02/01/2024
မိဘ များ အသုံးဝင် စေရန် shared ပေးလိုက်ပါတယ်။
ကလေးများခြင်ကိုက်၊ပုရွတ်ဆိတ်ကိုက်တဲ့အခါသုံးတဲ့ Calamine Lotion အကြောင်း
မနေ့ကသမီးလေးပုံတင်တော့ မေးထားကြတာနဲ့ ဒီစာစုလေးရေးဖြစ်ပါတယ်။
Insect Bites (ပိုးမွှားကောင်)လေးတွေကိုက်ခံရလို့ ယားယံတဲ့အခါ အသုံးများတဲ့ လိမ်းဆေးပါ။ Calamine / Caldryl စသဖြင့်ခေါ်ကြပါတယ်။
Calamine Lotion ဆိုတာ အရေပြားယားယံခြင်းမှာအသုံးပြုကြတဲ့ လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ Calamine နဲ့ Zinc Oxide ပါတတ်ပါတယ်။ Ferric Oxide ဆိုတဲ့ ဒြပ်ပေါင်းလည်းပါဝင်တတ်ပါတယ်။ လိမ်းဆေးအရည်က ပန်းရောင်သန်းတဲ့အရောင်ပါ။
သူ့ရဲ့အာနိသင်တွေက
ခြင်ကိုက်ခြင်း၊ ပုရွတ်ဆိတ်ကိုက်ခြင်း၊နေလောင်ခြင်း၊ အရေပြားယားယံခြင်းတို့ကို သက်သာစေပါတယ်။
(ခြင်မကိုက်အောင်တော့ ဂရုစိုက်ပါ။ သွေးလွန်တုပ်ကွေးရောဂါစိုးရိမ်ရပါတယ်)
လိမ်းဆေးဟာ အေးမြစေတဲ့အတွက် ရောင်ရမ်းမှုကိုကျစေပါတယ်။ ကလေးတွေမှာ ပိုးကောင်လေးတွေကြောင့် နီရဲယားယံခြင်းဖြစ်တာကို ဒီဆေးလိမ်းပေးရင် အေးမြပြီး နေလို့ထိုင်လို့သက်သာစေပါတယ်။
နွေရာသီမှာ မိတ်ဖြစ်ရင်လည်း ဒီဆေးလိမ်းလို့ရပါတယ်။
အသားနေလောင်ပြီး ခြောက်သွေ့လို့ ပူစပ်ပူလောင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။
အချို့သော အရေပြားယားယံမှုအနီစက်အပျော့စားတွေနဲ့ ဝက်ခြံအပျော့စားတွေကို အရောင်ကျစေပါတယ်။
သာမန် အနီစက်၊အဖုအပိန့်နဲ့ အသေးစားယားယံမှုတွေအတွက်တော့ Generally Safe (ယေဘုယျအားဖြင့် စိတ်ချရနိုင်ခြင်း)ဖြစ်လို့ အိမ်မှာဆောင်ထားလို့သင့်တော်တဲ့လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။ လူကြီး/ကလေးမှာ အရေပြားပြဿနာဖြစ်တဲ့နေရာပေါ် ဆေးတို့ပေးပြီး ခြောက်အောင် လေသလပ်ထားလိုက်ရင် အယားသက်သာပြီး ကုတ်ခြစ်တာလျော့ပါတယ်။ Topical (လိမ်းဆေး)ဖြစ်လို့ အရေပြားပေါ်အနည်းငယ်တင်ကြည့်ပြီး Skin Test လုပ်ပြီးမှ စမ်းလိမ်းရင်လည်းရပါတယ်။
ရောဂါကုတဲ့ဆေးမဟုတ်ဘဲ အရေပြားအပေါ်ယံလိမ်းဆေးသာဖြစ်ပါတယ်။
(ရောဂါအခံအခြေအနေတစ်ခုခုရှိရင် မိသားစုဆရာဝန်နှင့်တိုင်ပင်ပြီးမှသုံးပေးပါ)
ဒီလိမ်းဆေးကို Brand Name အမျိုးမျိုးနဲ့ဝယ်ယူလို့ရပါတယ်။ ဈေးနှုန်းလည်းသက်သာပြီး ဝယ်ယူရလွယ်ကူတာမို့ မိဘများအတွက် အသုံးဝင်နိုင်ပါတယ်ရှင်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်