Drmyo

Drmyo This page is about the personal experience of a surgeon and to share some knowledge about the surgery. Consultant Surgeon ( General & Colorectal Surgery)

ရှမ်းမြေသို့ လွမ်းခြင်းဒီလို ရှားပါးတဲ့ ရန်ကုန်ရဲ့ဆောင်းနံနက်ခင်း အေးအေးလေးမှာ သတိရမိတာကတော့ နေခြည်နွေးနွေး ရာသီအေးအေးလေ...
30/11/2025

ရှမ်းမြေသို့ လွမ်းခြင်း

ဒီလို ရှားပါးတဲ့ ရန်ကုန်ရဲ့ဆောင်းနံနက်ခင်း အေးအေးလေးမှာ သတိရမိတာကတော့

နေခြည်နွေးနွေး ရာသီအေးအေးလေးရဲ့ ဆောင်းနံနက် ရှမ်းပြည်ရဲ့ သဘာဝကို ခံစားဖို့

ရှမ်းပြည်ရဲ့ အေးချမ်းလှပတဲ့ လမ်းကွေ့ကွေ့ကောက်ကောက်လေးတွေကို စိုင်းထီးဆိုင် သီချင်းလေးဖွင့်လို့ ကားမောင်းရင်း၊ ကားအဲကွန်းကို ပိတ်ကာ မြင်တွေ့ရတဲ့ တောင်တန်း ပြာပြာစိမ်းစိမ်းလေးတွေကို ကြည်နူးရင်း

ရှမ်းပျိုဖြူတို့ရဲ့ ယဉ်ကျေးချိုသာတဲ့ စကားသံလေးတွေနဲ့ရောင်းတဲ့ ရှမ်းခေါက်ဆွဲ၊ တိုဖူးနွေး၊ တိုဖူးကြော်၊ ရှမ်းထမင်းချဉ်လေးတွေကို ခံစားရင်း

ဒီမြေ ဒီရေ ဒီလူသားတွေဟာ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း နဲ့ ပြည့်စုံခြင်းကိုသာ ဘဝမှာထပ်ပြီး အပေါင်းခံခဲ့ရရင်ဖြင့် ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တခုပဲလို့ မှတ်ထင်မိပါရဲ့လေ။

09/11/2025

လူနာ နဲ့ ဆရာဝန် အကြား နားလည်မှု မလွဲရလေအောင်
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

လူနာနဲ့ ဆရာဝန်အကြား ပြဿနာတက်ကြခြင်း၊ နားလည်မှု လွဲကြခြင်း ၊ လူနာက ဆရာဝန်ကို လူမှုကွန်ယက်တွင်တင်၍ သိက္ခာချခြင်း အစရှိသည်တို့ကို မကြာခဏပင် မြင်တွေ့နေကြရလေရာ အဆန်းတော့ မဟုတ်တော့ပါ။

ထို အမျိုးမျိုး အဖုံဖုံသော ပြဿနာတို့၏ အဖြစ်များသော အဓိက အကြောင်းရင်းကြီးမှာ communication problem ဟုဆိုရသော တဖက်နှင့်တဖက် ဆက်ဆံရေး မကောင်းဘဲ နားလည်မှု လွဲကာ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရခြင်းပင်။

ပြဿနာတို့၏ ထုံးစံအတိုင်း နှစ်ဦးနှစ်ဖက် အမှားအယွင်းရှိတတ်ကြ၏။ သို့သော် ဤစာတွင်မူ လူနာတို့၏ ပြဿနာထက် ဆရာဝန်တို့ဖက်မှ လိုအပ်ချက်တို့ကိုသာ အရင် ရေးသားလိုပါသည်။ လူနာတို့အကြောင်းကား နောင်မှ ရေးပါမည်။

ကျွန်တော်သည်လဲ ခြောက်ပစ်ကင်း သဲလဲစဉ် ဆရာဝန်မဟုတ်ပါ။ သွေးနဲ့ သားနဲ့ စိတ်နဲ့ သာမန်ဆရာဝန်တစ်ဦးပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော်မြင်မိသော ဆက်ဆံရေး ပြဿနာတို့ကို အဓိက ကျွန်တော်၏ ညီငယ် ညီမငယ် ဆရာဝန်တို့အား အတွေ့အကြုံပြောပြသည့်သဘောသာ ရေးပြချင်ပါသည်။ ဤစာသည် အဓိကအားဖြင့် ဆရာဝန်များအတွက် အဓိက ရည်ရွယ်သည်ဆိုလျှင် မမှားအံ့။

ရိုးသားမှု
~~~~~~~

အဓိက အရေးအကြီးဆုံးအချက်ဟု ကျွန်တော်ထင်သည်။ ဆရာဝန်ဆိုသည်မှာ လူနာတို့၏ ပြဿနာတို့ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း၊ ဘာလုပ်သင့်သည်ဟူ၍ ကုသမှုကို အကြံပေးဆုံးဖြတ်ချင်းကို အမြဲပြုလုပ်နေရသည့် သဘောရှိသည်။ ထို့ကြောင့် တနည်းအားဖြင့် လူနာ၏ အကျိုးကို ရှေရှု၍ အကောင်းဆုံးဆုံးဖြတ် အကြံပေးရန် အရေးကြီးသည်။ ကိုယ့်ရဲ့ အကြံပေးချက်၊ ဆုံးဖြတ်ချက်သည် လူနာ၏ အကျိုးကို အကောင်းဆုံး ရှေရှု၍ ပြုလုပ်သော အကြံပြု ဆုံးဖြတ်ချက်ဖြစ်ရန်လိုသည်။

ကိုယ့်ဘာကြောင့် ဒီလို ခွဲစိတ်ဖို့စဉ်းစားသည်။ ဘာကြောင့် ဒီဓါတ်မှန်ကို ရိုက်ရသည်။ ဘာကြောင့် ဒီသွေးတွေစစ်ရသည် စသည်တို့တွင် ခိုင်လုံသော အကြောင်းပြချက်ရှိကို ရှိရမည်။

ထင်လို့ လုပ်လိုက်တာပါပဲ။ ဟိုလိုလို ဒီလိုလို အဆင်ပြေသလို ကြည့်လုပ်လိုက်တာပါပဲဆိုလျှင် လူနာကို ဘယ်လိုရှင်းပြကြမလဲ။ လူနာက ကိုယ့်အပေါ် ယုံကြည်မှု ကျဆင်းသွားနိုင်သည်။

ဆရာဝန် တစ်ယောက်နဲ့ တစ်ယောက် အယူအဆ အတွေးအခေါ် ထပ်တူလုံးဝမကျနိုင်သော်လဲ အဖြူအမည်း၊ တောင်နဲ့မြောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖက် ဖြစ်ရလောက်အောင်တော့ မလွဲသင့်။ ဆေးပညာအရ practice တွင် ကွဲပြားမှု ရှိနိုင်သော်လဲ principle ကြီး ဆန့်ကျင်နေခြင်းကား မဖြစ်သင့်ပေ။

ခွဲစရာမလိုသော လူနာကို ခွဲဖို့ လိုလေဟန် ဆွဲဆောင်ခြင်း၊ ချော့ခြင်း၊ ခြောက်ခြင်းတို့သည် ဆရာဝန်ကောင်းတို့ လုပ်အပ်သောအလုပ်မဟုတ်ပေ။ ကိုယ်က ခွဲကို ခွဲရမည် တကဲကဲဖြစ်နေပြီး လူနာက တခြားဆရာဝန်သွားပြသောအခါ ခွဲဖို့မလိုပါဆိုလျှင် ကိုယ်ပဲ သိက္ခာကျမည်ဖြစ်သည်။ ဆရာဝန်ဆိုသည်မှာ မြွေမြွေချင်း ခြေမြင်ကြသည့် သတ္တဝါများဖြစ်၍ ရှေ့ကပြထားသည့် ဆရာဝန်စာအုပ်( လူနာမှတ်တမ်း) ကို တချက်ယူကြည့်လိုက်တာနှင့် ဒီရှေ့က ဆရာဝန်ကဖြင့် တကယ်ပဲ လူနာအပေါ် စေတနာကောင်းကောင်း ရိုးရိုးသားသား ဆေးကုထားသလား ၊ သို့မဟုတ် ဂွင်တွေဆင်ပြီး မခွဲခွဲအောင် အတင်းလုပ်ယူနေသလား စာအုပ်ကြည့်ပြီး ခန့်မှန်းနိုင်ပါသည်။ ကိုယ့်စာအုပ်ကို ဘယ်သူယူကြည့်ကြည့် မှတ်ကျောက်အတင်ခံရတဲ့ နာမည်ကောင်းရခြင်းကား တသက်တာ နာမည်ကောင်းဖြင့် ရေရှည်မှာ ကိုယ်လဲ အကျိုးရှိ၊ သိက္ခာရှိသလို လူနာလဲ အကျိုးရှိ စိတ်သန့်သန့်ဆေးကုနိုင်မည်။ ကိုယ့်ရဲ့ ကုသမှုနဲ့ ဆုံးဖြတ်ချက်တွေသည် ပညာရပ်ပိုင်း အရရော၊ လူမှုရေးအရရော ခိုင်မာနေသဖြင့် လူနာကလဲ ကျေးဇူးတင်၊ တခြားဆရာဝန်ကလဲ ကိုယ့်ကို လေးစားမှု မြင့်တက်စေမည်။ နာမည်ကောင်းကြောင့် တော်ရုံလူကလဲ မစော်ကားရဲ။

ရိုးရိုးသားသားရှိနေလျှင် လုပ်ရကိုင်ရ၊ ပြောရဆိုရ ဆုံးဖြတ်ရသည်မှာ တဖြောင့်တည်းရှိနေ၍ လူနာရှင်ဖက်မှ မေးမြန်းလာခဲ့သော်တောင်မှ ဆရာဝန်ဖက်က ဘာကြာင့် ဒီလိုလုပ်သည်၊ ဘာကြောင့် ဒီလိုဆုံးဖြတ်ရသည်ဆိုတာကို ရိုးသားစွာ ဖြောင့်ဖြောင့်မတ်မတ် ရှင်းပြနိုင်ခြင်းဖြင့် ပြဿနာအတော်များများသည် ပြေလည်သွားဖွယ်ရာ အကြောင်းရှိသည်။

တချို့ဆရာဝန်တို့ကား ဗိုက်နာသမျှ အူအတက်ရောင်တာလုပ်ချင်သည်၊ ဖင်မှန်သမျှ ခွဲချင်သည်။ ဤကား မဖြစ်သင့်။ ထူးခြားသော အခြေအနေကြောင့် လုပ်ရလျှင် စာအုပ်တွင် ချရေးထားသင့်ပေသည်။

ဥပမာ - လူနာမှ တောင်းဆိုသောကြောင့် အသက်ငယ်သော်လဲ scope ကြည့်ရပါသည်။

ဥပမာ- လူနာသည် သင်္ဘောသားဖြစ်ခြင်းကြောင့် သင်္ဘောကုမ္ပဏီ၏မူအရ သည်းခြေအိတ်ခွဲရသည်။

ဒါမျိုး ချရေးထားလျှင် ကိုယ့်လူနာ ကိုယ်ပြန်ကြည့်လဲ ဪဒါကြောင့် ငါဒီလိုဆုံးဖြတ်တာကိုးဟု ပြန်မှတ်မိသလို တခြားဆရာဝန်က ကိုယ့်စာအုပ်ယူကြည့်လျှင်လဲ ဪဒါကြောင့် သူဒီလိုဆုံးဖြတ်တာကိုးဟု နားလည်နိုင်ပေမည်။

လူသည် ခြေနှစ်ချောင်းသာပါသည်။ ငွေသည် ခြေလေးချောင်းရှိသည်။ လူက ငွေနောက်လိုက်သော် ဖတ်ဖတ်မော၍ မမှီနိုင်။ ကိုယ်က နာမည်ကောင်း တခု တည်ဆောက်နိုင်၍ ငွေက ကိုယ့်နောက်လိုက်လာပါက ငွေက ခြေလေးချောင်းရှိ၍ ကိုယ်က ပြေး၍တောင် မလွတ်ပါ။

လူနာကို ကိုယ်စဉ်းစားနေတာ ရှင်းပြပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်တဲ့သူတွေတော့ဖြင့် မသိ။ ကျွန်တော်ကတော့ လူနာနှင့်ပက်သက်ပြီး ကျွန်တော် ဘာတွေ ဘယ်လိုစဉ်းစားနေသည်၊ ဘာကြောင့် ဒီလိုစဉ်းစားနေတယ်ဟု စိတ်ထဲရှိသည့်အတိုင်း ပြောထုတ်လိုက်သည်သာ။

သာမန် လုပ်ရိုးလုပ်စဉ် အသေးစားခွဲစိတ်မှုများအတွက် လူနာနှင့် မပြောဖြစ်တာများသော်လဲ ကင်ဆာလို အကြီးစားခွဲစိတ်မှုများဆိုလျှင် ကျွန်တော် ဘာစဉ်းစားနေလဲ လူနာကို ပြောပြဖြစ်တာများသည်။

ဥပမာ လူနာတွင် သာမန်နှင့်မတူသော ကိစ္စတခုဖြစ်ပါက ကျွန်တော် ဘာကို စဉ်းစားနေကြာင်း၊ ဘာကို စိတ်ပူနေကြောင်း ပြောပြဖြစ်သည်။ ဘာကို စောင့်ကြည့်မည်၊ ဘာတွေ ဖြစ်နိုင်သည် ပြောပြထားလိုက်သည်။

ဤနည်းသည် အများအားဖြင့် လူနာနှင့် ဆရာဝန်ကြား ဆက်ဆံရေးတွင် အလုပ်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ လူနာဖက်က ကျွန်တော် ဘာစဉ်းစားနေကြောင်း ၊ ကျွန်တော်ဘာကို စိုးရိမ်နေကြောင်း၊ ကျွန်တော် ဘာကိုစောင့်ကြည့်၍ ဘယ်လိုစခန်းသွားမည်ဖြစ်ကြောင်းကို နေ့တိုင်း round တိုင်း သူတို့လဲ သဘောပေါက်နေလေသည်။

တခါတလေ လူနာက စိတ်ပူနေပြီး ကျွန်တော် မပူနေသော ကိစ္စများလဲရှိရာ ကျွန်တော်က မပူရင်လဲ မပူနေကြာင်းပြောတော့ သူတို့ စိတ်အေးရတာပေါ့။

တချို့ဆရာဝန်တွေကျ သူတို့ရင်ထဲက စိတ်ပူနေပြီး လူနာကိုကျ ကောင်းသွားမှာပါ ကောင်းသွားမှာပါနှင့် အားပေးရင်း
တကယ်ကောင်းသွားလျှင် မထောင်းသာသော်လဲ လူနာကဆိုးလာသော် လူနာဖက်က ပြောတော့ကောင်းသွားမှာပါ၊ ခုကျမကောင်းဘူး၊ ဆရာဝန်ဖက်က ဖုံးကွယ်တယ်၊ ညာတယ် ဆိုတဲ့ သဘောမျိုးသက်ရောက်ပြီး ဆိုရှယ်မီဒီယာပေါ်ရောက်တော့ ဆရာဝန်က ညာတယ် ဖြစ်သွားလေတော့သည်။

ကျွန်တော့်မူကတော့ ကျွန်တော်နေ့စဉ် လူနာနှင့်ပက်သက်ပြီး
စဉ်းစားနေသမျှ ကောင်းလျှင်ကောင်းကြောင်း၊ မကောင်းလျှင် မကောင်းကြောင်း၊ ဘယ်နေ့ကျော်လောက်မှ စိတ်ချရမည် စသဖြင့် အမှန်တွေချည်းတုတ်သဖြင့် လူနာအနေဖြင့် အားလုံးကောင်းသွားမှာပါဟူသော အလွန်အကျွံ ဂတိပေးအားပေးမှုမျိုး ကျွန်တော့်ဆီက ကြားရမည်မဟုတ်သော်လဲ ကောင်းကျိုးအနေဖြင့် အဖြစ်မှန်အတိုင်း ကျွန်တော့်စိတ်ထဲ စဉ်းစားနေသမျှ ပူရင် ပူတဲ့အကြောင်း၊ အေးဆေးပဲဆိုလဲ အေးဆေးနေကြောင်း သိရပေမည်။

တခါတရံမှာ ဆရာဝန်က နေ့အလိုက် စိတ်ပူပြီးစောင့်ကြည့်နေတာတွေ ရှိသည်။ အဖြူ အမဲ မသဲကွဲသေးဘဲ မပြတ်မသား ဖြစ်နေလို့ တရက်တန်သည် နှစ်ရက်တန်သည် စောင့်ကြည့်ရမည့် အခြေအနေတွေရှိသည်။ မပြတ်သားသေးလျှင် မပြတ်သားသေးကြောင်း ပြောပြထားသင့်သည်။ တခါတလေ ဆရာဝန်က စောင့်ကြည့်နေသည်ကို လူနာဖက်က နားမလည် ရှင်းမပြထားသဖြင့် လူနာဖက်က ဆရာဝန်ကို ဘာမှမလုပ်ပေးဘူးဟု စွပ်စွဲတတ်သည်။ စွပ်စွဲမခံရအောင် စောင့်ကြည့်မည် မပြတ်သေး စသဖြင့် သေချာရှင်းလင်းထားခြင်းသည် နှစ်ဦးနှစ်ဖက်အတွက် ပို၍ကောင်းသည်။

ကိုယ့်ကိစ္စမဟုတ်ဘဲ အာမချောင်ခြင်းကကောင်း၏။
~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့်အတွေ့အကြုံအရ ကိစ္စအတော်များများသည် အာချောင်ခြင်း၊ တနည်း ပညာရပ်မဆန်သောမှတ်ချက်များပေးခြင်းသည်လဲ အဓိက အကြောင်းရင်း တခုဖြစ်သည်။

လူဟူသည် ပညာရပ်မျိုးစုံ မတတ်နိုင်။ ဆရာဝန်မှာလဲ အထူးကုပညာ အမျိုးမျိုးရှိရာ ကိုယ့်နဲ့ပက်သက်သည့် speciality ခေါ် သက်ဆိုင်ရာ အထူးပြုနယ်ပယ်မှာပဲ နေသင့်သည်။

တချို့တချို့သော ဆရာဝန် သူနာပြုများသည် ကိုယ့်ပညာရပ် မဟုတ်သည်ကို လူနာရှေ့တွင် အာချောင်တတ်ကြသည်။

ဥပမာ ။ ဟယ် ဒီလူနာက မခွဲသင့်ပါဘူးဟု အာချောင်ခြင်းမျိုး။ ဟယ် မခွဲသေးဘူးလားဟု အာချောင်ခြင်းမျိုး။ ဤ ကိစ္စသည် ခွဲစိတ်ဆရာဝန်၏ ကိစ္စဖြစ်သည်။ ကိုယ့် speciality မဟုတ်၊ ကိုယ်လဲ သေချာနားမလည်ပဲ အာချောင်ခြင်းမျိုးသည် ဆရာဝန်အချင်းချင်းကြား အထင်သေးစရာဖြစ်သလို လူနာအနေဖြင့်လဲ ယုံထင်ကြောင်ထင် ဖြစ်စေသည်။

ကျွန်တော် ဘယ်တော့မှ သူများ speciality အကြောင်း လူနာရှေ့တွင် မပြော။ သူတို့ပညာရပ်ကို ကိုယ်လဲ သေချာမသိပါဘဲ ဟိုဟိုဒီဒီပြောခြင်းသည် မသင့်တော်။

ဥပမာ။ ကျွန်တော်သည် ခွဲစိတ်ဆရာဝန်။ သွေးတိုး ဆီးချိုကို ကကြီးခခွေးလောက်ပဲ သိသည်။ အဲ့ မဖြစ်စလောက် အသိလေးဖြင့် သွေးတိုးဆီးချိုဆရာဝန်က ဘာဖြစ်တယ် ညာဖြစ်တယ် ကျွန်တော် မှတ်ချက်ပေးမှာမဟုတ်။ ဒါက သမားတော်တို့ ကိစ္စ။ ထို့အတူ အဆိုပါ သမားတော်တို့က ကျွန်တော်ခွဲတာ ဘာဖြစ်တယ် ညာဖြစ်တယ် လူနာရှေ့မှာပြောလျှင်လဲ ကျွန်တော်မကြိုက်ပေ။ လူနာတခုခု ပြဿနာရှိနေလို့ တခြားဆရာဝန်က ကျွန်တော့်ကို ဝေဖန်ခြင်း၊ အကြံပြုလိုခြင်းကို အချိန်မရွေး တံခါးဖွင့်ထားသော်လဲ ဆရာဝန်အချင်းချင်း ပြောရမည့် ကိစ္စကို လူနာရှေ့ ပါးစပ်စည်းကမ်းမရှိဘဲ ထင်ရာလျှောက်ပြောခြင်းသည် မလုပ်အပ်လို့ ကျွန်တော်ထင်သည်။

လူနာမသိအောင် ဆရာဝန်အချင်းချင်း ကြိတ်ပြီးလိမ်ကြဟေ့လို့ ပြောတာမဟုတ်ဘူးနော်။ ဆိုလိုချင်တာက ဆေးကုတယ်ဆိုတာ သူ့ speciality နဲ့သူ ပညာရပ်ကိစ္စ ပြတ်ပြတ်သားသားမဟုတ်ဘဲ ဟိုလိုလဲရ ၊ ဒီလိုလဲရ ဆိုတာမျိုးရှိသည်။ သက်ဆိုင်ရာ စပယ်ရှယ်လစ်က သူ့ကျွမ်းကျင်တဲ့ speciality ကိစ္စကို သေချာစဉ်းစားကုသထားတာကို ကိုယ်က inadequate knowledge ဖြင့် လူနာရှေ့ထင်ရာပြောခြင်းကို ရှောင်ရှားသင့်ကြောင်းသာ ဆိုလိုရင်း ဖြစ်သည်။
တချို့ ဆရာဝန်တို့သည် သေချာမစဉ်းစားဘဲ ပြောချင်ရာတွေ တောင်တောင်မြောက်မြောက် လျှောက်ပြောတတ်ရာ ဤကိစ္စသည် အထူးပင် နားလည်မှု လွဲနိုင်၍ သတိထားသင့်ပေသည်။

တချို့ ဆရာဝန်တို့သည် speciality ချင်းတူရင် ရှေ့လူကို ဖိဖိနှိပ်နှိပ် နာနာလေး နှက်ချင်တတ်၏။ ရှေ့ကဆရာဝန်ကုထားသမျှ အကုန် တလွဲချည်းပဲ။ ခုတော့ ငါ့ဆီရောက်လာတာ မင်းတော့ သကြားမင်းနဲ့ တွေ့ရသလို ကံကောင်းပြီမှတ်ဆိုသော စတိုင်မျိုးဖမ်းတတ်ကြသည်။ တကယ်ကတော့ နေရာဌာန ၊ ကျွမ်းကျင်မှုပေါ် မူတည်၍ ကွားခြားချက်ရှိနိုင်သော်လဲ ရှေ့ကလုပ်ထားတာ အကုန်တလွဲချည်းပဲ ဆိုတာမျိုးလောက်ကတော့ မပြောသင့်ပါ။ ဟိုး ချင်းပြည်က ဆရာဝန်က သူ့ရှိတဲ့ စက်ပစ္စည်းလေးနဲ့ ကြိုးကြိုးစားစား ရိုးရိုးသားသားလး ကုထားတယ်ဆိုရင်ဖြင့် ရန်ကုန်မြို့တော်မှ ဆရာကြီးတို့သည် ကျေးဇူးတောင် တင်သင့်သေးသည် မဟုတ်ပါလား။
နှုတ်ကို စောင့်စည်းသင့်ပေသည်။ အချင်းချင်း လေးစားသမှုနဲ့ လူနာကိုလဲ ဟုတ်တိုင်းမှန်ရာ ပညာရပ် မျက်စိဖြင့်သာ ပြောသင့်ပေသည်။

Complication ရရာမှ negligence မဖြစ်စေသင့်။
~~~~~~~~~~~~~~~~~~~~~~~~~~~~

Complication ဆိုသည်မှာ ရောဂါကုသမှု၏ နောက်ဆက်တွဲ အကျိုးဆက် ပြဿနာများဖြစ်သည်။ ခွဲတာပဲဖြစ်ဖြစ် ဆေးပဲသောက်သောက်၊ ဘာပဲ ကုကု complication သည် ရတတ်၏။ ရနိုင်၏။ ဒါသည် လူနာဖက်က သဘာတူကြောင်း လက်မှတ်ထိုးထားပြီး consent ယူပြီးဖြစ်၏။

ဥပမာ၊ အူမကြီးမှန်ပြောင်းကြည့်သည်။ အူပေါက်သွားသည်။ဤသည်မှာ complication ဖြစ်၏။ ဥပမာ အူပြန်ဆက်ရာ leak ခေါ် ယိုစိမ့်မှုဖြစ်၍ ပြန်ခွဲရသည်။ ဤသည်မှာလဲ complication ပင်ဖြစ်၏။

ဆေးလောကမှာ complication ပေါင်းစုံရှိ၍ complication ကို ဆရာဝန်ရော လူနာဖက်ကပါ လက်ခံသဘောတူ၍ ဆေးကုကြခြင်းဖြစ်သည်။

လူနာ ၁၀၀% ကောင်းရပါစေမည်ဟူ၍ ဘယ်ဆရာဝန်စစ်စစ်ကမှ အာမခံမည် မဟုတ်ပေ။

သို့သော် complication rate ထဲမှာတော့ ရှိရပေမည်။ ဥပမာ အူမကြီးမှန်ပြောင်းကြည့်သည်။ လူ ၁၀၀၀ မှာ တစ်ယောက် အူပေါက်တတ်သည်။ သို့သော် ထိုဆရာဝန်သည် ၁၀၀ ကြည့် ၃ ယောက်ပေါက်နေပါက သူ၏ complication rate သည် ပုံမှန်ထက်များနေ၍ ဆေးကောင်စီက သူ့ကို သင်တန်းပြန်ပေးရန်လိုသည်။ နောက်တခုက ဆရာကြီးဦးဇော်ဝင်း ပြောသလို မင်းတို့ကောင်တွေ ဆေးစာအုပ်ထဲပါသမျှ complication အကုန်ဖြစ်လို့ရတယ်။ စာအုပ်ထဲ မပါတဲ့ complication မရစေနဲ့ ဆိုသလို ဘယ်လိုမှ မဖြစ်နိုင်တဲ့ အထူးအဆန်းကြီးတွေ ကိုယ့်ကြောင့် မရဖို့တော့ လိုတာပေါ့လေ။

သဘောက complication သည် ပြဿနာ မဟုတ်သေး။

Complication တခု ရပါက ထို complication မှသည် မှန်မှန်ကန်ကန်ရုန်းထွက်နိုင်ရေးအတွက် စနစ်တကျ အချိန်နှင့် တပြေးညီ ဆုံးဖြတ်လုပ်ကိုင်နိုင်ရေး၊ အချိန်မဆွဲရေး၊ ပိုမို ကျွမ်းကျင်သူဆီပို့နိုင်ရေး၊ လူနာကို ရှင်းပြထားနိုင်မှုတို့သည် အရေးကြီးသည်။ complication ရတာကို မသိခြင်း၊ ရှောင်လွဲခြင်း၊ ငြင်းဆန်ခြင်း၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်မှ complication မှသည် ပေါ့လျာ့မှု negligence အဖြစ် ပြောင်းလဲလာပြီး အဲ့ ဆရာဝန်ဒုက္ခရောက်ခြင်းပေတည်း။

Complication ရသည်၊ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ပါလျက် လူနာအသက်မရှင်ခဲ့သော် ဒါသည် ဖြေရှင်းလို့ရသည်။ အသက်ရှင်ကို ရှင်ရပါမည်ဟူ၍ကား ဘယ်ဆရာဝန်ကမှ ကမ္ဘာ့ဘယ်နေရာမှာမှ အာမခံချက်မပေးနိုင်ပေ။ ရှိသည့် စက်ပစ္စည်း၊ ရှိသည့် ကျွမ်းကျင်မှုဖြင့် အကောင်းဆုံးလုပ်ပေးရန်ကား ဆရာဝန်တွင် တာဝန်ရှိပါသည်။ အမေရိကား က အကောင်းဆုံးနှင့် မြန်မာပြည်က အကောင်းဆုံးကတော့ ကွာခြားမှု ရှိနိုင်တာပေါ့လေ။

Complication ရပြီး ဆက်တိုက် အမှားများ ကျူးလွန်လာပါက ပြဿနာရှိပေသည်။

လူနာသေဆုံးမှုသည် single factor failure ထက် series of failure များကြောင့် ဖြစ်နိုင်သည်ကို ဆရာဝန်များ သတိပြုရမည် ဖြစ်သည်။

ပညာရပ် မဆန်သော စကားတို့ကို ပြောခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~

တချို့သော ဆရာဝန်တို့၏ ပြဿနာမှာကား ပညာရပ် ကိစ္စမဟုတ်ဘဲ သာမန်အပေါက်ဆိုးမှုမှသည် အရာရာအဆင်မပြေဖြစ်နေခြင်းကိုလဲ မြန်မာပြည်တွင် အတွေ့ရများသည်။ ဆရာဝန် လူနာ အချိုး မမျှခြင်းကြောင့် အလုပ်ဝန်ပိကာ ဆရာဝန်တို့ ပင်ပန်းနွယ်နမ်နေကြသည်သာ များလေသည်။ ထိုအခါ အပြောအဆိုမတတ်သော လူနာတို့ကို ကိုယ့်ရှိသမျှ ဒေါသတို့ ဖွင့်ထုတ်ခြင်း၊ ဆေးရုံပတ်ဝန်းကျင်ဖြစ်၍ ကိုယ်က အနိုင်ယူခြင်း၊ လူနာကို ဆူပူခြင်း၊ လူနာနှင့် ပြိုင်ငြင်းခြင်း၊ လူနာကို ပညာရပ်မဆန် ရပ်ကွက်ဆန်သော စကားတို့ ပြောမိခြင်းကြောင့် ဘာမဟုတ်တာလေးတွေကနေ အဆင်မပြေဖြစ်ကာ အမှိုက်ကစ ပြဿဒ်ကလဲ မီးလောင်တတ်သေးသည်။ စျေးရောင်းသလို ချိုသာနေရမည် မဆိုလိုသော်လဲ ချိုသာပြုံရွှင်လျှင်ကား အကောင်းဆုံး၊ မပြုံးရွှင်နိုင်လျှင်မှ ချိုသာလျှင်ကောင်း၊ မချိုနိုင်တောင် ပညာရပ်ဆန်သော ဆွေးနွေးကုသမှုကတော့ ရှိရပေမည်။ အော်ဟစ်ငေါက်ငမ်း မာန်မဲခြင်းကား ကိုယ်လဲ မသာယာ၊ သူလဲ အဆင်မပြေ၊ အားလုံး အမင်္ဂလာဖြစ်ကာ ဘာမှကို အဆင်မပြေတော့ပေ။

ဒီနေရာကနေ ကျွန်တော့် ဆရာတစ်ယောက်ပြောတာ ပြောရင်း ဆရာဝန်အပေါင်းတို့အား GP ကောင်းနည်း မျှဝေရအုန်းမည်။

Singapore General Hospital မှာ အလုပ်လုပ်နေချိန် နေ့လည်စာ စားကြရင်း ကျွန်တော့် consultant ဖြစ်သူ မစ္စတာ ကမ်မင်ဟမ်းက ဟေ့ရောင် မျိုး၊ မင်း ဘာလုပ်ရင် စင်္ကာပူမှာ လူနာများလဲ သိလားတဲ့။

ကျွန်တော်ကတော့ ချက်ချင်း ဘာဖြေရမည် မသိ။ သူက ဆက်ပြောသည်မှာကား

ပထမ အချက်၊ မင်းတကယ် ခွဲတတ်ရမယ်။ မခွဲတတ်ဘဲ မင်းလူနာ မများနိုင်ဘူးတဲ့။

ဒုတိယ အချက်၊ မင်း လူနာနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းရမယ်၊ လူနာ နားလည်အောင် ကျေကျေလည်လည် ပြေပြေပစ်ပစ် မင်းရှင်းပြနိုင်ရမယ်။

စလုံးမှာ ခွဲတာ လက်တကယ်ကောင်းပြီး တော်ကီမကောင်းလို့ လူနာမရသူတွေ အများကြီး။ အဲ တော်ကီကတော့ အရမ်းကောင်းပါရဲ့၊ မင်းတကယ် မခွဲတတ်ရင်လဲ ငါတို့ခွဲစိတ်ဆရာဝန်ဆိုတာက မင်းလိမ်လို့မရဘူး။ မခွဲတတ်ရင် ဖောရှောလုပ်လို့မရဘူး။ တိုင်ပတ်မယ်တဲ့။ စလုံးမှာ ဖောရှောနဲ့ပဲ တိုင်ပတ်နေတဲ့ ဆရာဝန်တွေလဲ ရှိတာပဲတဲ့။

တတိယအချက်၊ u must have a lot of friends တဲ့။ မင်းမှာ မိတ်ဆွေသူငယ်ချင်း အများကြီး ရှိရမယ်ပေါ့။


31/10/2025

Robotic surgery လို့ခေါ်တဲ့ စက်ရုပ်အသုံးပြုခွဲစိတ်ခြင်း
# # # # # # # # # # # # # # # # # # # # # # # # # # #

Robotic surgery ကို မြန်မာလို ဘာသာပြန်ကြသည်မှာကား စက်ရုပ်ဖြင့် ခွဲစိတ်ခြင်းဟူ၍ ဖြစ်ပေသည်။

အဲ့တာကြီးက တော်တော်နားလည်ရခက်သည်ဟု ထင်သည်။ ရုတ်တရက် နားလည်ရသော် ရုပ်ရှင်ထဲကလို စက်ရုပ်ကြီးကပဲ လူနာကို အော်တိုမစ်တစ် တက်ခွဲသလိုလိုထင်ရသည်။ စက်ရုပ်က ဘယ်လို ခွဲစိတ်ပညာတွေ တတ်လာလို့လဲထင်စရာရှိသည်။ ဒါမှမဟုတ် အူမကြီးကင်ဆာကို ခွဲစမ်းကွာလို့ စက်ရုပ်ထဲ ပရိုဂရမ်တွေ ထည့်လိုက်တာလား။ ဒါလဲ မဟုတ်သေးပါ။ လူအပုအရှည် အပိန်အဝ ရောဂါအကြီးအသေးကို စက်ရုပ်က ဘယ်လို နားလည်ချင့်ချိန်ပြီး ခွဲတတ်မလဲ။ အတော် နားလည်ရခက်သော စက်ရုပ်ဖြင့် ခွဲစိတ်ခြင်းဆိုသော ဝေါဟာရပေတည်း။

ရှင်းအောင် ပြောရမည်ဆိုလျှင်ဖြင့် စက်ရုပ်ဖြင့်ခွဲစိတ်ခြင်း ( Robotic Surgery) ဆိုသည်မှာ စက်ရုပ်ကခွဲတာမဟုတ်၊ ခွဲစိတ်ဆရာဝန်က ခွဲတာပါပဲ။

ငင် ။ ဒါဆို ဘာလို့စက်ရုပ်က ခွဲတယ်ပြောလဲဆိုလျှင်ဖြင့် သာမန်လုပ်ရိုးလုပ်စဉ်ဆိုလျှင် ခွဲစိတ်ဆရာဝန်က လူနာကို ဗိုက်ဖွင့်၍ ဓါးတွေ ကတ်ကြေးတွေ စက်တွေနှင့် ခွဲသည်မဟုတ်ပါလော။ ဒါတော့ လူတိုင်း နာလည်ပြီး ဖြစ်သည်။ ဒါကို conventional surgery ( သို့) open surgery လို့ ခေါ်သည်။

ဟော မှန်ပြောင်းသုံးပြီးခွဲတဲ့နည်း ( laparoscopic surgery) နည်းကျတော့ ဗိုက်ကို ဓါးကြီးနှင့် မခွဲတော့။ key hole ဟုခေါ်သည့် အပေါက်သေးသေးလေးများဖေါက်ကာ ထိုအပေါက်လေးကတဆင့် ဗိုက်ထဲကို ကင်မရာထည့်ကာ ခွဲစိတ်ဆရာဝန်က ကင်မရာကပြသည့် ရုပ်ပုံကို တယ်လီဗီးရှင်းပေါ်တွင်ကြည့်ကာ ခွဲစိတ်ခြင်းဖြစ်သည်။ ( ဒီအကြောင်း အသေးစိတ်ကျွန်တော်ရေးပြီးဖြစ်သည်။ ကျွန်တော့ page တွင် ပြန်ရှာ၍ ဖတ်နိုင်ပါသည်။)

Laparoscopic Surgery ခေါ် မှန်ပြောင်းအသုံးပြုခွဲစိတ်ခြင်းသည် ယခုလက်ရှိ ကမ္ဘာပေါ်တွင် အလုပ်အများဆုံးနည်းဖြစ်သည်။ open surgery နည်းကို သိပ်မလုပ်ကြတော့။

အဘယ်ကြောင့်ဆိုသော် Laparoscopic surgery နည်းသည် လူနာ နလန်ထ အလွန်မြန်သည်။ နာကျင်မှု အတော်သက်သာသည်။ ဗိုက်မှာ ဗိုက်ခွဲထားသည့် ခွဲကြောင်းအကြီးကြီးမရှိ၊ ထို့ကြောင့် အလှမပျက်။ လူနာ ဆေးရုံတွင်နေရမည့်ရက် hospital stay သက်သာသည်။ လူနာအနေဖြင့် ခွဲစိတ်ပြီး မြန်မြန်လုပ်ငန်းခွင် ပြန်ဝင်နိုင်သည်။ ထို့ကြောင့် တကမ္ဘာလုံးက ဒီနည်းကိုပဲ အသုံးပြုကြတာများသည်။

ဤ laparoscopic နည်းသည် လူနာအတွက် အလွန်ကောင်းသော်ငြား ခွဲစိတ်ဆရာဝန်များအတွက်ကျ တယ်မသက်သာလှပေ။ တကယ့် အူတွေ၊ ကလီဇာတွေကို မကြည့်ရဘဲ တီဗီကြီးကို ကြည့်၍ ခွဲရခြင်းဖြစ်ရာ 3D ခေါ် သုံးဖက် အပြည့်မမြင်ရချေ။ 2 D သာ မြင်ရသည့် သဘော။ တီဗီကြည့်ပြီးခွဲရခြင်း ဖြစ်သောကြောင့် ခွဲစိတ်ဆရာဝန်က eye strain ခေါ် မျက်စိငြောင်းသည်။ ဆရာဝန်သည် open surgery လို လူနာဗိုက်ထဲ လက်မဝင်ရဘဲ အပေါက်ကလေးများမှတဆင့် ခွဲရလေရာ ergonomic ခေါ် ဆရာဝန်၏ ပုံပန်းသဏ္ဍာန်မှာ ခေါင်းမော့နေရသည်များ၊ လက်မြှောက်ထားရသည်များ၊ ခါးလိမ်နေရသည်များ၊ လက်ကောက်ဝတ်လိမ်နေရသည်များ စသည့် ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားများကြောင့် ဆရာဝန်များအတွက် laparoscopic surgery သည် open ထက် ပို၍ ပင်ပန်းလေသည်။ laparoscopic surgery သည် အများအားဖြင့် open surgery ထက်ပို၍ အချိန်ကြာလေ့ရှိရာ အချိန်အကြာကြီး တီဗီကြည့်ပြီး ကိုယ်နေဟန်ထား မမှန်စွာခွဲစိတ်ရခြင်းကြောင့် ခွဲစိတ်ဆရာဝန်များအတွက် ပင်ပန်းဆင်းရဲခြင်းကား အမှန်ပင်။ မျက်စိညောင်း၊ ခါးနာသည်။ အသက်ကြီးလာလျှင် ဆရာဝန်က ဒီဒဏ်တွေ ခံရမည်ဖြစ်သည်။

အဲ့တော့ သိပ္ပံပညာရှင်တို့နှင့် ဆရာဝန်တို့ ပူးပေါင်းကာ ဘာများအသစ်ထွင်ရကောင်းမလဲ စဉ်းစားလာရာ ဒို့တွေ robot စက်ရုပ်ကြီးလုပ်ရရင် နိပ်လောက်ပဟ ဟူ၍ အကြံရလေတော့သည်။

၁၉၄၀ လောက်က အမေရိကန်တို့ အနူမြူဗုံး တီထွင်ရာတွင် ရေဒီယိုသတ္တိကြွပစ္စည်းများကို လူကို မကိုင်ခိုင်းဘဲ စက်ရုပ်လက်တံများဖြင့် လူက ထိမ်းချုပ်ကာ ကိုင်တွယ်ခဲ့ကြဖူးသည်။ ဟော လကမ္ဘာပေါ်တက်တော့လဲ NASA အဖွဲ့အစည်းက လပေါ်တွင် စက်ရုပ်ကားလေးကိုမောင်းကာ လူက ဤကမ္ဘာမြေပေါ်မှပင် ထိမ်းချုပ်ကိုင်တွယ်ခဲ့ဘူးသည် မဟုတ်ပါလား။

အမေရိကန်တို့ အာဖကန်တွင် စစ်ဖြစ်တော့ ဒီ စက်ရုပ်ကိစ္စကို ပိုပြီး အာရုံရလာပြန်သည်။ အာဖကန်စစ်ပွဲအတွင်း ဒဏ်ရာရသော အမေရိကန်စစ်သားများကို ခွဲစိတ်ရန် အာဖကန်စစ်မြေပြင်တွင် ကျွမ်းကျင်ခွဲစိတ်ဆရာဝန်များ အပြည့်အစုံမပို့နိုင်။ အမေရိကားက အတော်ဆုံးဆရာဝန်များက အမေရိကန်မှာပင်နေပြီး အာဖကန်မှ ဒဏ်ရာရ စစ်သည်ကို robot နည်းပညာဖြင့် ခွဲရသော် ကောင်းလိမ့်မည် သဘောရကာ ဆက်ပြီးသုတေသန တီထွင်မှုများလုပ်ကြလေတော့သည်။

ဤသို့ဖြင့် လူကြံလျှင် ဘာခံနိုင်မလဲဟူသောမူအရ da Vinci ( ဒါဗင်ချီ) ဟုခေါ်သော ခွဲစိတ်စက်ရုပ်သည် ၂၀၀၀ ခုနှစ်တွင် ပီပီပြင်ပြင် လောက်လောက်လားလား စျေးကွက်အတွင်း ရောက်ရှိလာခဲ့တော့သည်။ အမေရိကန် FDA အဖွဲ့အစည်းကလဲ ဤစက်ရုပ်သည်ကား လူနာကိုခွဲရန် အန္တရာယ်ကင်းပါပေသည်ဟု အသိအမှတ်ပြုလိုက်လေသည်။

da Vinci မော်ဒယ်တွေ တခုပြီးတခု ပေါ်ထွက်လာရာ ကျွန်တော် ထို ဒါဗင်ချီမော်ဒယ် စက်ရုပ်ကို စပြီး ထိတွေ့သိမြင်ရသည်ကား ၂၀၁၃ ကျွန်တော် Singapore General Hospital တွင် colorectal fellowship အနေဖြင့် ရောက်ရှိလာသောအခါ စင်ကာပူမှ အူမကြီးခွဲစိတ်ဆရာဝန်တို့သည် da Vinci S2 မော်ဒယ်ကို အသုံးပြု၍ နေကြပေပြီ။ ထိုစဉ်က ခေတ်အမှီဆုံး စက်ရုပ်ပေတည်း။

သို့သော် သူတို့တောင် နေ့စဉ်ဒါကြီး မသုံးနိုင်၊ စျေးကြီးသည်။ ဒါကြီးဖြင့် ခွဲလိုပါက လူနာက ဒေါ်လာ ၂ သောင်းမှ ၄ သောင်းလောက်အထိ အပိုထပ်မံကုန်ကျမည် ဖြစ်သည်။ ဆရာဝန်တိုင်းကိုလဲ အဲ့ da Vinci ပေးမခွဲချေ။ ကျွန်တော် ကံကောင်းပြီး ဒီ robotic surgery အတွေ့အကြုံရခဲ့သည်ကား အဲ့တုန်းက robot မှာ ဆရာကြီးဖြစ်သည့် Dr Ng Chee Yung နှင့် ကျွန်တော်သည် တဦးမေတ္တာ တဦးမှာ အတော် အလွမ်းသင့်ခဲ့ကြရာ သူက robot ခွဲတိုင်း ကျွန်တောိ့ကို သူ့လက်ထောက်တစ်ယောက်အနေဖြင့် ပါဝင်ခွင့်ပေးခြင်း၊ တခါတလေ မပါရသည့်တိုင် assistant console လို့ခေါ်သည့် robot မှ အမြဲ လေ့လာထိတွေ့ခွင့်ရခဲ့ခြင်းပေတည်း။

အဲ့တုန်းကတော့ robot နဲ့ခွဲရင် ပိုကြာသဗျ။ da Vinci S2 သည် docking ခေါ် နေရာချထားခြင်းမှာ ပညာပါ၍ အချိန်နည်းနည်းယူရသည်။ ယခုခေတ် da Vinci Xi ကျ တော်တော်မြန်သွားပေပြီ။ ယခုနောက်ဆုံး da Vinci 5 က လေဆာဖြင့် docking လုပ်နိုင်၍ ပိုမြန် ပိုမိုက်သည်ဟု စာထဲတွင်ဖတ်ရသည်။ ကျွန်တော် မမြင်ဖူးသေးပေ။ ခုမှ စထွက်တာ။ အာရှတိုက်ကိုတောင် တလုံးမှ ရောက်သေးပုံ မရချေ။ အသုံးများသည်မှာ da Vinci Xi သာဖြစ်၏။

Robot သည် ခွဲစိတ်ဆရာဝန် လက်လှုပ်ရှားမှုအတိုင်း robotic arm တွေက လှုပ်ရှားခွဲစိတ်ပေးသည်။ ကင်မရာစနစ်တွေ အလွန်ကောင်းမွန်ပြီး 3D တွေ ဖြစ်ကုန်သည်။ magnification ခေါ် ပုံကြီးချဲ့ထားရာ သွေးကြောသေးသေးလေးတွေ၊ အာရုံကြောသေးသေးလေးတွေကအစ ပြူးပြဲနေအောင် မြင်ရသဖြင့် အာရုံကြောထိခိုက်မှုများကို ရှောင်ရှားနိုင်ပေသည်။

Laparoscopic surgery တုန်းကလို ဆရာဝန်က မပင်ပန်းတော့ချေ။ ခွဲစိတ်မည့်ဆရာဝန်က robot စက်ကို လူနာတွင် docking လုပ်( ဗိုက်တွင် laparoscopic surgery လိုပင် အပေါက်ဖေါက်ရသည်) ၊ စက်ရုပ်၏ ကင်မရာကို ရေရာချ၊ စက်ရုပ်လက်တံများ ( robotic arm) များကို နေရာချပြီးသည်နှင့် အေးဆေးထိုင်ပြီး ခွဲရုံပဲ။ လက်ဆေးရန်မလို၊ ခွဲစိတ်ဝတ်ရုံလဲ ဝတ်ရန်မလိုပေ။ မလိုဆို ဆရာဝန်က လူနာကို တိုက်ရိုက်မှ ထိစရာမလိုပဲကိုး။ နေရာချထားပေးသည့် robotic arm များကသာ ခွဲစိတ်ဆရာဝန် ခိုင်းသည့် လှုပ်ရှားမှုအတိုင်း လုပ်ဆောင်ပေးမည်ဖြစ်ပြီး ခွဲစိတ်ဆရာဝန်က ခုံလေးမှာထိုင်ကာ 3D အမြင်ဖြင့် သာသာယာယာလေး ခွဲရုံသာ။ မျက်စိတော့ နည်းနည်းညောင်းနိုင်သော်လဲ laparoscopic လောက်တော့ မဆိုး။ ခုံနဲ့ထိုင်ပြီး သာသာယာယာ မညောင်းမညာ ခွဲရသည်။ robot ရဲ့ endo wrist သည် လူ၏လက်ထက်ပို၍ 360 လှည့်နိုင်ရာ ဂျောင်ဂလောင် နေရာများကို နှိုက်ရခွဲရတာ robot က သာသည်။

မသာသည်ကား စျေးဖြစ်သည်။ robotic surgery သည် မြန်မာမပြောနဲ့ ၊ စလုံးလို နိုင်ငံသားတွေအဖို့တောင် စျေးက ခေါင်ခိုက်နေသည်။ အာဆီယံတွင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ တီမော အဆင်းရဲဆုံး ၄ နိုင်ငံမှာ robotic surgery မစနိုင်သေး။ da Vinci လဲ မရှိသေး။ ကျန်တဲ့ နိုင်ငံတွေအားလုံးမှာ da Vinci တွေ ကိုယ်စီ ရှိကြသည်။

ထိုသို့ da Vinci တွေကိုယ်စီရှိကြပြီး ခွဲတော့ ခွဲနေကြသော်လဲ စျေးကြီးခြင်းဟူသော ပြဿနာကို ကြိုးစားအဖြေရှာနေကြတုန်းပင်။ ကျွန်တော် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှ မိတ်ဆွေ အူမကြီးခွဲစိတ်ဆရာတို့နှင့် စကားပြောမိတိုင်း သူတို့လဲ robot ကြီးနဲ့ ရုန်းကန်နေရတုန်းပဲ။ ခွဲရတာက robot က မခက်ပေ။ Laparoscopic surgery ထက်တောင် လွယ်ပေသေးသည်။ ပြဿနာက ပိုက်ဆံ။ သူတို့နိုင်ငံက လူနာအများစုမှာလဲ robot ဖိုး မတတ်နိုင်ကြတာများသဖြင့် ဆင်ကြီးဝယ်ပြီး ချွန်းဖိုးခက်နေကြတာများသည် ဟူ၏။ robot စက်ရုပ် ဒါဗင်ချီကြီးမှာ နေ့တိုင်း မလှုပ်ရှားရဘဲ ချောင်ထဲမှာ စောင်ခြုံပြီး အိပ်နေရတာက များနေခြင်းပင်။

လူနာအတွက် စဉ်းစားရင်ကျတော့လဲ laparoscopic surgery နဲ့တင် အိုကေစိုပြေနေပြီလေ။ စျေးကြီးတဲ့ ဒါဗင်ချီစက်ကြီး က သိပ်မလိုချေတကား။

ခွဲစိတ်ဆရာဝန်တွေကျတော့လဲ အမေရိကားမှာ ဒီလောက် ဒါဗင်ချီနေတာ။ သူတို့က အူအတက်ခွဲတာတောင် ဒါဗင်ချီနေတာ၊ ဒို့လဲ ဒါဗင်ချီကြီး ရှိပါလျက် လက်စွမ်းပြချင်ကြသပေါ့။

ကျွန်တော် ဒေါက်တာမျိုး တကောင်လဲ နိုင်ငံခြားက ဆရာဝန်တွေနဲ့ robot အကြောင်းပြောတိုင်း မျက်နှာငယ်ရတဲ့ဘဝ ကနေ ကျွတ်ချင်တာပေါ့။ ငါလဲ robot ချင်တယ်ဟု အခါအခွင့်သင့်တိုင်း robot ရူး ရူးနေလေ၏။

အမေရိကန် ဒါဗင်ချီ မတတ်နိုင်လျှင် အဲ့တာနဲ့ဆင်တူတဲ့ စိန ဒါဗင်ချီကို စဉ်းစား၏။ စီန ဒါဗင်ချီကား MicroPort ဟု အမည်ပေးထား၏။ ဒါလဲ ဒါဗင်ချီနဲ့ ချွတ်စွတ်ပင်။ စိန ထုံးစံအတိုင်း စျေးသက်သာလေသည်။

ဒီတပတ်အတွင်း အခွင့်အရေးရသည်နှင့် ရုတ်ချည်းပင် တရုတ်ပြည်သွားကာ MicroPort ခေါ် တရုတ်မ ဒါဗင်ချီ လေးကို သွားကလိလေတော့သည်။ ကောင်းသဗျာ။ မိုက်၏။

မိုက်သော်လဲ ဒေါက်တာမျိုးတစ်ယောက်ခမြာ ယခုအထိ ဝယ်ပေးမည့် ဆေးရုံ မရှိသေးသဖြင့် စိတ်ကူးယဉ် Robotic Surgeon ဘဝ မှတော့ အဆင့်မတက်ရသေးပေ။

အမေရိကန်မလေး ဒါဗင်ချီနှင့် ကံဆုံညားဖို့ကားအတော် ခက်ခဲမည် ထင်မိသည်။ စျေးကိုင်တာက တကြောင်း၊ ဘကြီး ထရန့်က သဘောတူမည် မထင်တာကလဲ တကြောင်းတည်း။

တရုတ်မလေး MicroPort နဲ့ တွေ့ရဖို့ အခွင့်အလမ်းကား ပို၍များနိုင်ပေမည်။

လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဆိုသလို တနေ့တလံ da Vinci အမေရိကန်မလေးပဲ ဖြစ်ဖြစ်၊ MicroPort တရုတ်မလေးပဲ ဖြစ်ဖြစ် ဒေါက်တာမျိုး ဆီ မရောက်လာဘူးလဲ မပြောနိုင်သေးဘူး မဟုတ်ပါလားဗျာ။




#စက်ရုပ်နဲ့ခွဲစိတ်ခြင်း

Follower 100 k ပြည့် အမှတ်တရ~~~~~~~~~~~~~~~~~~~~~~~ကျွန်တော်ရဲ့ page လေး တည်ထောင်ပြီး စာလေးတွေ ရေးဖြစ်တာ ၅ နှစ်...
26/10/2025

Follower 100 k ပြည့် အမှတ်တရ
~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်ရဲ့ page လေး တည်ထောင်ပြီး စာလေးတွေ ရေးဖြစ်တာ ၅ နှစ် ကျော်လေပြီ။ အတိအကျဆိုရပါမူ မေလ ၂၉ ရက်နေ့ ၂၀၂၀ က စတာဆိုတော့ ၅ နှစ်နဲ့ ၅ လ ပေါ့လေ။

ကျွန်တော့်တသက် စာရေးမယ်လဲ စိတ်မကူးခဲ့ပါ။ ရေးဖြစ်မယ်လဲ တခါမှ မထင်ခဲ့ဘူးပါ။ လောကကြီးက တခါတလေ မတွေးထားတာတွေလဲ ဖြစ်တတ်တော့ ကျွန်တော်လဲ စာရေးဖြစ်သွားတာ ဖြစ်မယ်နော်။

စာစရေးတာက ကိုဗစ်က စသည်။ ကိုဗစ်ဖြစ်တော့ ဆေးခန်းတွေပိတ်၊ ဆေးရုံတွေ လျှော့ချ၊ ခွဲစရာလူနာတွေလဲ အားလုံးနောက်ဆုတ်ဖြစ်ကုန်ကြရာ ကျွန်တော်မှာ အားနေတော့သည်။

အချိန် အားနေ အလကားမနေတတ်သော ကျွန်တော်သည် တောင်တောင်အီအီလျှောက်စဉ်းစားရာမှ Facebook တွင် ထွေရာလေးပါးလျှောက်ရေးရရင် အပျင်းလဲပြေ၊ သူများတွေလဲ ဗဟုသုတရမည် စဉ်းစားမိလေသည်။ သို့သော် page ကို မထောင်တတ်၊ ထောင်ရကောင်းမှန်းလဲ မသိ။ ဘာလုပ်သလဲဆိုတော့ Facebook account တခုကို Drmyo နာမည်နှင့် အသစ်ဖွင့်ကာ ဆရာဝန်ဘဝ စိတ်လှုပ်ရှားစရာ မှုခင်းလူနာတွေနဲ့ တွေ့ရပုံကို အပိုင်း ၄ ခု ရေးပြီး တင်လိုက်လေတော့သည်။ Page မထောင်တတ်သဖြင့် ရိုးရိုး account နှင့်ပင် public ဖွင့်ပြီးတင်လိုက်ရာ လူတွေ၏ အားပေးခြင်းတော့ အတန်အသင့် ခံရလေသည်။ အားပေးခံရ၍ ပျော်နေတုန်း Facebook က ကျွန်တော့် account ကို ပိတ်ချလိုက်တော့သည်။

ဤသို့ ဤပုံဖြစ်ကြောင်း၊ အပိတ်ခံရကြောင်းပြောတော့ ကျွန်တော့်ရဲ့ assistant ဒေါက်တာဖြိုးဝင်းဖေက အကိုစာရေးချင်ရင် page ထောင်လေ၊ account နဲ့ အဆင်မပြေဘူးပြောမှ စမ်းတဝါးဝါးနဲ့ page လေးစထောင် ဖြစ်တော့သည်။ ရေးပြီးသား ၄ ပိုင်းလောက် ပြန်တင်ရသည်။ ဒီလိုနဲ့ ကိုယ့်စာလေးတွေနဲ့ ပျော်ပါးနေတုန်း ကိုဗစ်က ပိုဆိုးပိုကြမ်းလာတော့သည်။

ဒီတော့ ကိုဗစ်အကြောင်းလေးတွေ ရေးမိသည်။ ကျွန်တော်၏ အလုပ်မှာ ခွဲစိတ်ဆရာဝန်ဖြစ်သော်လဲ ကိုဗစ်မှာ ရောဂါအသစ်ဖြစ်လေရာ တတ်နိုင်သလောက်စာဖတ်ပြီး ကိုယ့်ပညာရပ်မဟုတ်သော်လဲ လူအများ၏ ကိစ္စဖြစ်သည်ဟု ခံယူကာ ရေးမိသည်။ လူပိုသိလာသည်။ ကိုဗစ်သည် ပေါ်လစီ ကိစ္စများပါလေရာ ထောက်ခံသူတွေကလဲ ကျွန်တော်ရေးသည်ကို ထောက်ခံကြသည်။ ဝိုင်းဆဲကြသည့် သူတွေလဲ မရှား။ ကျွန်တော်က ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေး အကြောင်းတွေ ရေးပြီး စည်းမျဉ်းတွေလျော့ပေးရေး ဇောင်းပေးရေးခဲ့ပေသကိုး။ ဦးနှောက်ပျက်နေတဲ့ ဆရာဝန်ဖြစ်မယ်၊ အတန်းတိုင်း စာမေးပွဲကျတာဖြစ်မယ်၊ ရူးနေလား၊ ငပေါ စသည်ဖြင့် ရှယ်အဆဲခံရသည်။

ကျွန်တော့် ပေါ်လစီက စေတနာ သန့်သန့်နဲ့ စာရေးဖို့သာဖြစ်လေရာ ဆဲလဲ ဘာမှ မခံစားရပါ။ အလွန်ရိုင်းစိုင်းစွာ ဆဲရေးသူများကိုသာ block ပြီး ဆဲရေးသောစကားလုံးမဟုတ်ဘဲ ဝေဖန်မှုအားလုံးကို လက်ခံကြိုဆိုခဲ့သည်။

အခုတော့ ကျွန်တော် စာရေးတဲ့အကြောင်း ၂ ပိုင်းပဲရှိသည်။ တခုက ဆရာဝန်ဘဝအကြောင်း၊ နောက်တခုက အူမကြီး၊ စအိုရောဂါတွေ အကြောင်း။ ဆရာဝန်ဘဝက ရသစာပေဆန်သည်။ အူမကြီးရောဂါတွေအကြောင်းက သုတဆန်သည်။

ဆရာဝန် ဘဝအကြောင်းရေးရာဝယ် အမှန်အတိုင်း လုံးဝစိတ်ကူးယဉ်မပါသော တကယ့်ဇာတ်လမ်းအတွေ့အကြုံတွေကိုသာ ရေးခဲ့သည်။ ထိုးဇာတ် သွင်းဇာတ်မပါပေ။ မှတ်မိနေသမျှ စကားလုံး အတိအကျကိုသာ သုံးနှုန်းခဲ့သည်။ မည်သူ့ကိုမျှ မတိုက်ခိုက်၊ ထိခိုက်နစ်နာစေလိုတာ မရှိ။ ပေါ်ပင်တွေ ရှောင်ရေးသည်။

သုတအကြောင်းကြတော့ အူမကြီးနှင့် စအိုရောဂါအကြောင်းတွေ ရေးသည်၊ ပြောသည်။ ကျန်တဲ့ ခွဲစိတ်ကုသမှုအကြောင်းတွေ မရေး။ ရှားရှားပါးပါး သည်းခြေကျောက်အကြောင်း တခါပဲ ရေးဖူးသည်။ တခြား ခွဲစိတ်ကုသမှုအကြောင်းနှင့် ရောဂါများအကြောင်း မရေးခြင်းမှာ ထိုရောဂါများအကြောင်း ကျွန်တော်၏ စဉ်ဆက်မပြတ်စာဖတ်မှုမှာ လျော့နည်းနေသဖြင့် ထိုရောဂါများအကြောင်းရေးပါက ခေတ်မမှီ update ဖြစ်မနေမှာ စိုးသောကြောင့်ပင်။

အူမကြီးနှင့် စအိုရောဂါအကြောင်းတွေ တောက်လျောက်ရေးဖြစ်ခြင်းကား ကျွန်တော်၏ special interest ခေါ် အထူးလေ့လာနေသော ဘာသာရပ်ဖြစ်ခြင်း၊ ထိုအကြောင်း စာအမြဲဖတ်ဖြစ်နေခြင်း၊ ကျွန်တော်၏ fellowship training မှာ colorectal surgery ခေါ် အူမကြီးနှင့် စအိုရောဂါအကြောင်းဖြစ်ခြင်း၊ ကျွန်တော့်ကိုယ် ကျွန်တော်လဲ colorectal surgeon အူမကြီးရောဂါ ခွဲစိတ်ဆရာဝန်တစ်ယောက်လို့ ခံယူသောကြောင့်ပင်။

မြန်မာပြည်မှာ တခါတလေ အရောရော အထွေးထွေးဖြင့် ကျွန်တော့်ကို အစာအိမ်နှင့် အူမကြီးရောဂါခွဲစိတ်ဆရာဝန်အဖြစ် ထင်ယောင်ထင်မှား ဖြစ်နေတတ်ကြသည်။ တကယ်က ကျွန်တော် အစာအိမ်ရောဂါတွေ ဘာမှ မခွဲတော့တာ ၅ နှစ်လောက်တောင် ရှိနေပေပြီ။ မြန်မာပြည်မှာ အစာအိမ်ရောဂါကို အထူးပြုခွဲသည့် ဆရာဝန်တွေ စပြီးရှိနေပါပြီ။ သူတို့ society လဲ သပ်သပ်ရှိသည်။ ကျွန်တော်တို့ အူမကြီး society လဲ သပ်သပ်ရှိသည်။ သူတို့ကို အလွယ် upper GI လို့ခေါ်ပြီး ကျွန်တော်တို့ကို lower GI လို့ခေါ်သည်။ ကျွန်တော်က lower GI သမား ။

စာတွေ ဘယ်လိုရေးလဲ ပြောပြရအုန်းမည်။ iPhone လေးနဲ့ တောက်တဲ့ တောက်တဲ့ ရိုက်ပြီး ရေးခြင်းပေတည်း။ ဘာစာရွက် ဘာကွန်ပြူတာနဲ့မှ မရေး။ ရေးချင်လာရင် ဖုန်းလေးဖွင်းပြီး note မှာ ကောက်ရိုက်သည်။ ပြီးတာနဲ့ ကောက်တင်သည်သာ။ တချို့ ထိလွယ်ရှလွယ် အကြောင်းတွေဆိုလျှင်သာ နောက်တခေါက်ပြန်ဖတ်သည်။ လေသံ အမာ အပျော့ ညှိသည်။ စာလုံးပေါင်း တတ်နိုင်သလောက် မှန်အောင်ကြိုးစားသည်။ တခါရေးလျှင် စာတပုဒ် ၁ နာရီနဲ့ ၂ နာရီကြား ကြာတတ်သည်။ ဘာမှ စဉ်းစားနေစရာမလို၊ စိတ်ထဲရှိတာ ကောက်ရိုက်ရုံသာ။ စိတ်ထဲလဲ စာတွေက ရေးစရာ အမြဲရှိသည်။ ကုန်ကြမ်းရှားသည် မရှိ။ တကယ်က အများကြီး ရေးချင်သော်လဲ ၂ နာရီဆက်တိုက်လောက် မအားတာ များသဖြင့် စာများများ မရေးဖြစ်။

တင်သည့် အချိန်ကိုလဲ ဘာမှ အချိန်ကောင်း မင်္ဂလာအချိန်တွေ ရွေးမနေပေ။ ရေးပြီး တန်းတင်ပဲ။ အလကားရသည့် ဒေါ်လာ ၂၀ လား boost လုပ်ဖူးတာကလွဲလို့ တခါမှ မ boost ဖူးပေ။ ကျွန်တော့် followers 100 k သည် တကယ့်ကျွန်တော့် စာဖတ်ပရိသတ်စစ်စစ်ဟု ပြော၍ ရပါသည်။

သည်စာတွေ ဘယ်လိုရေးတတ်လာလဲဆိုတော့ ကျွန်တော်ထင်တာတော့ ငယ်ငယ်ကတည်းက အားအားရှိစာပဲဖတ်နေတာကြောင့် ဖြစ်မည်။

ကျွန်တော် မှတ်မိသလောက် ၅ တန်းကျောင်းသားလောက်ကစ၍ ဝတ္တု၊ ဆောင်းပါး၊ မဂ္ဂဇင်းများ လက်ကမချတန်းကို ဖတ်တာဗျ။ ကျောင်းစာမဖတ်သည့် အချိန်တွင် ကျွန်တော်သည် အပြင်စာသာ ဖတ်နေခဲ့တော့သည်။ ကျွန်တော့် အခန်းမှာ ကျွန်တော်စုဆောင်းထားသည့် စာအုပ်တွေ ထောင်နဲ့ချီရှိသည်။ စမတ်ဖုန်းခေတ် မရောက်ခင် အချိန်အထိ ကျွန်တော်သည် စာအုပ်အတွက်သာ ပိုက်ဆံအများဆုံးသုံးခဲ့သည်။ စာအုပ်တွေ အများကြီးရှိနေတာကို သဘောကျသည်။ အလယ်တန်းကျောင်းသားဘဝ ကတည်းက စာအုပ်ပဲ ဝယ်ယူစုဆောင်းလာခဲ့တာကလား။ အင်တာနက်ခေတ် ဖုန်းခေတ်ရောက်မှ စာအုပ်ဝယ်တာ ကျဲသွားတော့သည်။ ဖတ်ချင်တာကို Internet က ရှာဖတ်တာပဲ များသွားသည်။

ကျွန်တော် အကြိုက်ဆုံး စာရေးဆရာ (၂) ယောက်ရှိသည်။ ပထမ ပေးရလျှင် ဆရာသော်တာဆွေ။ ဒုတိယက ဆရာကြီး ရွှေဥဒေါင်း။ သော်တာဆွေတွေကို ကြိုက်လွန်းလို့ ဖတ်လိုက်တာ သူရဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းစာအုပ်ဟာ ဘယ်နှစ်ခါဖတ်မိသလဲပင် မသိတော့။ ရာကျော်လောက်မည်။ စာကြောင်းလိုက်ကို အလွတ်ရနေသည်။ သော်တာဆွေ စာအုပ်တွေ့သမျှ အကုန်ဝယ်သည်။ “ ကျွန်တော့်ဘဝဇာတ်ကြောင်း” ကတော့ အလွတ်နီးပါးရ၏။

ရွှေဥဒေါင်းရဲ့ “ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်ကိုလဲ အကြိမ်ကြိမ်အခါခါပင် ဖတ်ခဲ့၍ သော်တာဆွေ နောက် ဒုတိယလိုက်၏ ။

ထို ဆရာကြီးနှစ်ယောက်ကား ကျွန်တော်၏ ရေးပုံသားပုံ အပေါ် လွှမ်းမိုးမှု အရှိဆုံးဖြစ်နိုင်သည် ထင်မိ၏ ။

တချို့သော သူများက ကျွန်တော်၏ page သည် ကျွန်တော်၏ ခွဲစိတ်မှုကို တဖက်လှည့်ကြော်ငြာလိုသောကြောင့် ဖြစ်သည်ဟုလဲ စွပ်စွဲကြ၏ ။ ဤ page ကြောင့် ကျွန်တော့်အား သွယ်ဝိုက်သောအားဖြင့် လူပိုသိစေသည်မှာတော့ အမှန်ပင်ဖြစ်၍ ငြင်းမရပါ။ သို့သော် ကြော်ငြာလိုသော ရည်ရွယ်ရင်း မရှိကြောင်းကား ကိုယ့်ဟာကိုယ် အမှန်သိ၏။

ကျွန်တော်ရေးသော စာများတွင် ကျွန်တော်နှင့်ခွဲလျှင် ကောင်းသွားမည်ဟု တခါမျှ မရေးခဲ့ဖူးပါ။ ခွဲစိတ်ခြင်း၏ နောက်ဆက်တွဲ ပြဿနာပေါင်းစုံကိုသာ လူအများသိစေရန် အမှန်အတိုင်း ဖော်ပြ၏။ ကောမန့်တွင် ကျွန်တော်ဘယ်ဆေးခန်းမှာ ရှိသလဲ မေးသည့်အခါတိုင်း ကျွန်တော်ပြန်မဖြေပါ။ ကြော်ငြာသဘောဖြစ်မှာ စိုး၍ဖြစ်၏။ message ပို့ပြီးမေးလျှင်မူကား တခါတလေ ပြန်ဖြေဖြစ်၏။ ဒါက လူမမြင်ဘူးလို့ ယူဆသောကြောင့်တည်း။ ဘယ်သူ ဘယ်ဆရာဝန်နဲ့ ခွဲထားတာ၊ ဆရာဘယ်လိုထင်သလဲမေးတာတွေ အများကြီးပါ၊ ကျွန်တော်ပြန်မဖြေပါ။ ရှေ့ဆရာဝန်ကို မလေးစားရာ ရောက်မည့်အပြင် လူနာကို ကျွန်တော်က တကယ်မမြင်ရဘဲ ထင်ရာတွေ ရမ်းပြောသည် ဖြစ်မှာစိုးသောကြောင့်ထင့်။ online ကလဲ ဆေးမကုပါ။

ကျွန်တော် ဒီ page ကို ရေးနေရခြင်း အကြောင်းရင်း တခုကား အူမကြီးရောဂါ၊ စအိုရောဂါ လူနာများကို ပေါ့ပေါ့ပါးပါး ပညာပေးရန်က တကြောင်း။ စာသံ ပေသံ ပညာသံနှင့် မဟုတ်ဘဲ ကျွန်တော်တို့ ဆရာဝန်တွေ ဘယ်လိုစဉ်းစားသည် ဆိုသည်ကို သိစေချင်တာဖြစ်သည်။

နောက်တခုကတော့ ဆရာဝန်ဘဝ တိုလီမုတ်စတွေ လျှောက်ရေးခြင်းပေတည်း။ ဒီဟာလဲ အကြောင်းရှိသည်။ မြန်မာ့သဘောက စာရေးတာနည်းကြသည်။ အထူးသဖြင့် အသေးအမွှား တိုလီမုတ်စတွေပေါ့။

ကျွန်တော် သိမှတ်သလောက် အနောက်နိုင်ငံမှ လူများကား ဘယ်လောက်အသေးအမွှားမဆို တိုလီမုတ်စတွေကို စာနဲ့ပေနဲ့ ရေးလိုက်၊ မှတ်တမ်းတင်လိုက်သည်သာ။ အဲ့တော့ လူသာမန်တွေရဲ့ ဘဝတွေကို အတော်သိရသည်။

ကျွန်တော်တို့ ရွှေမြန်မာကျ သိတော်မူကြသည့်အတိုင်း ဘုရင်တွေအကြောင်း၊ အစိုးရတွေအကြောင်း၊ နာမည်ကျော်တွေ အကြောင်းလောက်သာ ရေးမည့်သားမည့်သူရှိပြီး သာမန်ဘဝပေါင်းများစွာ၏ နေ့စဉ်သာမန်လှုပ်ရှားမှုအပေါင်းတို့သည် ပါးစပ်ပြောဖြင့်သာ အများအားဖြင့် ပျောက်ကွယ်သွားကြရသည် များလေသည်။

ကျွန်တော်ယခုရေးနေသော ဆရာဝန်ဘဝအကြောင်းလေးများသည် ဘာမှ ထူးထူးခြားခြားကြီးလဲ မဟုတ်၊ ခမ်းခမ်းနားနားကြီးလဲ မဟုတ်ပါသော်လဲ နောက်နှစ်ပေါင်း ၈၀၊ ၁၀၀ ကြာလျှင်ကား ဪ မြန်မာပြည်က အညတရ ခွဲစိတ်ဆရာဝန်တယောက်၏ ဖျက်ကနဲတွေ့ရသော ရုပ်ပုံလွှာများ ( ဆရာဒဂုန်တာရာ စကားငှါး၍) အကြောင်း ပါပေတကားဟူ၍ အမှတ်တရ ဖြစ်ချင်လဲ ဖြစ်ပေမည်။ ဖြစ်ချင်မှလဲ ဖြစ်ပေမည်။ ဖြစ်တာမဖြစ်တာသည် ကျွန်တော့် ကိစ္စမဟုတ်မူ၍ စိတ်ကူးထဲ ပေါ်သမျှ ရေးတင်နေဖို့က ကျွန်တော်လုပ်နိုင်တာ ဖြစ်လေသည်။ ကျွန်တော့်စာသေးသေးလေးများကနေ ကျွန်တော့်အကြောင်းသာမက မြန်မာဆရာဝန်တို့၏ ပျော်စရာလေးတွေ၊ ပင်ပန်းတာလေးတွေ၊ ဒုက္ခကြုံရပုံလေးတွေ တကွက် တရိပ်တော့ ဖြိုးကနဲ ဖြတ်ကနဲ မြင်ခွင့်ရကြလိမ့်မည် ထင်ပါသည်။

ဤစာလေးဖြင့် ကျွန်တော်၏ page ရဲ့ follower တသိန်း ( 100 k) အား ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည်။ follow မလုပ်ပေမယ့် ဖတ်ရှုပေးသူအားလုံးတို့အားလဲ ကျေးဇူးတင်ပါသည်။

ဒေါက်တာ မျိုးသက်အောင်
Consultant Surgeon ( Colorectal Surgery)
ပင်လုံဆေးရုံ


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Drmyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram