
27/01/2025
ဆေးမတည့်သူ
တနေ့က အူကြောင်ကြောင် ပို့စ်တခု တွေ့လိုက်တယ် ။ "အင်္ဂလိပ်ဆေးတွေနဲ့ အိုဗာတင်းနဲ့ တွဲမသောက်ပါနဲ့ ၊ side effects တွေရတတ်တယ်"တဲ့ ။ ဘယ်အင်္ဂလိပ်ဆေး သောက်လို့ ဘာ side effects ရတာလည်း ဆိုတာလည်း မပြောဘူး ။
လူမှုကွန်ရက်ဆိုတာကလည်း ရေးချင်တဲ့လူက ရေးချင်ရာ ဝင်ရေးလို့ရတဲ့နေရာပဲလေ ။ မဂ္ဂဇင်း သတင်းစာလို တည်းဖြတ်သူမှ မရှိတာ ။
ကျနော်တို့မြန်မာ လူမျိုးတွေဆိုတာကလည်း စိတ်ရင်းကောင်းတယ် ၊ အကောင်းမြင်တတ်တယ် ၊ တွေ့တာကို လွယ်လွယ်နဲ့ ယုံတတ်သူတွေများတယ် ။ ဒါဟာ ဘယ်လိုလူကရေးထားတာ ၊ ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိ ရှိမရှိဆိုတာမျိုး သိပ်စဥ်းစားမနေတော့ဘူး ။ အထူးသဖြင့် ဖေ့စဘွတ်ပေါ်က ဆေးနည်းတွေ ဆေးမြီးတို တွေဆို သဘောကျတတ်ကြတာ ။ ကင်ဆာဖြစ်ရင် ဘယ်အရွက် ဘယ်အမြစ်ကိုကြိုသောက် ပျောက်တယ် ၊ ဆီးချိုဆို ဒီအရွက်သာသောက် ဆရာဝန်ဆီသွားမနေနဲ့ အိမ်ဘေးက ဘယ်သူ ဘယ်ဝါ ဒါနဲ့ပျောက်သွားတာ ဆိုတာမျိုးတွေပေါ့ ။ ဆရာဝန်တွေ ကျကျနန ရေးထားရင်တောင် ရှည်လို့ ဒါလောက် သဘောတကျ ဖတ်ကြပါမလားမသိဘူး ။
ရန်ကုန်မှာ တခါတုန်းက လမ်းဘေးမှာ ချရောင်းနေတဲ့ ပိုစတာ တခု အမှတ်ရသေးတယ် ။ "တွဲမစားသင့်သော အစာများ" ဆိုပြီး ပုံလေးတွေနဲ့ အရောင်လွင်လွင်လေးတွေ ရောင်းနေတာ ။ အဲဒီ ပိုစတာထဲက အတိုင်းသာ ဆိုရင် ထမင်းနဲ့ ရေကလွဲပြီး ဘာမှ စားစရာ မရှိတော့ဘူး ။
လူတွေက ဆေးပညာနဲ့ ပတ်သက်လာရင် ကျန်းမာရေးနဲ့ပတ်သက်လာရင် တွေ့သမျှ အဆိုအမိန့်တွေကို ချင့်ယုံတတ်ဖို့ အရေးကြီးပါတယ် ။ အစားအသောက်ချက်နည်း တွေ့ကရာတွေ ကြည့်ပြီး လိုက်လုပ်ရင် အရသာ မရှိတာပဲဖြစ်မယ် ။ အဝတ်အထည် ဖက်ရှင် ဒီဇိုင်း တွေ့တာလျှောက်လုပ်ရင် မလှ မပ ဖြစ်တာပဲရှိမယ် ။ ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ တတ်ကျွမ်းနားလည်သူက ရေးတာမဟုတ်ရင် ဆင်ခြင်ပြီးမှ ယုံသင့်တယ် ။ ပြောသမျှ လျှောက်လုပ်ရင် ကျန်းမာရေး အသက်အန္တရာယ် ထိခိုက်နိုင်တာမိုလား ။
သိပ္ပံနည်းကျ အထောက်အထားတွေ ရှာဖတ်ဖို့ဆိုတာလည်း ထမင်းနပ်မှန်အောင် ရုန်းကန်နေရသူတွေမှာ ဘယ်လွယ်ပါ့မလဲ ။ Health education information ဆိုတာကလည်း အနောက်နိုင်ငံတွေလောက် မတွင်ကျယ်ဘူး ထင်ပါတယ် ။
ပင်နီစလင်နဲ့ မတည့်ဘူး ( Penicillin allergy )
"ပင်နီစလင်နဲ့ မတည့်ဘူး" ၊ "ပင်နီစလင် ရှော့ဖြစ်တယ် ၊ ပင်နီစလင်ထိုးလိုက်တာ အပ်တောင်မနှုတ်ရသေးဘူး အသက်ထွက်သွားတယ်" ၊ "ပင်ရှော့ ဖြစ်တယ်" ဆိုတာ အားလုံးကြားဖူးကြမှာပါ ။ ဘယ်သူဘယ်ဝါဖြင့် ဆေးထိုးမှားတာ ဆေးခန်းမှာပဲသေပြီ စသည်ဖြင့်ပြောကြတယ် ။
ဆေးရုံဆေးခန်းတွေမှာလည်း ပင်နီစလင်နဲ့ မတည့်ဘူး ဆိုတာ မှတ်တမ်းမှာ မင်နီတွေနဲ့ ထင်းနေအောင် ရေးထားလေ့ရှိကြတယ် ။ တချို့ဆို ဆရာဝန်ဆီသွားရင် ပင်နီစလင်နဲ့ မတည့်ကြောင်းကို ကြိုပြီး စိုးရိမ်တကြီး ပြောထားတတ်ကြတယ် ။
ဒီနေ့ ကျနော် နားထောင်ခဲ့တဲ့ မီရှီဂန် ရေဒီယိုက "ပင်နီစလင် နဲ့ မတည့်သူတွေအကြောင်း" ဆွေးနွေးတဲ့ အစီအစဥ်လေး သဘောကျလို့ ပြန်ပြောပြပါရစေ ။ ဆွေးနွေးသူ ဆရာဝန်ကြီး ၄ ယောက်က အမေရိကန် ထိပ်သီးတက္ကသိုလ်ကြီးတွေ ဆေးရုံကြီးတွေက ထိပ်တန်း သုတေသနပညာရှင်တွေပါ ။ Physician နဲ့ Immunologist တွေပါ ။
ခေါင်းစဥ်က ( Are you really allergic to penicillin? ) တဲ့ ။ ပင်နီစလင် နဲ့ တကယ်မတည့်တာလား ?
သူတို့ သုတေသန တွေ့ရှိချက်အရ ပင်နီစလင် နဲ့ မတည့်ဘူး ဆိုသူ လူနာ ၁၀၀ မှာ ၉၈ ယောက်က တကယ် မတည့်တာ ( allergy အစစ် ) မဟုတ်ဘူး တဲ့ ။ ဘဝမှာငယ်ငယ်က နေမကောင်း ဖြစ်ခဲ့ချိန်မှာ ကြည့်ပေးတဲ့ ဆရာဝန် ဆရာမများက ဆေးသောက်ပြီး အပိန့်တွေ ထွက်လာတာ အသားတွေနီလာတာကို ( penicillin allergy ) ဆိုပြီး မှတ်တမ်းထဲ ထည့်လိုက်တာ တသက်လုံးပါသွားတာမျိုးတဲ့ ။ ဆေးကြောင့် ဖြစ်တာ မဟုတ်ပဲ ရောဂါကြောင့် အဖုအပိန့် အနီတွေထွက်လာတာကို ပင်နီစလင်နဲ့ မတည့်တာလို့ ယူဆလိုက်ကြတာတဲ့ ။ ဗိုင်းရပ် ကြောင့်ဖြစ်တဲ့ရောဂါအတော်များမှာ အပိန့်ထွက်တတ်တယ် ။ ဆရာဝန် အများစုက မှတ်တမ်းမှာ ပင်နီစလင် မတည့်ဘူးဆိုရင် ဆက်မမေးတော့ပဲ ဒီအတိုင်း ထားလိုက်ကြတယ် ။
ပင်နီစလင် သောက်ရင် ထိုးရင် ဘာဖြစ်လဲလို့ သေချာမေးကြည့်ရင် ပျို့ချင်အန်ချင်တယ် မူးတယ် ဗိုက်နာတယ် အပိန့် ( နည်းနည်း ) ထွက်တယ် လို့ပြောကြတယ် ။ အဲဒါက drug allergy အစစ် မဟုတ်ဘူး ၊ side effects တွေသာ ဖြစ်နိုင်ပါတယ်တဲ့ ။ တနည်း အားဖြင့် စိုးရိမ်စရာ မရှိဘူးပေါ့ ။
ဒီနေ့ဆွေးနွေးကြတဲ့ ဆရာကြီး ဆရာမကြီးတွေက Immunologist တွေမို့ သူတို့ကတော့ penicillin allergy ဆိုသူတွေကို သေသေချာချာ မေးစမ်းပြီး တကယ်ဟုတ်မဟုတ် စစ်ဆေးကြတယ် ။ ဆရာဝန်မကြီးတယောက်က ပြောသွားတယ် ။ သူ့ဆေးရုံမှာ တနှစ်အတွင်း လူ ၃၀၀၀ ကို စစ်ကြည့်တာ လူ ၃၀ လောက်က အဖုအပိန့်ထွက် ပြီး လူ ၂ ယောက်မှာသာ မတည့်တဲ့ လက္ခဏာ ဆိုးဆိုးဝါးဝါး တွေရတယ်တဲ့ ။
ပင်နီစလင် မတည့်သူကို ဆရာဝန်တွေက သူ့ထက် ပိုပြီးပြင်းတဲ့ ဆေးတွေနဲ့ ကုရတယ် ။ အဲဒီဆေးတွေက ပိုပြီး စျေးလည်းကြီးတယ် ၊ ဘေးထွက်ဆိုးကျိုး ( side effects) တွေလည်း ပိုဆိုးတယ် ။ ဆေးမတိုးတာ ( antibiotic resistance) လည်း ဖြစ်လာနိုင်တယ် ။ ပင်နီစလင် နဲ့ သူ့ရဲ့ မိသားစုဝင် ( ဥပမာ amoxicillin, flucloxacillin ) ဆိုတာတွေက ရောဂါပိုး အတော်များကို နိုင်ပြီး ဘေးထွက်ဆိုးကျိုး နည်းတယ် ။ စျေးလည်း သက်သာတယ် ။
သူတို့က လူနာတွေကို ဒီလို စမ်းပြီး ပင်နီစလင် မတည့်ဘူး ဆိုတဲ့ မှတ်တမ်း ဖြုတ်ပေးတာကို ( delabling) လို့ ခေါ်ပါတယ် ။
ပင်နီစလင် နဲ့ တည့်မတည့် စမ်းပုံက (၁) Skin prick test ဆိုပြီး အရေပြားကို ခြစ်ပြီးစမ်းတယ် ။ ( ၂ ) ခြစ်စမ်းတာ ဘာမှ မဖြစ်ရင် Intradermal အရေပြားထဲကို ဆေးထိုးအပ်နဲ့ ထိုးစမ်းတယ် ( ၃ ) နံပတ် ၂ နဲ့ ဘာမှ မဖြစ်ရင် ဆေးနဲ့ တည့်တာ သေချာသလောက်ဖြစ်နေပြီ ။ ( ၃ ) အဲဒီလူကို နောက်ဆုံး ဆေးရုံမှာ ပင်နီစလင် တိုက်ပြီး ၂ နာရီ ထိုင်စောင့်ခိုင်းတယ် ။ အဲဒါမှ ဘာမှ မဖြစ်ရင် အောင်ပြီ ပေါ့ ။ ပင်နီစလင်နဲ့ တည့်တယ်ပေါ့ ။ နေမကောင်းရင် ပင်နီစလင်ပေးလို့ရပြီပေါ့ ။
အဆိုးဝါးဆုံး တကယ့် penicillin allergy ကတော့ anaphylaxis ဆိုတဲ့ အခြေအနေပါ ။ penicillin မှမဟုတ်ဘူး တချို့ဆို ပျားတုတ်ခံရတာ ၊ မြေပဲဆံ စားမိတာနဲ့တောင် anaphylaxis ဖြစ်တတ်တယ် ။ ဒါကတော့ ချက်ခြင်း သွေးပေါင်ကျ ၊ သတိမေ့ ၊ အသက်ရှူလမ်းကြောင်း ပိတ်ပြီး သေသွားနိုင်တဲ့ အရေးပေါ် အခြေအနေပါ ။ တချို့လည်း နာရီပိုင်းကြာမှ ဖြစ်ကြတယ် ။ ဒီလို ဖြစ်ရင်Epinephrine ( adrenaline) ဆိုတဲ့ ဆေးထိုးပြီး ချက်ခြင်း အရေးပေါ် ကုရပါတယ် ။ ဒါနဲ့ မှမရသေးရင် hydrocortisone လို အသက်ကယ်ဆေးထိုး ၊ drip တွေသွင်း ဖို့ လိုနိုင်ပါတယ် ။ ဒီနိုင်ငံမှာ အဲလို မှတ်တမ်းရှိသူတွေဟာ အရေးပေါ် ထိုးဆေး Epipen ဆိုတာကို သွားလေရာ အမြဲဆောင်သွားရတယ် ။ ကျောင်းတွေမှာလည်း အရေးပေါ် သုံးဖို့ epipen ကို ထားဖို့ ဥပဒေနဲ့ ပြဌာန်း ထားပါတယ် ။
ကျနော် ညောင်ဦးမှာ ဆေးခန်းဖွင့်တုန်းက ဆန်တန်းရပ်က ဦးတင်မောင် ရဲ့ ဇနီး ဒေါ်သန်းသန်း ကို ကျနော့် ဆေးခန်းမှာ ပင်နီစလင်ထိုးပေးလိုက်တယ် ။ သူအိမ်ပြန်သွားပြီး နာရီဝက်လောက်နေတော့ ပြန်ရောက်လာတယ် ။ နေရတာ မကောင်းဘူး ဆရာ တဲ့ ။ အဲဒါနဲ့ သူ့ကို ကုတင်ပေါ် လှဲခိုင်းပြီး စမ်းနေရင်းပဲ စကားမေးမရတော့ဘူး ။ သတိလစ်သွားတယ် ။ အဲဒီမှာ adrenaline ထိုး အကြောရှာ ဆေးထိုး drip ချိတ် လုပ်ပေမဲ့ သတိပြန်မလည်လာဘူး ။ သွေးပေါင်လည်း တက်မလာဘူး ။ ဒါနဲ့ ကျနော်လည်း ချွေးပျံပြီး မနီးမဝေးမှာရှိတဲ့ ဆရာဦးတင်ထွေး ကို အရေးပေါ်ခေါ်ခိုင်းရတယ် ။ ဆရာ ဦးတင်ထွေးက ညောင်ဦး မြို့နယ် ဆရာဝန်ကြီးပါ ။ ကျနော်နဲ့လည်း ခင်နေလို့ ချက်ခြင်းလိုက်လာတယ် ။ သူ့ညွှန်ကြားချက်နဲ့ ခြေ ၂ ဖက် လက် ၂ ဖက်မှာ အပ် ၄ချောင်းထိုးပြီး drip တွေ အမြန်ချိတ် hydrocortisone တွေထိုးနဲ့ မိနစ် ၂၀ လောက်နေမှ သွေးပေါင်ပြန်တက်ပြီး သတိရလာတယ် ။ ဆရာဦးတင်ထွေး ကျေးဇူးကို ဒီနေ့အထိ သတိရ အောက်မေ့လျက်ပါ ။
အဓိက ပြောချင်တာကတော့ ပင်နီစလင် မတည့်သူ ၁၀၀ မှာ ၉၈ ယောက်က တကယ်မတည့်တာ မဟုတ်ကြောင်းပါပဲ ။ ပင်နီစလင် တည့်မတည့် စစ်ကြည့်ဖို့ကလည်း အလွန်ကြီး ခက်ခဲလှတာမဟုတ်ကြောင်း ၊ ပင်နီစလင်နဲ့သာ တည့်ရင် ဆေးပညာမှာ အလွန် အစွမ်းထက်ပြီး အသုံးဝင်လှတဲ့ ဆေးစွမ်းကောင်း တလက်ကို လိုရင်ပြန်သုံးနိုင်မှာ ဖြစ်တဲ့အကြောင်း အမေရိကန် ဆရာဝန်ကြီးများ ရဲ့ သုတေသန ဆွေးနွေးခန်းကို ပြန်ပြီး ဖောက်သည် ချလိုက်ရပါတယ်ခင်ဗျာ ။ ဗမာပြည်မှာတော့ ဒါမျိုး တာဝန်ခံပြီး လုပ်ပေးနိုင်တဲ့ Immunologist ဦးရေ နည်းမယ်ထင်တယ် ။
" Are you really allergic to penicillin ? "
(Michigan Radio)
Host . Steven Dubnar
Participants
1. Dr Kimberly Blumenthal, Allergist, Immunologist and researcher, Massachusetts General Hospital and Harvard Medical School
2. Dr Theresa MacPhall , Associate Professor of Science and Technology Studies at Steven Institute of Technology
3. Dr Thomas Platts - Mills , Professor of Medicine,University of Virginia
4. Eleanor Resnick, Allergist Immunologist at Mt Sinai Hospital, New York.
ဒေါက် တာ လှ ဘူး