10/10/2020
ပျိုမေတို့ပြုလုပ်နေကြတဲ့ Chemical Peeling အကြောင်း
ခုခေတ်မှာ အမျိုးသမီးတွေ အလှအပအတွက် မျက်နှာကို Chemical Peeling လုပ်တာတွေများနေကြပါတယ်။ ဒီဆောင်းပါးမှာတော့ chemical peel ဆိုတာဘာလဲ? ဘယ်လိုလူတွေမှာ ပြုလုပ်သင့်သလဲ? ရည်ရွယ်ချက်ကဘာလဲဆိုတာတွေကို ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။
Chemical Peeling ဆိုတာ အက်ဆစ်အပျော့ကိုသုံးပြီး မျက်နှာရဲ့အပေါ်ယံမှာရှိတဲ့သေဆုံးပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားခြင်းပါပဲ။ အရေပြားကို ချောမွတ်စေပြီး ပြန်လည်နူးညံ့စေပါတယ်။ ကျွမ်းကျင်တဲ့ အရေပြားနဲ့အလှအပဆိုင်ရာဆရာဝန်ကပြုလုပ်ပေးရင် မျက်နှာအရေပြားရဲ့အသားအရောင်ကိုညီညာစေပြီး အရေးအကြောင်းတွေလည်းလျော့နည်းသွားစေပါတယ်။ ဆရာဝန်နဲ့အရင်ဆုံးဆွေးနွေးတိုင်ပင်ပြီး ကိုယ့်ရဲ့အရေပြားရဲ့လိုအပ်ချက်နဲ့ ဖြစ်နိုင်တဲ့အကျိုး၊အပြစ်တွေကို ချိန်ဆပြီးမှပြုလုပ်သင့်ပါတယ်။
Chemical Peel မှာ သုံးမျိုးရှိပါတယ်။
ပျော့ပြောင်းတဲ့ Mild, အလယ်အလတ် Medium နဲ့ အမြင့်ဆုံး Deep peel ဆိုပြီးရှိပါတယ်။ တစ်ခုချင်းစီမှာ အကျိုးကျေးဇူးတွေနဲ့ မတူညီတဲ့ရည်ရွယ်ချက်တွေရှိပါတယ်။
Mild chemical peel ရဲ့အကျိုးကျေးဇူးတွေကတော့
- ခြောက်သွေ့တဲ့အရေပြားကိုချောမွတ်စေပါတယ်
- အသားအရောင်မညီတာကိုသက်သာစေတယ်
- ဝက်ခြံပေါက်ခြင်းကိုထိန်းချုပ်ပေးပါတယ်
- အမည်းစက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်
- နဂိုအသားအရေကိုပြန်ရဖို့ အချိန်နည်းနည်းပဲလိုပါတယ်
- နေလောင်ဒဏ်ကိုအနည်းငယ်ခံထားရတဲ့အသားအရေအတွက် သင့်တော်ပါတယ်
- အဖုအပိန့်အနည်းငယ်ကိုသက်သာစေပါတယ်
- နုပျိုပြီးလတ်ဆတ်တဲ့ အသားအရေကို ပြန်လည်ရရှိစေပါတယ်။
Medium-depth Chemical Peel ရဲ့ အကျိုးကျေးဇူးတွေကတော့
- မျက်နှာပေါ်ကအရေးအကြောင်းအချို့သက်သာစေပါတယ်
- မလိုချင်တဲ့ မျက်နှာပေါ်က မွေးရာပါအမှတ်ကို မှိန်စေပါတယ်
- ဝက်ခြံဒဏ်ရာဟောင်းတွေ အမာရွတ်တွေကို သက်သာပျောက်ကင်းစေပါတယ်
- နေလောင်ဒဏ်ကြောင့် တော်တော်ပျက်စီးနေတဲ့အသားအရေကိုကုသပေးနိုင်ပါတယ်။
- အဖုအပိန့်တွေကိုသက်သာစေပါတယ်
Deep Chemical Peel ရဲ့အကျိုးကျေးဇူးတွေကတော့
- နက်ရှိုင်းတဲ့ဝက်ခြံအမာရွတ်တွေကိုသက်သာစေပါတယ်
- မျက်နှာပေါ်ကအရေးအကြောင်းတွေကို သိသာစွာလျော့စေပါတယ်
- အစက်အပျောက်တွေကို ဖယ်ရှားနိုင်ပါတယ်
- ကုသမှုကို တစ်ကြိမ်သာခံယူဖို့လိုပါတယ်
- ပိုမိုချောမွတ်သော ငယ်ရွယ်သောအရေပြားကိုရရှိနိုင်ပါတယ်။
Chemical Peeling လုပ်ခြင်းရဲ့ ဆိုးကျိုးများ
ဒါတွေကဖြစ်မယ်လို့တစ်ထစ်ချပြောတာမဟုတ်ပါဘူး။ လူတစ်ဦးနဲ့တစ်ဦးမတူညီတဲ့အတွက် အကျိုးရှိသလို အပြစ်လည်းရှိကောင်းရှိနိုင်တာကို ဖော်ပြပေးတာဖြစ်ပါတယ်။
- မျက်နှာပေါ်ကို chemical peel gel စသုံးပေးတဲ့အခါ အနည်းငယ်စပ်ဖျဉ်းဖျဉ်းခံစားမှုကိုခံရနိုင်ပါတယ်
- peeling လုပ်ပြီးရင် မျက်နှာကနီရဲနေတတ်ပါတယ်
- ခတ္တထုံကျင်နေသလိုခံစားရတတ်ပါတယ်
- နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ အသားအရေဟာနုနေတဲ့အတွက် နေဒဏ်ကိုမခံနိုင်ပါဘူး။ နေပူထဲထွက်ခြင်း၊ဖုန်ထူထဲအပြင်ထွက်ခြင်းကိုရှောင်ကြဉ်ရမှာပါ။
ဒါတွေကတော့ Chemical Peeling လုပ်ခြင်းအကြောင်းနဲ့ အကျိုး၊အပြစ်တွေပါ။ Chemical Peeling ပြုလုပ်တော့မယ်ဆိုရင် ကျွမ်းကျင်သူအရေပြားနဲ့အလှအပဆိုင်ရာအထူးကုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်သင့်၊မလုပ်သင့်ချိန်ဆသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)