18/07/2023
#အမေးအဖြေကဏ္ဍ
#သားအိမ်အသားလုံး
၁) သားအိမ်အသားလုံးက ဘာလို့ ဖြစ်တာလဲ?
- သားအိမ်အသားလုံးဟာ ကင်ဆာ မဟုတ်သလို၊ ကင်ဆာ အဖြစ်သို့ မပြောင်းပါ။
- မျိုးရိုးလိုက်ခြင်း၊ မျိုးဗီဇဖောက်ပြန်ခြင်းနဲ့ မိန်းမဟော်မုန်းများခြင်းတို့ကြောင်း ဖြစ်တတ်ပါတယ်။
- အပျိုဖော်ဝင် စောသူ၊ သားသမီးမရှိ(သို့)နည်းတဲ့ သူ၊ ကိုယ်အလေးချိန်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ စတဲ့ အမျိုးသမီးတွေမှာ အဖြစ်များကြပါတယ်။
၂) ဘာလက္ခဏာတွေ ပြလဲ?
-အတော်များများ လက္ခဏာ မပြပါဘူး
-သားအိမ်အသားလုံးအရွယ်နဲ့ နေရာပေါ် မူတည်ပြီး အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။
--ရာသီပေါ်ချိန် သွေးဆင်းများခြင်း။
--ဆီးစပ်ကိုက်ခဲနာကျင်ခြင်း။
--ဆီးခုံရိုးတဝိုက် မအီမသာဖြစ်ခြင်း။
--ဆီးမကြာခဏသွားခြင်း။
--ကေလးရဖို့ ခက်ခဲခြင်း။
--ဆီးခုံတစ်ဝိုက် အလုံးစမ်းမိခြင်း။
၃) ဘယ်လိုသိနိုင်မလဲ?
-အသားလုံးအရွယ်ကြီးရင် ဝမ်းဗိုက်ပေါ်က စမ်းသပ်ကြည့်ရုံနဲ့တင် တွေ့နိုင်ပါတယ်။ အာထရာဆောင်းရိုက်ခြင်းဖြင့် အသားလုံး အရေအတွက်၊ အရွယ်အစားနဲ့ တည်နေရာကို သိနိုင်ပါတယ်။
၄) ဆေးနဲ့ ကုသလို့ ရလား?
- အသားလုံးရှိသော်လည်း ဝေဒနာ တစုံတရာ မရှိလျှင်ဖြစ်စေ၊ အရွယ်အစား သေးငယ်လျှင်ဖြစ်စေ၊ သွေးဆုံးချိန်နီးကပ်လာလျှင်ဖြစ်စေ၊ မဖြစ်မနေ ကုသရန် မလိုအပ်ပါ။ စောင့်ကြည့်ခြင်းဖြင့် လုံလောက်ပါတယ်။
- သာမန်ထက်သွေးဆင်းများလျှင်၊ သွေးအားနည်းစပြုလျှင် သံဓာတ်ပါဝင်မှုများသော ဗီတာမင်အားဆေးများကို သောက်သုံးရပါမယ်။
- အသားလုံးရှိသူ အမျိုးသမီးတချို့အတွက် ရာသီပေါ်ချိန်မှာ ကိုက်ခဲနာကျင်တာ အထိုက်အလျောက်သက်သာသလို၊ သွေးဆင်းနည်းသွားဖို့ အကိုက်အခဲ ပျောက်ဆေးနဲ့ သွေးထိန်းဆေးများ ပေးနိုင်ပါတယ်။
- အသားလုံးလည်းရှိနေတယ်။ သားသမီးလည်း မရချင်တော့ဘူးဆိုရင် သန္ဓေတားဟော်မုန်း သောက်ဆေး၊ ထိုးဆေး၊ အရေပြားအောက်ထည့်ဆေး၊ သားအိမ်တွင်းထည့် ဟော်မုန်းပစ္စည်း တခုခု သုံးစွဲသင့်ပါတယ်။ သွေးဆင်းနည်းဖို့ အထောက်အကူဖြစ်လေ့ရှိပါတယ်။
- အသားလုံး ကျုံ့ဝင်စေသောဆေးတွေက
ဈေးနှုန်းကြီးမြင့်တဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်။ ဆေးသုံးစွဲစဉ် အသားလုံး ကျုံ့ဝင်သေးငယ်သွားပြီး၊ ဆေးရပ်လိုက်တဲ့အခါ ပြန်ကြီးထွားလာတတ်ပါတယ်။ ခွဲစိတ်ရန်ပြင်ဆင်မှုပြုချိန်မှာသာ သုံးစွဲဖို့ သင့်လျော်ပါတယ်။
၅) ဘယ်အခါ ခွဲစိတ်ဖို့ သင့်သလဲ?
- သားအိမ်အသားလုံးဟာ ဒုက္ခပေးလာတယ်။ ဆေးဝါးများနဲ့ ထိထိရောက်ရောက် မသက်သာဘူးဖြစ်လာရင် ခွဲစိတ်ကုသနိုင်ပါတယ်။
အရွယ်ရှိသေးတဲ့ အမျိုးသမီးများ၊ သားသမီးရယူရန် ဆန္ဒရှိသူများအနေနှင့် အသားလုံးများကိုသာ ရွေးပြီး ခွဲထုတ်လို့ရနိုင်ပါတယ်။
သားအိမ်တခုလုံး ထုတ်ပစ်ရန် သင့်တော်သူများ၊ စိတ်အားထက်သန်သူများလည်း ရှိနိုင်ပါတယ်။
၆) တခြား ကုသလို့ရမယ့် နည်းလမ်းတွေရော ရှိလား?
- သားအိမ်အသားလုံးကို ပံ့ပိုးပေးသော သွေးကြောအား ပိတ်ပြစ်ခြင်း၊ သားအိမ်အသားလုံးကို အသံလှိုင်းလွန် အပူဓာတ်ဖြင့် ဖျက်ဆီးခြင်း၊ သားအိမ်အသားလုံးကို ရေဒီယိုလှိုင်းသွင်း၍ ဖျက်ဆီးခြင်း နည်းလမ်းများဖြင့်လည်း စမ်းသပ်ကုသနေကြပါတယ်။
- တဦးနဲ့ တဦး ဝေဒနာ မတူနိုင်သလို သင့်လျော်တဲ့ ကုထုံးများလည်း ကွဲပြားနိုင်တာကြောင့် ဆရာဝန်နဲ့ တဦးချင်း အကျေအလည် ဆွေးနွေးဖို့လိုအပ်ပါတယ်။