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ကက်တမင်း ဆေးလွန်ရင် သတိမေ့၊ အသက်ရှူရပ်ပြီး သေဆုံးနိုင်ပါတယ်။
Night club လို၊ KTV လိုရပ်ဝန်းကို မူးယစ်ဆေးသုံးဖို့ မဟုတ်ဘဲ ရိုးရိုးအပန်းဖြေချင်လို့၊ Night Club လိုမျိုးရဲ့ သီချင်းသံ၊ ရင်ဘတ်ထိ ဘေ့စ်သံတွေ၊ အဲ့လို atmosphere ကို ကြိုက်လို့ သွားတဲ့ လူတွေရှိပါတယ်။ သို့ပေသိ ကက်တမင်း အပါအ၀င် Club Drugs တွေနဲ့ အလွင့်တွေကြားမှာ လိင်မှုဆိုင်ရာ စော်ကားမှု၊ မတရားပြုမှု၊ အလွဲသုံးစားမှုတွေရှိလာပါတယ်။ ကက်တမင်းသုံးထားတဲ့ လူတစ်ယောက်ဟာ သူ စိတ်လွတ်နေစဥ်၊ အချိန်မသိ၊ နေရာမသိ၊ တုံ့ပြန်မှုမသိ၊ ဘာဆိုဘာမှမသိ၊ ထုံထိုင်းနေစဥ်မှာ လိင်အကြမ်းဖက်မှု ပြုလုပ်ခြင်းခံရဖို့ Sexual assault အန္တရာယ်အလွန်များပါတယ်။
မည်သည့် သိပ္ပံပညာရှင်မှ ဒီလို လွင့်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးတွေကို စမ်းသပ်ဖော်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ ကက်တမင်းဆိုရင်လည်း မေ့ဆေးအနေနဲ့ သုံးလို့ရသလို အခုနောက်ပိုင်း တစ်ချို့သော စိတ်ကျရောဂါ Depression ကုထုံးတွေမှာ၊ နာကျင်မှု pain ကို ကုသတဲ့ ကုထုံးတွေမှာ သုတေသနတွေ ပြုလုပ်လျက်၊ အသုံးပြုလျက်ရှိပါတယ်။ အက်စတာစီ ဆိုရင်လည်း PTSD ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးမှာ စမ်းသပ်သုံးစွဲတဲ့ သုတေသနတွေရှိနေပါတယ်။
အဲ့ဒါဆို ဘာတွေလုပ်ကြမလဲ၊ အသုံးပြုမှု နဲ့ အလွဲသုံးမှုကြားမှာ ကျွန်တော်တို့ အများကြီး ထပ်ပြီး လေ့လာရဦးမယ့် နက်နဲတဲ့ လူမှုဝန်းကျင်ဆိုင်ရာ ပြဿနာတွေ အများကြီးရှိပါတယ်။ မူးယစ်ဆေးတွေ တိုက်ဖျက်ပစ်လိုက်၊ ဆေးသုံးသူတွေကို ဖမ်းချုပ်ပစ်လိုက် လို့ တွေးနေရင် ဒီအချက်ကို ပြန်စဥ်းစားကြရပါမယ်။ ထင်သလောက် မရိုးရှင်းပါ။
ကတ်တမင်းရှိနေလို့လား၊ ရှိရင် တိုက်ဖျက်ပစ်ပေါ့၊ ဖမ်းပေါ့ဟ၊ ဆီးပေါ့ဟ။ တွယ်ပေါ့ဟ၊ လူသားမျိုးနွယ် အညွန့်တုံးစေတာ မူးယစ်ဆေးဝါးပါ ဘာညာ ဘလာ ဘလာ ဘလာ။
နောက်ခံ စာလုံးအကြီးကြီးတွေနဲ့ ၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ ဘာညာ၊ တိုက်ပုံအင်္ကျီကြီးဝတ်ပြီး သူများရေးပေးထားတဲ့ မိန့်ခွန်းစာရွက်ကြီးကဟာတွေ စင်ပေါ်တက်ပြောရင် အောက်ကလူတွေ လက်ခုပ်တီးကြပါတယ်။ ကျွန်တော်ကိုယ်တိုင် အဲ့ဒီလို မိန့်ခွန်းမျိုး ရေးပေးခဲ့ရဖူးတယ်။
သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့မူးယစ်ဆေးစျေးကွက်မှာ စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေး (Psychoactive Substances) အသစ်အသစ်တွေ ပိုမိုထွက်ပေါ် လာပါတယ်။ ဥပမာအနေနဲ့ ၂၀၁၀ မှာ မီသောက်စီတမင်း methoxetamine ဆိုပြီး စတင်တွေ့ရှိခဲ့တဲ့ ဆေးတစ်မျိုးဟာ ကက်တမင်းရဲ့ အခွဲအသစ်ကလေးပါ။ ကက်တမင်းထက် အာနိသင်ပိုကောင်း၊ လွင့်တာလည်း ပိုကြာဆိုပဲ၊ သူတို့ လောက အခေါ် စပယ်ရှယ် M တဲ့၊ မက်ဆီ (Mexxy) တဲ့၊ (ဟို မက်ဆီ GOAT နဲ့ မဆိုင်)။ သူလည်း စိတ်နဲ့လူနဲ့ လွင့်တယ်၊ ဒိုပါမင်းဟော်မုန်းကို များစေလို့ စိတ်ပျော်ရွှင် အာနိသင်တွေ (Euphoria) လည်း ပေးပါတယ်တဲ့။ ထပ်ပြန်တလဲလဲ သုံးချင်တယ်၊ စွဲတယ်။ အသစ် အသစ်တွေပေါ်နေတဲ့အထဲ မူလ စပယ်ရှယ် K လေး ဘယ်လိုအခြေအနေရှိမလဲ။ စပယ်ရှယ် K ဟာ စင်ပေါ်မှာ ပါပဲ။
၂၀၂၀ ခုနှစ်၊ နိုင်ငံ ၅၆ နိုင်ငံ ရဲ့ အဓိကတွေ့ရှိတဲ့ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးထဲမှာ ကက်တမင်းက ထိပ်ဆုံးက ဖြစ်ပါတယ်။ ၂၀၂၀ မှာ အများဆုံးဖမ်းဆီးမိတဲ့ ဓာတ်ခွဲခန်းမှာပြလုပ်ထားသော စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဟာ ကတ်တမင်းဖြစ်ပါတယ်။ အများစုက အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အထူးသဖြင့် မလေးရှားနိုင်ငံမှာပါ။ ဒုတိယ နဲ့ တတိယ က ထိုင်း နဲ့ တရုတ်ပါ။ အိမ်နီးနားချင်းတွေပေါ့။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ရဲ့ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရဖြစ်ပါတယ်။
တရုတ်မြို့ကြီး ၂၅ မြို့က စွန့်ပစ်ရေဆိုးတွေထဲမှာ ဘယ်လိုမူးယစ်ဆေးတွေ ပါ၀င်နေလဲဆိုတာကို စမ်းသပ်ခဲ့တဲ့ သုတေသန တစ်ခု ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့ပါတယ်။ စွန့်ပစ်ရေဆိုးတွေမှာ ဒုတိယ အများဆုံးပါ၀င်နေတာက ကက်တမင်းပါ။ အများဆုံးတွေ့ရှိခဲ့တာကတော့ မက်အမ်ဖင်တမင်း စိတ်ကြွဆေးဖြစ်ပါတယ်။ ထိုင်ဝမ် ရဲ့ Electro Dance ကခုန်ပွဲတွေ၊ club တွေမှာ ကက်တမင်း သုံးစွဲမှုဟာ အန္တရာယ်ရှိလောက်အောင် များပြားလာပါတယ်။ ဗီယက်နမ်မှာလည်း ကက်တမင်းကို မူးယစ်ဆေးကဲ့သို့ အလွဲသုံးမှုတွေ အလွန်များလာပါတယ်။
တကယ်တော့ မြန်မာအပါအဝင် တိုင်းပြည်အတော်များများမှာ ကက်တမင်းဟာ ထိန်းချုပ်ဆေးဝါးစာရင်းထဲမှာ ပါဝင်ပါတယ်။ အဲ့တော့ မြန်မာပြည်မှာ ကတ်တမင်းရှိလို့လား။

• ၂၀၁၉ ခုနှစ်မှာ အိန္ဒိယရေပိုင်နက်အနီး အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းမိသော မြန်မာနိုင်ငံသား ၆ ဦးနှင့်ကက်တမင်း ၁၁၆၀ ကီလိုဂရမ် (တစ်တန်ကျော်ဆိုတော့ အတော်များသဟ)
• ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမှာ ဖမ်းမိတယ်လို့ပြောသော ကျပ် ၂.၈၆ ဘီလီယံ တန်ဖိုးရှိ ကက်တမင်း ၂၂၀ ကီလိုဂရမ်
• ၂၀၂၂ ခုနှစ် ရှမ်းအရှေ့ တာချီလိတ်မှာ ဖမ်းမိတယ်လို့ ပြောသော ကျပ်သန်း ၂၀၀ ကျော် တန်ဖိုးရှိ ကက်တမင်း ၂၄ ကီလိုဂရမ်
• ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်တွင် ဖမ်းမိတယ်လို့ပြောသော ကျပ် ၁.၁၇၉ ဘီလီယံတန်ဖိုးရှိ ကက်တမင်း ၁၅၀ ကီလိုဂရမ်
• ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယား၊ ဆီဟာနော့ခရိုင်၊ အပန်းဖြေမြို့တစ်မြို့တွင် ဖမ်းမိသော အလေးချိန် ၁ တန် နီးပါး ကက်တမင်းများ
• ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဖမ်းမိသော ကက်တမင်း ကီလိုဂရမ် ၃၀၀
ဟုတ်ပါ့မလား မောင်ကာဠုရဲ့။ ဒါ့ထက်တောင် ပိုသေး၊
လက်လှမ်းမီသလောက်ရှာထားတဲ့ အချက်အလက်တွေပဲ ရှိပါသေးတယ်။ တစ်ခါဖမ်းမိရင် အခါပေါင်းများစွာ လွတ်နေမယ်ဆိုတာ ယုံတယ်မလား၊ မြုတ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေပေါ်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းကလေးဆိုတာလေ။ တစ်ချိန်တုန်းက ကိုကင်း ဆိုတာ တောင်အမေရိက မှာပဲ ရှိတာ၊ ငါတို့ဆီမှာ မရှိသေးဘူးဆိုပြီး စိတ်အေးလက်အေး နေလို့ရခဲ့တာ။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅.၃ သန်း တန်ဖိုးရှိ ကိုကင်းတွေပါတဲ့ ကွန်တိန်နာကြီးတွေ ဘရာဇီး နဲ့ စင်ကာပူကတဆင့် ရန်ကုန်ဆိပ်ကမ်းကို ရောက်လာပြီး ရွှေပြည်သာ စက်မှုဇုန်အထိ ရောက်သွားတာ မမေ့ပါနဲ့။
မူးယစ်ဆေးဆိုတာ နဲ့ လူတွေစ စဥ်းစားမိကြတာက ဆေးတွေကို ဖမ်း၊ သုံးစွဲသူတွေကို ဖမ်း။ အခုထိကို ဒီလောက်ပဲ။ အခုလောက် အတွေးကတော့ ရှေးတုန်းက လူတွေလည်း တွေးခဲ့ကြတယ်။ လုပ်ခဲ့ကြပါတယ်။ ဒါဆို ဘာလုပ်ကြမလဲ။
ပထမဆုံးက သူတို့ ခံစားမှုတွေကို နားလည်အောင်လုပ်ပါ။ လူတွေ ဘာလို့ မူးယစ်ဆေးတွေသုံးနေကြတာလဲ။ သုံးနေရတာလဲ။ သူတို့လောကကို လေ့လာရပါမယ်။ စကားတွေ နားထောင်ရပါမယ်။ ကယ်တင်ရှင်ကြီးတွေလို မဆက်ဆံဘဲ တန်းတူစကားပြောကြည့်ရပါမယ်။ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒရေးဆွဲသူတွေ၊ စီမံကိန်းရေးဆွဲသူတွေ၊ အကောင်အထည်ဖော်တဲ့ ပညာရှင်တွေမှသည် ကွင်းဆင်းဝန်ထမ်းတွေအထိ သူတို့ ခံစားမှုတွေကို နားလည်ဖို့ ကြိုးစားရပါမယ်။

မူးယစ်ဆေးဆိုတာ ဖြူသလား၊ မဲသလား မသိ၊ ဘယ်လို အာနိသင်တွေ၊ ဘယ်လို အန္တရာယ်တွေရှိလဲ ဆိုတာ မသိ၊ ဒေါ်လာသိန်းချီတန်တဲ့ ကွင်းဆင်းစီမံချက် Outreach Program ကြီးသာ ဆွဲပြီး အလှူရှင် Donor တွေဆီ Proposal တင်လိုက်တာ၊ Night Club မရောက်ဖူးသူ၊ ကွင်းဆင်းတစ်ခါမှ မထွက်ဖူးသူ၊ ဆေးသုံးစွဲသူတွေနဲ့ တစ်ခါမှ စကားမပြောဖူးသူ၊ အဲ့သလို အဲ့သလို အရာရှိကြီး၊ အရာရှိလတ်တွေကို မူးယစ်ဆေးနဲ့ အန္တရာယ်လျှော့ချရေးလုပ်ငန်း (Harm Reduction) မှာ ဆယ်စုနှစ် ၂ ခုစာနီးပါး လုပ်ခဲ့တဲ့ မိမိအတွေ့အကြုံအတွင်း များစွာတွေ့ဖူးပါတယ်။
နောက်တစ်ခုလုပ်ရမှာက ဆေးစွဲနေသူတို့အတွက် အန္တရာယ်လျော့သွားအောင် လျှော့ချပေးတဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု Public Health Services တွေ အကောင်အထည်ဖော်ရပါမယ်။ အန္တရာယ်လျှော့ချရေးလုပ်ငန်း (Harm Reduction) အစီအစဥ်များ ဖြစ်ပါတယ်။ အဆိုပါ အန္တရာယ်လျှော့ချရေး လုပ်ငန်းတွေဟာ ပြည်သူ့ကျန်းမာရေးစီမံချက် တွေဖြစ်ပါတယ်။ တစ်ချို့ဆို အခုထိ HIV တို့ TB တို့ ငှက်ဖျားတို့ တိုက်ဖျက်ရေးလုပ်တာကိုပဲ ပြည်သူ့ကျန်းမာရေးလုပ်ငန်း Public Health activities တွေလို့ ထင်နေပြီး အန္တရာယ်လျှော့ချရေးလုပ်ငန်း လုပ်တဲ့သူဆို (ဥပမာ စာရေးသူ) Public Health နဲ့ မဆိုင် သလိုလို ဆက်ဆံခံရတာတောင် ရှိသေး။ ဆေးသုံးသူပဲ အနှိမ်ခံရတာ မဟုတ်၊ ဆေးပညာရှင် အချင်းချင်းလည်း နှိမ်ကြပါတယ်။ ဤကား စကားချပ်။ ဘယ်တုန်းထဲက ပြောချင်နေတာလဲမသိ။
ဆိုတော့ကာ ကက်တမင်းအတွက် ဘယ်လို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေ လုပ်ကြမလဲ။

ကက်တမင်း ဆေးသုံးစွဲသူတွေအတွက် ရည်ရွယ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို Outreach Program ကတဆင့် သူတို့ဆီ ရောက်ရှိအောင် ဆောင်ရွက်ရပါမယ်။ အရေးပေါ်ဆေးကုမှုပေးရန်လိုအပ်မယ့် အခြေအနေ၊ ဆေးလွန်ခြင်းတွေကို ချက်ချင်း ကုသမှုပေးနိုင်မယ့် အခြေအနေ၊ ဆေးစွဲကုသမှု၊ အပြုအမူပိုင်းဆိုင်ရာကုသမှု Behavioral Therapy စသဖြင့် ဆေးစွဲနေသူတစ်ယောက် ကုသမှုကိုခံယူမယ်ဆိုတဲ့ အချိန်မှာ လက်လှမ်းမီရရှိဖို့ အစီအစဥ်တွေ ထားရှိရပါမယ်။ ပိုက်ဆံအများကြီး ကုန်ပါမယ်။ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ အချိန်မှာတောင် ဒီလို အလွင့်ဆေးတွေ၊ အကြွဆေးတွေအတွက် ကူညီမှု ရှားပါးတာ၊ အခုလို တိုင်းပြည်မှာ ရှုပ်ထွေးချိနဲ့နေတဲ့ အခြေအနေနဲ့ဆို ဘယ်လိုလုပ်ကြမလဲ။ ရင်လည်းမော၊ စိတ်လည်းညစ်၊ ကက်တမင်းသုံးပြီးသာ လွင့်နေချင်တော့တာပါပဲ။
စိတ်မပျက်ကြပါနဲ့။
အခုလေးတင် အပေါ်မှာ ပြောတာကိုပဲ ပြန်ပြောရမှာပါပဲ။ လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ သူတို့ ခံစားမှုတွေကို နားလည်အောင်လုပ်ပါ။ လူတွေ ဘာလို့ မူးယစ်ဆေးတွေသုံးနေကြတာလဲ။ သုံးနေရတာလဲ။ သူတို့လောကကို လေ့လာရပါမယ်။ စကားတွေ နားထောင်ရပါမယ်။ ကက်တမင်းဆေးစွဲနေသူတွေမှာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ ရှိပါတယ်။ မိသားစု နားလည်မှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ခွဲခြားဆက်ဆံခြင်းကင်းမှုတွေအပြင် ပိုပြီးအရေးကြီးတာက သူတို့သုံးတဲ့ ကက်တမင်း ရဲ့ ဆိုးကျိုးတွေကို သိရှိအောင် ကြိုးစားပြီး အန္တရာယ်လျှော့ချရေးတွေ လုပ်ပေးနိုင်ပါတယ်။
အောက်ဖော်ပြပါ အချက်အလက်တွေကို ကက်တမင်းအပါအ၀င် Club Drugs သုံးနေသူတွေအတွက် လက်လှမ်းမီအောင် စီမံပေးလို့၊ ပြောပေးလို့၊ ကူညီပေးလို့ ရပါတယ်။ အထူးသဖြင့် ဒီအချက်တွေဟာ မိန်းကလေးတွေအတွက် ပိုအရေးကြီးပါတယ်။

ကလပ်တွေ၊ ဘားတွေ၊ KTV တွေ၊ ကခုန်ပွဲတွေမှာ

• မိမိသောက်နေတဲ့ သောက်လက်စ တစ်ခုခုကို မိမိယုံကြည်ရတဲ့ တစ်ယောက်ယောက် မရှိဘဲနဲ့ ဘယ်တော့မှ မထားခဲ့ပါနဲ့။
• ဖွင့်ဖောက်ထားတဲ့ သောက်စရာဘူးဆိုရင် မည်သူ့ထံမှ မဆို မသောက်ပါနဲ့။ လက်ခံတယ်ဆိုရင်လည်း ဖွင့်ဖောက်ထားခြင်း ရှိ၊မရှိ သေချာအောင်ကြည့်ပါ။ ကိုယ်တိုင် ဖွင့်ဖောက်ပါ။
• မိမိ နဲ့ မသိရှိသူ သို့မဟုတ် ယုံကြည်နိုင်ဖွယ်မရှိသူ တစ်ဦးဦး တိုက်ကျွေးသော သောက်စရာ တစ်ခုခုကို လက်ခံမိပါက သတိရှိပါ။ မသောက်ရင် အကောင်းဆုံးပါပဲ။
• ကလပ်တွေ၊ ဘားတွေ၊ KTV တွေ၊ ကခုန်ပွဲတွေ သွားရင် သူငယ်ချင်း၊ အပေါင်းအသင်းများဖြင့် အုပ်စုလိုက် သွားပါ။ တစ်ဦးနှင့် တစ်ဦး စောင့်ရှောက်ကူညီပါ။
• ကလပ်တွေ၊ ဘားတွေ၊ KTV တွေ၊ ကခုန်ပွဲတွေကို အုပ်စုလိုက်သွားရင် ပြန်ရင်လည်း အုပ်စုလိုက်ပြန်ပါ။
• တစ်ဦးနှင့် တစ်ဦး ဂရုစိုက်ပါ။ မိမိအုပ်စုထဲမှ တစ်ဦးဦးတွင် မူးယစ်ဆေးတစ်မျိုးမျိုးရဲ့ အကွဲ၊အလွင့် အခြေအနေများ တွေ့ရှိပါက ချက်ချင်း ကူညီပါ။ လိုအပ်ပါက ကုသမှု အကူအညီတောင်းပါ။ အုပ်ချုပ်ရေးကို အသိပေးပါ။
• လွင့်နေတဲ့သူ၊ ကွဲနေတဲ့သူကို ကားမမောင်းပါစေနဲ့။
• K ဖြစ်ဖြစ်၊ E ဖြစ်ဖြစ် ကွဲနေ လွင့်နေပြီ ဆိုရင်ဖြင့် တစ်ညလုံးလည်း က နိုင် ခုန် နိုင်ကြပါတယ်။ ချွေးတွေထွက်၊ အိပ်စက်ခြင်း မရှိတဲ့ အခါ ကိုယ်ခန္ဓာမှာ ရေဓာတ်ဆုံးရှုံးလာပါတယ်။ ရေများများ သောက်ပါ။ Night Club တွေမှာ ရေသန့်ဘူးတွေ၊ တစ်ခါသုံး ပိုက်ကလေးတွေ၊ ကျန်းမာရေး စာရွက်လေးတွေ ဝေနေတဲ့ အဖွဲ့တွေကို တွေ့ရင် နှုတ်ဆက်ပြုံးပြလိုက်ပါ။ ပူးပေါင်းကူညီပါ။
ဒီလိုအချက်တွေကို အရင်က မစဥ်းစားဖူးဘူးဆိုရင် မအံ့သြပါနဲ့။ ဒါတွေက ဆေးသုံးစွဲမှုကို အားပေးနေတယ်လို့လည်း မထင်လိုက်ပါနဲ့။ ထင်နေတယ်ဆိုရင် သင် မူးယစ်ဆေး မစွဲဖူးလို့ သော်လည်းကောင်း၊ အသည်းနှလုံးမရှိလို့ သော်လည်းကောင်း တစ်ခုခုပါပဲ။
ဆေးသုံးစွဲနေသူတွေဟာ လူတစ်ယောက်ယောက်ရဲ့ သား၊ သမီး၊ အကို၊ အမ၊ ညီ၊ မောင်လေး၊ တူ၊ တူမ၊ ဦးလေး၊ အဒေါ်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ၊ ခင်ပွန်း၊ ဇနီး၊ အားပေးတဲ့ အနုပညာရှင်၊ အဆိုတော်၊ ဆရာ၊ ဆရာမ၊ စသဖြင့် စသဖြင့် မိမိတို့ရဲ့ ချစ်ခင်ရသူတွေ ဖြစ်နိုင်ပါတယ်။ ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့တာကို ကိုယ်တိုင်တွေ့ ကြုံခဲ့ဖူးကြတဲ့ ဒီစာကို ဖတ်နေတဲ့ သူတွေ အခု မျက်ရည်ဝဲနေပါပြီ။
မည်သည့် သိပ္ပံပညာရှင်မှ ဒီလို လွင့်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးတွေကို စမ်းသပ်ဖော်ထုတ်ခဲ့တာ မဟုတ်သလို ဘယ်သူမှ ဒီလိုဆေးအလွဲသုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးဖွားကြီးပြင်းလာတာ မဟုတ်ပါဘူး။
နိုင်ငံတွေမှာ မူဝါဒရေးဆွဲသူတွေဟာ လူတွေကို ကယ်တင်နိုင်သလို လူတွေကို လည်းသတ်နေနိုင်ပြန်ပါတယ်။
ကျွန်တော်တို့ လုပ်ရမှာတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံရဲ့ မူးယစ်ဆေးဝါး မူဝါဒကို လက်တွေ့ကျအောင် ချမှတ်၊ပြင်ဆင်၊ အကောင်အထည်ဖော်ရပါမယ်။ အောင်မာ၊ ဒီမိုကရေစီရရင် လုပ်မှာပေါ့လို့ တွေးမနေနဲ့၊ NLD လက်ထက်မှာလည်း မူးယစ်ဆေးနဲ့ ပတ်သက်တာဆိုရင်၊ လိင်လုပ်သားများနဲ့ ပတ်သက်တဲ့ အခွင့်အရေး ကာကွယ်မှုတွေဆိုရင် လက်ရှောင်ပြီး မူဝါဒ ရှေ့ဆက်မတိုးတာတွေ ရှိခဲ့တယ်။
မူဝါဒတွေသေချာဆွဲပြီးရင် မပြီးသေးပါဘူး။ ကုသမှုကို ဖော်ညွှန်းတဲ့၊ ပြည်သူ့ကျန်းမာရေးရှုထောင့်ကို ဖော်ညွှန်းတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲရပါမယ်။ အကောင်အထည်ဖော်နိုင်ဖို့လည်း လုပ်သာကိုင်သာရှိအောင် ရေးဆွဲဖို့လိုပါတယ်။ ဘဝတူ ပညာပေး အစီအစဥ်တွေ (Peer Education Program) တွေမှာ ဘဝတူတွေ အမှန်တကယ်ဦးဆောင်နိုင်စေရန် အခွင့်အလမ်းတွေပေးရပါမယ်။ သုတေသနတွေ အများကြီးလုပ်ရပါမယ်။ သုတေသနတွေကို အစိုးရဆိုသူများကပဲ လုပ်ရသလိုလို ချုပ်ကိုင်ထားတာကို ဖျက်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို လုပ်ကိုင်ခွင့် ပေးရပါမယ်။
သူများနိုင်ငံတွေမှာ လုပ်နေသလို မြို့ကြီးတွေရဲ့ စွန့်ပစ်ရေဆိုးတွေမှာ ကက်တမင်း အပါအ၀င် ဘာမူးယစ်ဆေးတွေများပါနေသလဲ မသိချင်ဘူးလား။ Night Club တွေ၊ ဟိုင်းခန်းတွေရဲ့ ရှေ့မှာ ယာယီရွက်ဖျင်တဲလေးတွေထိုးပြီး မည်သူမဆို အဖမ်းအဆီးကင်းစွာနဲ့ သူအသုံးပြုမယ့် ဟက်ပီးဝါးတား ထဲမှာ ဘယ်မူးယစ်ဆေးအမျိုးအစားပါနေလဲ၊ ပမာဏ ဘယ်လောက်ပါနေသလဲဆိုတာ စစ်ချင်ရင် စစ်ကြည့်နိုင်တဲ့ ဝန်ဆောင်မှု (Drug Testing) တွေလုပ်ပေးရမယ်။ စစ်နေတုန်း ပညာပေး အချက်အလက်တွေကို ကျွဲကူးရေပါ တခါတည်း ပြောပေါ့။ ရေများများသောက်ဖို့ ပြောပေါ့။ အိပ်ရေးဝဝ အိပ်စက်ဖို့ပြောပေါ့။ ကုသမှု လိုချင်ရင် အချိန်းအချက်တွေ လုပ်ကြပေါ့။ ကက်တမင်းကို ထိုးနေတယ်ဆိုရင် တစ်ခါသုံးဆေးထိုးအပ် အသစ်လိုရင် ပေးပေါ့၊ နောက်ထပ်ရှိတဲ့နေရာ ညွှန်းပေါ့။ ကက်တမင်း အာနိသင်က ခဏရယ်၊ ခဏ ခဏ ထိုးကြမယ်ဆိုတာ မမေ့ပါနဲ့။
ဒီလို Outreach Program ကွင်းဆင်းလုပ်ငန်းတွေကို နယ်စပ်မြို့ကြီးတွေမှာပါ အကောင်အထည် ဖော်ရပါမယ်။ ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံ၊ နိုင်ငံဖြတ်ကျော် Cross Border အစီအစဥ်တွေ လုပ်ရမယ်။ လုပ်ရမှာတွေ အများကြီးပါ။ အငြင်းပွားစရာတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ လက်တွေ့ကျကျသာ စဥ်းစားကြရပါမယ်။
ကျောင်းမှာ မူးယစ်ဆေးနဲ့ ကျန်းမာရေး ပညာပေးဟောပြောပွဲ ဆိုတာ နားထောင်ဖူးပါတယ်။ တိုက်ပုံအင်္ကျီနဲ့ လူကြီးတစ်ယောက် ကျောင်းခန်းမကြီးရဲ့ စင်ပေါ်တက်ပြီး ပြောတယ်။ သားတို့ သမီးတို့ မူးယစ်ဆေးဆိုတာ မကောင်းဘူး၊ မသုံးကြနဲ့။
သီချင်းခွေ ဗီစီဒီတွေ၊ အခွေထိုးလိုက်တာနဲ့ နိုင်ငံရေးဦးတည်ချက် ၄ ရပ် ဘာညာပြီးရင် ပေါ်လာတာက လူသားမျိုးနွယ် အညွန့်တုံးစေမှာ မူးယစ်ဆေးဝါးပါ သီချင်း။ မြွေဟောက်ကြီးက ပါးပျဥ်းကြီးထောင်လို့၊ ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်က တဖြည်းဖြည်းပိန်ပြီး အရိုးခြောက်ကြီး ဖြစ်သွားတာ။
ပြောချင်တာက ကတ်တမင်း နဲ့ အလွင့်များတင် မဟုတ်တာကို အခုဆို သိပြီမလား။
သင် မူးယစ်ဆေး စွဲဖူးသလား လို့လည်း မမေးလိုက်ပါဘူး။

ဒေါက်တာသိန်းဟန်
ခေတ္တ အမေရိကန်ပြည်ထောင်စု

(Social media တွင် ကြိုက်သလို အသုံးပြုနိုင်ပါသည်။ ပုံနှိပ်ဖော်ပြခြင်း ခွင့်မပြုပါ)

#ကက်တမင်း #အလွင့်များ


References:
• Jerrold S. Meyer, Linda F. Quenzer, Jennifer R. Yates (2019): Psychopharmacology: Drugs, the Brain and Behavior, Third Edition
• The ASAM Essentials of Addiction Medicine, Third edition, American Society of Addiction Medicine
• National Institute of Drug Abuse website
• World Drug Report, 2023, UNODC.
• Physiology and Pharmacology for Addiction Professionals, Trainer Manual, Third Edition (2017): Colombo Plan Drug Advisory and the Universal Treatment Curriculum for Substance Use

💧ရေ💧>>> ရိုးရှင်းရျ် အရေးကြီးသောအာဟာရ💡 အရင်ဆုံး ခန္ဓာကိုယ်မှာ ရေဓါတ်ကဘယ်လောက်ထိ ပါဝင်သလဲ ? ဘယ်နေရာတွေမှာ အများဆုံးရှိနေသ...
27/01/2023

💧ရေ💧>>> ရိုးရှင်းရျ် အရေးကြီးသောအာဟာရ

💡 အရင်ဆုံး ခန္ဓာကိုယ်မှာ ရေဓါတ်ကဘယ်လောက်ထိ ပါဝင်သလဲ ? ဘယ်နေရာတွေမှာ အများဆုံးရှိနေသလဲ ? ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ဆောင်ပေးသလဲ ? ဆိုတာတွေကို သိသင့်ပါတယ် …
✔️အသက်အရွယ် ကျား/မ ကိုလိုက်ရျ် ရေပမာဏဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၅၀% ကနေ ၆၅% လောက်ထိရှိနိုင်ပါတယ်
အသက်(၃)နှစ်အောက် 👶 ကလေးငယ်များမှာဆိုရင်တော့ ရေပမာဏဟာ ၇၅% လောက်ထိ နေရာယူထားတာဖြစ်ပါတယ်
ရေဓါတ်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ်ဝက်ကျော်လောက်ထိ နေရာယူထားတာဖြစ်လို့ ရေ သည် မိမိတို့အတွက် အလွန်အရေးပါသော အာဟာရဓါတ်တစ်မျိုးအဖြစ် ပါဝင်နေတာပဲဖြစ်ပါတယ်
✔️ဦးနှောက်၊ ကျောက်ကပ်၊ အရေပြား၊ ကြွက်သား၊ နှလုံး၊ အသည်း၊ အဆုတ် စတဲ့ အစိတ်အပိုင်းတွေမှာတော့ ရေဓါတ်များစွာ ပါဝင်နေပြီး
ရေဓါတ်နည်းသော အစိတ်အပိုင်းတွေကတော့ အရိုး နှင့် သွား များပဲဖြစ်ပါတယ်
✔️ရေရဲ့လုပ်ဆောင်ချက်တွေကတော့ ... အစာအာဟာရတွေကို ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေဆီ သယ်ယူပို့ဆောင်ပေးခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော အဆိပ်အတောက်တွေကို စွန့်ပစ်ရာမှာပါဝင်ခြင်း၊ ကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ မိမိတို့စားလိုက်တဲ့ အစားအစာများကို ချေဖျက်ခြင်း၊ အာဟာရများကိုစုပ်ယူခြင်း နှင့် သိမ်းဆည်းခြင်း စတဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ပေးခြင်းတို့ဖြစ်ပါတယ်

💡 နောက်တစ်ချက်အနေနဲ့ကတော့ ခန္ဓာကိုယ်ထဲကနေရော ရေဓါတ်တွေဘယ်လိုဆုံးရှုံးနေရသလဲ ? ဆိုတာဆက်ပြောပါရစေ ...
✔️နေ့စဉ်နဲ့အမျှ ခန္ဓာကိုယ်မှ ရေဓါတ်သည် နည်းလမ်းမျိုးစုံနဲ့ဆုံးရှုံးနေပါတယ် ... ကျောက်ကပ်မှ ဆီးအဖြစ်စွန့်ထုတ်ခြင်း၊ မစင်စွန့်ထုတ်တဲ့အခါမှာ ရေဓါတ်ပါဆုံးရှုံးခြင်း၊ အရေပြားမှတစ်ဆင့် ရေဓါတ်ဆုံးရှုံးခြင်း၊ အသက်ရှူသွင်းရှူထုတ်ဖြစ်စဉ်ကတစ်ဆင့် အဆုတ်မှရေဓါတ်ဆုံးရှုံးခြင်း
✔️ပုံမှန်နေ့စဉ်ဆုံးရှုံးမှုတွေအပြင် ဖျားနာခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ချွေးထွက်များခြင်း၊ ရာသီဥတုအပူလွန်ကဲခြင်း၊ ပြင်းထန်သောအားကစားပြုလုပ်ခြင်း စသည်တို့တွင် ရေဓါတ် ပိုမိုဆုံးရှုံးတတ်ပီး ပုံမှန်တစ်နေ့တာလိုအပ်ချက်ထက် ရေဓါတ် ပိုမိုဖြည့်တင်းပေးဖို့လိုပါတယ်

💡 ဒါဆိုရင် ခန္ဓာကိုယ်မှာ ရေဓါတ် ခမ်းခြောက်သွားတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတော့ ... 🥵🥵🥵
✔️နှလုံးခုန်မြန်ခြင်း
✔️အသက်ရှူနှုန်းမြန်လာခြင်း
✔️မောပန်း နှုံးခွေလာခြင်း
✔️ကြွက်သားများအားနည်းလာခြင်း
✔️ကြွက်တက်ခြင်း
✔️စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း
✔️ခေါင်းကိုက်ခြင်း
✔️ဆီးနည်းသွားခြင်း
✔️အာခေါင်ခြောက်ခြင်း
✔️အသားအရေခြောက်သွေ့ခြင်း စသည့် လက္ခဏာများဖြစ်လာတတ်ပါတယ်
✔️အဆိုးဆုံးအခြေနေအနေနဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်း များအထိဖြစ်နိုင်ပါတယ်

💡 တစ်နေ့တာ အတွက် ရေလိုအပ်ချက် 🥛🥛🥛
✔️လူတစ်ယောက်နှင့်တစ်ယောက် ကျန်းမာရေးအခြေအနေ၊ ရာသီဥတု နှင့် နေထိုင်စားသောက်ပုံ များအပေါ် လိုက်ရျ် လိုအပ်ချက်ပြောင်းလဲမှုရှိသော်လည်း ပျမ်းမျှပုံမှန် တစ်နေ့တာ ရေဖန်ခွက်(၁၃)ခွက် (အမျိုးသားများ) နှင့် ရေဖန်ခွက်(၉)ခွက် (အမျိုးသမီးများ) သောက်သုံးပေးခြင်းဖြင့် ပုံမှန်ရေဓါတ်ဆုံးရှုံးမှုကို မျှခြေအနေအထားမှာ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်
✔️အထက်ဖော်ပြပါ ရေဓါတ်ပိုမိုဆုံးရှုံးနိုင်သော အခြေအနေများဖြစ်ပေါ်ခဲ့လျှင် တစ်နေ့တာ သောက်သုံးရမည့် ရေပမာဏပြည့်ဝအောင် သောက်ပါ၊ ဓါတ်ဆားရေ သောက်ပါ၊ အရည်ရွှမ်းသောအသီးများ/အစားအစာများ စားပေးပါ
✔️ရေဓါတ်ခမ်းခြောက်သော လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသပါ

💯အားလုံးပဲ လွယ်ကူရိုးရှင်းသော အာဟာရဖြစ်တဲ့ 💧ရေဓါတ်💧 ပြည့်ဝခြင်းဖြင့် အမြဲလန်းဆန်းကျန်းမာကြပါစေ 😇😇😇

Dr May Thyn Zan
-pio

Address

Maymyo

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Dear Doctor : အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share