16/05/2025
Heat related illness
အပူဒဏ်ကြောင့်ဖြစ်သောရောဂါများ နှင့်
Heat Stroke
အပူကြီး၍ သတိလစ်သွားခြင်း
🤔နွေနေပူပူမှာ ပြင်းထန်သောအပူချိန်ကြောင့်ဘာတွေဖြစ်နိုင်သလဲ။
🧑⚕️ပြင်ပအပူချိန်မြင့်တက်နေမှုကြောင့်အပူကြောင့်ဖြစ်သောရောဂါအမျိုးမျိုးဖြစ်နိုင်ပါသည်။ ကမ္ဘာ့အပူချိန်သည် ယခုရာစုနှစ်အတွင်း ပျမ်းမျှအပူ ချိန်မှနေ (1.7°C) မှ (5.6°C) အတွင်းတဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် အပူကြောင့်ဖြစ်သောရောဂါများ လည်းတဖြည်းဖြည်းများလာလျက်ရှိပါသည်။ WHO ခန့်မှန်းချက်အရ 2050 ခုနှစ်လောက်တွင် တစ်ကမ္ဘာလုံး၌ နှစ်စဥ်အပူကြောင့် သေဆုံးရသူလူဦးရေ 250000 လောက်ပိုလာလိမ့်မည်ဟု မှန်းဆရပါသည်။
🤔အပူဒဏ်ကြောင့်ဖြစ်သောရောဂါများကိုဘယ်လိုခွဲခြားနိုင်သလဲ။
🧑⚕️အပူချိန်မြင့်တက်ခြင်းကြောင့်ဖြစ်နိုင်သောရောဂါများကို
1)အပူကြောင့်ခြေလက်များရောင်ခြင်း (heat oedema)
2)အပူကြောင့် ကြွက်တက်ခြင်း (heat cramps)
3)အပူကြောင့် မူးမေ့လဲကျသွားခြင်း (heat Syncope)
4)အပူကြောင့် မောပန်းနွမ်းနယ်ခြင်း (Heat exhaustion)
5)အပူကြီး၍ သတိလစ်သွားခြင်း ( Heat stroke)
ဟူ၍ အဆင့်( 5)ဆင့် ခွဲခြားနိုင်ပါသည်။
👉အပူဒဏ်ကြောင့်ဖြစ်သောရောဂါများကိုတခါတရံတွင်
1)ပတ်ဝန်းကျင်အပူချိန်မြင့်တက်ခြင်းကြောင့်ဖြစ်ခြင်း (environmental heat illness)
(အသက်အရွယ်ကြီးလွန်းခြင်း၊ငယ်လွန်းခြင်းစသည်တို့တွင် အဖြစ်များပြီး၊အပူလှိုင်းဖြတ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။)
2)နေပူကျဲကျဲတွင်ပြင်းထန်သောလှုပ်ရှားမှု၊လေ့ကျင့်မှုကြောင့် ဖြစ်ခြင်း (exertional heat illness)
(နဂိုရောဂါအခံမရှိသောလူငယ်များ၊ပြင်းထန်သောလေ့ကျင့်မှုပြုလုပ်ရသော အားကစားသမားများစသည်တို့တွင်ဖြစ်နိုင်သည်။)
ဟူ၍ လည်းခွဲခြားနိုင်ပါသည်။
🤔လူတစ်ယောက်နဲ့တစ်ယောက် ကိုယ်အပူချိန်တူသလား။
💡ပြင်ပအပူချိန်၊ ရာသီဥတု၊ အသက်အရွယ်၊ ယောက်ျား/ မိန်းမ ကွဲပြားမှု၊ လူမျိုးကွဲပြားမှုနဲ့နဂိုရောဂါအခံရှိမှု ပေါ်မူတည်ပြီးလူတစ်ယောက်နှင့် တစ်ယောက်ကိုယ်အပူချိန် ကွာခြားပါသည်။
👉လူ၏ ခန္ဓာကိုယ်သည် သဘာဝအရ အပူစွမ်းအင်ကိုထုတ်လုပ်နိုင်စွမ်းရှိသည်။ ပြင်းထန်သောလေ့ကျင့်ခန်းလှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် သာမန်ထက် အဆ နှစ်ဆယ်ပို၍ အပူစွမ်းအင်ကိုထုတ်လုပ်သည်။
👉လူ၏ ခန္ဓာကိုယ်အပူချိန်သည်နေကောင်းကျန်းမာနေသော အချိန်၌ အပူချိန် 36.5°C မှ 37.5°C သို့မဟုတ် 97.7°F ကနေ99.5°F အတွင်းတွင်ရှိပါသည်။
👉ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဥ်မှ ထုတ်လုပ်သော အပူချိန်၊ ပြင်ပမှစုပ်ယူသော အပူချိန်တို့သည် ခန္ဓာကိုယ်အတွင်း ထိုသတ်မှတ်ထားသောအပူချိန်ပမာဏဘောင်အတွင်းတည်ရှိနေစေရန် ခန္ဓာကိုယ်မှ အပူထိန်းညှိခြင်းလုပ်ငန်းစဥ်များဖြင့် လုပ်ဆောင်ပေးပါသည်။
👉ထိုအပူထိန်းညှိခြင်းလုပ်ငန်းစဥ်များတွင် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပါက ဦးနှောက်ရှိအပူချိန်ထိန်းညှိသော နေရာ( thermoregulation center)မှ ထိန်းချုပ်ခြင်း၊ အရေပြားရှိဆံချည်မျှင်သွေးကြောလေးများကျယ်လာခြင်း၊ အရေပြားရှိချွေးဂလင်းများမှချွေးထွက်စေခြင်းဖြင့် ခန္ဓာကိုယ်မှ အပူဆုံးရှုံးစေရန်ဆောင်ရွက်ပါသည်။ ထိုသို့ဖြင့်ခန္ဓာကိုယ်မှထုတ်လုပ်သောအပူချိန်၊ပြင်ပအပူချိန်တို့ကိုခန္ဓာကိုယ်မှဆုံးရှုံးသွားသောအပူချိန်နှင့်အဝင်အထွက် သမမျှတစေရန်ထိန်းညှိပေးထားပါသည်။
🤔အပူဒဏ်ကြောင့်ခြေလက်များရောင်ရမ်း ခြင်း (heat oedema) ဆိုတာဘာလဲ။
👉 အပူချိန်မြင့်တက်လာသောနေ့ရက်အစပိုင်းတွင် အပူကြောင့် သွေးကြောများကျယ်လာခြင်း၊(peripheral vasodilation) ကြောင့် ခြေလက်များအနည်းငယ်ရောင်လာခြင်းဖြစ်ပါသည်။
🤔အပူကြောင့်ကြွက်တက် ခြင်း (heat cramps)ဆိုတာဘာလဲ။
👉ချွေးထွက်များ၍ ဆိုဒီယမ်နှင့် အခြားသက်စောင့်ဓါတ်များလျော့နည်းခြင်းကြောင့် ကြွက်တက်ခြင်း ဖြစ်သည်။ ကျင့်သားမရသေးသောလူများတွင် ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း၊ ချွေးထွက်များပါက ဆိုဒီယမ်ဓါတ်နှင့်သက်စောင့်ဓါတ်များပါဝင်ခြင်းမရှိသော ရိုးရိုးရေသာပြန်သောက်ခြင်းကြောင့် ဖြစ်တတ်သည်။
🤔အပူကြောင့်မူးမေ့လဲကျသွားခြင်း ( Heat Syncope) ဆိုတာဘာလဲ။
👉အပူကြောင့် တခဏရုတ်တရက်မူးလဲသွားတတ်ခြင်းဖြစ်သည်။ အသက်အရွယ်ကြီးရင့်သူများ၊ နဂိုနှလုံးရောဂါအခံရှိသူများ၊ရေဓါတ် ခန်းခြောက်နေသူများနှင့် နေပူကျဲကျဲတွင်အချိန်အတော်ကြာမတ်တပ်နေရသူများတွင်ဖြစ်တတ်သည်။ heat stroke လောက်မပြင်းထန်ပဲ တခဏနှင့်ပြန်ကောင်းသွားတတ်သည်။
🤔အပူကြောင့်မောပန်းနွမ်းနယ်ခြင်း (Heat exhaustion)ဆိုတာဘာလဲ။
👉အပူကြောင့် ရေနှင့်ဓါတ်ဆားများဆုံးရှုံးခြင်းဖြစ်ပြီးနေ့စဥ်လှုပ်ရှားမှုများကို မလုပ်နိုင်လောက်အောင်ပင်ပန်းနွမ်းနယ်နေခြင်းဖြစ်သည်။ ရေငတ်ခြင်း၊မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့ချင်အန်ချင်ခြင်းများဖြစ်တတ်သည်။
ထိုအဆင့်သည် အပူကြီး၍သတိလစ်သွားခြင်း ( heat stroke) မတိုင်ခင်ဖြစ်တတ်သည်။
🤔အပူကြီး၍ သတိလစ်သွားခြင်း ( Heat stroke) ဆိုတာဘာလဲ။
👉ခန္ဓာကိုယ်အပူချိန် 40°C ထက်မြင့်တက်လာပါက ဦးနှောက်ရှိအပူချိန်ထိန်းညှိသော လုပ်ငန်းများကမောက်ကမဖြစ်ပြီး ချွေးထွက်ခြင်းမရှိတော့ပဲ ကြွက်သားများတဆတ်ဆတ်တုန်ခြင်း၊ဂယောင်ချောက်ချားဖြစ်ခြင်း၊သတိလစ်သွားခြင်း ၊တက်သွားခြင်းများဖြစ်နိုင်ပါသည်။ ထိုအဆင့်ကို heat stroke ဟုသတ်မှတ်ပါသည်။ အပူကြီးခြင်းကြောင့် ခန္ဓာကိုယ်ရှိကိုယ်တွင်းအဂဵါများထိခိုက်ပျက်စီးနိုင်သည်။
🤔အပူကြီး၍ သတိလစ်သွားခြင်း ( Heat stroke)ရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ။
👉အပူချိန် 40° C မှ 41°C ခန့်တွင် ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဥ်ကိုလုပ်ဆောင်နေသော အင်ဇိုင်းများစတင်၍ကောင်းစွာအလုပ်မလုပ်တော့ပဲ သွေးလှည့်ပတ်မှုလည်းလျော့နည်းလာသည်။ ကြွက်သားများဆီသို့ ကောင်းစွာသွေးမရောက်တော့ခြင်းစဖြစ်ပြီး ထိုမှတဆင့် အစာအိမ်၊အူလမ်းကြောင်း၊ဦးနှောက်၊ နှလုံးတို့ရှိ သွေးလှည့်ပတ်မှုစနစ်တစ်ခုလုံး( circulation system) ကိုထိခိုက်လေတော့သည်။
1) နှလုံးထိခိုက်ခြင်း
👉သာမန်အပူချိန်ထက် 1°C မြင့်တက်တိုင်းနှလုံးခုန်နှုန်းမြန်ပြီး နှလုံးညှစ်အား 3L/min မြင့်တက်သည်။သွေးလှည့်ပတ်နှုန်းမြန်ခြင်း၊ရေဓါတ်ခန်းခြောက်ခြင်းတို့ကြောင့် နဂိုနှလုံးရောဂါအခံရှိသူတို့တွင် နှလုံးမောခြင်း (heart failure) ဖြစ်နိုင်သည်။
2)ဦးနှောက်ထိခိုက်ခြင်း
👉အပူကြီးခြင်းကြောင့် ဦးနှောက်အတွင်းရောင်ရမ်းခြင်း(cerebral oedema) နှင့် သွေးကြောပေါက်ခြင်း၊ ပိတ်ခြင်းများဖြစ်နိုင်သည်။
3)အဆုတ်ထိခိုက်ခြင်း
👉အသက်ရှူနှုန်းမြန်ခြင်း၊အဆုတ်ရှိဆံချည်မျှင်သွေးကြောများကျယ်လာခြင်းတို့မှတဆင့် ရုတ်တရက်အဆုတ်ထိခိုက်ပျက်စီးခြင်း (acute respiratory distress syndrome, ARDS) ဖြစ်တတ်သည်။
4)ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
👉အလွန်အမင်းရေဓါတ်ခန်းခြောက်ခြင်းကြောင့် ဆီးမထွက်တော့ခြင်း၊ဆီးအမည်းရောင်များသွားခြင်း၊ကြွက်သားများ ထိခိုက်ခြင်း(Rhabdomyolysis) ၊မှသည် ကျောက်ကပ်လုံးဝပျက်စီးခြင်းအထိဖြစ်နိုင်သည်။
5) အသည်းနှင့် အစာအိမ်အူလမ်းကြောင်းထိခိုက်ပျက်စီးခြင်း
👉အပူကြီး၍ ခန္ဓာကိုယ်ရှိကိုယ်တွင်းအဂဵါအစိတ်အပိုင်းများသို့ သွေးလှည့်ပတ်မှုနည်းသွားခြင်းကြောင့်ဖြစ်သည်။
6) ရေဓါတ်ခန်းခြောက်ခြင်းနှင့်အတူ သွေးပျစ်ခြင်း၊သွေးခဲပိတ်ခြင်း (Disseminated intravascular coagulation)
7)ခန္ဓာကိုယ်ရှိ ဆိုဒီယမ်၊ပိုတက်ဆီယမ် ၊မဂ္ဂနီဆီယမ် စသည်သက်စောင့်ဓါတ်များမညီမျှခြင်း
8)အသက်သေဆုံးခြင်းတို့ဖြစ်နိုင်သည်။
🤔ဘယ်လိုလူတွေမှာ အပူကြောင့်ဖြစ်သောရောဂါများ ( Heat related illness) ဖြစ်တတ်သလဲ။
👉ပြင်ပအပူချိန်မြင့်တက်ခြင်းကြောင့် ခန္ဓာကိုယ်မှထိတွေ့ လက်ခံရသောအပူချိန်မြင့်တက်ခြင်း
👉ပြင်ပစိုထိုင်းမှု 75% ကျော်ပါက ခန္ဓာကိုယ်ရှိ အငွေ့ပျံခြင်းနည်းလမ်းဖြင့် အပူဆုံးရှုံးအောင်မပြုလုပ်နိုင်ခြင်း
👉အရိပ်ရအပင်များလျော့နည်းလာခြင်း
👉နဂိုရောဂါအခံကြောင့် မူလကတည်းက ကိုယ်အပူချိန်တက်နေခြင်း
(ဥပမာ ကင်ဆာရောဂါ၊ တီဘီရောဂါ)
👉အသက်အရွယ်ကြီးလွန်းခြင်း၊ငယ်လွန်းခြင်းကြောင့် ခန္ဓာကိုယ်ရှိကိုယ်အပူချိန်ထိန်းချုပ်ပေးသောစနစ်ကောင်းစွာ အလုပ်မလုပ်ခြင်း
👉အဝလွန်ခြင်း၊ (BMI) ≥ 30 kg/m2
👉အရက်အလွန်အကျွံသောက်ခြင်း
👉အချို့သောဆေးများ၏ဘေး ထွက်ဆိုးကျိုးကြောင့်အပူစွန့်ထုတ်ခြင်း ကောင်းစွာမလုပ်နိုင်ခြင်း
👉ရာသီဥတုနှင့် လိုက်ဖက်ညီညွတ်မှုမရှိသော အဝတ်အစားများဝတ်ဆင်ထားခြင်း
👉ရေသောက်နည်းခြင်း၊ရေဓါတ်ခန်းခြောက်ခြင်းနှင့်အတူပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း
👉နဂိုက အပူရှပ်ခြင်း ဖြစ်ဖူးထားခြင်း
👉ကျင့်သားမရသေးသော ပတ်ဝန်းကျင်သစ်တွင်ဖြစ်ခြင်း
(ဥပမာအလွန်အေးသော ဒေသမှ အလွန်ပူသောဒေသသို့ ရုတ်တရက်ပြောင်းရွှေ့လာရခြင်း)
စသည်တို့ကြောင့်ဖြစ်နိုင်သည်။)
🤔အပူကြောင့် သတိလစ်သွားခြင်း (heat stroke) ကစိုးရိမ်ရသလား။
👉အပူကြောင့်သတိလစ်သွားခြင်းဖြစ်ပွားသူများမှအသက်သေဆုံးသူဦးရေမှာ 30 ရာခိုင်နှုန်းခန့်ရှိပါသည်။
👉သေဆုံးရခြင်းဖြစ်စေသော အကြောင်းရင်းများမှာ
🌡️ကိုယ်အပူချိန်ဘယ်လောက်ထိမြင့်တက်သွားသလဲ။
🕝ထိုမြင့်တက်သွားသောကိုယ်အပူချိန်တွင် ဘယ်လောက်ကြာကြာရှိနေသလဲဆိုသည်တို့နှင့်တိုက်ရိုက်အချိုးကျပါသည်။
ထို့ကြောင့် ဆေးရုံသို့မပို့နိုင်မီ လူနာကို ကိုယ်အပူချိန်လျော့ကျစေရန် ( ကိုယ်အပူချိန်နီးစပ်ဆုံး 39°C ခန့်အထိ) ရှေးဦးသူနာပြုစုခြင်းသည် လူနာအသက်ကယ်တင်ရေးတွင်အရေးပါပါသည်။
🤔အပူကြောင့် သတိလစ်သွားခြင်း ဖြစ်ပါကဘာလုပ်သင့်သလဲ။
👉ရှေးဦးစွာလူနာကို အရိပ်အာဝါသရသောနေရာသို့ ရွှေ့ပြောင်းပါ။
👉 Air-conditioned အခန်းတွင်ရွှေ့ပြောင်းခြင်းဖြင့် အပူချိန် တစ်မိနစ်အတွင်း 0.03°C မှ 0.06 °C အထိလျော့ကျနိုင်ပါသည်။
👉Air -conditioned အခန်းမရှိပါက စောင်များကို ရေခဲရေတွင် နှစ်ပြီး အခန်းပတ်လည်ကိုကာပေးခြင်း ၊လေဝင်လေထွက်ကောင်းအောင်လုပ်ပေးခြင်းများပြုလုပ်ပေးနိုင်ပါသည်။
👉လူနာ၏ အဝတ်အစားများကိုဖယ်ရှားပါ။
👉လူနာ၏ တကိုယ်လုံး ရေဝတ်ရွှဲရွှဲဖြင့်ရေပတ်တိုက်ပေးပါ။ ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကို တစ်မိနစ်အတွင်း 0.11°C ခန့်လျော့ချနိုင်သည်။
(ချိုင်းကြား၊ပေါင်ကြားစသည်တို့ကို အဓိကတိုက်ပေးရမည်။)
👉သတိလစ်နေပါက အောက်ဆီဂျင်ပေးထားပြီး
ဆေးရုံဆေးခန်းသို့အမြန်ပို့ဆောင်ရန် လိုအပ်သည်။
🤔ဆေးရုံမှာကိုယ်အပူချိန်လျော့ကျစေရန်ဘာတွေလုပ်ဆောင်နိုင်သလဲ။
1)ရေခဲရေတွင် အအေးခံစေခြင်း ( ice water immersion) ဖြင့် အပူချိန်ကို တစ်မိနစ်အတွင်း 0.20°C မှ 0. 35 °C အထိလျော့ချနိုင်သည်။
2)အကြောဆေးအတွင်းမှ အပူချိန် 4°C ခန့်အထိ အအေးခံထားသော ဓါတ်ဆားပုလင်းများချိတ်ခြင်း (Intravenous cold saline) ဖြင့် ကိုယ်အပူချိန် ကိုတစ်မိနစ်အတွင်း 0.03°C/min ခန့်လျော့ချနိုင်သည်။ 30မိနစ်ခန့်ချိတ်ပေးခြင်းဖြင့်အပူချိန် 1°C ခန့်ချနိုင်သည်။
3) အအေးခံထားခြင်းမရှိသော ဓါတ်ဆားပုလင်းများချိတ်ခြင်း (Intravenous room-temperature saline) ဖြင့် ကိုယ်အပူချိန် ကိုတစ်မိနစ်အတွင်း 0.015°C/min ခန့်လျော့ချနိုင်သည်။
🤔အပူကြီးခြင်းကြောင့် သတိလစ်သွားခြင်း (heat stroke) မဖြစ်စေရန် ဘယ်လိုကာကွယ်ရမလဲ။
👉ပူပြင်းသောရာသီဥတုတွင် နေ့အပူချိန်မြင့်တက်နေသော မနက် 11 နာရီမှ ညနေ 3 နာရီအတွင်းနေပူထဲ သွားလာ ခြင်းမှ ရှောင်ကြဥ်ခြင်း၊
👉နေပူထဲသွားလာရပါက ထီး၊ ဦးထုတ် အကာအကွယ်များဆောင်ထားခြင်း၊
👉တတ်နိုင်သမျှ အရိပ်ရအေးမြသောဒေသများတွင် နေထိုင် ခြင်း၊
👉ရေဓါတ်ခန်းခြောက်ခြင်းနှင့်အတူဓါတ်ဆားများဆုံးရှုံးနိုင်သဖြင့် ရေများများသောက်ခြင်း၊ဓါတ်ဆားရည်သောက်ခြင်း၊
👉ပူပြင်းသောရာသီဥတုနှင့် လိုက်ဖက်ညီစွာ ပေါ့ပါးချောင်ချိသော ချည်ထည်များဝတ်ဆင်ခြင်း
👉ပူပြင်းသောရာသီဥတုတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ကြဥ်ခြင်း
👉အရက်သေစာအလွန်အကျွံသောက်စားခြင်းမှ ရှောင်ကြဥ်ခြင်း၊
👉အပူကြောင့် နေမကောင်းဖြစ်ခြင်း၊ကြွက်တက်ခြင်းများရှိပါက ဓါတ်ဆားရည်သောက်ခြင်း၊ အနားယူခြင်း၊
👉အပူကြီးခြင်းကြောင့် သတိလစ်ခြင်းမတိုင်ခင် ရှေ့ပြေးလက္ခဏာများ( heat exhaustion) ရှိပါက အနားယူခြင်း၊ စောစောကုသမှုခံယူခြင်း၊
👉အပူကြီးခြင်းကြောင့် သတိလစ်သွားခြင်း ဖြစ်ပါက ရှေးဦးသူနာပြုစုခြင်းဆောင်ရွက်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့အမြန်ပို့ဆောင်ခြင်း
စသည်တို့ပြုလုပ်သင့်ပါသည်။
လူတိုင်းကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
YANGON MEDICAL NETWORK
References
Davidson's Principles and Practices of Medicine