
18/06/2025
စျေးချိုပြီး အာဟာရတန်ဖိုးကြီး အစားအစာ
ဒန့်သလွန်ရွက်ကို မကြာခဏစားသုံခြင်းဖြင့် အာဟာရချို့တဲ့ခြင်းမှ ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း၊ သွေးတိုးနှင့် နှလုံးရောဂါများမှ ကာကွယ်ပေးခြင်း၊ ဆီးချိုသွေးချိုရောဂါ သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ သူ့တွင် ဆေးဖက်ဝင်ဓာတ်ပစ္စည်းများအပြင် အာဟာရဓာတ်များလည်း ပေါကြွယ်ဝစွာပါဝင်နေတာကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဒန့်သလွန်ရွက်ကို Superfood ဟူ၍ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါသည်။
✅ ဒန့်သလွန်ရွက်တွင်ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ
ဒန့်သလွန်ရွက်တွင် အပင်ဓာတုပစ္စည်းများ (Phytochemicals) ကြွယ်ဝစွာ ပါဝင်နေပါသည်။ သိုင်ယိုကာဘာမိတ် (Thiocarbamate) နှင့် အိုင်စိုသိုင်ယိုဆိုင်ယာနိတ် (Isothio- cyanate) တို့ ပါဝင်ပြီး ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်နိုင်စွမ်းရှိပါသည်။ ဂလူကိုစင်နိုလိတ် (Glucosinolate) နှင့် တရီဂိုစပါမင် (Pterygospermin) များက ရောဂါပိုးမွှားများကို တိုက်ခိုက်နိုင်ပါသည်။ ကွာစီတင် (Quercetin) နှင့် ရူတင် (Rutin) ဓာတ်များသည် သွေးကြောများကို ကောင်းမွန်စေရန် ပံ့ပိုးပေးပါသည်။ ကမ့်ဖီရော (Kaempferol) နှင့် ကလိုရိုဂျဲနစ်အက်ဆစ် (Chlorogenic acid) ဓာတ်ပစ္စည်းများကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါသည်။ ဖလေဗိုနော (Flavonols) နှင့် ဖီနောလစ်အက်ဆစ် (Phenolic acid) များသည် ရောင်ရမ်းခြင်းကိုသက်သာစေခြင်း (Anti-inflammatory)၊ သက်ရှည်နုပျိုစေခြင်း (Antioxidant) နှင့် ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ခြင်း (Antibacterial action) စသည့် အာနိသင်များရှိပါသည်။
✅ ဒန့်သလွန်ရွက်တွင်ပါဝင်သော အာဟာရဓာတ်များ
ဒန့်သလွန်ရွက်တွင် အာဟာရဓာတ်များ စုံလင်စွာပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဒန့်သလွန်ရွက်တွင်ပါဝင်သော ပရိုတင်းဓာတ်များက ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ (Essential Amino Acids) ဖြင့် ဖွဲ့စည်းထားသောကြောင့် သက်သတ်လွတ်စားသူများအနေနှင့် ပရိုတင်းဓာတ်ချို့တဲ့ခြင်းမဖြစ်စေရန် ဒန့်သလွန်ရွက်များကို မကြာခဏစားပေးသင့်ပါသည်။ ထို့အပြင် ယင်းတွင်ပါဝင်သော ကာဘိုဟိုက်ဒြိတ်ဓာတ်များမှာလည်း ခွန်အားကိုပြည့်ဖြိုးစေပြီး သက်လုံကောင်းစေပါသည်။ ဒန့်သလွန်ရွက်အစိမ်း ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) စွမ်းအင် (Energy) 64 Kcal
ပရိုတင်းဓာတ် (Protein) 9.40 g
ကာဘိုဟိုက်ဒြိတ် (Carbohydrate) 8.28 g
အမျှင်ဓာတ် (Dietary fiber) 2.00 g
အဆီဓာတ် (Fat) 1.40 g
(၂) ဗီတာမင်များ (Vitamins)
ဗီတာမင် စီ (Vitamin C) 51.70 mg
ဗီတာမင် အေ (Vitamin A) 7564 IU (2.27mg)
နိုင်ယာစင် (Niacin) 2.22 mg
ပိုင်ရီဒေါ့စင်း (Pyridoxine) 1.20 mg
ရိုင်ဘိုဖလေဗင် (Riboflavin) 0.66 mg
သိုင်ရာမင်း (Thiamine) 0.26 mg
ဖောလိတ် (Folate) 40.00 µg
(၃) သတ္တုဓာတ်များ (Minerals)
ပိုတက်စီယမ် (Potassium) 337.00 mg
ကယ်လ်စီယမ် (Calcium) 185.00 mg
မဂ္ဂနီစီယမ် (Magnesium) 147.00 mg
မီးစုန်းဓာတ် (Phosphorus) 112.00 mg
ဆိုဒီယမ် (Sodium) 9.00 mg
သံဓာတ် (Iron) 4.00 mg
သွပ်ဓာတ် (Zinc) 0.60 mg
စီလီနီယမ် (Selenium) 0.90 µg
ဒေါက်တာခင်မောင်လွင် (FAME)
References:
USDA National Nutrient Database for Standard References (2015)