02/10/2023
#အရိယာကိုအသွင်အပြင်အမူအရာကိုကြည့်ရှု၍ မသိနိုင်
--------------------------------
#ရာဇဂြိုလ်ပြည်မှ သူဌေးသမီးကလေး တစ်ယောက်သည် မြတ်စွာဘုရားရှင်၏ တရားတော် ကိုနာကြားရ၍ ငယ်စဉ်ကပင် သောတာပန်တည်ခဲ့တယ်။
အပျိုအရွယ်ရောက်၍ တစ်နေ့သောညနေချမ်းမှာ ပြသာဒ်ထက်လေသာပြတင်းမှ လောက သဘာ၀ရဲ့ အလှကိုအာရုံခံစားနေစဉ် သားသမင်ချေငယ် စိုင် ဆတ်တို့ကို သတ်ဖြတ်ရောင်းချစား သောက်အသက်မွေးသူ ကုက္ကုဋမိတ္တမုဆိုးကြီး အမဲထမ်းလာတာကိုမြင်လျှင် တပ်မက်တဲ့စိတ်ဖြစ်၍ မိဘမသိဘဲ ၎င်းမုဆိုးကြီးနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြေးခဲ့တယ်။
မိဘဖြစ်သူများ မှာတော့ သမီးချစ်တဲ့ဇောနဲ့ စိတ်နှလုံးပူဆွေးလျက် ရပ်နီးရပ်ဝေး ဆွေးမျိုး မိတ်သင်္ဂဟတွေအိမ်သို့ လိုက်လံစုံစမ်းရှာဖွေသော်လည်း မတွေ့တဲ့အဆုံး သေရှာပြီလို့ ယူမှတ်လိုက်ကြတယ်။ သူငယ်မ ကတော့ သားခုနှစ်ယောက်ရသည်အထိ လင်မုဆိုးကြီး အမဲရှာသွားဖို့ လေးမြားလက်နက်များနဲ့ တောတွင်းမှာစားဖို့ ရိက္ခာများပါ စီမံလုပ်ကိုင်ချက်ပြုတ်ပေးရတယ်။ လင်မုဆိုကြီး တောမှပြန်လာ ရင်လည်း ဆီးကြိုပြီး တောမှရလာတဲ့ အမဲများကို ခုတ်ပိုင်းချိန်တွယ်လျက် လှည့်လည်ရောင်းချ ရတယ်။
#ယခုလိုသာသနာတွင်းဝိမုတ္တိယုဂခေတ်ရဟန္တာမဆိတ်တဲ့ကာလမှာ ထိုသူဌေးသမီးငယ် ကဲ့သို့ လင်မုဆိုး မယားသောတာပန်မျိုးမရှိဟု မဆိုနိုင်၊ တွေ့ရှိပါက သာမန်လိမ္မာတယ်ဆိုတဲ့ ဗုဒ္ဓ ဘာသာ၀င် ပုထုဇဉ်သားသမီးများပင် အကုသိုလ်နယ်သား မုဆိုးကို လင်ပြုမည်မဟုတ်။ မိဘ ဆွေမျိုး အရှက်တကွဲဖြစ်အောင်လည်း မိဘမသိဘဲ လင်နောက်လိုက်မည် မဟုတ်သဖြင့် မိုက်မဲတဲ့ လင်ငတ်မ၊ လင်ဆာမလို့ ကဲ့ရဲ့ပြစ်တင် ပြောဆိုကြမှာဖြစ်တယ်။ သောတာပန်လို့ သိကြမှာမဟုတ် ပါပေ။
ထိုသောတာပန် သူဌေးသမီးငယ် လင်နောက်လိုက်ပြီး လင်မုဆိုးကြီးရဲ့ အကုသိုလ်အမှုမှာ ဇနီးမယားအနေနဲ့ ကူညီပံ့ပိုး လုပ်ကိုင်နေတာကို သောတာပန်ဖြစ်လျက် ဒီလိုအကုသိုလ်အမှုမျိုး လုပ်ရသလားလို့ ရဟန်းတို့က ပြဿနာတင်လာတော့ ဘုရားရှင်က ``ထိုသောတာပန် သူဌေး သမီးသည် ဇနီးမယားအနေဖြင့် လင်မုဆိုးကြီး၏အလုပ်များ ကူညီလုပ်ဆောင်ပေးနေပေမယ့် အနာမရှိသောလက်ဖြင့် အဆိပ်ကိုင်သော်လည်း အန္တရာယ်မဖြစ်သကဲ့သို့ သူမ၏အတွင်းစိတ် သန္တာန်၌ သက္ကာယဒိဋ္ဌိ ဦးစီးတဲ့ စေတနာမပါ၍ အကုသိုလ်ကံမမြောက်´´ဟု ဓမ္မပဒပါဠိတော် ပါပ၀ဂ်ကုက္ကုဋမိတ္တမုဆိုး၀တ္ထုမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်းဟောကြားတော် မူခဲ့ရတယ် ယောဂီတို့။
ပေဿနဒီ ကောသလမင်းကြီးဟာ တစ်ခါတော့ ဘုရားရှင်ထံမှာ ရဟန်းတစ်ပါး ကိုးကွယ်ဖို့ လျှောက်ထားတောင်းခံရာ၊ ဘုရားရှင်က ရဟန်းကြီးတစ်ပါးကို ပေးလိုက်တယ်။ မင်းကြီးဟာ အခွင့် သင့်တဲ့အခါတွင် ရဟန်းကြီးထံ ဖူးမြော်ဆည်းကပ်ဖို့ ရောက်ရှိတဲ့အခါမှာ ထိုရဟန်းကြီး၏ အနေအထိုင် မကျစ်လျစ်တာ၊ အမူအရာ ဣနြေ္ဒမဲ့တာကိုတွေ့ရှိရတယ်။ နောက်ထပ် တစ်ကြိမ် နှစ်ကြိမ် ဖူးမြော်ဆည်းကပ်ဖို့ ရောက်တဲ့အခါမှာလည်း အလားတူပဲ တွေ့ရှိရတော့ သဒ္ဓါကြည်ညို မှု လျော့နည်းလာလို့ မဆည်းကပ်တော့ဘဲ နေခဲ့တယ်။
နှစ်ကာလကြာလို့ တစ်နေ့တွင် ထိုရဟန်းကြီး ပျံလွန်တော်မူရာ ရဟန္တာ ပရိနိဗ္ဗာန် စံ၀င် တယ်ဆိုပြီး ရဟန်းပရိသတ်များ၊ လူပရိသတ်များ စုဝေးရောက်ရှိကြလျက် အန္တိမစျာပနပွဲ ပြုလုပ် ကြတယ်။
ပေဿနဒီ ကောသလမင်းကြီးဟာ သူကိုယ်တိုင် အနေအထိုင် မကျစ်လျစ်တာ၊ အမူအရာ ဣနြေ္ဒမဲ့စွာ တွေ့ရှိရတဲ့ ရဟန်းကြီးကို ရဟန္တာလို့အများက သမုတ်ကြတာကို မကျေနပ်လို့ ဘုရားရှင်ထံ ချည်းကပ်ပြီး အကြောင်းစုံကို လျှောက်ထားမေးမြန်းရာ၊ ဒါယကာ မင်းကြီးအား ပေးလိုက်စဉ်အခါကပင် ထိုရဟန်းကြီးသည် ပြီးပြီးသော ကိစ္စရှိတဲ့ ရဟန္တာဖြစ်တယ်လို့ ဘုရားရှင် မိန့်ကြားတော်မူခဲ့တယ်။
ရာဇဂြိုလ်ပြည်မှာ ဘာရဒွါဇ အမည်ရှိတဲ့ ဗြာဟ္မဏဟာ ဗေဒင်သုံးပုံကို ကမ်းကုန်အောင် တတ်ကျွမ်းလို့ ငါးရာသော တပည့်ပုဏ္ဏား လုလင်တို့ကို ဗေဒင်သုံးပုံ သွန်သင်ပြလျက်နေတယ်။ ယခုအခါ အန္တရာယ်ကင်း, ဘေးရှင်းရန်, မင်္ဂလာဖြစ်ရန်, ကုသိုလ်ဖြစ်ရန် ရဟန်းသံဃာတော်များ အား ပင့်ဖိတ်လျက် ပရိတ်တရား နာယူကြသကဲ့သို့ ထိုစဉ်ကလည်း မင်းအမတ် သူဌေးသူကြွယ် တို့တွင် မင်္ဂလာကိစ္စရှိလို့ ဗြဟ္မာဏဘတ် (ဘတ္တ = ဘတ် = ထမင်းကျွေးမွေး လှူဒါန်းခြင်း) ပင့်ဖိတ်တဲ့အခါ တပည့်ပုဏ္ဏား လုလင်ငါးရာနဲ့တကွ သွားရောက်၍ ဗေဒင်သုံးပုံ ရွတ်ဖတ်သရဇ္ဈာယ်ပေးတယ်။ စားဖွယ်သောက်ဖွယ်များ ကျွေးမွေးတဲ့အခါ မိမိသာလျှင် အဦးခံယူ၍ သူတကာထက်ပိုယူပြီး ယာဂုဘယ်မှာလဲ၊ ခဲဖွယ်ယူခဲ့ဦး စသည်ဖြင့် အစားငမ်းလွန်းလို့ ပိဏ္ဍောလ ဘာရဒွါဇ အစားမ်းတဲ့ ဘာရဒွါဇလို့ ခေါ်ကြတယ်။
ဘုရားရှင် ရာဇဂြိုဟ်မှာ ဝါဆိုတော်မူလာရာ ဥပါသကာတို့နဲ့အတူ ဘုရားကျောင်းတော်သို့ လိုက်သွားပြီး ဘုရားရှင်၏ တရားတော်ကို နာကြားရလျှင် သဒ္ဓါတရားအားကြီးလှသဖြင့် အနှစ်မရှိ တဲ့ ဗေဒင်သုံးပုံကိုမှီပြီး အသက်မွေးခြင်းဖြင့် အကျိုးမရှိလို့ ဘုရားရှင်ရဲ့ သာသနာတော်သို့၀င်၍ ရဟန်းပြုခွင့်တောင်းပြီး ရဟန်းပြုခဲ့တယ်။ ရဟန်းဖြစ်ပြီး ဝိပဿနာကို လွန်စွာအားထုတ်ရာ မကြာမီဘဲ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိညရဟန္တာ ဖြစ်လာတယ်။
ရဟန္တာဖြစ်သည်မှစ၍ သံကောက်တစ်ခုကို စွဲကိုင်ပြီး ကျောင်းတစ်ခုမှတစ်ခု၊ ပရိဝုဏ် တစ်ခုမှတစ်ခုသို့ လှည့်လည်၍ ``မဂ်ဖိုလ်မရသေးက၊ တရားတော်၌ ယုံမှားသံသယရှိက ငါ့ကို မေးကြ။ သဘောပေါက် ကြေညက်အောင် ငါရှင်းပြမယ်´´လို့ ရဲရင့်စွာ ကြွေးကြော်တယ်။ ဘုရားရှင်ကိုလည်း ``တပည့်တော်သည် ရဟန်းကိစ္စပြီးပါပြီ´´လို့ ရဲဝံစွာ လျှောက်ထားတယ်။ ဘုရားရှင် ရှေ့မှောက်၌ နေ့စဉ်လည်း ``ကိစ္စမပြီးသေးသော ရဟန်းရှိက လာကြစမ်းပါ။ ရဟန်းကိစ္စ ပြီးစီးအောင် ငါချေချွတ်ပေးမယ်´´လို့ ကြုံးဝါးလေ့ရှိတယ်။
ယခုခေတ် အလားတူ အရိယာရဟန်းမျိုးတွေ့မယ်သာဆိုရင် အလွန် စွာကျယ် စွာကျယ်နိုင် တဲ့ လူမိုက်ရဟန်း၊ ဖိုးတုတ်ရဟန်း၊ အစားငမ်းရဟန်း၊ အလကားရဟန်းလို့ အထင်မှားကြမယ်။ ပိဏ္ဍောလမထေရ်ဟာ ဘုရားရှင်ရဲ့ သာ၀ကများတွင် ရဲရင့်တဲ့နေရာမှာ အမြတ်ဆုံး ဧတဒဂ်လည်း ရတယ်။
ရုပ်အဆင်း ရူပကာယ မလှမပ၊ အချိုးမကျ ပုကွသေးကွေးတဲ့ လကုဏ္ဍကဘဒ္ဒိယ မထေရ် ကိုဇေတ၀န်ကျောင်းတော်ရှိ ရဟန်းငယ်များနဲ့ သာမဏေတို့က ထိပ်ပုတ်ခေါင်းခေါက် နားရွက်ဆွဲ ပြီး ဘထွေးမထေရ်ကြီး သာသနာတော်မှာ မွေ့လျော်ရဲ့လားလို့ နောက်ပြောင်ပြောဆို ကျီစယ်လေ့ ရှိကြတယ်။ မထေရ်ကတော့ အမျက်မထွက်ဘဲ ဆိတ်ဆိတ်သာ သည်းခံနေလေ့ရှိသည်။
တစ်နေ့တော့ လကုဏ္ဍကဘဒ္ဒိယ မထေရ် အဝေးမှလာနေသည်ကိုညွှန်ပြလျက် ``ရဟန်း တို့ရုပ်အဆင်း မလှမပသော၊ ရှုဖွယ်မကောင်းသော၊ ပုကွသေးကွေးသော ရဟန်းတို့ နှိပ်စက်ပြောဆိုခြင်းကို သည်းခံသော ထိုရဟန်းကို မြင်ကြ၏လော၊ ထိုရဟန်းသည် ဘုန်းတန်ခိုး အာနုဘော်ကြီးမား၍ မ၀င်စားဘူးသော သမာပတ်မရှိ၊ အရဟတ္တဖိုလ် ဥာဏ်ကိုလည်း ရရောက်ပြီးသူ ဖြစ်တယ်´´ လို့ဓမ္မပဒပါဋ္ဌိတော် ပဏ္ဍီတ၀ဂ်မှာ ဘုရားရှင် ဟောကြားတော် မူပါ တယ်။ ဒီမထေရ်ကြီးဟာ အသံသာတဲ့နေရာမှာ ဧတဒဂ် လည်းရတယ်။
တစ်ခါတည်း အာဂန္တုတောနေရဟန်း သုံးကျိပ်တို့သည် ဘုရားရှင်ကို ဖူးတွေ့ဖို့ ရောက်လာ ကြရာ ၊ လကုဏ္ဍကဘဒ္ဒိယမထေရ်သည် ဘုရားရှင်ကို ဆည်းကပ်ဖို့ ဘုရားကျောင်းတော် တံခါးမုခ် မှာရပ်နေစဉ် မလှမပ ပုကွသေးကွေးတဲ့ သာမဏေငယ်ဆိုပြီး ထိပ်ပုတ်၊ နားရွက် နှာခေါင်းတို့ကို ဆွဲသူကဆွဲ သင်္ကန်းစကို ဆွဲသူကဆွဲနဲ့ လက်ဆော့ခဲ့ကြပြီး ဘုရားရှင်ရှေ့မှောက်သို့ ရောက်ရှိ ရှိခိုး ၀တ်ပြုကြတယ်။
``အရှင်ဘုရား သာယာသောအသံဖြင့် တရားဟောတတ်တဲ့ အသီတိရှစ်ကျိပ်၀င် မဟာသာ၀ကကြီး လကုဏ္ဍကဘဒ္ဒိယမထေရ်ကို ဖူးတွေ့လိုပါတယ်´´လို့လျှောက်ထားကြတယ်။
``ချစ်သားတို့ ဖူးတွေ့လိုတဲ့မထေရ်ဟာ သင်တို့ကျောင်းတံခါးမုခ်တွင် ထိပ်ပုတ် နားရွက် နှာခေါင်း သင်္ကန်းဆွဲပြီး လက်ဆော့ခံရသူပင်ဖြစ်တယ်´´လို့ ဘုရားရှင်က မိန့်ကြားတော်မူပြီး ``အသက်နှင့်ဝါကြီးကာမျှ၊ ခေါင်းဖြူကာမျှ၊ လူကောင်းကြီးကာမျှဖြင့် မထေရ်ဟု ငါမဆို၊သစ္စာလေး ပါး ပရမတ္ထသစ္စာတရားကို ထိုးထွင်းသိမြင်သူ၊ အရဟတ္တဖိုလ် ရရောက်ပြီးသူကိုသာ မထေရ်လို့ခေါ် တယ်´´လို့ ဓမ္မပဒပါဠိတော် ဓမ္မဋ္ဌ၀ဂ်မှာ ဘုရားရှင် မိန့်တော်မူပါတယ်။
စိတ္တလတောင်မှ ရဟန္တာကြီးတစ်ပါးရဲ့ အလုပ်အကျွေးဖြစ်တဲ့ ရဟန်းတစ်ပါးက တစ်နေ့ တော့ရဟန္တာကြီးရဲ့ သပိတ်၊ သင်္ကန်းကို ယူလျက် ရဟန္တာကြီးနဲ့အတူလှည့်လည်ဆွမ်ခံရာမှာ ``အရှင်ဘုရား အရိယာတို့မည်သည် ဘယ်သို့သော သဘောရှိပါသလဲ ဘုရား´´လို့မေးလျှောက် တယ်။
ရဟန္တာဆရာ မထေရ်ကြီးက ``ဤသာသနာတော်၌အချို့သော ရဟန်းသည် အရိယာ၏ သပိတ်၊ သင်္ကန်းကိုယူလျက် အတူလှည့်လည်နေပါသော်လည်း အရိယာကို မသိနိုင်။ အရိယတို့ကို သိနိုင်ခဲတယ်´´ လို့ ရိပ်ကာစောင်းကာ မဟုတ်ဘဲ တည့်တည့်ကြီး ဖြေကြားသော်လည်း မရိပ်မိဘူး လို့ ခန္ဓ၀ဂ္ဂသံယုတ် အဋ္ဌကထာမှာ ပါရှိတယ်လို့ မှတ်သားခဲ့ရတယ် ယောဂီ။
ထို့ပြင် ရဟန္တာရဟန်းကြီးနဲ့ သောတာပန်ရဟန်းတို့ ဆွမ်းခံကြွရာ ဒါယကာတစ်ဦး လောင်း လှူသော လောလောပူတဲ့ ယာဂုကို ရဟန္တာရဟန်းကြီးက တံခါးခုံ၏တုံးပေါ်ထိုင်ပြီး လေနာငြိမ်းစိမ့် သောငှာသပိတ်စောင်းသောက်သည်ကို သောတာပန်ရဟန်းက ``ဒီရဟန်းကြီးနှယ် အငမ်းမရနိုင် လှတယ်´´ လို့စိတ်ဖြင့် ကဲ့ရဲ့ပြစ်တင်မိတယ်။
ညချမ်းအခါကျတော့ ရဟန္တာရဟန်းကြီးက ``ငါ့ရှင် သာသနာတော်မှာ ထောက်ရာ တည်ရာရပေလား´´ လို့မေးရာ။
``သောတာပတ္တိမဂ်ကို ရပြီးပါပြီဘုရား´´ လို့သောတာပန်ရဟန်းကလျှောက်ထားတယ်။ ထိုအခါ ရဟန္တာရဟန်းကြီးက-
``ငါ့ရှင်သင်သည် ရဟန္တာကိုကဲ့ရဲ့ပြစ်တင် စွပ်စွဲခဲ့တာမို့ အထက်မဂ်သုံးပါးအလို့ငှာ အားမထုတ်လင့်တော့´´လို့မိန့်တော်မူမှ သောတာပန်ရဟန်းက ရိပ်မိပြီး မိမိရဲ့အပြစ်ကို ၀န်ချ ကန်တော့ခဲ့ရဖူးတယ်။ အတူနေတဲ့ ရဟန်းကြီး ရဟန္တာဖြစ်တာကို ပင် သောတာပန်ရဟန်းက မသိခဲ့ပါ။
မဂ်ဖိုလ်ရပြီးသူ အရိယာတွေဟာ ပုထုဇဉ်တွေလိုပဲ ဝိပါက်ခန္ခာပသာဒရုပ်တွေရှိနေ၊ ကောင်းနေသေးလို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်မှာ တိုက်ခိုက်လာသမျှ ဖြစ်ပေါ်လာသမျှ ငါသူယောက်ျား မိန်းမအနေနဲ့ မြင်တယ် သိတယ်။
ကောင်းမကောင်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ အနေနဲ့လည်း သိတယ်၊ ခံစားတယ်။ #ပညတ်အာရုံတွေကိုသုံးတယ်၊ #ခံစားတယ်။ #မစွဲဘူး။
သုခ၊ ဒုက္ခဝေဒနာတွေကို မမြဲတဲ့အနိစ္စဓမ္မ၊ ဆင်းရဲတဲ့ ဒုက္ခဓမ္မ၊ ငါပိုင် ငါဆိုင်မဟုတ်၊ အစိုးမရတဲ့ အနတ္တ ဓမ္မတွေပဲ၊ ခယဓမ္မာ၊ ၀ယဓမ္မာ၊ ဝိရာဂဓမ္မ၊ နိရောဓ ဓမ္မာ၊ ကုန်ပျက်ကင်းချုပ်တဲ့ သဘောတွေပဲလို့ သိပြီး သက္ကာဒိဋ္ဌိမပါ တဏှာမကပ်ဘဲ ခံစားတယ်၊ အပါယ်မကျဘူး (၃၁)ဘုံမှလွတ်တယ်။
ပုထုဇဉ်တွေ ပညတ်အာရုံ၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာတွေကိုခံစားတာကတော့ နိစ္စမြဲတယ်။ သုခချမ်းသာတယ်။ အတ္တ ငါပိုင်တယ်၊ ငါဆိုင်တယ်လို့ သက္ကာယဒိဋ္ဌိနဲ့ တဏှာလောဘနဲ့ ခံစားတယ်။ #ပညတ်အာရုံတွေကိုသုံးတယ်၊ #ခံစားတယ်၊ #စွဲလည်းစွဲတယ်။ အပါယ်ကျတယ် (၃၁) ဘုံဘ၀အကျိုးရတယ်။
ပုထုဇဉ်တွေရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်မှာ အာရုံနဲ့ တိုက်ဆိုင်တိုင်း ``စက္ခုရူပေ နသံဝါသာ ရာဂပုတ္တံ ဝိဇာယတိ´´ စက္ခုနဲ့ရူပါရုံတိုက်ခိုက်လို့ သံဝါသပြုတိုင်း ရာဂသားမွေးသလို မျက်စိမှာ တစ်လှည့်၊ နားမှာတစ်လှည့်၊ နှာခေါင်းမှာတစ်လှည့်၊ လျှာမှာတစ်လှည့် ကိုယ်မှာတစ် လှည့်၊ ရာဂ၊ ဒေါသ၊ မောဟစတဲ့မီးတစ်ဆယ့်တစ်ပါး ထတောက်တယ်။ ထလောင်တယ်။ အပါယ် ကျတယ်။ငြုပ်သီးထဲကပိုးနဲ့ မစင်ထဲက လောက်တွေဟာ ပူမှန်း လောင်မှန်းနံစော်စက်ဆုတ်စရာ မှန်းမသိသလို၊ အာရုံနဲ့ဒွါရ တိုက်ဆိုင်တိုင်း မီးတစ်ဆယ့်တစ်ပါး ထထောက်တာ၊ ထလောင်တာ၊ အပယ်ကျတာ ကိုမသိတာ အဝိဇ္ဇာ။
ငြုပ်သီးပိုးနဲ့ မစင်ထဲက လောက်တွေဟာ ငြုပ်သီးနဲ့ မစင်မှ မစွန့်ခွာနိုင်သလို ဘုံ (၃၁)ဆိုတဲ့ အာရုံကာမဂုဏ်မှ မစွန့်ခွာနိုင်ဘဲ ကပ်ငြိတာ တဏှာ။ အဝိဇ္ဇာနဲ့ တဏှာကပ်ငြိတာကို ပုထုဇဉ်လို့ခေါ်တယ်မှတ်။
အရိယာရဲ့ မျက်စိက ကြည့်ချင်တိုင်း ဘာကိုပဲကြည့်ကြည့်၊
နားက နားထောင်ချင်တိုင်း ဘာကိုပဲနားထောင်၊ ဘာသံကိုပဲကြားကြား၊
နှာခေါင်းကလည်း ဘာကိုပဲရှူရှူ၊ ပန်းနံ့သာ အမွှေး အကြိုင်ရှူတယ်၊ ဆွတ်ဖျန်းတယ်၊ သုတ်လိမ်းတယ်။ လျှာကလည်း ဘာကိုပဲစားစား ထောပတ်၊ နို့ ပျားရည်၊ ကြက်၊ ၀က်၊ ဘဲ၊ ဆိတ်၊ သစ်သီး၊ သစ်ရွက်၊ စားကောင်းသောက်ဖွယ် အချို၊ အချဉ်၊ အဆိမ့်တွေကိုစားတယ်၊ သောက်တယ်။ ကိုယ်ကလည်း ပိုးဖဲကတ္တီပါ အထိအတွေ့ကောင်းကို ၀တ်တယ်၊ ဆင်ယင်တယ်။ သဒ္ဓိနြေ္ဒ, ဝီရိယိနြေ္ဒ, သတိနြေ္ဒ, သမာဓိနြေ္ဒ, ပညိနြေ္ဒငါးပါးနဲ့ အစိုးတရ ခံစားတယ်။ ရာဂ ဒေါသမောဟစတဲ့ မီးတစ်ဆယ့် တစ်ပါးမှ လွတ်တယ်။ ဘယ်တော့မှ အပါယ်မကျ၊ နတ်ရွာနိဗ္ဗာန် စံ၀င်ရမယ် မုချဆိုတာသိထားတယ်။
အရိယာတို့ စားသောက်သမျှ အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ကြော်လှော်တာ ပဲဖြစ်ဖြစ် မီးလွတ်တယ် မှတ်။
#ပုထုဇဉ်မှန်ရင် #ဘာတွေရှောင်လို့ဘာတွေချည်းပဲစားစား #မီးမလွတ်မှတ်။
အရိယာကိုအသွင်အပြင်အမူအရာကိုကြည့်ရှုမီးလွတ်တဲ့ထမင်းဟင်းနဲ့ ကောင်းနိုးရာရာ အာဟာရ စားသောက်တာ အရိယာမှတ်။ #မဂ်ဥာဏ်ဖိုလ်ဥာဏ်ရဲ့တန်ခိုးအာနိသင်မှတ်။
ဘုရားရှင်ရဲ့ တပည့်သာ၀က သောပန်မှအစ ရဟန္တာအထိ အရိယာပုဂ္ဂိုလ်တွေဟာ ဝါသနာနဲ့စရိုက်တွေလည်း အမျိုးမျိုးရှိကြတယ်။
တောမှာပဲ ဓူတင် (၁၃)ပါးနဲ့နေတဲ့အရိယာ၊ မြို့မှာ နေတဲ့ အရိယာ၊ ပိဋကတ်တတ်တဲ့၊ မတတ်တဲ့ အရိယာ၊ တရားဟောတတ်၊ မဟောတတ်တဲ့ အရိယာ၊ အမူအရာ အပြောအဆို နှုးညံ့ပျော့ပြောင်းကြသလို၊ မပျော့ပြောင်း ကြမ်းတမ်းတဲ့ အရိယာ လည်းရှိတယ်။
#ဝါသနာနဲ့စရိုက်ဟာအရိယာ၊ #ရဟန္တာဖြစ်တာမဖြစ်တာနဲ့မဆိုင်။
ရဟန္တာမဖြစ်မီနဲ့ ဖြစ်ပြီး မှာလည်း မခြားနား။ ဝါသနာနဲ့စရိုက်ကို ရဟန္တာမပယ်။ ဘုရား သဗ္ဗညုသာ ပယ်နိုင်တယ်။ ဒါ့ကြောင့်အရိယာကို အသွင်အပြင် အမူအရာကို ကြည့်လို မသိနိုင်ဘူး ယောဂီတို့။ အရိယူပဝါဒ အန္တရာယ်အရိယာကို ပြစ်မှားတဲ့ကံနဲ့ တစ်ပါးတည်း ကပ်ပါလာတဲ့မဂ်အန္တရာယ်၊ #မဂ်ဖိုလ်နိဗ္ဗာန်နဲ့လွဲရတတ်တယ်ကြပ်ကြပ်သတိထားယောဂီတို့။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး🙏🙏
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး
to original uploader