Dr. OG - သားဖွားမီးယပ်ဆရာဝန်
Dr. OG - သားဖွားမီးယပ်ဆရာဝန် maternity care
မဗိုက်ကလေးကျန်းမာစွာမွေးဖွား
18/05/2023
မဗိုက်ကလေးကျန်းမာစွာမွေးဖွား
ဆရာက သကြန်တွင်း ဦးပဇင်းဝတ်နေလို့ ပြန်လည်​မဖြေကြားဖြစ်ခဲ့တာပါမေးခွန်းတွေ အခုပြန်ဖြေနေပါပီ
18/04/2023
ဆရာက သကြန်တွင်း ဦးပဇင်းဝတ်နေလို့ ပြန်လည်​မဖြေကြားဖြစ်ခဲ့တာပါ
မေးခွန်းတွေ အခုပြန်ဖြေနေပါပီ
06/12/2022
သိထားသင့်တဲ့ ကိုယ်ဝန်ပျက်ခြင်း အကြောင်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီနေ့မှာတော့ ကိုယ်ဝန်ပျက်ခြင်း အကြောင်း သိသင့်သိထိုက်တာများကို မျှဝေသွားမှာ ဖြစ်ပါတယ်။
၁၂ ပတ်အောက် ကိုယ်ဝန်ပျက်ခြင်းက အဖြစ်များတဲ့ အရာ ဖြစ်ပြီး ၂၀ ရာနှုန်းလောက်အထိ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ တော်တော်များများကို ကာကွယ်လို့ မရပါဘူး။ ဒါကို မသိတဲ့သူတွေက မိခင်ကို အပြစ်တင် တတ်ကြပါတယ်။ အဓိက အကြောင်းရင်းက သားဥ နှင့် သုတ်ပိုးတို့၏ မျိုးရိုးဗီဇ တစ်ဝက်စီမှ သန္ဓေသား၏ ဗီဇ တစ်စုံ အဖြစ်ပူးပေါင်းစဉ် အပိုအလို အမှားအယွင်း ရှိ၍ ဖြစ်ပါတယ်။ မိခင်လောင်း အသက်ကြီးလာလေ (၃၅ နှစ်အထက်) ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။
တစ်ခါသားပျက်ဖူးရုံနဲ့ ဒုတိယကိုယ်ဝန်မှာ သားပျက်နိုင်ခြေ တက်မသွားပါဘူး။ သုံးခါ ဆက်တိုက် သားပျက်ဖူးရင်တော့ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာသိဖို့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကာကွယ်လို့ရနိုင်မလားဆိုတာ ရှာဖွေ ဆုံးဖြတ်ရပါမယ်။ OG နဲ့တိုင်ပင်ရပါမယ်။
ကိုယ်ဝန်ပျက်ခြင်း၏ လက္ခဏာများ
------------------------------
* သွေးဆင်းခြင်း
* ဗိုက်နာခြင်း
* ကိုယ်ဝန်ဆောင် လက္ခဏာများ (ရင်သား တင်းခြင်း၊ နာခြင်း စသည်) လျော့နည်းသွားခြင်း
- သွေးဆင်းခြင်းက ကိုယ်ဝန်ဦးပိုင်းမှာ အရမ်းအဖြစ်များပြီး သွေးဆင်းတိုင်း ကိုယ်ဝန်မပျက်ပါ။
- ဗိုက်နာရတဲ့ အကြောင်းရင်းကလည်း များစွာရှိနိုင်လို့ ဗိုက်နာတိုင်း ကိုယ်ဝန်ပျက်ချင်နေတာတော့ မဟုတ်ပါ။
- မူးဝေတာ အော့အန်တာတွေက ကိုယ်ဝန် ၁၂ ပတ်လောက်မှာ ပျောက်သွားတတ်တာလည်း ပုံမှန်ပါ။
ဒါကြောင့် ဒီလက္ခဏာတွေရှိရင် ဆရာဝန်ပြဖို့ စစ်ဆေးဖို့ လိုပါတယ်။
ကိုယ်ဝန်ပျက်မပျက် စစ်ဆေးခြင်း
----------------------------
ကိုယ်ဝန်ဦးပိုင်းမှာ သွေးဆင်းရင် ကိုယ်ဝန်ပျက်နိုင်ခြေ ၅၀% ရှိပါတယ်။ ဆရာဝန်က ultrasound (တီဗွီဓာတ်မှန်) ရိုက်ခိုင်းပါလိမ့်မယ်။ သန္ဓေသားက သားအိမ်ထဲရှိပြီး နှလုံးခုန်နှုန်းလည်းကောင်းရင် ကိုယ်ဝန်ပျက်နိုင်ခြေ ၅% ပဲရှိပါတော့တယ်။
သိပ်စောနေသေးရင် ultrasound မှာ ဘာမှ မတွေ့ရသေးတာ (သို့) နှလုံးခုန်ခြင်းကို မတွေ့ရသေးတာ ဖြစ်နိုင်ပါတယ်။ ၁၀-၁၄ ရက်လောက် စောင့်ပြီး ထပ်ရိုက်ရပါတယ်။ မအဂါင်္တွင်း ultrasound ရိုက်တံထည့်ရိုက်ရင် ပိုစောစော ပိုရှင်းရှင်း မြင်ရနိုင်ခြေရှိပါတယ်။
ကိုယ်ဝန်ဆောင် ဟော်မုန်း (beta HCG level) ကို သွေးစစ်၍ တိုင်းနိုင်ပါတယ်။ ယေဘုယျအားဖြင့် နှစ်ရက်တိုင်း နှစ်ဆလောက် တိုးပါတယ်။ အနည်းဆုံး ၆၆% လောက်တော့ နှစ်ရက်တိုင်း ပုံမှန်တိုးပါတယ်။ သွေးကိုနှစ်ရက်သုံးရက်ခြား တစ်ခါစစ်ပြီး တက်တာ ပုံမှန်လားဆိုတာ စောင့်ကြည့်လို့ရပါတယ်။
Beta HCG တော်တော် မြင့်နေပြီး ultrasound ရိုက်လို့ သားအိမ်ထဲမှာ ဘာမှ မတွေ့ရသေးရင် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်နိုင်၍ OG နဲ့ အမြန်ဆုံးပြရပါမယ်။ Ectopic pregnancy ပေါက်သွားရင် ဗိုက်ထဲ သွေးထွက်လွန်ပြီး အသက်အန္တရာယ် ရှိနိုင်လို့ ဖြစ်ပါတယ်။ မပေါပေမဲ့ မရှားပါ။
Beta HCG အလွန်မြင့်ပြီး ultrasound မှာ အစေ့လေးတွေများများတွေ့ရင် စပျစ်သီးသန္ဓေ (molar pregnancy) ဖြစ်နိုင်လို့ OG နဲ့ အမြန်ဆုံးပြရပါမယ်။ သူ့ကို သားအိမ်ခြစ်ပြီး သေချာမကုရင် နောက်ပိုင်း ဒီပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက ကင်ဆာကဲ့သို့ ပြုမူနိုင်၍ ဖြစ်ပါတယ်။ အလွန်ရှားပါတယ်။
မိခင်သွေးအုပ်စု Rh negative ဖြစ်ရင် anti-D ဆေးထိုးပေးရပါတယ်။ နောက်ကိုယ်ဝန်မှာ သန္ဓေသားရဲ့ သွေးနီဥတွေကို ကာကွယ်ဖို့ပါ။ မြန်မာပြည်မှာတော့ မိခင် ၁% လောက်ပဲ Rh negative ဖြစ်လို့ ဆေးလည်း တွင်တွင်ကျယ်ကျယ် မသုံးပါဘူး။
ကုသခြင်း
--------
တကယ် ကိုယ်ဝန်ပျက်ချင်နေပြီဆိုရင် မပျက်အောင် ဆေးပညာနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ များသောအားဖြင့် အသားစက သူ့အလိုလို ထွက်ကျသွားပါတယ်။ အလိုလို ကျတဲ့အထိ စောင့်ကြည့်လို့ရနိုင်ပါတယ်။
သွေးထွက်လွန်နေရင် (တစ်နာရီ နှစ်နာရီခြား တစ်ခါ လစဉ်သုံးကို လဲနေရရင်)၊ သားအိမ်ထဲ ပိုးဝင်နေရင် (အဖျားတက်၊ ချမ်းတုန်၊ သွေးပုပ်နံ့နံ)၊ မိခင်လောင်းက တောင်းဆိုရင် ကုသမှုပေးရပါတယ်။
- ပိုးဝင်နေရင် ပိုးသတ်ဆေးကို သေချာ အရင် ပေးဖို့လိုပါတယ်။
- လူသိများတဲ့ ကုသနည်းကတော့ သားအိမ်ခြစ်ခြင်းပါ။
- အချို့ကိုတော့ ဆေးပေးပြီး အသားစကို ထွက်အောင် လုပ်ကြည့်နိုင်ပါတယ်။ သွေးထွက်လွန်နိုင်လို့ လူတိုင်းနဲ့ မသင့်လျော်ပါ။
အခြား အကျိုးသက်ရောက်မှု
-------------------------
သွေးထွက်လွန်နိုင်ခြင်း၊ ပိုးဝင်နိုင်ခြင်းစတဲ့ အန္တရာယ်များအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကလည်း ပြင်းထန်နိုင်ပါတယ်။
ကလေးရဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ဘယ်လောက်ကြာကြာ ကြိုးစားခဲ့ရလဲ၊ ဘယ်နှစ်ခါ ကိုယ်ဝန်ပျက်ဖူးလဲ၊ လက်ရှိ ကလေးရှိလား၊ မိခင်လောင်း အသက်၊ မိသားစုဝင်တွေရဲ့ ဖေးမမှုရှိမရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး စိတ်ထိခိုက်မှု အတိုင်းအတာ ကွာခြားနိုင်ပါတယ်။
ဘေးကလူတွေက 'အဖြစ်သည်းမနေပါနဲ့ကွာ' ဆိုတဲ့ ပုံစံမျိုး မပြောဆိုမိအောင် သတိထားရပါမယ်။ ဖခင်လောင်းရဲ့ ခံစားချက်ကိုလည်း လျှော့မတွက်သင့်ပါ။ အတွင်းက ခံစားချက်ကို အပြင်မှာ ဖော်မပြတာ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဖေးမခြင်း
----------------------
မိခင်လောင်း အများစုက 'ငါဘာများ အမှားလုပ်လိုက်မိပါလိမ့်' ဆိုပြီး တွေးတတ်ကြပါတယ်။ အချို့က 'ငါ့ကျမှ ကံမကောင်းလိုက်လေခြင်း' ဆိုပြီး ဝမ်းနည်းတတ်ပါတယ်။ အဖြစ်များလို့ ဖြစ်တတ်လို့ကို ဖြစ်တာပါဆိုတာ နားလည်ဖို့ လိုပါတယ်။
စိတ်ဖြေဖို့ အမှတ်တရလေးတွေ လုပ်လို့ရပါတယ်။
- အလှူဒါန ပြုခြင်း
- အမှတ်တရ ပစ္စည်းများ လုပ်သိမ်းထားခြင်း (ultrasound ပုံ၊ postcard၊ ပန်းခြောက်)
- သစ်ပင်စိုက်ခြင်း
- စာတို ကဗျာတိုများ ရေးသိမ်းထားခြင်း
ကိုယ့်ခံစားချက်တွေကို အိမ်ထောင်ဖက် (သို့) အခြားရင်းနှီးသူ ဆွေမျိုး သူငယ်ချင်းများကို ပြောပြနိုင်ပါတယ်။
နောက်ကိုယ်ဝန်ကြိုးစားခြင်း
------------------------
ကိုယ်ရောစိတ်ပါ အသင့်ဖြစ်တဲ့အထိ စောင့်နိုင်ရင် စောင့်သင့်ပါတယ်။ ရာသီ ပုံမှန် နှစ်ခါသုံးခါ ပြန်လာပြီးမှ စကြိုးစားသင့်ပါတယ်။
နောက် မဖြစ်အောင် ကာကွယ်ခြင်း
------------------------------
ကိုယ်ဝန်တစ်ခါ ပျက်ဖူးလို့ အထူးအထွေ ဆောင်ရန်ရှောင်ရန် မရှိပါဘူး။ ကိုယ်ဝန်မပျက်ဖူးတဲ့ ကိုယ်ဝန်ဆောင်တွေလိုပဲ ကျန်းမာအောင် နေထိုင်စားသောက်ရင် ရပါပြီ။ Folic acid ပါ ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်ရဖို့ စမကြိုးစားခင် အနည်းဆုံး တစ်လအလိုက စသောက်နေပါ။
ကိုယ်ဝန် ၃ ခါဆက်တိုက် ပျက်ဖူးရင်
-------------------------------
စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ မြန်မာပြည်မှာ အတော်များများ လုပ်နိုင်မယ် ထင်ပါတယ်။
- မိခင်လောင်းမှာ ကျန်းမာရေး ပြဿနာများ ရှိမရှိ (SLE, သိုင်းရွိုက်၊ အခြားဟော်မုန်း ရောဂါများ၊ ဆီးချို၊ သွေးခဲလွယ်ရောဂါ စသည်)
- သားအိမ်ပုံစံ မှန်မမှန်
- ကိုယ်ဝန်ကို ထိခိုက်နိုင်တဲ့ ရောဂါပိုးများ ရှိမရှိ
- မိခင်လောင်းနှင့် ဖခင်လောင်းမှာ ဗီဇ ပြဿနာများ (chromosomal rearrangement) ရှိမရှိ (ယိုးဒယားနိုင်ငံကို သွေးပို့စစ်ဆေးဖို့လိုရင် ပို့စစ်နိုင်မယ် ထင်ပါတယ်) စစ်ဆေးဖို့ လိုနိုင်ပါတယ်။
အချို့သွေးခဲလွယ်ရောဂါ တွေမှာ သွေးကျဲဆေး Aspirin and Heparin တွေ OG က သုံးကြည့်နိုင်ပါတယ်။
Progesterone ဟော်မုန်းဆေးက (သန္ဓေခိုင်ဆေးလို့ခေါ်မယ်ထင်ပါတယ်) တကယ်ကောင်းလား မကောင်းလားသိဖို့ သုတေသနတွေ လုပ်နေပါပြီ။ အချို့ OG တွေကတော့ သုံးကြည့်နေပါတယ်။ ဖန်ပြွန်သန္ဓေသားအတွက်တော့ သုံးကိုသုံးရလေ့ ရှိပါတယ်။
ကိုယ်ဝန်ကာလ အလယ်ပိုင်း ကိုယ်ဝန်ပျက်ခြင်း
----------------------------------------
၁၂ ပတ်မှ ၂၀ ပတ် အတွင်း ကိုယ်ဝန်ပျက်ရင် သားအိမ်ခေါင်း မခိုင်ဘဲ ပွင့်ပွင့်လာလို့ (cervical incompetence) ဖြစ်တာ ဖြစ်နိုင်ပါတယ်။ ၁၆ ပတ်မှ ၂၄ ပတ် အတွင်း သားအိမ်ခေါင်းအရှည်ကို ultrasound ရိုက်တံ မအဂါင်္ထဲထည့် တိုင်းကြည့်လို့ တိုနေရင် သားအိမ်ခေါင်းကို ချုပ်ရိုးနဲ့ချုပ်ပြီး (cervical cerclage) ချည်တုပ် ပိတ်ထားပေးလို့ရပါတယ်။ လုပ်နိုင်တဲ့ OG ရှာရပါမယ်။
၁၂ ပတ်အောက် ကိုယ်ဝန်ပျက်တာနဲ့ မတူတာက ဒါမျိုးတစ်ခါဖြစ်ဖူးရင် ထပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုအရေးကြီးပါတယ်။
ဒီလောက်ဆို ကိုယ်ဝန်ပျက်ခြင်း အကြောင်း ကောင်းကောင်း နားလည် သဘောပေါက်ပြီလို့ ထင်ပါတယ်။
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ချစ်စရာ သားသားမီးမီးလေးများကို အချိန်တိုအတွင်း ရရှိနိုင်ကြပါစေ။
photo credit to google image
reference to guidelines from Royal Australian and Newzealand College of Obstetricians and Gynaecologists
10/11/2022
(က) ကိုယ်ဝန်ဆောင်၏ပြောင်းလဲမှုများ
******************************
ပထမ ၁၃ ပတ်
************
-ပင်ပန်းလွယ်၊ နုံးလွယ်ခြင်း
-၂ ပေါင် ၃ ပေါင်တက်ခြင်း
-ရင်တုန်ခြင်း
-အသက်ရှူနှုန်း အနည်းငယ်ပိုမြန်ခြင်း
-ရင်သားကြီးပြီး ထိရင်ပိုနာခြင်း
-အန်ချင်ပြီး အစားပျက်ခြင်း
-သားအိမ်က ဆီးအိတ်ကို ဖိမိ၍ ဆီး အကြိမ်ရည် ပိုသွားခြင်း
-ဝမ်းချုပ်ခြင်း
-ပျော်လွယ်၊ ဝမ်းနည်းလွယ်ခြင်း
ဒုတိယ ၁၃ ပတ်
*************
-ညောင်းတာ နုံးတာသက်သာမည်။
-၉-၁၀ ပေါင်ထိ တက်နိုင်သည်။
-ကလေးအတွက် စိတ်ပူပြီး အာရုံစူးစိုက်မှု အားနည်းသည်။
-ဆံပင်ထူကောင်းထူလာမည်။
-ချို ချဉ် စပ် နှင့် အဆီများသော အစာများကို ချဉ်ခြင်းတက်နိုင်သည်။
-အချို့အစာများကို အရသာမတွေ့ခြင်း အနံ့မခံနိုင်ခြင်းများဖြစ်နိုင်သည်။
တတိယ ၁၃ ပတ်
**************
-ပင်ပန်းခြင်း, နုံးခြင်း
-မီးဖွားဖို့ အတွက် စိတ်ပူပန်ခြင်း
-၁၁ ပေါင်လောက်ထိတက်နိုင်ခြင်း
-ခါးနာခြင်း
-လဲလျောင်းရာတွင် သက်တောင့်သက်သာ မရှိ၍ အိပ်မပျော်ခြင်း
-သားအိမ်က အပေါ်ကို ကြီးလာပြီး အဆုတ်ကို ဖိ၍ အသက်ရှူရခက်ခဲခြင်း
-ဝမ်းပိုချုပ်လာခြင်း
(ခ) ဆောင်ရန် ရှောင်ရန်
*******************
(၁) အစား
၂ ယောက်စာ အာဟာရပြည့်အောင်စားဖို့ အလွန်အရေးကြီးသည်။ စားသမျှတွင် ကျက်အောင်ချက်စားခြင်းနှင့် သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးပါ။ အာဟာရပြည့်အောင်စားမှ ကျဉ်ခြင်း ထုံခြင်း ဝေဒနာများကင်းဝေးပြီး ကျန်းမာသော ကလေး မွေးနိုင်မည်။ ပင်ပန်းနွမ်းနယ်ခြင်း သက်သာမည်။ အားဆေးသောက်လျှင် ဖောလစ်, သံဓာတ်, အိုင်အိုဒင်း, ဗိုက်တာမင် ဘီ 1, ဗိုက်တာမင်ဒီတို့ပါသော အားဆေး သောက်ပါ။
(၂) အသောက်
နေ့စဉ် ရေအနည်းဆုံး စုစုပေါင်း ၂ လီတာ သောက်ပါ။ ကော်ဖီလွန်ကဲစွာ သောက်ခြင်းကို ရှောင်ပါ။ ဝမ်းချုပ်ခြင်းသက်သာမည်။ ကေဖင်းပါသော အချိုရည်များရှောင်ရှားပါ။ မိခင်နှင့် ကလေးကျန်းမာရေး နှစ်မျိုးလုံးအတွက် ကောင်းသည်။
(၃) အအိပ်
အိပ်ရေးဝအောင်အိပ်ပါ။ မွေ့ရာနှင့်အိပ်လျှင် တင်းမာသော မွေ့ရာက ခါးနာခြင်းအတွက် ပိုသင့်လျော်ပါသည်။ အိပ်လျှင် ဗယ်ဘက် တစောင်းအိပ်ပါ။ ခြေထောက် ဖောခြင်း သက်သာမည်။ ပက်လက်အိပ်လျှင် ကြီးထွားနေသော သားအိမ်က သွေးပြန်ကြောမကြီးကို ဖိမိနိုင်၍ ခြေထောက်ပိုဖောနိုင်သည်။
(၄) ကိုယ်နှင့် စိတ်လေ့ကျင့်ခန်း
လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း ရေကူးခြင်းများကို ကိုယ်ဝန် ၆-၇ လအထိ လုပ်နိုင်လျှင် လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများတွင် လမ်းလျှောက်ခြင်းက ကိုယ်ဝန်ဆောင် အတွက် အကောင်းဆုံးဖြစ်သည်။ ခါးနာ သက်သာပါမည်။
တရားထိုင်ခြင်း၊ Yoga ဆော့ခြင်း၊ သီချင်းနားထောင်ခြင်းက အာရုံစူးစိုက်မှု အားကောင်းစေပြီး စိုးရိမ်မှု စိတ်ဖိစီးမှု နည်းကာ စိတ်အေးချမ်းစေသည်။
*အလေးမခြင်း ရှောင်ရှားပါ။
(၅) မတ်တပ်ရပ်ခြင်း
ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ အလုပ်တွင်၊ ဘတ်စ်ကားထဲတွင် ကြာရှည်စွာ မတ်တပ်ရပ်ခြင်း ရှောင်ရှားပါ။ ခါးနာခြင်းနှင့် ခြေထောက်ဖောခြင်း သက်သာမည်။ ခြေထောက်ဖောလျှင် တစ်နေ့ကို အနည်းဆုံး နာရီဝက်မှ တစ်နာရီကြာအောင် ခြေထောက်ကို ခုံပေါ် မြှောက်တင်၍ ထိုင်ပါ။
(ဘတ်စ်ကားစီးသူများ ကိုယ်ဝန်ဆောင်ကို နေရာပေးပါ)
(၆) ရေချိုးခြင်း
မနက်, ည အဆင်ပြေသလို ရေပုံမှန်ချိုးပါ။ ညနေ ရေချိုးခြင်းကြောင့် ကိုယ်ဝန်ထိခိုက်နိုင်သည်ဟု ဆိုကြသည်က မမှန်ပါ။
(၇) ခရီးထွက်ခြင်း
ကိုယ်ဝန် ၃၂ ပတ်ကျော်လျှင် ခရီးရှည်/ခရီးကြမ်း/ ခရီးဝေးမသွားတာ စိတ်ချရသည်။ လေယာဉ်ပျံနှင့် ကားအကြာကြီး စီးလျှင် ခြေထောက် သွေးခဲတတ်သည်။ အရင်က လမစေ့ဘဲမွေးဖူးလျှင်၊ သွေးပေါင်တက်ဖူးလျှင်၊ သွေးဆင်းဖူးလျှင်၊ ခက်ခဲစွာ မီးဖွားခဲ့ရလျှင် လက်ရှိကိုယ်ဝန်မှာ အရေးပေါ်မီးဖွားဖို့လိုလျှင် အခက်အခဲရှိနိုင်၍ ခရီးရှည်မသွားတာ ကောင်းသည်။ ၃၄ ပတ်ကျော်လျှင် လေကြောင်းလိုင်းအများစုက ဗိုက်ကြီးသည်မတင်ပါ။
(၈) ဆေးသောက်ခြင်း
မလိုအပ်ဘဲ ဆေးမသောက်ပါနှင့်။ ဖျားလျှင် ခေါင်းကိုက်လျှင် ဗိုက်အောင့်လျှင် ဝမ်းလျှောလျှင် သွေးဆင်းလျှင် နေမကောင်းဘူးထင်လျှင် ဆရာဝန်ပြပါ။ သွားကိုက်လျှင် သွားဆရာဝန်ဆီ အမြန်သွားသင့်ပါသည်။ ကိုယ့်ဘာသာဆေးမသောက်ပါနှင့်။ ဆေးသောက်ဖို့ ဆရာဝန်၏ အကြံပြုခံရတိုင်း ကိုယ်ဝန်ရှိစဉ် သောက်လို့ရလား သတိပေးပါ။ ဆေးလိပ်နှင့် အရက်ရှောင်ရှားပါ။ ဆေးလိပ်သောက်သူနှင့် ဝေးဝေးနေပါ။
(၉) အမျိုးသားနှင့် အတူနေခြင်း
ပြဿနာမရှိသော ကိုယ်ဝန်တွင် အမျိုးသားနှင့် အတူနေခြင်းကို ဆေးပညာအရ တားမြစ်ထားခြင်းမရှိပါ။ ကိုယ်ဝန်တွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိလျှင် မိမိပြနေသော ဆရာဝန်ကို သီးသန့်မေးပါ။
(၁၀) အိမ်မွေးတိရစ္ဆာန်
ခွေး ကြောင် စသော အိမ်မွေး တိရစ္ဆာန်များနှင့် လက်ပွန်းတတီး မနေပါနှင့်။ ကြောင်၏ မစင်မှ ရောဂါပိုးအချို့က လက်မှတဆင့် ပါးစပ်ထဲရောက်လျှင် ကိုယ်ဝန်ပျက်ကျခြင်း, ကလေး ကိုယ်အဂါင်္ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
(စာမူကိုကူးယူခြင်းထက် Share ကိုနှိပ်၍ မျှဝေခြင်းက Child Health Myanmar Page ကို အားပေးကူညီရာရောက်ပါသည်။ ကျေးဇူးတင်ပါသည်)
#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Googles
19/09/2022
ဆရာ့ရဲ့အမျိုးသမီးပါ ကိုယ်ဝန်ယူဖို့ပြင်ဆင်ပြီးတော့ ၈ လပိုင်းမှာ တားဆေးဖြတ်လိုက်တယ်အခု ၉ လပိုင်းမှာကိုယ်ဝန်ရသွားတာလေးကို ဝမ်းသာတဲ့အနေနဲ့ အမှတ်တရ ရိုက်တင်လိုက်တာပါ
https://m.facebook.com/story.php?story_fbid=1512677242124038&id=1147173735341059
04/08/2022
https://m.facebook.com/story.php?story_fbid=1512677242124038&id=1147173735341059
🤰🏻ကိုယ်ဝန်ဆောင် ဘာအားဆေးများ သောက်ဖို့လိုမလဲ🤰🏻
🔷 ဖောလစ်အက်ဆစ် Folic Acid🔷
ကိုယ်ဝန်ဆောင်တိုင်းအတွက် မရှိမဖြစ်သောက်သင့်သော အားဆေးတစ်မျိုးကို ပြောရလျှင် ဖောလစ်အက်ဆစ်ဖြစ်သည်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ ဖြိုးမှုအတွက် မရှိမဖြစ်လိုသည်။
ကိုယ်ဝန်မရှိခင် ၂ လမှစသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစ်ရက်လျှင် ၀.၅ မီလီဂရမ် သောက်သင့်ပါသည်။
အောက်ပါအမျိုးသမီးများက တစ်ရက်လျှင် ၅ မီလီဂရမ် သောက်သင့်သည်။
📍ကိုယ်ဝန်မရှိခင် ဆီးချိုရှိပြီးသူများ
📍အတက်ရောဂါဆေးသောက်နေသူများ
📍အဝလွန်သူများ
📍အမွှာကိုယ်ဝန်ဆောင်များ
📍မွေးရာပါ အာရုံကြောမကြီးတွင် ချို့ယွင်းချက်ရှိသော ကလေးကို မွေးဖူးသူများ
📍မွေးရာပါ နှလုံးရောဂါရှိသော ကလေးကို မွေးဖူးသူများ
🔷သံဓာတ် (Iron, Fe)🔷
ကိုယ်ဝန်သည်တိုင်းသောက်ရန်မလိုပါ။
📍မကြိုက်၍ ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ နေ့စဉ် အသားမစားဖြစ်သောသူများ၊
📍အစိမ်းရင့်ရောင် ဟင်းရွက်နှင့်အမဲသား၊ ဆိတ်သား လုံးဝမစားသောသူများ၊
📍သွေးအားနည်းရောဂါ( Anaemia) ရှိသူများ သောက်သင့်သည်။ ကိုယ်ဝန်ရှိစနှင့် ကိုယ်ဝန် ၂၈ ပတ်ဝန်းကျင်တွင် သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးသင့်သည်။ မိခင်အတွက်သာမက သန္ဓေသား၏ ဦးနှောက်နှင့် ကိုယ်ခန္ဓာ ဖြစ်ထွန်းဖို့ အရေးကြီးသည်။
သွေးအားနည်းသူများ တစ်ရက်လျှင် အနည်းဆုံး iron ၆၀ မီလီဂရမ် သောက်သင့်ပါသည်။
🔷အိုင်အိုဒင်း Iodine 🔷
ကလေး၏ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးသော ဗိုက်တာမင်နောက်တစ်မျိုးဖြစ်သည်။ သောက်သင့်သော ကိုယ်ဝန်ဆောင်များမှာ
📍တစ်ပတ် ၃ ကြိမ် ငါးမစားချင်သောသူများ၊
📍ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားမသုံးစွဲသောသူများ
📍တောင်ပေါ်ဒေသနှင့် မြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများဖြစ်သည်။
တစ်ရက်လျှင် Iodine ၁၅၀ မိုင်ကရို ဂရမ် သောက်သင့်ပါသည်။
🔷ဗိုက်တာမင်ဒီ Vit D🔷
မနက်ခင်း နေရောင်ခြည်နှင့် ၁၅-၃၀ မိနစ် ထိတွေ့ရုံဖြင့် သဘာဝဗိုက်တာမင်ဒီကို အရေပြားတွင် အဓိကရရှိသည်။ ကြက်ဥနှစ်၊ အဆီပါသောငါးနှင့် နွားနို့မှလည်း အနည်းငယ်ရသည်။
📍နေရောင်နှင့် လုံးဝထိတွေ့မှုမရှိသောသူများ၊
📍မွေးရာပါ အသားရောင် အလွန်နက်မှောင်သူများ
📍အဝလွန်သူများတွင် ဗိုက်တာမင်ဒီ ချို့တဲ့ကောင်းချို့တဲ့မည်။ သွေးဖောက်စစ်၍ ဗိုက်တာမင်ဒီနည်းလျှင် ဆရာဝန်က သောက်ရမည့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။
🔷ကိုယ်ဝန်ဆောင် စုပေါင်းအားဆေး Multivitamin 🔷
ကိုယ်ဝန်ဆောင်အတွက် သီးသန့် ထုတ်ထားသော အားဆေးများတွင် ဗိုက်တာမင်မျိုးစုံပေါင်းစပ်ထားပြီးလိုအပ်သော ပမာဏသာပါရှိ၍ အညွှန်းအတိုင်းသောက်လျှင် စိတ်ချရသည်။ အာဟာရစုံအောင်စားပြီး ကျန်းမာသန်စွမ်းသော မိခင်တစ်ယောက်အတွက်တော့ မလိုအပ်ပါ။
📍ကိုယ်ဝန်ဟော်မုန်းကြောင့် ပျို့အန်ချင်စိတ်ပြင်းထန်၍ အစားမဝင်သူများ
📍အစာဂျီးများသူများ
📍 ရှေးရိုးစွဲများကို ယုံကြည်၍ အစားရှောင်လွန်းသော ကိုယ်ဝန်ဆောင်များတွင် ဗိုက်တာမင်မချို့တဲ့စေရန် သောက်ပါ။
🔷အန္တရာယ်ရှိနိုင်သော အားဆေး🔷
ဗိုက်တာမင်အေ၊ ဒီ၊ အီး၊ ကေ (A D E K) စသည်တို့က သင့်လျော်သော ပမာဏတစ်ခုထက် ပိုသောက်မိလျှင် အထူးသဖြင့် ဗိုက်တာမင်အေကို လိုတာထက် ပိုသောက်လျှင် မိခင်ရော ဗိုက်ထဲကကလေးပါ အန္တရာယ်ရှိပါသည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်မညွှန်ဘဲ ထိုဗိုက်တာမင်များကို ကိုယ်ဝန်တွင် သီးသန့်မသောက်ပါနှင့်။
နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google
Reference: RACGP & The Royal Women's Hospital, Victoria, Australia
08/07/2022
ရေပေါင်လျှင် ရေမွန်းတတ်လား
💧💧💧💧💧💧💧💧💧
ရေပေါင်ခြင်းကို လူတိုင်းကြားဖူးချင်မှ ကြားဖူးပါမယ်။ Child Health Myanmar page ရဲ့ စာဖတ်သူတစ်ဦး ပြောမှ ဒီအခေါ်အဝေါ်ကို ကျွန်တော်လည်း ကြားဖူးသွားပါတယ်။
ရေပေါင်ခြင်းဆိုတာ ကလေးမမွေးခင် (သို့) မွေးဖို့ ဗိုက်စမနာသေးခင် ရေမြွှာ ပေါက်သွားခြင်းကို ခေါ်ခြင်း ဖြစ်ပါတယ်။ အများအားဖြင့် ဗိုက်နာနေတုန်းမှသာ ရေမြွှာပေါက်ပါတယ်။
ဖြစ်စဉ်တစ်ခုက ရေပေါင်တယ်၊ နောက် ဗိုက်စနာလာပြီး မွေးတော့ ကလေးက ရေမွန်းနေတာကြာပြီမို့ မိနစ်ပိုင်းအတွင်း ဆုံးသွားပါတယ်တဲ့။ ရေမွန်းတယ်ဆိုတာကို ဆရာဝန်က ဘယ်လိုရှင်းပြလိုက်တယ်၊ မိခင်က ဘယ်လို နားလည်လိုက်တယ်တော့ မပြောတတ်ပါ။
ကလေးက ကိုးလလုံးလုံး ရေမြွှာထဲမှာ နေ နေတာပါ။ ရေမမွန်းပါဘူး။ ရေထွက်သွားလို့ ရေမရှိမှတော့ ဗိုက်ထဲ ရေမွန်းစရာ အကြောင်းလည်းမရှိပါ။ ကလေးဆုံးရတဲ့ အခြားအကြောင်းရင်း ရှိပါလိမ့်မယ်။ ဒီလို ထပ်မဖြစ်အောင် ကာကွယ်လို့ ရချင်မှ ရပါမယ်။ ဒါပေမယ့် ရချင်လည်း ရနိုင်လို့ သိသင့်သိထိုက်၊ လုပ်သင့်လုပ်ထိုက်တာများကို ကာကွယ်နိုင်ရန်အလို့ငှာ အပြုသဘောဖြင့် ရေးပါ့မယ်။ ဆရာဝန် (သို့) မိခင်ကို ပြစ်တင် ရှုတ်ချဖို့ မရည်ရွယ်ပါ။
ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြှင့်တင်ဖို့ ပြန်လည်သုံးသပ်တဲ့ အဖွဲ့တွေ၊ အစည်းအဝေးတွေ လိုပါတယ်။ Clinical governance commitees and meetings လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာ ဒီအပိုင်း အားနည်းသေးတယ်လို့ မြင်ပါတယ်။ ဘာကြောင့် ကလေး ဆုံးသွားရတယ်ဆိုတာ တွေ့ရှိလျှင် မိခင်က သိလိုလျှင် သိခွင့်ရှိရပါမယ်။ ဒီလို သေချာ ရှင်းပြတာကို debrief လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါလည်း အားနည်းပါတယ်။ ဒီအပိုင်းတွေ အားကောင်းလာအောင် ဆရာဝန်တွေ ဆေးရုံတွေဘက်က စတင် ကြိုးစားအားထုတ် ရပါမယ်။
သိကောင်းစရာများ
^^^^^^^^^^^^^^^^
💧ဘယ်လောက် အဖြစ်များလဲ
- ဗိုက်စမနာခင် ရေမြွှာပေါက်ခြင်း (PROM) - ၁၀%
- ၃၇ ပတ်မတိုင်ခင် ဗိုက်စမနာခင် ရေမြွှာပေါက်ခြင်း (PPROM) - ၃%
💧ဘယ်လိုလူတွေမှာ ပိုဖြစ်လဲ
- ယခင် ကိုယ်ဝန်တွင် ရေမြွှာ ကြိုပေါက်ဖူးလျှင်
- ဆေးလိပ်သောက်ခြင်း
- မ အင်္ဂါ တွင်း ပိုးပေါက်များခြင်း
- ကာလသားရောဂါ ရှိခြင်း
- ရေမြွှာ ပို ခြင်း၊ အမြွှာ ကိုယ်ဝန်
- သွေးဆင်းခြင်း စသည်
💧ရေမြွှာ ပေါက်မှန်း ဘယ်လို သိမလဲ
- များသောအားဖြင့် အရည် အများအပြား ဆင်းပါတယ်။ စီးကျပါတယ်။ လစဉ်သုံးထူထူကိုလည်း စိုရွှဲ စေပါတယ်။
- မသေချာရင် နာရီဝက်ခန့် လှဲနေပြီး ဆရာဝန်က ဘဲပါးစပ်ပုံ ကိရိယာကို မ ကိုယ်ထဲ ထည့်ကြည့်ပြီး ရေမြွှာရည် တွေ့ရင် ပေါက်မှန်း သိပါပြီ။ Amnicator လို့ ခေါ်တဲ့ နားကျပ်တံလို အတံရှိရင်၊ အဲဒီအတံနဲ့ အရည်ကို ထိကြည့်လို့ အဝါက အမည်း ပြောင်းရင် ရေမြွှာရည်ပါ။
- Ultrasound ရိုက်ကြည့်လို့ ရေမြွှာရည် အရမ်းနည်းနေရင်လည်း ပေါက်သွားပြီလို့ ပြောနိုင်ပါတယ်။
💧ဆိုးကျိုး ဘာရှိလဲ
- အဓိက အန္တရာယ်ကတော့ ရေမြွှာနဲ့ အချင်းကို ပိုးဝင်ပြီး (Chorioamnionitis) ကလေးရဲ့ သွေးထဲ အလွယ်တကူ အလျင်အမြန် ရောက်သွားခြင်းပါ။ ကလေးအတွက် အလွန် အန္တရာယ် ကြီးပါတယ်။ ပေါက်တာ ကြာလေ ပိုး ဝင်နိုင်ခြေ များလေပါ။
- သားအိမ်မှတစ်ဆင့် မိခင်ရဲ့ သွေးထဲပါ ပိုးပြန့်နိုင်လို့ အချိန်မီ ကုသမှုတွေ လိုပါတယ်။
- ကလေးခေါင်း သေချာမစိုက်သေးခင် ပေါက်ရင် ချက်ကြိုး အရင် ထွက်ကျလာနိုင်လို့ (cord prolapse) ကလေး အသက် အန္တရာယ် အလွန်ကြီးနိုင်ပါတယ်။
💧ရေမြွှာ ကြိုပေါက်သွားလျှင် ဘာလုပ်ရလဲ။
- ဆေးရုံသွားပါ။ တောရွာမှာ အိမ်မှာ မွေးမယ်ဆိုရင် သားဖွားဆရာမကို ခေါ်ပြပါ။
- များသောအားဖြင့် ၂၄ နာရီ အတွင်း ဗိုက်စနာလာပြီး မွေးဖွားပါတယ်။
💧ရေမြွှာပေါက်ပြီး ဗိုက်မနာသေးရင် ဆရာဝန်တွေက ဘာလုပ်ပေးမှာလဲ
- ကိုယ်ဝန် စောစောအပ်၊ မှန်မှန်ပြထား၊ မိခင်ရော သန္ဓေသားမှာပါ ဘာ ပြဿနာမှ မရှိခဲ့ဖူးဘူး ဆိုရင် (low risk) ၃၆ ပတ် ကျော်ပြီလား ကြည့်ပါတယ်။
- ၃၆ ပတ် မ ကျော်သေးရင် ပိုးသတ်ဆေး Erythromycin ကို ဆယ်ရက် ပေးထားနိုင်ပါတယ်။ ကလေး အဆုတ် ရင့်ကျက်အောင် မိခင်ကို စတီးရွိုက် ထိုးပေးနိုင်ပါတယ်။
- ၃၆ ပတ်ကျော် တာနဲ့ ရေမြွှာပေါက်ပြီး ၂၄ နာရီ ကျော်လို့ ဗိုက်စမနာသေးရင် ဗိုက်စနာအောင် (သားအိမ်ညှစ်အောင်) Syntocinon ဟော်မုန်း အကြောထဲ အစက်ချ သွင်းပေး သင့်ပါတယ်။ ပေါက်တာ ကြာနေပြီမို့ ပိုးဝင်ခြင်းကို ကာကွယ်ဖို့ ပိုးသတ် အကြောဆေး Penicillin ကိုလည်း ပေးရပါမယ်။
- Australia မှာ ကိုယ်ဝန် ၃၆ ပတ် ရောက်ရင် မ ကိုယ်ထဲမှာ GBS ဆိုတဲ့ပိုး ရှိမရှိ၊ ပိုးမွေး စစ်ဆေးပါတယ်။ ရှိရင် မွေးနေချိန် ပိုးသတ် အကြောဆေး ပေးပါတယ်။ ရေမြွှာ ကြိုပေါက်ရင်၊ ၆ နာရီ အတွင်း ဗိုက်မနာသေးရင် ဆေးသွင်း မွေးပေးပါတယ်။ ၂၄ နာရီ မစောင့်ပါ။ ဒီလို ပိုးမွေးတာမျိုး မြန်မာပြည် နေရာအများစုမှာ မလုပ်သေးဘူး ထင်ပါတယ်။
💧ပိုးဝင် နေကြောင်း ဘယ်လိုသိနိုင်မလဲ
- အဖျား
- နှလုံးခုန်နှုန်းမြန်
- မအီမသာ
- ဗိုက် တောက်လျှောက်နာ (ညှစ်လို့ နာတာနဲ့ မတူ)
- ပုပ်နံ့ရ အရည်ဆင်း
- အစိမ်းရောင် စွန်း အရည်ဆင်း (meconium stained liquor) - ကလေး အောက်စီဂျင် ကောင်းကောင်း မရကြောင်း ပြနေခြင်း
💧ပိုး ဝင်သွားရင် ဘာလုပ်ရမလဲ
- အမြန်ဆုံး မွေးနိုင်အောင် ကြိုးစားရပါမယ် - ဆေးသွင်းမွေးခြင်း (သို့) ခွဲမွေးခြင်းဖြင့်
- မိခင်ကို သုံးမျိုးစပ် ပိုးသတ် အကြောဆေး ပေးရပါတယ်။
- မွေးကင်းစကိုလည်း ပိုးသတ် အကြောဆေး ပေးရပါမယ်။ အနီးကပ် စောင့်ကြပ်မှုတွေ လိုပါတယ်။
💧ဆေးသွင်းမွေးခြင်းမှာ ဆိုးကျိုး ရှိနိုင်လား
- ဆေး အပေးလွန်လို့ သားအိမ် အရမ်းညှစ်ရင် ကလေးလည်း ကြာကြာ မခံနိုင်ပါဘူး။ သားအိမ်ညှစ်တုန်း ကလေးမှာ အောက်စီဂျင် မရလို့ပါ။
- အတိအကျ ပေးဖို့နဲ့ သားအိမ်ညှစ်ပုံ၊ ကလေး နှလုံးခုန်ပုံတွေကို စောင့်ကြပ်ကြည့်ရှုဖို့ အရေးကြီးပါတယ်။
💧ပိုးဝင်နေနိုင်တဲ့ မွေးကင်းစကို ဘယ်လို စောင့်ရှောက်မလဲ
- ကလေး မွေးမွေးချင်း အသက် ကောင်းကောင်း မရှူရင် အသက် ကူရှူပေးရပါမယ်။ Neonatal resuscitation လို့ခေါ်ပါတယ်။ ဒါကို သားဖွားဆရာမတွေ၊ ဆရာဝန်တွေ အမြဲ လေ့ကျင့်နေဖို့ လိုပါတယ်။
- ပိုးသတ်ဆေး ပေးရပါမယ်။ အထူးကြပ်မတ်ဆောင် တင်ဖို့ လိုနိုင်ပါတယ်။
🎯 အရေးပါမှု
💡ငါးနှစ်အောက် ကလေးသေနှုန်း၏ တစ်ဝက်ခန့်က မွေးကင်းစ ပထမတစ်လမှာ သေဆုံးမှုပါ။ ကျန်တဲ့ တစ်ဝက်က တစ်လသားမှ ၆၀ လ (၅နှစ်) သား ကြားမှာ သေဆုံးမှုပါ။
💡ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ မွေးကင်းစ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ပေးရင် ငါးနှစ်အောက် ကလေး သေနှုန်း သိသိသာသာ ကျဆင်းလာပါလိမ့်မယ်။
🏆 အချုပ်
✅ ကိုယ်ဝန် စောစောအပ်၊ မှန်မှန်ပြ၊ ဆရာဝန် သားဖွားဆရာမများ၏ အကြံပြုချက်များကို သေချာလိုက်နာပါ။ (Antenatal care)
✅ ရေမြွှာ ကြိုပေါက်ရင် အချိန် အကန့်အသတ်မရှိ စောင့်လို့ မရပါ။ ဆေးသွင်း မွေးပေးဖို့ လိုတတ်ပါတယ်။
✅ သားအိမ်ညှစ်စဉ် သားဖွားဆရာမမှ စောင့်ကြပ်ကြည့်ရှုခြင်း (Intrapartum care) ကောင်းကောင်း လိုပါတယ်။
✅ မွေးကင်းစကို အသက်ကယ်နည်းတွေ ကျွမ်းကျင်စွာ ပြုလုပ်နိုင်အောင် ဆရာဝန်တွေ၊ သားဖွားဆရာမတွေ အမြဲ လေ့ကျင့်နေရပါမယ်။ (Neonatal care)
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
Antenatal care, Intrapartum care, Neonatal care များ တိုးတက်လာပြီး မွေးကင်းစ သေဆုံးနှုန်း ကျဆင်းလာအောင် ကြိုးစားနိုင်ကြပါစေ။
Photo credit to google image
Reference to guidelines from Royal Australian and Newzealand College of Obstetricians and Gynaecologists
ကျော်စန်းလွင်(Child Health Myanmar)
https://www.childhealthmyanmar.com
💧💧💧💧💧💧💧💧💧
သိကောင်းစရာများ
^^^^^^^^^^^^^^^^
💧ဘယ်လောက် အဖြစ်များလဲ
- ဆေးလိပ်သောက်ခြင်း
- ကာလသားရောဂါ ရှိခြင်း
- သွေးဆင်းခြင်း စသည်
💧ဆိုးကျိုး ဘာရှိလဲ
- အဖျား
- မအီမသာ
- ပုပ်နံ့ရ အရည်ဆင်း
🎯 အရေးပါမှု
🏆 အချုပ်
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
08/06/2022
ဗိုက်ထဲက ကလေးလှုပ်ခြင်း
"""""""""""""""""""""""""
ဗိုက်ထဲက ကလေးစလှုပ်လျှင် မိခင်တို့ စိတ်လှုပ်ရှားပျော်ရွှင်ကြသည်။ မလှုပ်လျှင် စိုးရိမ်ကြသည်။
ကိုယ်ဝန်သက် ၁၈ ပတ်မှ ၂၅ ပတ်အတွင်း ကလေးလှုပ်ခြင်းကို စခံစားရသည်။ ပထမဆုံးကိုယ်ဝန်တွင် ၂၅ ပတ်နီးမှ ကလေးလှုပ်တာ သတိထားမိနိုင်သည်။ ဒုတိယ၊ တတိယအကြိမ်ကိုယ်ဝန်ဖြစ်လျှင် အတွေ့အကြုံရှိသော မေမေက ၁၈ ပတ်ဝန်းကျင်တွင် ကလေးလှုပ်တာ စသိသည်။
မိခင်အများစုက ကလေးအိပ်ချိန်နှင့် နိုးချိန်ပါ ကောင်းကောင်းခွဲခြားနိုင်သည်။
ဗိုက်ထဲက ကလေးလှုပ်ခြင်း အရေးပါပုံ
""""""""""""""""""""""""""""""""""""
၂၈ ပတ် ကျော်လျှင် ကလေးလှုပ်ခြင်းကို အကြိမ်ရေမှတ်ခြင်းက ရိုးရှင်း၍ အသုံးဝင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတိုး၊ ဆီးချို၊ အချင်းပုံမမှန်ခြင်း စသည့်ပြဿနာရှိသူများအတွက် ကလေး လှုပ်ရှားမှု လျော့နည်းလွန်းခြင်းက ကလေး နေမကောင်းကြောင်းပြသည့် အစောဆုံး လက္ခဏာ ဖြစ်နိုင်သည်။ သို့သော် ပုံမှန်ကျန်းမာနေသော မိခင်များ ကလေးလှုပ်ခြင်း အကြိမ်ရည် မှတ်ခြင်းဖြင့် စိုးရိမ်မှု မလွန်ကဲစေလိုပါ။
ကလေးလှုပ်ခြင်း သိသာစွာ လျော့နည်းသွားပါက ဗိုက်အပ်ထားသောOG နှင့် နောက်တစ်ရက်ထိ မစောင့်ဘဲ ဆက်သွယ်သင့်သည်။ OG က စိုးရိမ်လျှင် ကလေးတွင် ပြဿနာရှိမရှိ ချက်ချင်း စစ်ဆေးလိမ့်မည်။
ဗိုက်ထဲက ကလေးလှုပ်ခြင်း မှတ်သားပုံ
""""""""""""""""""""""""""""""""""""
တစ်နေ့တာ၏ ကလေးလှုပ်ရှားမှု အများဆုံးဖြစ်လေ့ရှိသော အချိန်ကို ရွေး၍ မိခင်အနားယူပါ။ ထို့နောက် ထိုင်လျက် (သို့မဟုတ်) ဘယ်ဘက် တစောင်းလှဲ၍ ကလေး ကန်ခြင်း၊ လှိမ့်ခြင်း၊ တွန်းခြင်း၊ တိုးခြင်းစသည့် လှုပ်ရှားမှုများကို အကြိမ် မှတ်သားပြီး ၁၀ ချက်လှုပ်ဖို့ ဘယ်လောက်ကြာလည်းတွက်ခြင်းဖြစ်သည်။ အိမ်ထဲ သွားသွားလာလာနှင့်လည်း မှတ်နိုင်သည်။ ကလေးအိပ်ပျော်နေချိန် မမှတ်ပါနှင့်။
၂ နာရီအတွင်း အနည်းဆုံး ၁၀ ကြိမ်လှုပ်လျှင် ပုံမှန်ဖြစ်ပါသည်။ စမှတ်ချိန်မှ ၂ နာရီ မပြည့်ခင် ၁၀ ကြိမ်ပြည့်သွားလျှင် ကလေးက ကျန်းမာနေကြောင်း ပြသည်။
နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Google
Reference- American Pregnancy Organization
29/05/2022
၉ လ လွယ်၍ ၁၀ လ မှဖွားပါ
-------------------------
ကိုယ်ဝန်ဆောင် ကာလကြာချိန်ကို ၉ လ လွယ် ၁၀ လ ဖွားဟု မှတ်သားပြောဆိုလေ့ ရှိကြသည်။ တနည်းအားဖြင့် အပတ် ၄၀။ လ ဖြင့်ရေတွက်မည့်အစား အပတ်ဖြင့် ရေတွက်ခြင်းက ပို၍သင့်လျော်သည်။ ကိုယ်ဝန်ဆောင်ကာလ သက်တမ်းကို နောက်ဆုံးရာသီ၏ ပထမဆုံးသွေးဆင်းရက်မှ စတွက်သည်။ အပတ် ၄၀ ပြည့်ရက်သည် ခန့်မှန်းချေ မွေးမည့်ရက် (expected date of delivery or due date) ဖြစ်သည်။ များသောအားဖြင့် ၃၇ ပတ် မှ ၄၂ ပတ် အတွင်း မီးဖွားလေ့ရှိပြီး ဒီကာလအတွင်း မွေးလျှင် လစေ့သည် (full term) ဟုခေါ်သည်။ ၃၇ ပတ် မတိုင်မှီ မွေးလျှင် လမစေ့ (preterm) ဟုပြောသည်။
လစေ့ဘဲမွေးဖွားလာသော ကလေးများမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နိုင်၍ ဒီအကြောင်း မိဘပြည်သူအပေါင်း ဗဟုသုတ ရှိထားသင့်သည်ဟု ယူဆ၍ ဤ post ကို ရေးခြင်းဖြစ်သည်။
၄၂ ပတ်ထက်ကျော်သွားပြီး မမွေးသေးလျှင်လည်း သန္ဓေသား၏ အသက်အန္တရာယ် အလွန်ကြီး၍ ၄၁ ပတ်ခန့်တွင် ဆေးသွင်း၍ မွေးပေးရသည်။ သန္ဓေသားအတွက် အချင်း၏ ဝန်ဆောင်မှု မလုံလောက်တော့၍ ဖြစ်သည်။
လစေ့သည် မစေ့သည်ဟု ပြောနိုင်ရန် ပထမဦးဆုံး လိုအပ်သည်က တိကျသေချာသော ရက်တွက်ချက်မှု ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးရာသီ၏ ပထမဆုံးသွေးဆင်းရက်ကို အတိအကျ မှတ်မိဖို့ အထူးပင် အရေးကြီးလှသည်။
ကလေးယူဖို့ စကြိုးစားသည်နှင့် ရာသီချိန်သွေးဆင်းရက်တွေကို သေချာမှတ်ရပါမည်။ Period tracker application များရှိ၍ အထူးပင် အထောက်အကူ ဖြစ်ပါသည်။ ထို App များသည် ကိုယ်ဝန်ရနိုင်သည့် ရက်များကိုပါ တွက်ချက်ပေး၍ ထိုကာလအတွင်း ဖိုမ ဆက်ဆံခြင်းဖြင့် ကလေးရအောင် ကြိုးစားနိုင်သည်။
ဖြစ်နိုင်လျှင် ရာသီထိမ်သွားပြီး ၃ ပတ်ခန့်တွင် (နောက်ဆုံးရာသီ၏ ပထမဆုံးသွေးဆင်းရက်မှ ၇ ပတ်ခန့်) တီဗွီဓာတ်မှန် (ultrasound) ရိုက်၍ ကိုယ်ဝန်သက်တမ်းကို အတိအကျ သိနိုင်သည်။
အလွန်အမင်း လမစေ့ခြင်း၏ (အပတ် ၃၀-၃၂ ပတ်အောက်) အဓိကဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကလေးအဖတ်မတင်ခြင်း
- ကံကောင်း၍ အသက်ရှင်သော်လည်း ဖွံ့ဖြိုးမှု ထိခိုက်သွား၍ သူငယ်နာ၊ သွက်ချာပါဒ ဖြစ်သွားခြင်း
- ဦးနှောက်တွင်း သွေးယိုခြင်း (intracranial haemorrhage)
- အမြင်၊ အကြား အာရုဏ်များ မဖွင့်ဖြိုးခြင်း
- အဆုတ်များ ရင့်ကျက်မှု မရှိသေး၍ အသက်ကောင်းကောင်းမရှူနိုင်ခြင်း (hyaline membrane disease)၊ နာတာရှည် အဆုတ်ရောဂါများ ဖြစ်ခြင်း
- အူများ အစာမခြေနိုင်သေး၍ နို့ဝင်လာသောအခါ အူပုပ်သွားခြင်း (necrotizing enterocolitis)
- မွေးကင်းစတွင် သွေးထဲပိုးဝင်ခြင်း၊ ကိုယ်အပူချိန် သွေးအချိုဓာတ် မထိန်းသိမ်းနိုင်ခြင်း၊ အသားဝါခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း
အနည်းငယ်လမစေ့လျှင်လည်း ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါသည်။ ဥပမာ - စာသင်ကြားရခက်ခဲခြင်း၊ အမူအကျင့်ဆိုင်ရာ ပြဿနာများ - autism, ADHD စသည်တို့ဖြစ်သည်။
လမစေ့ရခြင်း၏ အဓိက အကြောင်းရင်းနှင့် ဖြစ်နိုင်ခြေရှိစေခြင်းများမှာ -
- ယခင်က လမစေ့ဘဲ မွေးဖွားဖူးခြင်း
- အမျိုးများတွင် လမစေ့ဘဲ မွေးဖွားကြခြင်း
- ဆီးပိုးဝင်ခြင်း
- မအင်္ဂါ ပိုးရှိများ၍ ငါးညှီနံ့ရ ခပ်စိမ်းစိမ်းရည် ဆင်းခြင်း (bacterial vaginosis)
- ဆေးလိပ်သောက်ခြင်း (သို့) အတူနေသူက ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း၊ အခြားမူးယစ်ဆေးဝါးများသုံးစွဲခြင်း
- အမွှာကိုယ်ဝန်၊ ဖန်ပြွန်သန္ဓေသားကိုယ်ဝန်
- အခြား ကိုယ်ဝန်နှင့်သန္ဓေသား ပြဿနာများ (ဥပမာ - ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အချင်းကွာ၍သွေးဆင်းခြင်း၊ ပေါင်မပြည့်ခြင်း (သို့) ပေါင်ပို ရေမြွှာပိုခြင်း)
- အကြောင်းအမျိုးမျိုးကြောင့် သန္ဓေသား (သို့) မိခင်၏အသက်ကို ကယ်တင်ရန် လမစေ့သော်လည်း ဆေးသွင်း၍ (သို့) ခွဲစိတ်၍ မွေးပေးရခြင်း
- မိခင်၌ မူလအခြေခံရောဂါများရှိခြင်း (ဥပမာ - လူကြီးလေးဘက်နာ (SLE)၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့ခြင်း၊ သွေးတိုး ဆီးချိုရှိခြင်း၊ အသက် ၁၇ နှစ်အောက် (သို့) ၄၀ နှစ်အထက် ဖြစ်ခြင်း)
- လစေ့ရက်သည် နောက်ဆုံးကလေး မွေးချိန်မှ ၁၈ လ အတွင်းဖြစ်ခြင်း (ထို့ကြောင့် သားဆက်ခြားသင့်သည်)
- သားအိမ် ပုံစံမမှန်ခြင်း၊ သားအိမ်ခေါင်း ခွဲစိတ်ခံရဖူးခြင်း
- အကြိမ်ပေါင်းများစွာ (ဥပမာ ၃ ကြိမ် ဆက်တိုက်) သားလျှောသားပျက်ဖူးခြင်း
- အလုပ်၊ စိတ် အလွန်အမင်း ပင်ပန်းဆင်းရဲခြင်း စသည်တို့ဖြစ်သည်။
အချို့အကြောင်းရင်းများကို ကာကွယ်၍မရသော်လည်း အတော်များများကိုကာကွယ်၍ရသည်။
ကာကွယ်ရန် နည်းလမ်းအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- ဆီးပိုးကို စောလျှင်စွာ ပိုးသတ်ဆေးဖြင့် ကုသခြင်း (urine dipstick ဖြင့် အမြန်ဆီးစစ်ခြင်းကို ကိုယ်ဝန် ပြတိုင်းပြတိုင်း လုပ်သင့်ပါသည်)
- Bacterial vaginosis ကိုလည်း ကုသခြင်း
- အခြား ရောဂါများကို စောလျှင်စွာကုသခြင်း၊ ကာကွယ်ခြင်း (flu vaccine - တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသည်)
- ဆေးလိပ်၊ အရက်ဖြတ်ခြင်း (အလွန်အရေးကြီးပါသည်)
- အာဟာရပြည့်ဝအောင် စားသုံးခြင်း (folic acid ပါသော ကိုယ်ဝန်ဆောင်အားတိုးဆေးကို ကိုယ်ဝန်မဆောင်ခင် ၃ လ အလိုမှ စသောက်သင့်သည်)
- သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း (အလွန်လေးသော အလေးအပင် မ မသင့်ပါ)
- Antenatal visits - ကိုယ်ဝန် အပ်ခြင်း၊ ပုံမုန်ပြခြင်းများကို အကြံပြုသည့်အတိုင်း လုပ်ဆောင်ခြင်း (၈ ကြိမ်ခန့် ပြရန်လိုအပ်သည်)
အနည်းငယ် လမစေ့ခြင်းမှလည်း ဆိုးကျိုးများပေးနိုင်၍ တမင် လမစေ့ခင် မွေးခြင်းကို ရှောင်ကျဉ်ကြရန် WHO အပါအဝင် ကမ္ဘာအရပ်ရပ်တွင် တိုက်တွန်း နှိုးဆော်ထားသည်။ မိခင် (သို့) သန္ဓေသား၏ ကျန်းမာရေး အတွက်ကြောင့် မဟုတ်ပဲ ဆေးသွင်း၍ (သို့) ခွဲစိတ်၍ မွေးခြင်းကို ၃၈-၃၉ ပတ် မတိုင်မှီ မပြုလုပ်သင့်ပါ။ ရက်ရာဇာ အရွေးကောင်း၍ စာမတော် ထိန်းကျောင်းရခက်သည့် ကလေး မရလိုက်ပါစေနှင့်။
သြစတြေးလျ နိုင်ငံ အနောက်ပိုင်းပြည်နယ်တွင် လမစေ့ဘဲမွေးဖွားခြင်းကို ကာကွယ်ရန် အထူးကြိုးပမ်းနေသည်။ လမစေ့ဘဲမွေးနိုင်ခြေ အလွန်များသည့် မိခင်လောင်းများအတွက် Progesterone pessary ဆေးကို ၁၆ ပတ်မှ ၃၆ ပတ် အထိပေးခြင်း (သို့) သားအိမ်ခေါင်းကို ကြိုးဖြင့်ချုပ်၍ သားအိမ်ကိုပိတ်ထားခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ၁၉ ပတ် ၂၀ ပတ် လောက်တွင် ရိုက်သော Anatomy ultrasound တွင် သားအိမ်ခေါင်း အရှည်ကိုတိုင်း၍ တိုနေလျှင်လည်း ထိုကုထုံးများ ပေးနိုင်သည်။
ကာကွယ်ခြင်းများကိုလုပ်သော်လည်း ကံအကြောင်းမလှ၍ လမစေ့ဘဲ မွေးရန်ဖန်လာပါက ကလေးကို အထိခိုက်နည်းစေရန် လုပ်ဆောင်နိုင်သည်များရှိသည်။
# လမစေ့ဘဲ ဗိုက်နာလာလျှင် (၁၀-၂၀ မိနစ်တိုင်း ၂၀-၃၀ စက္ကန့်ကြာ သားအိမ်ညှစ်ခြင်း)၊ ရေမြွှာပေါက်သွားလျှင် (တစ်စက်နှစ်စက် မဟုတ်ဘဲ စီးကျလောက်အောင်များသော အရည်ဆင်းခြင်း) စတီးရိုက် (Dexamethasone or Betamethasone) အသားဆေးထိုး၍ hyaline membrane disease, intracranial haemorrhage and necrotizing enterocolitis များကို ကာကွယ်နိုင်သည်။ ဗိုက်စနာမှန်း၊ ရေမြွှာပေါက်သွားမှန်း (အချို့က ရေပေါင်ခြင်း ဟုခေါ်သည်) မသေချာလည်း OG (သို့) သားဖွားဆရာမဆီ သွားပြပါ။ စတီးရိုက် အာနိသင် အပြည့်အဝရရန် ၂ ရက်ကြာမည် ဖြစ်၍ ဗိုက်နာနေလျှင် ဒီကြားထဲ Nifedipine ဆေးပေး၍ သားအိမ်ညှစ်ခြင်းကို ရပ်တန့်သွားအောင် လုပ်ပေးထားနိုင်သည်။ ၃၆ ပတ် မတိုင်ခင် ရေမြွှာပေါက်သွားလျှင်လည်း ပိုးမဝင်အောင် ပိုးသတ်ဆေး ၁၀ ရက် ပေးထား၍ ၃၆ ပတ် ပြည့်သည်အထိ စောင့်နိုင်သည်။
# မွေးကင်းစကလေး အထူးကြပ်မတ်ဆောင် (neonatal intensive care unit) ရှိသည့်ဆေးရုံကို စောလျှင်စွာ ရောက်အောင်သွားရန် OG ကပြောလျှင် သွားကိုသွားပါ။ မမွေးခင် ရောက်လျှင်ပိုကောင်း၏။ Intrauterine transfer ဟုခေါ်သည်။ ကလေးတွင် မည်မျှထိခိုက်မှုရှိသွားမည်နည်းဆိုသည်မှာ မည်မျှလမစေ့သနည်းပေါ်မူတည်သလို လမစေ့ကလေးကို ပြုစုကုသစောင့်ရှောက်မှု မည်မျှကောင်းသနည်းပေါ်တွင်လည်း မူတည်သည်။ မြန်မာပြည်တွင် neonatal intensive care unit ကောင်း အနည်းငယ်သာ မြို့ကြီးများတွင်သာ ရှိသေးသည်။ သွားဖို့ လုံးဝ ဝန်မလေးပါနှင့်။
မှတ်ချက် - Australia တွင်လက်ရှိကျင့်သုံးနေသော အချို့ မိခင်နှင့်ကလေး ကုသမှုစောင့်ရှောက်မှုများသည် မြန်မာနိုင်ငံအတွက် လက်တွေ့ကျမှု အံဝင်ခွင်ကျမှု ရှိချင်မှရှိဦးမည်။
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ လစေ့၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို မွေးဖွား၍ ပြုစုပျိုးထောင်နိုင်ကြပါစေ။
photo credit to google image
reference to thewholeninemonths.com.au
Address
Taungoo
Telephone
+959453442381
Website
Alerts
Be the first to know and let us send you an email when Dr. OG - သားဖွားမီးယပ်ဆရာဝန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram
Category