18/01/2023
#အိပ်ယာပေါ်မှာမလှုပ်မယှက်ကြာရှည်စွာနေရသူများသတိပြုရန်
အခု ပြောပြမယ့်အကြောင်းအရာကတော့
👤 အခြေအနေအရပ်ရပ်ကြောင့် အချိန်အတော်ကြာ မလှုပ်ရှားဘဲ နေရတဲ့သူတွေ၊ ဥပမာ- ခွဲစိတ်မှုကြောင့်သော်လည်းကောင်း၊ ထိခိုက်မှုကြောင့်သော်လည်းကောင်း အချိန်ကြာ အိပ်ရာထဲ လဲနေသူတွေ စသည်တို့မှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုကိုပြောပြပေးပါမယ်။
သွေးပြန်ကြောထဲမှာ သွေးခဲပိတ်ခြင်း (Deep Vein Thrombosis) ဖြစ်ပါတယ်။
သွေးပြန်ကြော (Veins)မှာ အရေပြားနဲ့နီးတဲ့ သွေးပြန်ကြော (Superficial Veins)၊ ခန္ဓာကိုယ် အတွင်းပိုင်းသွေးပြန်ကြော (Deep Veins) ဆိုပြီး နှစ်မျိုး ခွဲခြားတယ်။ ဒါကြောင့် သွေးပြန်ကြောရောဂါ (Disease of veins) မှာလည်း
1️⃣ Superficial Venous Thrombosis (phlebitis or thrombophlebitis)
2️⃣ Deep Venous Thrombosis ဆိုပြီး နှစ်မျိုးရှိလာတယ်။
❓အတွင်းပိုင်း သွေးပြန်ကြော သွေးခဲခြင်း (Deep Vein Thrombosis)က ဘာလဲ။
🅰️ နာမည်အတိုင်းပဲ သွေးပြန်ကြောထဲမှာ သွေးခဲလေးဖြစ်လာပြီး ပိတ်စို့တာပေါ့။ အများအားဖြင့် ခြေထောက် (ခြေသလုံး) သွေးပြန်ကြောမှာ အဖြစ်များတယ်။
❓ ဘယ်လိုကြောင့် သွေးခဲဖြစ်လဲ။
🅰️ အလွယ်ရှင်းပြရရင် ရေပိုက်လိုပေါ့၊ ရေစီးကြောင်းမကောင်းရင် အနည်ထိုင်သလိုပဲ၊ သွေးပြန်ကြောမှာ သွေးတွေ စီးဆင်းမှုနှောင့်နှေးစေလာရင် အနည်ထိုင်ပြီး သွေးခဲဖြစ်လာတတ်တယ်။ ထိခိုက်မှုကြောင့် သွေးကြောနံရံပျက်စီးရင်လည်း သွေးခဲဖြစ်တတ်တယ်။ သွေးခဲတဲ့နှုန်းမြန်တာ(hypercoagulability)ကြောင့်လည်း ဖြစ်တတ်တယ်။ ဒါတင်မကသေးဘူး၊ အခြားထည့်စဉ်းစားရတဲ့ အချက်တွေလည်းကျန်သေးတယ်။ အကြမ်းဖျင်းတော့ လှုပ်ရှားမှုမရှိရင် DVT ဖြစ်နိုင်ချေများတယ်။
🍁 ခြေသလုံးဆိုတာ Second Heart (ဒုတိယ နှလုံး) လို့ခေါ်ဆိုနိုင်တယ်။ ခြေထောက်မှာ ရှိတဲ့ သွေးတွေကို နှလုံးဆီ ပို့ဆောင်ဖို့ရာ ခြေသလုံးကြွက်သားတွေက ညစ်ပေးရတယ်။ ကြွက်သားတွေ အလုပ်လုပ်တဲ့အခါ သွေးကြော (သွေးပြန်ကြော)အတွင်းမှာရှိတဲ့ အဆို့ရှင် (valve)က ပွင့်ပြီး အထက်ကို သွေးတွေဆန်တက်စေတယ်။
❗ခြေထောက်လှုပ်ရှားမှုမရှိဘူး၊ လမ်းမလျှောက်ဘူး၊ ပေါ့ပါးတဲ့ လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် ခြေသလုံးကြွက်သားဟာ နေမြဲအတိုင်း သူလည်း အလုပ်မလုပ်ပါဘူး။ အဲ့ဒါဆို သွေးပြန်ကြောတွင်းက အဆို့ရှင်ဟာလည်း လွတ်လပ်စွာ မပွင့်ပါဘူး။ ထိုအခါ သွေးစီးဆင်းမှု အရှိန်နည်းပြီး သွေးထဲမှာပါတဲ့ အရာလေးတွေဟာ အနည်ထိုင်ရင်း များပြားလာတဲ့အခါ အခဲဖြစ်လာတော့တယ်။
(ခြေထောက်မှာ ဖြစ်တတ်တဲ့ DVTကိုသာ နမူနာပြ ရေးသားထားခြင်းဖြစ်ပါသည်။)
❓ ဘယ်အရာတွေက DVT ဖြစ်ဖို့ အားပေးသေးလဲ။
🅰️ Constitutional Factors (ကိုယ်လက် ကြံ့ခိုင်မှုနဲ့ဆိုင်သော အချက်များ- အဝလွန်သူတွေ၊ ကိုယ်ဝန်ရှိသူတွေ၊ အသက်ရွယ်ကြီးတဲ့သူတွေ၊ ခွဲစိတ်ပြီးတဲ့သူတွေ စတာတွေ) နဲ့လည်းသက်ဆိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေ (စီးကရက်က သွေးစီးဆင်းမှုကို နှေးစေ)၊ ဆီးချိုရှိသူတွေ၊ သွေးတိုးရှိသူ၊ ကင်ဆာသမားများနှင့် ကင်ဆာကုထုံးခံယူနေသူများ၊ နှလုံးရောဂါရှိသူ၊ မွေးရာပါ သွေးခဲခြင်းရောဂါရှိသူတွေ၊ တားဆေးကဲ့သို့ ဟော်မုန်းဆေးသောက်သူတွေ စသည့် လူများမှာ DVTသတိထားသင့်တယ်။ (ဖော်ပြပါ အချက်များနဲ့ DVTဖြစ်နိုင်သည်ကို ထည့်သွင်း စဉ်းစားရသည်။)
❓သွေးပြန်ကြောတွင်း သွေးခဲခြင်း(Deep Venous Thrombosis)က အန္တရာယ်ရှိလား။
🅰️ အလွန်ပဲ အန္တရာယ်ရှိပါတယ်။ သွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေထဲမှာ တတိယမြောက် သေနှုန်းအဆင့်ရှိတယ်။ DVTကြောင့် သေစေတာတော့ မဟုတ်ဘဲ နောက်ဆက်တွဲ ရောဂါက ပိုကြောက်စရာကောင်းတာပဲဖြစ်တယ်။
🍁 သွေးပြန်ကြောတွင်း သွေးခဲလေးက တွယ်ကပ်နေရာမှ ပြုတ်ထွက်သွားပြီး သွေးကြောတလျှောက် စီးဆင်းသွားရင်း အဆုတ်ရဲ့ သွေးကြောမှာ ပိတ်ရင် 'အဆုတ်ရဲ့သွေးကြော သွေးခဲပိတ်ခြင်း' (Pulmonary Embolism)ဖြစ်ကာ အရေးပေါ်အခြေအနေနဲ့ကြုံရနိုင်ပါတယ်။
🍁 Pulmonary Embolism ကြောင့် United Statesမှာ နှစ်စဉ် လူပေါင်း (၃၀၀,၀၀၀)လောက် သေဆုံးကြပါတယ်။
❓ DVT ရဲ့ လက္ခဏာတွေက ဘာလဲ။
🅰️ မလှုပ်ရှားတာ ကြာတဲ့အခါ ခြေထောက်မှာ (70% )သော လူနာတွေသည် ယောင်နေမယ်၊ တင်းနေမယ်။ (50%)သော လူနာတွေမှာ နာတာကိုခံစားရမယ်။ အရေပြားမှာ နီတာကိုတွေ့ရနိုင်တယ်။ စမ်းကြည့်ရင် ပူနေတာမျိုး ရှိမယ်။ ခြေကျင်းဝတ် ကော့မိတဲ့အခါ ပိုပြီး နာတတ်တယ်။ နှလုံးခုန်မြန်တာ၊ မကြာခဏဖျားတာ၊ အသက်ရှူကြပ်တာ၊ ရှော့ခ်ရတာမျိုးလည်း သတိထားသင့်တယ်။
❗တစ်ခါတရံ ဘာလက္ခဏာမှ မပြဘဲနဲ့လည်း မလှုပ်ရှားတာကြာနေတဲ့အခါ DVTရှိနေနိုင်ပါတယ်။
❗ခြေထောက်နှစ်ဖက်လုံး DVT ဖြစ်နိုင်ချေရှိသော်လည်း တစ်ဖက်တည်းတွင်ဖြစ်တာပိုများတယ်။
❓ သွေးပြန်ကြောတွင်း သွေးခဲတာ(DVT) သံသယရှိပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။
🅰️ DVT သံသယရှိတယ်ဆိုရင် သေချာအောင်
➡️ Contrast Venogram
➡️ Doppler probe
➡️ Impedance plethysmography စတာတွေနဲ့ စစ်ဆေးလို့ရပါတယ်။
➡️Wells Clinical Prediction Rule လို့ခေါ်တဲ့ diagnostic tool ကိုသုံးပြီးလည်း စစ်ဆေးနိုင်တယ်။
🏅 Prevention is better than cure (ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည်) ဆိုတဲ့ စကားအတိုင်း DVTဆိုတာ မဖြစ်အောင် ကာကွယ်ဖို့က ကုသခြင်းထက် ပိုပြီးစိတ်ချရပါတယ်။🏅
⭕ ကာကွယ်ရမယ့် နည်းလမ်းတွေက (အထူးသဖြင့် အိပ်ရာပေါ်မှာ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ (သို့) ထိခိုက်မိ၍ဖြစ်စေ မလှုပ်ရှားဘဲ ကြာကြာနေရသူတွေ)-
⏩ ခြေထောက်ရှိရာ ကုတင်အစွန်းကို ခေါင်းအုံးများနဲ့သော်လည်းကောင်း နှလုံးlevel ထက် မြှင့်ထားပေးရပါမယ်။
⏩ အပေါ့စားလေ့ကျင့်ခန်းတွေဖြစ်တဲ့ ခြေချောင်း၊ ခြေကျင်းဝတ်အစရှိတဲ့ လေ့ကျင့်ခန်းတွေကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်တိုင်မလုပ်နိုင်ရင် ဘေးလူကဖြစ်စေ လုပ်ပေးရပါတယ်။ (လေ့ကျင့်ခန်းများကို Physiotherapistများထံတွင် စနစ်တကျ သင်ယူပါ။)
⏩ Thrombo-embolic deterrent (TED) Stockings ကိုတော့ ခွဲစိတ်ပြီးလို့ ကုတင်မှာနေရဦးမယ့်သူတွေ ဝတ်ဆင်သင့်ပါတယ်။
⏩ Compression Stockings ကိုတော့ မတ်တပ်ရပ်နိုင်ပြီး အနည်းငယ်လှုပ်ရှားနိုင်သူတွေ DVTမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ဝတ်ဆင်သင့်ပါတယ်။
⏩ လမ်းလျှောက်နိုင်တဲ့သူများကတော့ ကုတင်မှာ အနေမကြာဘဲ စောစော လမ်းလျှောက်သင့်ပါတယ်။ ကြွက်သားများလှုပ်ရှားမှုရှိတဲ့အခါ သွေးလည်ပတ်မှုကောင်းပြီး သွေးပြန်ကြောတွင်း သွေးခဲတာကို ကာကွယ်နိုင်တယ်။
⭕ Travel-related DVT လို့ ခေါ်တဲ့ ခရီးအဝေးကို ကား၊ လေယာဉ်၊ ရထားတို့နဲ့ သွားတဲ့အခါ နာရီနဲ့ချီပြီး အချိန်ကြာ ထိုင်ရသူတွေမှာလည်း DVTသတိထားသင့်တယ်။ မလှုပ်ရှားတာ ကြာရင် သွေးစီးဆင်းမှုနှေးတာရယ်၊ DVTကို အားပေးတဲ့ အချက်တွေ မိမိမှာရှိနေတာရယ် ကြုံကြိုက်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်..
⏩ခရီးဝေးသွားသူတွေအနေနဲ့ တင်းကြပ်တဲ့ အဝတ်များ မဝတ်သင့်ပါ။
⏩ ခြေထောက်လေ့ကျင့်ခန်းကို အလျင်းသင့်သလို လုပ်ပါ။
⏩ Stockings ဝတ်သင့်ရင် ဝတ်ပါ။
⏩ အခွင့်ရရင် မကြာမကြာ လမ်းလျှောက်ပါ။
⏩ ရေလုံလုံလောက်လောက် သောက်ပါ။
⭕ လူနာမဟုတ်ဘဲ ပုံမှန်လူတွေအတွက် ကာကွယ်ရမယ့် နည်းလမ်းတွေက-
⏩ တစ်နေရာထဲမှာ အချိန်ကြာကြာ ထိုင်တာကို ရှောင်ပါ။
⏩ ဆေးလိပ်ဖြတ်ပါ။
⏩ ဝိတ်လျှော့ပါ။
⏩ ဆီးချို၊ သွေးတိုးထိန်းပါ။
⏩ ကိုယ်လက် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပါ။
👨🏻⚕️Deep Vein Thrombosisလို့ခေါ်တဲ့ သွေးပြန်ကြောတွင်း သွေးခဲခြင်းက ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ရောဂါတွေကို ဖြစ်စေတာကြောင့် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။
👨🏻⚕️ အကယ်၍ DVTဖြစ်ခဲ့ပြီဆိုရင်လည်း အလွန်အကျွံ စိုးရိမ်စရာတော့ မလိုပါဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်များ၊ Physiotherapistများ၊ ပညာရှင်များရဲ့ လမ်းညွှန်ချက်နှင့် ကုသမှုတွေကို စနစ်တကျလိုက်နာမယ်၊ ခံယူမယ်ဆိုရင်တော့ ပျောက်ကင်းမှာ အသေအချာပါပဲ။
👨🏻⚕️ အထက်ဖော်ပြပါ လက္ခဏာတွေကို ဖတ်ရှုမိပြီး DVT သံသယရှိရင် နှိပ်ခြင်း(massage)ကဲ့သို့သော သွေးကြောတွင်း တွယ်ကပ်နေတဲ့ သွေးခဲပြုတ်ထွက်သွားစေတဲ့ မည်သည့်အရာကိုမှ မပြုလုပ်သင့်ပါဘူး။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီ ပြသရပါမယ်။
ဒီနေ့ရဲ့ Awareness topicမှာ မှတ်သားစရာကောင်းတဲ့ သွေးပြန်ကြောတွင်း သွေးခဲခြင်း နှင့် ပတ်သက်လို့ ဗဟုသုတရမယ်ထင်ပါတယ်။ မိမိအနေနဲ့ ထိုသို့လက္ခဏာမျိုး မကြုံရသော်လည်း နီးစပ်ရာများ၊ ဆွေမျိုးများ ဆေးရုံမှာ၊ အိပ်ရာထဲမှာ အတန်ကြာ လဲလျောင်းနေတာရှိခဲ့ရင် DVTအကြောင်း ဆောင်ရန်၊ ရှောင်ရန်များကို လက်ဆင့်ကမ်းပေးမယ်ဆို Pageအနေနဲ့ မျှဝေရကျိုးလည်း နပ်ပါတယ်။
နောက်Topicတွေမှာ သိသင့်တာတွေ ဝေမျှပေးသွားဦးမှာမို့လို့ Pageကို Like and share လုပ်ထားပေးကြပါဦးနော်🙌
💢စာများကို ပြန်ကူးတင်တာမျိုးထက် မူရင်း post ကိုသာ share လုပ်စေချင်ပါတယ်။ ကူးယူတဲ့အခါလည်း မူလစာများကို မဖြတ်တောက်ဖို့နှင့် Page၏ နာမည်ကို creditပေးဖို့ လိုအပ်ပါတယ်။💢
👪ကောင်းမွန်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်ဖို့ Physiotherapist များနဲ့ စောစီးစွာ တိုင်ပင်ကြပါစို့👪
⚕️Consult with a Physiotherapist if you need to promote your health⚕️
Thank you🍀
Crd : Physiotherapy Care & Consultation