28/03/2026
ဘဝအပေါ် အမှန်မြင်နိုင်ဖို့ဟာ သိပ်ခက်ခဲတာပဲ။
ဒီလိုအမြင်မှန်မျိုးကို တွေ့နိုင်ဖို့ရာကိုတော့ သူတော်ကောင်းတွေဟာ လက်ရှိဘဝကိုတန်ဖိုးထားရင်း လုံလပြုလို့ ဝီရိယထက်သန်စွာ အားထုတ်နေကြရတယ်။
သို့သော်ငြားလည်း ကျနော်တို့လို ဉာဏ်ရည်နိမ့်ပါးတဲ့ ပုထုစဉ်သာမန်လူသားတွေကတော့ ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့နေပြီးဖြစ်နေသယောင်ယောင်၊ ကိုယ့်ရဲ့အမှန်တရားဟာပဲ လောကရဲ့အမှန်တရားလိုလို၊ ကိုယ့်အတ္တကိုဦးစားပေးနေပေမယ့် ခံယူချက်မှာတော့ လောကကိုဦးစားပေးနေတာပါလို့ ယူဆနေကြပြီး အချိန်ဖြုန်းနေကြတယ်။
ဒီလိုအချိန်ဖြုန်းရင်း ကိုယ်ယူဆထားတဲ့ အမှန်တရားလေးကို အထိခိုက်ခံရရင်တောင် အတ္တ၊ မာန နဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်နေကြသေးပြန်တာပဲ မဟုတ်လား။
ကျနော်တို့ဟာ အမှားပေါ်အမှားဆင့်နေသူ အချင်းချင်းမို့ အခြားသူအပေါ် ဝေဖန်ဖို့ထက် ကိုယ့်စိတ်ကိုကိုယ် ပြန်လည်စောင့်ကြည့်ရင်း ကိုယ့်အကျိုးထက် လောကကောင်းကျိုးကိုသာ ရှေးရှုပြီး နေထိုင်သွားသင့်တော့မယ်လို့ ယူဆမိပါတယ်။
“အနယော နယရူပေန ဗုဒ္ဓိမက္ကမ္မ တိဌတိ”
“မှားသောနည်းသည် မိမိ၏အသိဉာဏ်ကို ကျော်လွှား၍ မှန်သောနည်းအသွင်ဖြင့် ရပ်တည်တတ်၏။” တဲ့။
လူဟာ အတ္တသိ သိပ်အားကြီးလာတဲ့အခါ အမှားကိုအမှန်၊ မကောင်းကို အကောင်း၊ မိတ်ဆွေကိုရန်သူ လို့ထင်တတ်လာကြတယ်။ ဒီလိုအထင်မှားလာခြင်းဟာ ပျက်စီးခြင်းရဲ့ သင်္ကေတ၊ ပျက်စီးခြင်းရဲ့ အရိပ်နိမိတ်သာဖြစ်တယ်….ဆိုတာ….
ကျနော်တို့ ဆင်ခြင်ဖို့ သိပ်ကောင်းတယ်နော် …။
Hanko Htet
21 days later