21/10/2021                                                                            
                                    
                                                                            
                                            အနာပဆုတ်အကြောင်းသိကောင်းစရာ
October 4, 2018 - by Dr.KKMM
အနာပဆုတ်ကို ကုသရာမှာ အဓိက အသိမှားနေတာ တစ်ခုကတော့ ညှစ်ထုတ်လို့ရတယ်လို့ ထင်နေတာပါပဲ။ အနာပဆုတ်လို့ သံသယရှိနေရင်တော့ ညှစ်ထုတ်ဖို့ မကြိုးစားပါနဲ့။ အဲ့လို ညှစ်ထုတ်လိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
အနာပဆုတ်အကြောင်းသိကောင်းစရာ
အနာပဆုတ်လို့ ဆိုလိုက်တာနဲ့ အနာအကြီးကြီးမှာ အပေါက်အပေါက်တွေနဲ့ ပြည်တွေထွက်နေတဲ့ပုံကြီးလို့ မှန်းဆပြီး ရွံလည်းရွံ၊ ကိုယ့်ဆီမှာ ပေါက်မှာကိုလည်း ကြောက်ကြမှာပါ။ ဒါပေမဲ့ –
အနာပဆုတ်ဆိုတာ ဘာလဲ၊
ဘာကြောင့် ဖြစ်ရတာလဲ၊
အနာပဆုတ်ဖြစ်လာရင် ဘယ်လိုကုသရမလဲ၊
မဖြစ်အောင်ရော ဘယ်လို ကြိုတင်ကာကွယ်မလဲ ဆိုတာကိုတော့ သေသေချာချာ သိတာနည်းပါလိမ့်မယ်။ ဒါကြောင့် အနာပဆုတ်အကြောင်းကို ပြောပြပါတော့မယ်။
အနာပဆုတ် ဆိုတာ ဘာလဲ
အနာပဆုတ်ဆိုတာကတော့ အကျဉ်းချုပ်ပြောရရင် မွှေးကျွတ်နာ သေးသေးလေးတွေစုပြီး အနာအကြီးကြီးတစ်ခု ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ နီရဲရောင်ရမ်းနေတဲ့ အနာကြီးတစ်ခုအဖြစ် တွေ့ရတတ်ပြီး မွှေးကျွတ်နာတွေ စုထားတာဖြစ်တဲ့အတွက် အနာပေါ်မှာ အပေါက်အပေါက်တွေ တွေ့ရတတ်ပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ
အနာပဆုတ်ကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ မွှေးကျွတ်နာ သေးသေးလေးတွေထဲကို ပိုးဝင်ပြီးနောက်ပိုင်းမှာ အနာထဲမှာ ပြည်တည်လာပြီး အနာပဆုတ်ဖြစ်လာတာ ဖြစ်ပါတယ်။ အနာပဆုတ်ကို ဖြစ်စေတတ်တဲ့ ဘက်တီးရီးယားပိုးကတော့ Staphylococcus Areus ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ အရေပြားတစ်လျှောက်မှာ နေထိုင်တတ်ပြီး အနာထဲကတစ်ဆင့် ဝင်လာတဲ့အခါ ပြည်တည်စေနိုင်ပါတယ်။ ဒါကြောင့် အနာပဆုတ်ဟာ ခန္ဓာကိုယ်မှာ တစ်နေရာက တစ်နေရာကို ကူးစက်ပျံ့နှံ့နိုင်သလို လူတစ်ယောက်ကနေ တခြားတစ်ယောက်ကိုလည်း ကူးစက်နိုင်ပါတယ်။
 
ဘယ်နေရာတွေမှာ အဖြစ်များလဲ
ဒီလိုအနာမျိုးတွေဟာ အများအားဖြင့် ကျောကုန်း၊ ဂုတ်ပိုး စတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် တင်ပါး၊ ပေါင်၊ ပေါင်ခြံ၊ ချိုင်းကြား စတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
ဘယ်လိုလူတွေမှာ ပိုအဖြစ်များလဲ
အသက်ကြီးသူတွေ၊
အဝလွန်သူတွေ၊
တစ်ကိုယ်ရည်သန့်ရှင်းရေး ကောင်းကောင်း မလုပ်တဲ့သူတွေ၊
နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူတွေ၊
ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ရောဂါ ခံစားနေရသူတွေ၊
အရေပြားရောဂါတစ်မျိုးမျိုး ခံစားနေရသူတွေ၊
ဆီးချို သွေးချို ရှိသူတွေ၊
ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူတွေ စတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
မိသားစုများတဲ့ အိမ်သားတွေ၊ လူအများနဲ့ စုနေတဲ့သူတွေ (ဥပမာ-အဆောင်နေကျောင်းသားတွေ၊ စက်ရုံအလုပ်သမားတွေ)၊
အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အင်္ကျီစတာတွေကို မျှဝေသုံးစွဲနေသူတွေဆိုရင်လည်း တစ်ယောက်မှာ ဖြစ်ရင် တခြားသူတွေကို ကူးစက်ဖို့ လွယ်ပါတယ်။
အင်္ကျီ၊ ဘောင်းဘီ ကျပ်ကျပ်ဝတ်တတ်တဲ့သူတွေလိုမျိုး အရေပြားကို ပွတ်တိုက်မှုများတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ရောဂါ လက္ခဏာတွေက ဘာတွေလဲ
အနာပဆုတ်ကို အရေပြားပေါ်မှာ နီရဲရောင်ရမ်းနေတဲ့ အနာကြီးတစ်ခုအဖြစ် တွေ့ရတတ်ပြီး မွှေးကျွတ်နာတွေ စုထားတာဖြစ်တဲ့အတွက် အနာပေါ်မှာ အပေါက်အပေါက်တွေ တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ပြည်တွေနဲ့ ပြည့်နေတတ်ပြီး အနာလုံးအနေနဲ့ တွေ့ရတတ်ပြီး အချိန်အကြာကြီး မကုဘဲ ထားမယ်ဆိုရင် ပေါက်ထွက်သွားပြီး ပြည်တွေ ထွက်ကျလာတတ်ပါတယ်။ ဒီလို ပေါက်ထွက်မသွားခင်မှာ ဖျားတာ၊ နုန်းချိတာ၊ အနာရဲ့ အနီးအနားမှာ ရှိတဲ့ ပြည်ရည်ကျိတ်တွေ ရောင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပေါက်ထွက်သွားပြီးရင်လည်း အမာရွတ်အကြီးကြီး ကျန်ခဲ့နိုင်ပါတယ်။ အဲဒီ နေရာကလည်း ပိုးထပ်ဝင်ပြီး အနာထပ်ဖြစ်နိုင်ပါသေးတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ
အနာပဆုတ်ပေါက်တာရဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အနာပဆုတ်ကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက ခန္ဓာကိုယ်မှာ လှည့်ပတ်နေတဲ့ သွေးကြောတွေ တစ်လျှောက်ကို ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အဆုတ်၊ အရိုး၊ အဆစ်၊ နှလုံး စတာတွေကို ရောက်သွားနိုင်တဲ့အပြင် နောက်ဆုံး ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းကိုပါ ရောက်သွားနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ တစ်ကိုယ်လုံးကို ရောဂါပိုးပျံ့ပြီး ရှော့ခ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဘယ်လို ကုသနိုင်ပါသလဲ
အနာပဆုတ်ကို ကုသရာမှာ အဓိက အသိမှားနေတာ တစ်ခုကတော့ ညှစ်ထုတ်လို့ရတယ်လို့ ထင်နေတာပါပဲ။
အနာပဆုတ်လို့ သံသယရှိနေရင်တော့ ညှစ်ထုတ်ဖို့ မကြိုးစားပါနဲ့။
အဲ့လို ညှစ်ထုတ်လိုက်ရင် အပေါ်မှာ ပြောခဲ့သလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ကုမယ်ဆိုရင်တော့ အဝတ်သန့်သန့်တစ်ခုကို ရေနွေးနွေးနဲ့ စွတ်ပြီး အနာပေါ်ကို မိနစ်၂၀လောက် ဖြည်းဖြည်း ဖိဖိပေးပါ။
ဖိပြီးသွားရင်တော့ အဝတ်ကို ရေနွေးနဲ့ ပြုတ်ပြီး နေပူလှန်းပေးပါ။ ပြီးရင် ပြန်သုံးလို့ ရပါတယ်။
ဒါတွေအပြင် အနာသက်သာစေတဲ့ ဆေးတွေသောက်တာ၊ အိပ်ရာခင်း၊ စောင်တွေ၊ မျက်နှာသုတ်ပဝါတွေ စတာတွေကို သက်သက်ခွဲသုံးတာ စတာတွေကိုလည်း ပြုလုပ်သင့်ပါတယ်။
ဒီလို နည်းလမ်းတွေနဲ့မှ မရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို သွားရောက်ပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ အရေးကြီးတာတစ်ခုက သင့်ရဲ့ မျက်နှာ၊ မျက်လုံး၊ နှာခေါင်း တစ်ဝိုက်၊ ကျောရိုးပေါ်စတဲ့ နေရာတွေမှာ အနာပဆုတ်ပေါက်ခဲ့ရင်တော့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဆရာဝန်က သင့်ရဲ့ အနာပေါ်မူတည်ပြီး ဆေးနဲ့ ကုတန်တာကု။ ခွဲသင့်တာခွဲပြီး ပြည်တွေကုန်အောင်လုပ်ပေးကာ ပြည်တွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး ပဋိဇီဝဆေးတွေနဲ့ ဆက်လက်ကုသတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
ဘယ်လို ကာကွယ်နိုင်မလဲ
အနာပဆုတ် မဖြစ်အောင် ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်တာပါပဲ။ ဒါ့အပြင် စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားတွေကို သက်သက်စီ သုံးတာ၊ သန့်ရှင်းအောင် လျှော်တာ စတာတွေလုပ်ပြီးလည်း ကာကွယ်နိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ မွှေးကျွတ်နာပေါက်ခဲ့ရင် ပေါ့ပေါ့တန်တန် မနေဘဲ သေချာ စနစ်တကျ ကုသပြီး အနာပဆုတ်ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။
Translated by Dr.Aung Zin Ko