Dr Myo Kyi Maung

Dr Myo Kyi Maung အဆုတ်နဲ့ရင်ခေါင်း ဆိုင်ရာ ကျန်းမာရ? အထွေထွေရောဂါ အထူးကု သမားတော်
အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ဆရာဝန်ကြီး

ပန်းနာရင်ကျပ်ရောဂါရှိသော ကလေးငယ်များဆရာ/ဆရာမများနှင့် ပြုစုစောင့်ရှောက်သူများ သိထားသင့်သည်များကျွန်တော်တို့ အဆုတ်အထူးကုဆ...
01/06/2025

ပန်းနာရင်ကျပ်ရောဂါရှိသော ကလေးငယ်များ
ဆရာ/ဆရာမများနှင့် ပြုစုစောင့်ရှောက်သူများ သိထားသင့်သည်များ

ကျွန်တော်တို့ အဆုတ်အထူးကုဆရာဝန်တစ်ယောက်အနေနဲ့ ကလေးငယ်တွေ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရတာကို မကြာခဏ တွေ့ရပါတယ်။ ဒီကလေးငယ်လေးတွေဟာ ကျောင်းတွေ၊ ကလေးထိန်းကျောင်းတွေ၊ ဒါမှမဟုတ် မိဘတွေ အလုပ်သွားတဲ့အခါ အိမ်မှာ ပြုစုစောင့်ရှောက်ပေးမယ့်သူတွေနဲ့ အချိန်ကုန်ဆုံးကြရပါတယ်။

ဒီလိုအချိန်မှာ ဒီကလေးလေးတွေ ရုတ်တရက် အသက်ရှူကြပ်လာရင်၊ ရင်ကျပ်လာရင် ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာကို ဆရာ/ဆရာမများနဲ့ ပြုစုစောင့်ရှောက်သူများက သေချာသိနားလည်ထားဖို့ဟာ ကလေးငယ်လေးတွေရဲ့ အသက်ကို ကယ်တင်ရာမှာ အလွန်အရေးကြီးပါတယ်။ "မသိလို့၊ မတတ်လို့" ဆိုတာမျိုး မဖြစ်ရအောင် ဒီနေ့မှာ အရေးကြီးတဲ့ အချက်တွေကို ရှင်းပြပေးချင်ပါတယ်။ နိင်ငံတကာမှာ ကလေးတွေကို သင်ကြားရသူတွေ၊ ပြုစုရသူတွေဟာ ကျန်းမားရေးဆိုင်ရာအသိတွေ အတော်ကို သိနေအောင် သင်ကြားထားရပါတယ်။

ဘာကြောင့် ဆရာ/ဆရာမများနှင့် ပြုစုစောင့်ရှောက်သူများ ပန်းနာရင်ကျပ်အကြောင်း သိထားဖို့ လိုအပ်တာလဲ?

1. ကလေးငယ်လေးများ၏ အသက်ဘေး ကာကွယ်ရန် ပန်းနာရင်ကျပ်ထဖောက်တဲ့အခါ အသက်ရှူလမ်းကြောင်းပိတ်ပြီး မိနစ်ပိုင်းအတွင်း အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ လျင်မြန်မှန်ကန်တဲ့ တုံ့ပြန်မှုက ကလေးရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

2. ကလေးငယ်များရဲ့ ဘဝအရည်အသွေး ကောင်းမွန်ရန် ရောဂါကို ထိန်းချုပ်နိုင်ရင် ကလေးငယ်တွေဟာ ပုံမှန်ကလေးတွေလိုပဲ ကျောင်းတက်နိုင်၊ ကစားနိုင်၊ ပညာသင်နိုင်ပါတယ်။ ရောဂါကြောင့် ဘဝမှာ အားငယ်တာမျိုး၊ ကန့်သတ်ခံရတာမျိုး မဖြစ်ရအောင် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

3. မိဘများ စိတ်ချရစေရန် မိဘတွေက ကလေးကို စာသင်ကျောင်း ဒါမှမဟုတ် နေ့ကလေးထိန်းကျောင်းကို အပ်နှံတဲ့အခါ ကလေးရဲ့ ကျန်းမာရေးကို စိတ်ပူပန်မှုကင်းကင်းနဲ့ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ဖို့အတွက်ပါ။
ကလေးပန်းနာရင်ကျပ်ရဲ့ လက္ခဏာများကို မှတ်သားထားပါ
• မကြာခဏ ချောင်းဆိုးခြင်း အထူးသဖြင့် ကစားပြီးတဲ့အခါ၊ လေအေးမိတဲ့အခါ၊ ညဘက် သို့မဟုတ် မနက်ပိုင်းမှာ ချောင်းဆိုးခြင်း။
• ရင်ဘတ်က တရွှီရွှီမြည်သံ အသက်ရှူတိုင်း ရင်ဘတ်က တရွှီရွှီ အသံမြည်ခြင်း။
• အသက်ရှူမောခြင်း၊ အသက်ရှူမြန်ခြင်း ကလေးငယ်တွေ ပုံမှန်ထက် အသက်ရှူနှုန်းမြန်တာ၊ ပုံမှန်လို ကစားမနိုင်ဘဲ မောပန်းနေတာမျိုး။
• ရင်ဘတ်အောင့်ခြင်း / တင်းကျပ်ခြင်း ကလေးတွေက တိတိကျကျ မပြောတတ်ပေမယ့် ရင်ဘတ်ကို ဖိထားတာ၊ မအီမသာဖြစ်နေတာမျိုး။
• နှုတ်ခမ်း ဒါမှမဟုတ် လက်သည်းခွံတွေ ပြာလာခြင်း ဒါဟာ အောက်ဆီဂျင် အလွန်အမင်းနည်းနေတဲ့ အရေးပေါ်အခြေအနေ လက္ခဏာပါ။ ချက်ချင်း အကူအညီလိုအပ်ပါတယ်။

အရေးကြီးဆုံး - "ပန်းနာရင်ကျပ် ထိန်းချုပ်မှု အစီအစဉ်" (Asthma Action Plan) ကို သိထားပါ

• ကလေးငယ်တိုင်းမှာ သူ့ဆရာဝန်နဲ့ မိဘတွေက ရေးဆွဲထားတဲ့ "Asthma Action Plan" တစ်ခု ရှိတတ်ပါတယ်။ မရှိသေးရင် မိဘနဲ့ ဆရာဝန်က ဆောင်ရွက်ပေးထားရပါမယ်။ ဒီ Plan မှာ ကလေးရဲ့ ရောဂါအခြေအနေ (ဥပမာ - အစိမ်းရောင် (ကောင်းမွန်)၊ အဝါရောင် (သတိထားရန်)၊ အနီရောင် (အရေးပေါ်)) အလိုက် ဘယ်ဆေးကို ဘယ်လောက်ပမာဏ ပေးရမယ်၊ ဘယ်အချိန်မှာ ဆေးရုံကို ပို့ရမယ်ဆိုတာ အသေးစိတ် ရေးသားထားပါတယ်။
• ဆရာ/ဆရာမများအနေဖြင့် မိဘတွေဆီကနေ ကလေးရဲ့ Action Plan ကို မဖြစ်မနေ တောင်းခံပါ။ အဲဒီ Plan ကို မြင်သာတဲ့နေရာမှာ ကပ်ထားပြီး ကလေးနဲ့ ထိတွေ့ရတဲ့ ကျောင်းက ဆရာ/ဆရာမအားလုံးကို သေချာနားလည်အောင် ရှင်းပြထားပါ။
• ပြုစုစောင့်ရှောက်သူများအနေဖြင့် မိဘတွေက ကလေးကို မိမိတို့လက်ထဲ အပ်နှံတဲ့အခါ ဒီ Plan ကို သေချာတောင်းယူပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မေးမြန်းထားပါ။

အရေးပေါ် ဆေးဝါးများ (Reliever Inhaler) အကြောင်း သိထားပါ

• ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတိုင်းမှာ အရေးပေါ် သက်သာစေသော ရှူဆေး (Reliever Inhaler) ကို ဆောင်ထားရပါမယ်။ (ဥပမာ - Ventolin/Salbutamol Inhaler)။
• အရေးပေါ်ရှူဆေးကို ဘယ်မှာထားရမလဲ? ကလေးငယ်ရဲ့ အရေးပေါ်ရှူဆေးကို လုံခြုံပြီး လက်လှမ်းမီတဲ့နေရာ (ဥပမာ - ကျောင်းစားပွဲ အံဆွဲ၊ ကလေးထိန်းတဲ့နေရာ၊ ကလေးရဲ့ ကျောပိုးအိတ်ထဲ) မှာ ထားပါ။ သားသမီးတွေကလည်း ကျောင်းကို ဆေးထည့်ပေးလိုက်တဲ့အခါ ဆရာ/ဆရာမကို သေချာပြောပြပြီး ပေးအပ်ထားပါ။

• အရေးပေါ်ရှူဆေး ဘယ်လိုရှူရမလဲ? (အထူးသဖြင့် Spacer ဖြင့်)

o ကလေးတွေအတွက် ရှူဆေးကို Spacer (ကြားခံဖန်ပြွန်) နဲ့ တွဲပြီး ရှူရပါမယ်။ (ယခင်ပို့စ်မှာ ရှင်းပြခဲ့သလို ကလေးငယ်လေးတွေ အသက်ရှူသွင်းတာကို တိတိကျကျမလုပ်နိုင်လို့ ဆေးက အဆုတ်ထဲ မရောက်ဘဲ လည်ချောင်းမှာပဲ ကပ်တတ်တာကြောင့် Spacer က မဖြစ်မနေ လိုအပ်ပါတယ်)။
o ရှူနည်းအဆင့်ဆင့်ကို လေ့ကျင့်ထားပါ (မိဘတွေဆီကနေ သင်ယူထားပါ/ ဆရာဝန်နဲ့ မေးမြန်းပါ)
1. ဆေးဘူးကို လှုပ်ပါ။ Spacer ရဲ့ တစ်ဖက်မှာ ဆေးဘူးကို တပ်ပါ။
2. ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို Spacer Mask နဲ့ လုံအောင် ဖုံးပြီး ကလေးကို ပုံမှန်အသက်ရှူခိုင်းပါ။
3. ဆေးဘူးကို ဖိနှိပ်ပြီး ကလေးကို အသက် (၆) ကြိမ်မှ (၈) ကြိမ်အထိ ပုံမှန် ရှူသွင်း ရှူထုတ် လုပ်ခိုင်းပါ။
4. လိုအပ်ပါက ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ထပ်ရှူပါ။

အရေးပေါ်အခြေအနေ ဖြစ်လာရင် ဘာလုပ်မလဲ?

• ကလေးက ရုတ်တရက် အသက်ရှူကြပ်လာပြီ၊ ရင်ကျပ်လာပြီ၊ တရွှီရွှီမြည်လာပြီဆိုရင် မကြောက်ပါနဲ့၊ စိတ်မပူပါနဲ့။
• ပန်းနာရင်ကျပ် ထိန်းချုပ်မှု အစီအစဉ် (Asthma Action Plan) မှာ ပါတဲ့အတိုင်း ကလေးကို အရေးပေါ်ရှူဆေးကို Spacer နဲ့ တွဲပြီး ချက်ချင်းရှူခိုင်းပါ။
• မိဘတွေကို အမြန်ဆုံး အကြောင်းကြားပါ။
• အရေးပေါ်ရှူဆေး (၁၅-၂၀) မိနစ်အတွင်း (၂) ကြိမ်ခန့် ပေးပြီးတာတောင် ကလေးရဲ့ လက္ခဏာတွေ မသက်သာဘူး၊ ပိုဆိုးလာတယ် (နှုတ်ခမ်းပြာလာတာ၊ စကားမပြောနိုင်တော့တာ၊ အသက်ရှူရ အရမ်းခက်တာ၊ ရင်ဘတ်ချိုင့်ဝင်တာ) ဆိုရင် အချိန်မဆွဲဘဲ ချက်ချင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးပါ။

မှားယွင်းသော အယူအဆများ

ကျွန်တော်တို့ မြန်မာ့ပတ်ဝန်းကျင်မှာ ဒီလိုအယူအဆတွေ မကြာခဏ ကြားရတတ်ပါတယ်။

• "ကလေးက ကြီးလာရင် ပျောက်သွားမှာပါ။ ဆေးတွေ သိပ်မရှူနဲ့" ဒါဟာ အင်မတန်မှားယွင်းတဲ့ အယူအဆပါ။ ကလေးဘဝ ပန်းနာရင်ကျပ်ရဲ့ ၆၀% မှ ၇၀% လောက်က ကြီးရင် သက်သာသွားနိုင်ပေမယ့် (၃၀-၄၀)% လောက်ကတော့ လူကြီးအထိ ဆက်ဖြစ်တတ်ပါတယ်။ ကြီးလာရင် ပျောက်လိမ့်နိုးနဲ့ ဆေးမပေးဘဲထားရင် အသက်အန္တရာယ်ရှိနိုင်သလို အဆုတ်လည်း ရေရှည်ထိခိုက်နိုင်ပါတယ်။

• "ကလေးက ဆေးစွဲသွားမှာ ကြောက်လို့ ရှူဆေးမသုံးခိုင်းဘူး" ဒါဟာ အကြီးမားဆုံး အဆိုးဆုံး အမှားတစ်ခုပါ။ ပန်းနာရင်ကျပ်အတွက် သုံးတဲ့ ရှူဆေးတွေ (အထူးသဖြင့် Controller ဆေးတွေ) ဟာ ဆေးစွဲတာမျိုးမရှိဘဲ အဆုတ်ရောင်ရမ်းတာကို လျှော့ချပေးတာပါ။ အသက်ကယ်ဆေးတွေပါ။ ဒီဆေးတွေကို မှန်မှန်ကန်ကန် မသုံးတဲ့အတွက်ကြောင့်သာ ရောဂါထဖောက်ပြီး ကလေးငယ်လေးတွေ အသက်အန္တရာယ်များတာကို ဆရာဝန်တစ်ယောက်အနေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပါတယ်။ တစ်ခါတုန်းက အသက် ၆ နှစ်အရွယ် ကလေးမလေးတစ်ယောက် ရင်ကျပ်ပြီး ဆေးရုံကို အရေးပေါ် ရောက်လာတယ်။ မိဘတွေကလည်း ကလေးရဲ့ မူကြိုဆရာမကို လုံးဝ ဆေးမပေးခဲ့ဘူး။ ဆရာမကလည်း ဘာမှ မသိဘူး။ ကလေးက အခြေအနေ အရမ်းဆိုးမှ ဆေးရုံရောက်လာတော့ နောက်ကျနေပြီ။ မိဘတွေက 'ဆေးက စွဲသွားမှာ ကြောက်လို့ ဆရာမကို မပေးခဲ့ဘူး လို့ ပြောတော့ ကျွန်တော် ရင်ထဲမှာ အရမ်းခံစားရတယ်။ သေချာ ရှင်းပြထားခဲ့ပါရက်နဲ့လေ" ဒီလိုမျိုးတွေ မဖြစ်ရအောင် ဆရာ/ဆရာမများနဲ့ ပြုစုစောင့်ရှောက်သူများက ဒီအချက်ကို သေချာနားလည်ထားဖို့ လိုပါတယ်။

• "ချောင်းဆိုးရင်၊ ရင်ကျပ်ရင် ဆေးမရှူခိုင်းဘဲ ရေနွေးကြမ်းပဲ တိုက်တယ် / ကွမ်းရွက်ပြုတ်ရည်ပဲ တိုက်တယ်": ဒါတွေဟာ ပန်းနာရင်ကျပ်အတွက် ကုသမှုနည်းလမ်းတွေ မဟုတ်ပါဘူး။ အသက်ရှူကြပ်လာပြီဆိုရင် အချိန်မဆွဲဘဲ အရေးပေါ်ရှူဆေးကို ချက်ချင်းရှူဖို့ပဲ အရေးကြီးပါတယ်။ ရေနွေးကြမ်းတိုက်တာ၊ ကွမ်းရွက်ပြုတ်ရည်တိုက်တာ စတာတွေက ကလေးရဲ့ အသက်ကို ဘာမှ အာမခံချက်မပေးနိုင်တဲ့အပြင် အချိန်ဆွဲသလို ဖြစ်ပြီး အန္တရာယ် ပိုကြီးစေနိုင်ပါတယ်။

အဲဒါကြောင့် ကျောင်းဆရာ/ဆရာမများ၊ နေ့ကလေးထိန်းများ၊ မူကြိုဆရာ၊ ဆရာမများ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအနေနဲ့ ဒါတွေကို သိရှိနားလည်ထားကြပါ။ ကလေးမိဘများအနေနဲ့လည်း ကောင်းကောင်း နားလည်နေရပါမယ်။

ကလေးငယ်လေးတွေရဲ့ ပန်းနာရင်ကျပ်ရောဂါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ သင်တို့ရဲ့ ဂရုစိုက်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လျင်မြန်တဲ့ လုပ်ဆောင်မှုတွေဟာ ကလေးငယ်လေးတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်တဲ့အပြင် သူတို့ရဲ့ ဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
မိဘတွေဆီကနေ ကလေးရဲ့ Asthma Action Plan ကို မဖြစ်မနေတောင်းပါ။ အရေးပေါ်ဆေးဝါးတွေကို ဘယ်မှာထားရမယ်၊ ဘယ်လိုသုံးရမယ်ဆိုတာ သိထားပါ။ အရေးပေါ်အခြေအနေမှာ အချိန်မဆွဲဘဲ ဆရာဝန်ဆီ ချက်ချင်းပို့ဆောင်ပေးပါ။

ပန်းနာရင်ကျပ်ဝေဒနာရှင် ကလေးငယ်လေးတွေဟာ သူတို့ဘာသာသူတို့ ဒီရောဂါကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့ကို ထိန်းချုပ်ပေးရမယ့် တာဝန်က ကျွန်တော်တို့အားလုံးမှာ ရှိပါတယ်။ သင်တို့ရဲ့ မေတ္တာနဲ့ အသိပညာက ကလေးငယ်လေးတွေရဲ့ ဘဝကို ပိုမိုလှပစေမှာပါ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
‌ဒေါက်တာမျိုးကြည်မောင်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး

ကမ္ဘာ့ဆေးရွက်ကြီးဆန့်ကျင်ရေးနေ့ (မေလ ၃၁ ရက်) ဆေးလိပ်ဖြတ်ခြင်း... ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်...
31/05/2025

ကမ္ဘာ့ဆေးရွက်ကြီးဆန့်ကျင်ရေးနေ့ (မေလ ၃၁ ရက်)
ဆေးလိပ်ဖြတ်ခြင်း... ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်!

ဒီနေ့ (မေလ ၃၁ ရက်နေ့) ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်ထားတဲ့ "ကမ္ဘာ့ဆေးရွက်ကြီးဆန့်ကျင်ရေးနေ့" (World No To***co Day) ဖြစ်ပါတယ်။ ဒီနေ့မှာ ဆေးရွက်ကြီးနဲ့ ဆေးလိပ်သောက်သုံးမှုရဲ့ ဆိုးကျိုးတွေကို လူတိုင်းသိရှိပြီး ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းနှိုးဆော်တဲ့နေ့ ဖြစ်ပါတယ်။

အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်တစ်ယောက်အနေနဲ့ နေ့စဉ် ဆေးရုံဆေးခန်းတွေမှာ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်တဲ့ ရောဂါဝေဒနာရှင်တွေကို အများကြီး ကုသပေးနေရပါတယ်။ အထူးသဖြင့် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ (ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ - COPD၊ အဆုတ်ကင်ဆာ) တွေဟာ ဆေးလိပ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒီနေ့မှာတော့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ၊ ဘာလို့ ဆေးလိပ်ဖြတ်သင့်လဲ၊ ဘယ်လိုဖြတ်နိုင်လဲဆိုတာကို အတွေ့အကြုံလေးတွေနဲ့တကွ ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ့မယ်။

"ဆေးလိပ်ကို အသွေးအသားထဲကကို စွဲနေပြီဆရာ"တဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုနှုန်းက တော်တော်လေး မြင့်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အမျိုးသားအများစု ဆေးလိပ်သောက်ကြသလို၊ ကွမ်းနဲ့ ဆေးရွက်ကြီးတွဲစားတာတွေလည်း အများကြီးပါ။ တချို့ဆို ဆေးလိပ်သောက်တာကို "ယောက်ျားသား ပီသတယ်၊ စတိုင်မိုက်တယ် လူကြီးလူကောင်းဆန်တယ်" လို့တောင် တလွဲ ထင်တတ်ကြတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ဆေးလိပ်ဆိုတာ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့၊ ဘေးပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတဲ့ "ရန်သူ" ပါပဲ။

ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ - "နေ့စဉ်မြင်ကွင်းတွေပေါ့"

ကျွန်တော် ဆေးခန်းမှာ တွေ့မြင်နေရတဲ့ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေက မရေမတွက်နိုင်အောင်ပါပဲ။

1. အဆုတ်ရောဂါများ
o နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD) ဆေးလိပ်ကြောင့် အဖြစ်များဆုံးရောဂါပါ။ ချောင်းဆိုးမယ်၊ အသက်ရှူကြပ်မယ်၊ မောမယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အဆုတ်က ပြန်ကောင်းဖို့ ခဲယဉ်းပါတယ်။ ကျွန်တော့်လူနာ အများစုက "ဆရာရေ၊ ကျွန်တော် ဆေးလိပ်သောက်တာ နှစ် ၄၀ ကျော်ပြီ။ ချောင်းဆိုးပြီး မောလာတာ ၅ နှစ်လောက် ရှိပြီ။ အရင်လို လမ်းမလျှောက်နိုင်တော့ဘူး။ ထမင်းတောင် စားရင်း မောလို့ နားနားပြီးမှ စားရတယ်" လို့ ပြောတတ်ကြတယ်။
o အဆုတ်ကင်ဆာ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေဟာ မသောက်သူထက် အဆပေါင်းများစွာ ပိုများပါတယ်။ တီဘီပြီးရင် မြန်မာပြည်မှာ အဆုတ်ကင်ဆာက ဒုတိယအဖြစ်များဆုံးပါ။ အဆုတ်ကင်ဆာဖြစ်တဲ့သူတွေ အများစုက ဆေးလိပ်သောက်တဲ့ ရာဇဝင်ရှိတာများတယ်။ တစ်သက်လုံးသောက်ခဲ့ တော့ ရှိလာတော့တာပေါ့။
o ပန်းနာရင်ကျပ် ပိုဆိုးစေခြင်း ပန်းနာရင်ကျပ်ရှိသူတွေ ဆေးလိပ်သောက်ရင် ရောဂါပိုထဖောက်ပြီး ဆေးကုသရခက်ခဲပါတယ်။ ဆေးလိပ်သောက်နေသ၍ ဆေးကူလို့ သိပ်မထူးပါဘူး။ ရှောင်မှကို ရမှာပါ။

2. နှလုံးနှင့် သွေးကြောရောဂါများ:
o နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း။ တခုချင်း ဖြစ်ရင်ဖြစ်မယ်။ တပြိုင်တည်း ဖြစ်ချင်ဖြစ်မယ်။ ဆက်သောက်နေရင် ဖြစ်လာပါမယ်။

3. တခြားသော ကင်ဆာများ:
o ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ အစရှိတဲ့ ကင်ဆာအမျိုးအစားပေါင်းများစွာကို ဆေးလိပ်က ဖြစ်စေနိုင်ပါတယ်။

4. အခြားကျန်းမာရေးပြဿနာများ:
o အမြင်အာရုံ ထိခိုက်ခြင်း၊ သွားဖုံးရောဂါ၊ အသားအရေ အိုမင်းရင့်ရော်ခြင်း၊ အမျိုးသားများ ပန်းသေပန်းညှိုးခြင်း။ သီးသန့်ရောဂါတွေ မဟုတ်ပါဘူး။ ဆက်စပ်ရောဂါတွေပါ။ မဖြတ်ရင် ဖြစ်လာမှာပါ။
"ငါ့အဖေက ဆေးလိပ်သောက်တာ အသက် ၈၀ ကျော်တဲ့အထိ ဘာမှမဖြစ်ဘူး" (မှားယွင်းတဲ့ အယူအဆ အပြောအဆိုတွေပါ။)
တချို့က "ငါ့အဖိုးလည်း ဆေးလိပ်သောက်တာ အသက် ၈၀ ကျော်တဲ့အထိ အကောင်းကြီးပဲ" လို့ ပြောပြီး ဆေးလိပ်ကို ဆက်သောက်တတ်ကြပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆပါ။ ဆေးလိပ်သောက်သူ ၁၀ ယောက်မှာ ၈ ယောက်က ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုနဲ့ သေဆုံးနိုင်ပါတယ်။ အသက်ကြီးတဲ့အထိ ဘာမှမဖြစ်ဘဲ နေနိုင်တဲ့သူတွေဟာ အလွန်နည်းတဲ့ လူနည်းစုလေးပါ။ ဒီလို မှားယွင်းတဲ့ ဥပမာတစ်ခုကို ကိုင်စွဲပြီး ကိုယ့်ကျန်းမာရေးကို လောင်းကြေးထပ်တာဟာ ကိုယ့်အသက်ကို ကိုယ်မမြတ်နိုးတာနဲ့ အတူတူပါပဲ။

"ငါ့အဖေ ဆေးလိပ်သောက်တာ ငါတို့ ချောင်းဆိုးနေရတယ်" (Second-hand Smoke ရဲ့ အန္တရာယ်)

ဆေးလိပ်သောက်သူတွေ ကိုယ့်အသက်ကို ကိုယ်ဖျက်ဆီးရုံသာမက ဘေးက ဆေးလိပ်ငွေ့ကို ရှူရှိုက်ရတဲ့ ဇနီးမယား၊ ကလေးငယ်တွေ၊ မိသားစုဝင်တွေကိုပါ ဒုက္ခပေးပါတယ်။ ဒီလို ဆေးလိပ်ငွေ့ကို "Second-hand Smoke" ဒါမှမဟုတ် "Passive Smoking" လို့ ခေါ်ပါတယ်။
• ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်၊ ပိုဆိုးစေနိုင်တယ်။
• နမိုးနီးယား (အဆုတ်ရောင်)၊ နားပိုးဝင်တာတွေ အဖြစ်များစေတယ်။
• လူကြီးတွေမှာ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

တစ်ခါတုန်းက အသက် ၅ နှစ်အရွယ် ကလေးမလေးတစ်ယောက်က ခဏခဏ ရင်ကျပ်ပြီး ဆေးရုံရောက်လာတယ်။ သူ့အဖေက ဆေးလိပ် အရမ်းသောက်တယ်။ ကလေးဘေးမှာတင် ဆေးလိပ်သောက်တတ်တယ်။ ကျွန်တော်က 'ဦးမြင့်လှိုင်ရေ၊ ကလေးလေး ချောင်းဆိုးရင်ကျပ်တာက ခင်များရဲ့ ဆေးလိပ်ငွေ့ကြောင့်ပါ' လို့ ပြောတော့ သူက 'ဆရာရယ်၊ ကျွန်တော် အပြင်မှာ ဆေးလိပ်သောက်တာပါ။ ကလေးနားမှာ သိပ်မသောက်ပါဘူး' လို့ ပြောတယ်။ ဒါပေမဲ့ သူ့အိမ်က အဝတ်အစားတွေ၊ ပရိဘောဂတွေမှာ ဆေးလိပ်နံ့စွဲပြီး ကလေးက ရှူနေရတာပါ။ အဲဒါကို Third-hand Smoke လို့တောင် ခေါ်ပါတယ်။ အဲဒီအခါ ကျွန်တော် သူ့ကို 'ဦးမြင့်လှိုင် ခင်များ ဆေးလိပ်ဖြတ်လိုက်ရင် ကလေးက သက်သာမှာပါ' လို့ ပြောပြလိုက်တယ်။ နောက်ပိုင်းတော့ အဲဒီကလေးလေး မလာတော့ဘူး။ အဖေက ဆေးလိပ်ဖြတ်နိုင်သွားတယ် ထင်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း - "နောက်မကျသေးပါဘူး!"

ဘယ်အချိန်မှာ ဆေးလိပ်ဖြတ်ဖြတ် နောက်မကျသေးပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ကိုယ့်ကျန်းမာရေးက ချက်ချင်း တိုးတက်လာနိုင်ပါတယ်။
• (၂၀) မိနစ်အတွင်း နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်မယ်။
• (၁၂) နာရီအတွင်း သွေးထဲက ကာဗွန်မိုနောက်ဆိုက် ပမာဏ ပုံမှန်ဖြစ်မယ်။
• (၂) ပတ်ကနေ (၃) လအတွင်း အဆုတ်လုပ်ဆောင်ချက် တိုးတက်မယ်။
• (၁) နှစ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်လျှော့ချနိုင်မယ်။
• (၅) နှစ်အတွင်း လေဖြတ်နိုင်ခြေ မသောက်သူနဲ့ နီးစပ်တူညီလာမယ်။
• (၁၀) နှစ်အတွင်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်လျှော့ချနိုင်မယ်။

ဘယ်လိုဖြတ်မလဲ? - "စိတ်ဓာတ်နဲ့ အထောက်အကူ"

ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

1. ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ဆိုတဲ့ စိတ်ဓာတ်ခိုင်မာဖို့ အရေးကြီးဆုံးပါ။

2. ဆရာဝန်နဲ့ တိုင်ပင်ပါ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေ၊ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရင်ခေါင်းအထူးကုဆရာဝန်တွေက ကူညီပေးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကူညီတဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။

3. ဖြတ်ရမယ့်ရက် သတ်မှတ်ပါ "ဒီနေ့ကစပြီး ဖြတ်မယ်" လို့ ဆုံးဖြတ်ပါ။

4. ဖြတ်စဉ်ဖြစ်တတ်သော လက္ခဏာများ ကြိုတင်သိထားပါ ဆေးလိပ်ဖြတ်တဲ့အခါ မူးဝေတာ၊ ချွေးထွက်တာ၊ အိပ်မပျော်တာ၊ စိတ်တိုတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကြိုတင်သိထားရင် စိတ်ဓာတ်မကျဘဲ ကျော်ဖြတ်နိုင်ပါတယ်။

5. ပတ်ဝန်းကျင် အကူအညီ မိသားစုနဲ့ သူငယ်ချင်းတွေကို ပြောပြပြီး ဆေးလိပ်မသောက်ဖို့ အကူအညီတောင်းပါ။ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

6. ဆေးရွက်ကြီးနဲ့ အစားထိုးနိုင်သော ပစ္စည်းများ တချို့က ဆေးလိပ်အစား e cigarette, v**e, ကွမ်းယာ စတာတွေနဲ့ အစားထိုးတတ်ကြပါတယ်။ ဒါတွေကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဆေးလိပ်အစား နီကိုတင်းပမာဏ ထိန်းချုပ်ထားတဲ့ (Ni****ne Replacement Therapy) ဆေးပြား၊ ပတ်တီး စတာတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်ပါတယ်။

ကဲ ပြောပြစရာတွေတော့ ပြောပြပီးပါပီ။ ဖတ်ရှုနားလည်လိုက်နာမယ်လို့ မျော်လင့်ပါတယ်။ ကမ္ဘာ့ဆေးရွက်ကြီးဆန့်ကျင်ရေးနေ့ဆိုတာ ကျွန်တော်တို့အားလုံး ဆေးလိပ်ရဲ့ အန္တရာယ်ကို သတိပြုပြီး ကိုယ့်ကျန်းမာရေးကို ပြန်လည်ဂရုစိုက်ရမယ့်နေ့တစ်နေ့ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်လိုက်ပါ။ မိတ်ဆွေတို့ ဆေးလိပ်ဖြတ်ခြင်းဟာ မိတ်ဆွေတို့ရဲ့အသက်ကို ကယ်တင်ရုံသာမက မိတ်ဆွေတို့ရဲ့ ချစ်ခင်ရတဲ့ မိသားစု၊ သားသမီးတွေရဲ့ အသက်ကိုလည်း ကယ်တင်ရာရောက်ပါတယ်။ ဆေးလိပ်မီးခိုးကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ကျွန်တော်တို့အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
‌ဒေါက်တာမျိုးကြည်မောင်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး

ပန်းနာရင်ကျပ်ရောဂါကို အိမ်မှာနေရင်း ဘယ်လိုစောင့်ကြည့်ကြမလဲ? "ကိုယ့်ရောဂါကို ကိုယ်တိုင် နားလည်ပြီး ထိန်းချုပ်ကြစို့"အခုဆိ...
29/05/2025

ပန်းနာရင်ကျပ်ရောဂါကို အိမ်မှာနေရင်း ဘယ်လိုစောင့်ကြည့်ကြမလဲ?
"ကိုယ့်ရောဂါကို ကိုယ်တိုင် နားလည်ပြီး ထိန်းချုပ်ကြစို့"

အခုဆိုရင် အဆုတ်နှင့်ရင်ခေါင်းအထူးကုတစ်ယောက်အနေနဲ့ မိတ်ဆွေတို့ကို သိကောင်းစရာအဖြာဖြာကို ပြောပြပေးလာတာ အတော်တော့ ခရီးရောက်လာခဲ့ပါပီ။ ကျတော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ သိရှိမှုအဆင့်အတန်းတွေ မြင့်မားနေမှ မိမိကိုယ်တိုင်ကျန်းမာရေး၊ မိမိမိသားစုကျန်းမာရေး၊ ထိုမှတဆင့် နိုင်ငံတခုလုံးရဲ့ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာမယ်လို့ ယူဆလို့ တာဝန်ရှိတယ်လို့ သက်မှတ်ပြီး ခုလို တဆင့်ချင်းဆီ ရနိုင်သလောက် ရှင်းပြပေးမယ်လို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပန်းနာရင်ကျပ်ရောဂါကို အိမ်မှာနေရင်း ဘယ်လိုစောင့်ကြည့်ရမလဲ၊ ဘယ်ကိရိယာတွေက ကူညီပေးမလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ၊ Peak Flow Meter နဲ့ Symptom Diary (ရောဂါလက္ခဏာ မှတ်တမ်း) တွေရဲ့ အသုံးဝင်ပုံကို နားလည်လွယ်အောင် ပြောပြပေးပါ့မယ်။

ပန်းနာရင်ကျပ်ရောဂါဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်တဲ့အတွက် ဆရာဝန်ဆီ တစ်ခါပြပြီး ဆေးယူရုံနဲ့တင် မပြီးပါဘူး။ ရောဂါကို ရေရှည်ထိန်းချုပ်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ရောဂါအခြေအနေကို ကိုယ်တိုင် သေချာနားလည်ပြီး နေ့စဉ်စောင့်ကြည့်နေတတ်ဖို့က အရေးကြီးပါတယ်။

ဘာလို့ အိမ်မှာနေရင်း ရောဂါကို စောင့်ကြည့်ဖို့ လိုတာလဲ?

"ဆရာဝန်ဆီ ရောက်မှပဲ ရင်ကျပ်တာကို ပြောပြလို့ရတာပေါ့" လို့ တချို့လူနာတွေ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုစောင့်ကြည့်ခြင်းအားဖြင့်-

1. ရောဂါကို စောစီးစွာ သိနိုင်ခြင်း ပန်းနာရင်ကျပ်ထဖောက်ခါနီးပြီဆိုတာကို လက္ခဏာတွေ မပေါ်သေးခင်ကတည်းက ကြိုတင်သိရှိနိုင်ပါတယ်။ ဒါမှ စောစီးစွာ ဆေးသုံးပြီး ရောဂါမဆိုးအောင် ကာကွယ်နိုင်ပါတယ်။

2. Trigger (ထဖောက်စေသောအရာ) တွေကို ရှာဖွေနိုင်ခြင်း ကိုယ်က ဘယ်အရာတွေနဲ့ ထိတွေ့ရင်၊ ဘယ်လိုအချိန်မှာ ရင်ကျပ်တတ်တယ်ဆိုတာကို မှတ်တမ်းထားရှိနိုင်ပါတယ်။ အဲလိုသိရှိထားတော့ ရှောင်လို့ ရတာပေါ့။

3. ကုသမှုရဲ့ ထိရောက်ပုံကို သိနိုင်ခြင်း သုံးနေတဲ့ ဆေးတွေက ရောဂါကို တကယ်ထိန်းချုပ်နိုင်ရဲ့လားဆိုတာကို ကိုယ်တိုင်သိမြင်နိုင်ပါတယ်။ ဆေးတိုးဖို့ လျှော့ဖို့ လိုမလား မျှော်တွေးနိုင်ပါတယ်။

4. ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လွယ်ကူခြင်း ဆရာဝန်ဆီ ရောက်တဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်အခြေအနေတွေကို မှတ်တမ်းနဲ့တကွ ပြသနိုင်တာမို့ ဆရာဝန်က ရောဂါကို ပိုမိုတိကျစွာ ဆုံးဖြတ်ပြီး ကုသပေးနိုင်ပါတယ်။ ပိုမို ထိရောက်မှု ရှိပါတယ်။

5. စိတ်ချရခြင်း ကိုယ့်ရောဂါအကြောင်းကို ကိုယ်တိုင်သိနေရတာမို့ စိတ်ပူပန်မှု လျှော့ချနိုင်ပြီး ပိုမိုလုံခြုံစိတ်ချမှု ရရှိစေပါတယ်။ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ မရှိတော့ဘူးပေါ့။ တခါတလေမှာ စိတ်ပူပန်မှုတွေက ရောဂါကို ပိုဆိုးနေစေပါတယ်။

အိမ်မှာနေရင်း ပန်းနာရင်ကျပ်ကို စောင့်ကြည့်နိုင်တဲ့ နည်းလမ်းများ

၁။ Peak Flow Meter (လေမှုတ်အားတိုင်းတာကိရိယာ) အသုံးပြုခြင်း:

• Peak Flow Meter ဆိုတာဘာလဲ?

o ဒါက အသက်ရှူလမ်းကြောင်းထဲက လေကို ဘယ်လောက် မြန်မြန်နဲ့ အားအပြည့် မှုတ်ထုတ်နိုင်လဲဆိုတာကို တိုင်းတာပေးတဲ့ လက်ကိုင်ကိရိယာလေးတစ်ခုပါ။ ပုံမှန်အားဖြင့် ရင်ကျပ်နေတဲ့အခါ အသက်ရှူလမ်းကြောင်းတွေ ကျဉ်းနေတဲ့အတွက် လေမှုတ်ထုတ်နိုင်တဲ့နှုန်းက နည်းနေတတ်ပါတယ်။

• ဘယ်လိုသုံးမလဲ?

o မနက်ပိုင်း၊ ညနေပိုင်း၊ ဆေးမရှူခင်၊ ဆေးရှူပြီး စသဖြင့် ပုံမှန်အချိန်တွေကို သတ်မှတ်ပြီး နေ့စဉ် တိုင်းတာရပါမယ်။
o မတ်တပ်ရပ်ပါ။
o လက်ညွှန်ပြားတံလေးကို သုညအမှတ်မှာ ထားပါ။
o မျက်နှာဖုံးကို ပါးစပ်နဲ့ လုံအောင် ဖိကပ်ပါ။
o အသက်ကို အားကုန်ရှူသွင်းပြီး ပါးစပ်ကနေ အားအပြည့်၊ အမြန်ဆုံး လေကို "ဖူး" ခနဲ မှုတ်ထုတ်ပါ။
o တိုင်းတာပြီးတဲ့ အမှတ်ကို မှတ်သားပါ။
o (၃) ကြိမ်လောက် မှုတ်ထုတ်ပြီး အကောင်းဆုံး အမှတ်ကို ရေးမှတ်ထားပါ။
o "ကိုယ်နဲ့မတည့်တဲ့ အစားအသောက်တွေ စားပြီး ဒီကိရိယာကို မှုတ်ရင်လည်း ကိန်းဂဏန်းတွေ ပြောင်းလဲသွားတတ်တယ်" ဆိုတဲ့ ကိစ္စရပ်မျိုးကိုလည်း လူနာတွေက ပြောပြတတ်တာမို့ ကိုယ်ဘာလုပ်ပြီး ဘယ်လိုပြောင်းလဲသွားတယ် ဆိုတာကို မှတ်တမ်းတင်ထားတာက ဆရာဝန်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

• ဘာကြောင့် အရေးကြီးတာလဲ?

o Peak Flow Meter ဟာ ပန်းနာရင်ကျပ် လက္ခဏာတွေ မပေါ်သေးခင်ကတည်းက အဆုတ်ကျဉ်းလာတာ အဆုတ်လုပ်ငန်းဆောင်တာလျော့လာတာကို ဖော်ပြပေးနိုင်ပါတယ်။ ဥပမာ - ကိုယ့်ရဲ့ ပုံမှန် Peak Flow က (၄၀၀) ဖြစ်တယ်ဆိုပါစို့။ (၃၂၀) လောက် ရောက်လာပြီဆိုရင် ဒါဟာ ရောဂါစပြီး ထဖောက်တော့မယ့် လက္ခဏာဖြစ်နိုင်တာမို့ ကြိုတင်ပြီး ဆေးဝါးသုံးစွဲနိုင်ပါတယ်။

o ဒီနေရာမှာ မှတ်မိနေတာ ပြောပြရရင် တစ်ခါတုန်းက ကျွန်တော် ညွှန်ထားသလို Peak Flow Meter ကို ပုံမှန်တိုင်းတာတဲ့ လူနာတစ်ယောက် ရှိပါတယ်။ ဆေးခန်းပြတဲ့တနေ့မှာ "ဆရာ၊ ဒီကိရိယာလေးက တကယ်အသုံးဝင်တာပဲ။ ရင်မကျပ်သေးဘူး ထင်ရပေမယ့် တိုင်းလိုက်ရင် ဂဏန်းက နည်းနည်းလေး ကျနေပြီ။ အဲဒီအခါ ကျွန်တော်လည်း ဆရာပေးထားတဲ့ အရေးပေါ်ရှူဆေးလေး တစ်ချက် နှစ်ချက်လောက် ရှူလိုက်တာ၊ နောက်နေ့ကျရင် ပြန်ကောင်းသွားရော။ အရင်လို အရေးပေါ်ကြီး ဆေးရုံပြေးရတာမျိုး မရှိတော့ဘူး" လို့ ပြောပြဖူးပါတယ်။ ဒါဟာ Peak Flow Meter ရဲ့ ထိရောက်မှုကို ဖော်ပြတဲ့ ဥပမာတစ်ခုပါပဲ။

၂။ ရောဂါလက္ခဏာ မှတ်တမ်းစာအုပ် (Symptom Diary) မှတ်သားခြင်း

• ဒါကတော့ ကိုယ့်ရဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ပတ်သက်တဲ့ နေ့စဉ် အခြေအနေတွေကို စာအုပ်လေးတစ်ခု ဒါမှမဟုတ် ဖုန်းထဲက App လေးတွေနဲ့ မှတ်သားထားတာပါ။

• ဘာတွေ မှတ်သားမလဲ?

o နေ့စဉ် လက္ခဏာများ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အသက်ရှူမောခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ လက္ခဏာတွေ ရှိ၊ မရှိ။
o လက္ခဏာပြင်းထန်မှု အနည်းအများ (ဥပမာ - ၁ ကနေ ၅ အထိ အဆင့်သတ်မှတ်တာ)။
o ဆေးဝါးသုံးစွဲမှု နေ့စဉ်သုံးရမယ့် ထိန်းချုပ်ဆေး (Controller Inhaler) တွေကို မှန်မှန် ရှူရဲ့လား။ အရေးပေါ်သက်သာဆေး (Reliever Inhaler) ကို ဘယ်နှကြိမ် ရှူရလဲ။
o Triggers များ ဘယ်အရာတွေနဲ့ ထိတွေ့မိလို့ ရင်ကျပ်တာလဲ (ဥပမာ - ဖုန်တိုက်မိလို့၊ မီးခိုးငွေ့ ရှူမိလို့၊ လေအေးမိလို့၊ ပင်ပန်းလို့)။
o အိပ်စက်ခြင်း ညဘက် ချောင်းဆိုးလို့၊ ရင်ကျပ်လို့ အိပ်မပျော်တာမျိုး ရှိလား။
o လုပ်ငန်းဆောင်တာ ထိခိုက်မှု ရင်ကျပ်လို့ ကျောင်းမတက်နိုင်တာ၊ အလုပ်မသွားနိုင်တာမျိုး ရှိလား။

• ဘာကြောင့် အရေးကြီးတာလဲ?

o ဒီမှတ်တမ်းတွေက ကိုယ့်ရဲ့ ရောဂါအခြေအနေကို ပုံမှန်ဆန်းစစ်နိုင်ပြီး ဆရာဝန်နဲ့တွေ့တဲ့အခါ ပြသနိုင်ပါတယ်။
o တစ်ခါတုန်းက အသက် ၅၀ ကျော် ဒေါ်မြသန်း ဆိုတဲ့ လူနာတစ်ဦးရှိပါတယ်။ သူက ရိုးရာဆေးတွေလည်း သုံးတတ်တယ်၊ ဆေးတွေလည်း ရောသောက်တတ်တယ်။ သူ့ကို ကျွန်တော်က ရောဂါမှတ်တမ်းလေး လုပ်ခိုင်းတယ်။ နောက်တစ်ခေါက် ပြန်လာတော့ သူ့မှတ်တမ်းလေး ပြပါတယ်။ "ဆရာ၊ ကျွန်မ မနက်တိုင်းတော့ ဆေးရှူတယ်။ ဒါပေမဲ့ ညဘက်ဆို ချောင်းတွေ ဆိုးဆိုးလာတယ်။ ညဘက်ကျ အမွှေးတိုင် ထွန်းမိလို့လားမသိဘူး။ တချို့ညတွေဆို နှစ်ကြိမ်လောက် ရှူဆေး ထပ်ရှူရတယ်" လို့ ပြောပြတယ်။ ဒီမှတ်တမ်းကြောင့်ပဲ အမွှေးတိုင်က Trigger ဖြစ်နိုင်ကြောင်းရှင်းပြရင်း ညဘက် လက္ခဏာ ပိုဆိုးတာမို့ ဆေးပမာဏ ချိန်ညှိဖို့ လိုကြောင်း၊ ဒါမှမဟုတ် ညဘက်အတွက် ထပ်ဆောင်းဆေး ပေးဖို့ လိုကြောင်း သေချာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အကယ်၍ မှတ်တမ်းမရှိရင် လူနာကို "ရင်ကျပ်တာက ဘယ်လိုလဲ" လို့ မေးတဲ့အခါ "အဆင်ပြေပါတယ်ဆရာ" လို့ပဲ ဖြေတတ်ကြတာ များပါတယ်။

အိမ်တွင်း စောင့်ကြည့်မှုနှင့် ပတ်သက်သော အယူအဆမှားများ / အခက်အခဲများ

• "Peak Flow Meter က ဈေးကြီးတယ်၊ ဝယ်မသုံးနိုင်ဘူး" ဟုတ်ပါတယ်။ မြန်မာပြည်မှာ Peak Flow Meter တွေက အလွယ်တကူ ဝယ်ဖို့ မလွယ်သလို ဈေးလည်း မနည်းပါဘူး။ ဒါပေမဲ့ တချို့ ဆေးရုံကြီးတွေ၊ အထူးကုဆေးခန်းတွေမှာ ဝယ်ယူရရှိနိုင်သလို ဆရာဝန်ကလည်း လိုအပ်ရင် ညွှန်ကြားပေးပါလိမ့်မယ်။ မတတ်နိုင်ရင်တောင် Symptom Diary လေးနဲ့ နေ့စဉ်မှတ်တာက အင်မတန် အရေးကြီးပါတယ်။

• "ဒါတွေ မှတ်နေရတာ အလုပ်ရှုပ်တယ်" ဒီလို မှတ်တမ်းတင်တာက နေ့စဉ် (၅) မိနစ်ထက် ပိုမယူပါဘူး။ ဒါပေမဲ့ ဒီ (၅) မိနစ်က မိတ်ဆွေတို့ရဲ့ ကျန်းမာရေးနဲ့ အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ကောင်းတဲ့အလေ့အကျင့်တွေ လုပ်ဖို့ကို ဝန်မလေးပါနဲ့။

• "ငါ့ဘာသာကိုယ် ကောင်း၊ မကောင်း သိတာပဲ၊ ဘာလို့ မှတ်ရမှာလဲ" ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဟာ တဖြည်းဖြည်းချင်း ပြောင်းလဲတတ်တာမို့ ကိုယ်တိုင် သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ မှတ်တမ်းရှိမှသာ အတိအကျသိနိုင်မှာပါ။ အချက်အလတ်နဲ့ နေထိုင်လှုပ်ရှားတာ စနစ်ကျတာမို့ မိတ်ဆွေတို့အနေနဲ့ လုပ်ဖြစ်အောင် လုပ်စေချင်ပါတယ်။

ပန်းနာရင်ကျပ်ကို အိမ်မှာနေရင်း စောင့်ကြည့်ခြင်းဟာ မိတ်ဆွေတို့ရဲ့ရောဂါကို ကိုယ်တိုင်ထိန်းချုပ် နိုင်ဖို့အတွက် အင်မတန် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Peak Flow Meter ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ မှတ်တမ်းစာအုပ်လေးဖြစ်ဖြစ် တစ်ခုခုကို ပုံမှန်လုပ်ဆောင်ပြီး ကိုယ့်ရဲ့ရောဂါအခြေအနေကို ကိုယ်တိုင် နားလည်အောင် ကြိုးစားပါ။

ဒီလို စောင့်ကြည့်မှုတွေက မိတ်ဆွေတို့ရဲ့ ရောဂါကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေပြီး၊ အရေးပေါ်အခြေအနေတွေကို ရှောင်ရှားနိုင်ကာ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ဒေါက်တာမျိုးကြည်မောင်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး

"ပန်းနာရင်ကျပ်ရောဂါနှင့် သက်ကြီးရွယ်အိုများ"အသက်ကြီးမှ ရင်ကျပ်ရင် ဘာတွေသိထားသင့်လဲ?ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်အရ...
28/05/2025

"ပန်းနာရင်ကျပ်ရောဂါနှင့် သက်ကြီးရွယ်အိုများ"
အသက်ကြီးမှ ရင်ကျပ်ရင် ဘာတွေသိထားသင့်လဲ?

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကျန်းမာရေးပြဿနာမျိုးစုံကို ရင်ဆိုင်လာရတတ်ပါတယ်။ တချို့အသက်ကြီးသူတွေမှာ ငယ်စဉ်ကတည်းက ပန်းနာရင်ကျပ်ရှိပြီး အသက်ကြီးတော့မှ ပြန်ထဖောက်တာမျိုးတွေရှိသလို၊ တချို့မှာတော့ တစ်သက်လုံး မဖြစ်ဖူးဘဲ အသက်ကြီးမှ ရုတ်တရက် ရင်ကျပ်လာတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ "အသက်ကြီးပြီဆိုတော့ အဆုတ်အားနည်းတာပဲ ဖြစ်မှာပါ" လို့ ထင်ပြီး ဂရုမစိုက်မိဘဲ နေတတ်ကြပါတယ်။
ဒီနေ့မှာတော့ အသက်ကြီးမှ ရင်ကျပ်လာတဲ့အခါ ဒါမှမဟုတ် အသက်ကြီးတဲ့အထိ ပန်းနာရင်ကျပ်ရှိနေသေးတဲ့အခါ ဘာတွေသိထားသင့်လဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ရှင်းပြပေးပါ့မယ်။

အသက်ကြီးသူများမှာ ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့် အဖြစ်များလာလဲ?
အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာ အထူးသဖြင့် အဆုတ်တွေမှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။
• အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း။ အသက်ကြီးလာတာနဲ့အမျှ အဆုတ်က ပျော့ပြောင်းမှုနည်းလာပြီး အသက်ရှူသွင်း ရှူထုတ်နိုင်တဲ့ လေပမာဏလည်း လျော့နည်းလာပါတယ်။ ပန်းကန်ဆေးတဲ့ ဖော့လိုမျိုး ပွပျော့ပျော့ကနေ တဖြေးဖြေး မာခဲခဲဖြစ်လာပါတယ်။ လေဝင်လေထွက်လုပ်နိုင်တဲ့ ပမာဏ သိသိသာသာ လျော့နည်းလာတက်ပါတယ်။
• ကိုယ်ခံအားစနစ် အားနည်းခြင်း။ ရောဂါပိုးဝင်လွယ်ပြီး အသက်ရှူလမ်းကြောင်း ပိုမိုထိလွယ်ခိုက်လွယ် ဖြစ်လာနိုင်ပါတယ်။
• အခြားရောဂါများ ရှိခြင်း။ သက်ကြီးရွယ်အိုတွေမှာ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ရောင်ရမ်းတာ စတဲ့ တခြားနာတာရှည်ရောဂါတွေလည်း ရှိနေတတ်ပြီး ဒီရောဂါတွေက ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်ပါတယ်။
• ဆေးဝါးများ သုံးစွဲနေရခြင်း အပေါ်က ပြောတဲ့ တွဲနေတက်တဲ့ ရောဂါတွေအတွက် ပေးမယ့်ဆေးတွေကြောင့်လည်း ပန်းနာရင်ကျပ်ကို ဆိုးစေပြန်ပါရော။ တချို့ဆေးဝါးတွေ (ဥပမာ - သွေးတိုးအတွက် သောက်ရတဲ့ Beta-blockers အချို့၊ အကိုက်အခဲပျောက်ဆေး NSAIDs) က ပန်းနာရင်ကျပ်ကို ထဖောက်စေနိုင်ပါတယ်။

အသက်ကြီးသူများမှာ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာများ
အသက်ကြီးသူတွေမှာ ပန်းနာရင်ကျပ်လက္ခဏာတွေက တခြားအဆုတ်ရောဂါတွေ (ဥပမာ- COPD လို့ခေါ်တဲ့ နာတာရှည်လေပြွန်ကျဉ်းရောဂါ) ဒါမှမဟုတ် နှလုံးရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် သေချာခွဲခြားသိဖို့ အရေးကြီးပါတယ်။ များစွာသောအချိန်မှာလဲ ‌ရောဂါတွေ တွဲပြီး ရှိနေတက်ပါတယ်။ လက္ခဏာတွေကလဲ အတူတူရှိနေတက်ပါတယ်။ သေချာစစ်ဆေးမှ ကွဲပြားမှာ မှန်ပေမယ့် သိထားအောင် ပြောထားပါမယ်။
• မကြာခဏ ချောင်းဆိုးခြင်း (အထူးသဖြင့် ညဘက် သို့မဟုတ် မနက်အစောပိုင်း)။
• အသက်ရှူစဉ် တရွှီရွှီမြည်သံ။
• အသက်ရှူမဝခြင်း၊ မောဟိုက်ခြင်း (လမ်းလျှောက်တာ၊ အလုပ်လုပ်တာမျိုးမှာ ပိုမောလာတာ)။
• ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း။
• အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး မကြာခဏ ဖျားနာခြင်း။

အသက်ကြီးသူများအတွက် ပန်းနာရင်ကျပ်ကို ဘယ်လို ဂရုစိုက်ကြမလဲ?

၁။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ရောဂါကို သေချာစစ်ဆေးပါ။
* "အသက်ကြီးလို့ မောတာပဲ" လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခြင်း မပြုပါနဲ့။ အသက်ရှူမဝတာ၊ ချောင်းဆိုးတာတွေ ရှိရင် ဆရာဝန်နဲ့ သေချာပြပြီး ပန်းနာရင်ကျပ် ဟုတ်၊ မဟုတ် စစ်ဆေးပါ။
* အဆုတ်စွမ်းရည် တိုင်းတာခြင်း (Spirometry) စစ်ဆေးပါ။ ဒီစစ်ဆေးမှုက ပန်းနာရင်ကျပ်လား၊ တခြားအဆုတ်ရောဂါလားဆိုတာကို ခွဲခြားသိနိုင်ပါတယ်။ * ဆရာဝန်ကို မိမိမှာရှိတဲ့ တခြားရောဂါတွေ (နှလုံး၊ ဆီးချို၊ သွေးတိုး) နဲ့ သောက်နေတဲ့ ဆေးဝါးအားလုံးကို အသေးစိတ်ပြောပြပါ။ ဒါမှ ဆရာဝန်က သင့်တော်တဲ့ ကုသမှုကို ရွေးချယ်ပေးနိုင်မှာပါ။

၂။ ရှူဆေး (Inhalers) များကို မှန်ကန်စွာ အသုံးပြုပါ (သားသမီး မြေးမြစ်များ ကူညီပေးပါ)
* အသက်ကြီးသူတွေမှာ လက်ဖျားတွေ တုန်တာ၊ လက်တွေ အားနည်းတာ၊ အမြင်အာရုံ မရှင်းတာတွေကြောင့် ရှူဆေးတွေကို မှန်ကန်စွာ အသုံးပြုဖို့ ခက်ခဲနိုင်ပါတယ်။
* Spacer (ကြားခံဖန်ပြွန်) ကို အသုံးပြုပါ။ ဖိနှိပ်ရှူဆေး (pMDI) တွေကို Spacer နဲ့ တွဲသုံးခြင်းက ဆေးကို အဆုတ်ထဲကို ပိုမိုထိရောက်စွာ ရောက်ရှိစေပြီး သက်ကြီးရွယ်အိုတွေအတွက် ပိုမိုလွယ်ကူစေပါတယ်။ သားသမီး မြေးမြစ်တွေက ကူညီပြီး Spacer ဘယ်လိုသုံးရမယ်ဆိုတာကို သေချာရှင်းပြပေးပါ။
* ဆေးရှူနည်းကို လက်တွေ့ လေ့ကျင့်ပါ။ ဆရာဝန် ဒါမှမဟုတ် သူနာပြုဆရာမတွေကို မိမိအသုံးပြုပုံ လက်တွေ့ပြသပြီး မှန်ကန်တဲ့ ရှူနည်းကို သင်ယူလေ့ကျင့်ပါ။ သားသမီးတွေကလည်း မိဘဘိုးဘွားတွေ မှန်ကန်စွာ ရှူ၊ မရှူ စောင့်ကြည့်ပေးပါ။
* ဆေးကို ပုံမှန်သုံးစွဲရန်။ ထိန်းချုပ်ဆေး (Controller) များကို လက္ခဏာသက်သာနေလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေ့စဉ်ပုံမှန်သုံးစွဲဖို့ အရေးကြီးပါတယ်။ မြန်မာ့ရိုးရာလိုဖြစ်နေတက်တဲ့ "သက်သာရင် ဆေးဖြတ်မယ်" ဆိုတဲ့ အတွေးမျိုးကို ရှောင်ပါ။
* ရှူဆေးသုံးပြီး ပါးစပ်သန့်ရှင်းပါ။ ရှူဆေးသုံးပြီးရင် ပါးစပ်ကို ရေနဲ့ ပလုတ်ကျင်းပြီး ထွေးထုတ်ပါ။ ဒါမှ မှိုစွဲတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

၃။ Triggers (ထဖောက်စေသောအရာများ) ကို သတိထား ရှောင်ရှားပါ။
* လေထုညစ်ညမ်းမှု အိမ်တွင်းမှာ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ၊ အမွှေးတိုင် မီးခိုးတွေ မရှိအောင် ဂရုစိုက်ပါ။ ချက်ပြုတ်ရာမှာ ထွက်တဲ့ မီးခိုးတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။ အိမ်ပြင်ပ လေထုညစ်ညမ်းမှု များတဲ့နေ့တွေမှာ အပြင်ထွက်တာကို လျှော့ချပါ။
* ဖုန်မှုန့်နှင့် အိမ်တွင်းပိုးမွှား အိမ်ကို သန့်ရှင်းအောင်ထားပါ။ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးတွေကို ပုံမှန်လျှော်ပါ။
* ရာသီဥတု ဆောင်းရာသီလို လေအေးတဲ့အခါ အနွေးထည်ဝတ်ဆင်ပါ။ လည်ပင်း၊ ရင်ဘတ်တွေကို လေမဝင်အောင် ဂရုစိုက်ပါ။
* အနံ့အသက်ဆိုးများ ပြင်းထန်တဲ့ ရေမွှေးနံ့၊ သန့်စင်ဆေးနံ့၊ ဓာတုပစ္စည်းနံ့တွေကို ရှောင်ပါ။

၄။ ကျန်းမာသော လူနေမှုပုံစံကို ကျင့်သုံးပါ (သားသမီး မြေးမြစ်များ ကူညီပံ့ပိုးပါ)
* မျှတသော အစားအသောက် အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အသား၊ ငါး စတာတွေကို စားသုံးပေးပါ။ ရေများများသောက်ပါ။
* သင့်တင့်သော လေ့ကျင့်ခန်း ဆရာဝန်နဲ့ တိုင်ပင်ပြီး လမ်းလျှောက်တာ၊ လက်လှုပ်ရှားမှုလေးတွေ လုပ်တာမျိုးလို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။
* စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း စိတ်ဖိစီးမှု လျှော့ချဖို့ အနားယူတာ၊ တရားထိုင်တာ၊ မြေးတွေနဲ့ စကားပြောတာမျိုးတွေ လုပ်ပေးပါ။
* အိပ်ရေးဝအောင် အိပ်စက်ခြင်း တစ်နေ့ကို ၇-၈ နာရီခန့် အိပ်စက်အနားယူခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၅။ ကာကွယ်ဆေးများ ထိုးနှံပါ
* တုပ်ကွေးကာကွယ်ဆေး အသက်ကြီးသူတွေဟာ တုပ်ကွေးမိရင် ပန်းနာရင်ကျပ် ပိုဆိုးပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်တာမို့ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံသင့်ပါတယ်။ နှစ်စဥ် ထိုးရတာပါ။
* နမိုးနီးယားကာကွယ်ဆေး နမိုးနီးယားအဆုတ်ရောင်ခြင်းကလည်း အသက်ကြီးသူတွေအတွက် အန္တရာယ်ရှိတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးနှံထားသင့်ပါတယ်။ ၅ နှစ်တကြိမ်ထိုးရပါတယ်။

၆။ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပါ
* အသက်ရှူကြပ်တာ၊ နှုတ်ခမ်းပြာတာ၊ စကားမပြောနိုင်တော့တာ စတဲ့ အရေးပေါ်လက္ခဏာတွေ ပေါ်လာရင် အချိန်မဆွဲဘဲ ချက်ချင်း ဆေးရုံကို သွားရပါမယ်။ (ဆရာ့အရင်ပို့စ်မှာ အသေးစိတ် ရှင်းပြခဲ့ပြီးပါပြီ) ။
* အိမ်မှာ အရေးပေါ်ဆေးကို အမြဲဆောင်ထားပါ။
* သားသမီး မြေးမြစ်တွေကို အရေးပေါ်အခြေအနေမှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သေချာ သင်ကြားပေးထားပါ။

ကဲ သေချာတော့ ရှင်းပြပေးပြီးပါပီ။ အားလုံးလဲ နားလည်လောက်ပါပီ။ အသက်အရွယ်ကြီးရင့်လာရင် ပန်းနာရင်ကျပ်ရောဂါဟာ ထိန်းချုပ်ဖို့ ပိုခက်ခဲနိုင်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာခြင်း၊ ဆေးဝါးတွေကို မှန်မှန်ကန်ကန် သုံးစွဲခြင်း၊ ကျန်းမာတဲ့ လူနေမှုပုံစံကို ကျင့်သုံးခြင်းနဲ့ မိသားစုရဲ့ ဂရုစိုက်ပံ့ပိုးမှုတွေနဲ့ဆိုရင် အသက်ကြီးမှ ပန်းနာရင်ကျပ်ရှိသူတွေလည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝကို နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ဒေါက်တာမျိုးကြည်မောင်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး

“ပန်းနာရင်ကျပ်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များ”ရင်သွေးလေးနှင့် မိခင်ကျန်းမာရေးအတွက် ဘာတွေသိထားသင့်လဲ?ကျွန်တော်တို့ မြန်...
26/05/2025

“ပန်းနာရင်ကျပ်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များ”
ရင်သွေးလေးနှင့် မိခင်ကျန်းမာရေးအတွက် ဘာတွေသိထားသင့်လဲ?

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်စဉ် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရတဲ့ မိခင်လောင်းတွေ အများအပြား ရှိပါတယ်။ ဒီလိုအချိန်မှာ "ကလေးလေး ထိခိုက်မှာစိုးလို့ ဆေးမသောက်ရဲဘူး"၊ "ဆေးရှူရင် ကလေးကို ဘေးဥပါဒ်ဖြစ်မှာလား" စတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းတွေ ရှိတတ်ပါတယ်။ ဒီလို စိုးရိမ်စိတ်တွေကြောင့် ပန်းနာရင်ကျပ်ကို သေချာမထိန်းချုပ်မိဘဲ ကိုယ်ဝန်ဆောင်မိခင်ရော၊ ဗိုက်ထဲက ရင်သွေးလေးပါ အန္တရာယ်ဖြစ်နိုင်တာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။
ဒီနေ့မှာတော့ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘာတွေသိထားသင့်လဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးပါ့မယ်။ ဆေးရုံဆေးခန်းမှာလဲ မကြာခဏ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများ ရင်ကျပ်ပြီးလာပြကြတဲ့အခါ မကြာခဏရှင်းပြပေး ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်နှင့် ကိုယ်ဝန်ဆောင်ခြင်း - ဘာတွေပြောင်းလဲနိုင်လဲ?

ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ ပြောင်းလဲမှုများစွာ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် အသက်ရှူစနစ်အပေါ် ဖိအားတွေ ရှိလာတဲ့အတွက် ပန်းနာရင်ကျပ်ရဲ့ အခြေအနေလည်း ပြောင်းလဲနိုင်ပါတယ်။

• ကိုယ်ဝန်ဆောင်မိခင် (၃) ယောက်မှာ (၁) ယောက်က ပန်းနာရင်ကျပ် ပိုဆိုးတတ်ပါတယ်။
• (၃) ယောက်မှာ (၁) ယောက်ကတော့ အခြေအနေ ပိုကောင်းလာတတ်ပါတယ်။
• ကျန်တဲ့ (၃) ယောက်မှာ (၁) ယောက်ကတော့ အရင်အတိုင်းပဲ ဖြစ်တတ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ကိုယ်ဝန်ဆောင်စဉ် ပန်းနာရင်ကျပ်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ဖို့က အရေးအကြီးဆုံးပါ။

ပန်းနာရင်ကျပ် မထိန်းချုပ်နိုင်ခြင်းရဲ့ အန္တရာယ်များ (မိခင်နှင့် ရင်သွေးလေးအတွက်)

မိခင်ရဲ့ ပန်းနာရင်ကျပ်ရောဂါကို ကိုယ်ဝန်ဆောင်စဉ်မှာ ကောင်းစွာ မထိန်းချုပ်နိုင်ဘူးဆိုရင် အောက်ပါအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
• မိခင်အတွက်
o အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာများ (အရေးပေါ် ဆေးရုံတက်ရခြင်း)။
o သွေးတိုးခြင်း (Preeclampsia)။
o ကိုယ်ဝန်ဆိပ်တက်ခြင်း။
• ရင်သွေးလေးအတွက်
o မွေးဖွားချိန် မစေ့မီ မွေးဖွားခြင်း (Premature Birth) အချိန်မစေ့မီ မွေးရင် ကလေးငယ်လေးတွေ ကျန်းမာရေးပြဿနာမျိုးစုံ (အဆုတ်မဖွံ့ဖြိုးသေးတာ၊ ကိုယ်အလေးချိန်နည်းတာ) တွေ့ရတတ်ပါတယ်။
o ကိုယ်အလေးချိန် နည်းပြီး မွေးဖွားခြင်း (Low Birth Weight)
o အောက်ဆီဂျင် ချို့တဲ့ခြင်း (Fetal Hypoxia) မိခင်ရဲ့ အသက်ရှူလမ်းကြောင်း မကောင်းရင် ကလေးဆီကို အောက်ဆီဂျင် မလုံလောက်ဘဲ ကလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
ဒါကြောင့်၊ ကိုယ်ဝန်ဆောင်စဉ်မှာ ပန်းနာရင်ကျပ်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ခြင်းဟာ မိခင်ရော၊ ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။

ပန်းနာရင်ကျပ်ရှိသော ကိုယ်ဝန်ဆောင်မိခင်များ ဘာတွေသိထားသင့်လဲ?

1. ဆရာဝန်များနှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ
o မိမိမှာ ပန်းနာရင်ကျပ်ရောဂါရှိကြောင်း ကိုယ်ဝန်စဆောင်ချိန်ကတည်းက သားဖွားမီးယပ်ဆရာဝန်ကိုရော၊ ပန်းနာရင်ကျပ် ကုသပေးနေတဲ့ ရင်ခေါင်းဆရာဝန်ကိုပါ မိမိမှာကိုယ်ဝန်ရှိနေကြောင်း အသိပေးပါ။
o ကိုယ်ဝန်ဆောင်စဉ် ပန်းနာရင်ကျပ်အတွက် သောက်နေတဲ့၊ ရှူနေတဲ့ ဆေးဝါးအားလုံးကို ဆရာဝန်များကို ပြသပြီး ညှိနှိုင်းတိုင်ပင်ပါ။
o "ကလေးထိခိုက်မှာစိုးလို့ ဆေးမသောက်ရဲဘူး" ဆိုတဲ့ အတွေးကို ဖျောက်ပါ ပန်းနာရင်ကျပ် ဆေးဝါးအများစုဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဘေးကင်းတယ်လို့ သုတေသနတွေက တွေ့ရှိဖော်ပြထားပြီးသားပါ။ ဆေးမသောက်ဘဲ ပန်းနာရင်ကျပ် ထဖောက်တာက ကလေးအတွက်ရော မိခင်အတွက်ရော ပိုအန္တရာယ်များပါတယ်။

2. ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်သုံးစွဲပါ
o ရှူဆေး (Inhalers) များ
 ထိန်းချုပ်ဆေး (Controller) များကို နေ့စဉ်၊ ပုံမှန်ဆက်ရှူပါ။ ဒီဆေးတွေဟာ အဆုတ်ထဲကို တိုက်ရိုက်ရောက်တာမို့ ကိုယ်ဝန်ဆောင်စဉ် အလွန်စိတ်ချရပါတယ်။
 အရေးပေါ်သက်သာစေသော ဆေး (Reliever) ကိုလည်း လိုအပ်ရင် ချက်ချင်းရှူပါ။
 ရှူဆေးကို မှန်ကန်တဲ့ နည်းလမ်းအတိုင်း (အထူးသဖြင့် Spacer တွဲဖက်သုံးစွဲခြင်း) အသုံးပြုဖို့ အရင်ပို့စ်မှာ ရှင်းပြခဲ့သလို သတိထားပါ။
o ပါးစပ်မှ သောက်ဆေးများ ဆရာဝန်ညွှန်ကြားမှသာ သောက်ပါ။ ပုံမှန်အားဖြင့် ရှူဆေးတွေက ပိုစိတ်ချရပါတယ်။
o ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးပမာဏ ချိန်ညှိမှုများ ဆရာဝန်က မိခင်ရဲ့ ပန်းနာရင်ကျပ် အခြေအနေကို ပုံမှန်စောင့်ကြည့်ပြီး ဆေးပမာဏကို လိုအပ်ရင် ချိန်ညှိပေးပါလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် ဆေးဖြတ်တာ၊ ဆေးလျှော့တာမျိုး လုံးဝမလုပ်ပါနဲ့။

3. Triggers (ထဖောက်စေသောအရာများ) ကို အထူးသတိထား ရှောင်ရှားပါ
o အရင်ပို့စ်တွေမှာ ရှင်းပြခဲ့တဲ့အတိုင်း ဖုန်မှုန့်၊ မီးခိုးငွေ့ (အထူးသဖြင့် ဆေးလိပ်ငွေ့)၊ တိရစ္ဆာန်အမွေးအမှင်၊ မှို၊ ပြင်းထန်တဲ့ အနံ့အသက်တွေ၊ အအေးဒဏ်၊ ရာသီဥတုပြောင်းလဲမှု စတာတွေကို သတိထား ရှောင်ရှားပါ။
o အိမ်တွင်းလေထု သန့်ရှင်းရေး မြန်မာ့ဓလေ့အရ အိမ်မှာ ချက်ပြုတ်တာ၊ အမွှေးတိုင်ထွန်းတာတွေ ရှိတတ်ပါတယ်။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။ ဆေးလိပ်သောက်သူများရှိပါက အိမ်ထဲတွင် လုံးဝမသောက်ခိုင်းပါနဲ့။ ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ရော ကလေးပါ အာဟာရရဖို့ အစားအသောက်ချက်ပြုတ်ရာမှာ မီးခိုးငွေ့ မရှူမိအောင် မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။
o ရောဂါပိုးမကူးစက်အောင် ကာကွယ်ပါ အအေးမိ၊ တုပ်ကွေး မဖြစ်အောင် လက်ကို မကြာခဏဆေးပါ။ လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ တုပ်ကွေးကာကွယ်ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးထားသင့်ပါတယ်။

4. ကိုယ်ဝန်ဆောင်စဉ် ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ
o ပန်းနာရင်ကျပ် လက္ခဏာတွေ (ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ မောတာ) ပိုဆိုးလာပြီဆိုရင် ချက်ချင်း ဆရာဝန်ကို အသိပေးပါ။
o အရေးပေါ်အခြေအနေလက္ခဏာများ (နှုတ်ခမ်းပြာလာတာ၊ စကားမပြောနိုင်တော့တာ၊ အရေးပေါ်ဆေးရှူတာတောင် မသက်သာတာ) တွေ ပေါ်လာရင်တော့ အချိန်မဆွဲဘဲ ချက်ချင်း နီးစပ်ရာ ဆေးရုံအရေးပေါ်ဌာနကို သွားပါ။

5. ကျန်းမာသော လူနေမှုပုံစံကို ကျင့်သုံးပါ
o အာဟာရပြည့်ဝသော အစားအသောက် ကိုယ်ဝန်ဆောင်မိခင်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ (အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ) ကို မျှတစွာ စားသုံးပါ။
o လုံလောက်စွာ အနားယူပါ ကိုယ်ဝန်ဆောင်စဉ်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ် ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါမထဖောက်အောင် ကူညီပေးပါတယ်။
o သင့်တင့်သော လေ့ကျင့်ခန်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကိုယ်ဝန်ဆောင်စဉ် လိုက်လျောညီထွေတဲ့ လေ့ကျင့်ခန်းတွေ (လမ်းလျှောက်တာ၊ ယောဂကျင့်တာ) ကို ပုံမှန်လုပ်ပါ။
o စိတ်ဖိစီးမှု ထိန်းချုပ်ပါ ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုတွေကလည်း ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်ပါတယ်။ တရားထိုင်တာ၊ အပန်းဖြေတာ၊ ချစ်ရသူတွေနဲ့ စကားပြောတာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

ကလေး မွေးဖွားချိန် (မီးဖွားခန်း) မှာ ဘယ်လိုလုပ်မလဲ?

• မီးဖွားခန်းမဝင်ခင်မှာ မိမိမှာ ပန်းနာရင်ကျပ်ရှိကြောင်း မီးယပ်ဆရာဝန်နဲ့ သူနာပြုဆရာမတွေကို သေချာထပ်မံအသိပေးပါ။
• မိမိရဲ့ အရေးပေါ်ရှူဆေး (Reliever Inhaler) ကို လက်လှမ်းမီတဲ့ နေရာမှာ ထားရှိပါ။
• မီးဖွားစဉ်မှာ အသက်ရှူကြပ်လာရင် အရေးပေါ်ဆေးကို ရှူနိုင်ပါတယ်။ မီးဖွားခြင်းကြောင့် ပန်းနာရင်ကျပ်ထဖောက်တာက ရှားပါးပေမယ့် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။
မွေးပြီးနောက် (နို့ချိုတိုက်ကျွေးစဉ်) ပန်းနာရင်ကျပ်ဆေး ဆက်သုံးလို့ရလား?
• ဟုတ်ကဲ့၊ ရပါတယ်။ ပန်းနာရင်ကျပ်အတွက် သုံးတဲ့ ဆေးဝါးအများစုဟာ မိခင်နို့ကနေ ကလေးဆီကို အနည်းငယ်သာရောက်ရှိပြီး ကလေးအတွက် ဘေးဥပဒ်မဖြစ်စေပါဘူး။
• နို့ချိုတိုက်ကျွေးနေစဉ်မှာလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပန်းနာရင်ကျပ်ဆေးကို ဆက်လက်သုံးစွဲဖို့ အရေးကြီးပါတယ်။ မိခင်ရဲ့ ပန်းနာရင်ကျပ် မထိန်းချုပ်နိုင်ရင် မိခင်နို့တိုက်ကျွေးဖို့တောင် အခက်အခဲ ဖြစ်နိုင်ပါတယ်။

ခုဆိုရင် အတော်လုံလောက်တဲ့ပမာဏ ရှင်းပြလို့ပြီးပါပီ။ ပန်းနာရင်ကျပ်ရောဂါရှိတာဟာ ကိုယ်ဝန်ဆောင်ခြင်းအတွက် အတားအဆီး မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်လို့လဲ ရပါတယ်။ ကလေးယူလို့လဲ ရပါတယ်။ အရေးကြီးတာကတော့ ရောဂါကို ကောင်းစွာထိန်းချုပ်ထားဖို့နဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ပဲ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ဂရုစိုက်မှုတွေနဲ့ဆိုရင် ကျန်းမာတဲ့ မိခင်နဲ့ ချစ်စရာကောင်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

မိခင်ရော၊ ကလေးပါ ကျန်းမာပျော်ရွှင်ကြပါစေလို့ ရင်ခေါင်းအထူးကုတစ်ယောက်အနေနဲ့ ဆုတောင်းရင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ဒေါက်တာမျိုးကြည်မောင်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး

Address

Naypyidaw
15011

Telephone

+959797755558

Website

Alerts

Be the first to know and let us send you an email when Dr Myo Kyi Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Myo Kyi Maung:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category