လမ်းပြကြယ် Guiding Star

လမ်းပြကြယ် Guiding Star Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လမ်းပြကြယ် Guiding Star, Yangon.

"မသန်စွမ်းသူတိုင်း မျှတတဲ့ အခွင့်အရေးတွေ ရရှိပြီး၊ လူတိုင်း ပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေဖို့ အသိပညာတွေ မျှဝေရင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း လှပတဲ့လူ့ဘောင်သစ်ဆီကို ချီတက်ကြပါစို့။"

ကျွန်တော်တို့ 'လမ်းပြကြယ်' မှာ မသန်စွမ်းမှု (Disability) အကြောင်း အသိပညာပေး Post လေးတွေကို တင်ဆက်ခဲ့ပြီးပါပြီ။ ဘယ်လောက်ထ...
17/03/2026

ကျွန်တော်တို့ 'လမ်းပြကြယ်' မှာ မသန်စွမ်းမှု (Disability) အကြောင်း အသိပညာပေး Post လေးတွေကို တင်ဆက်ခဲ့ပြီးပါပြီ။

ဘယ်လောက်ထိ မှတ်မိနေသေးလဲဆိုတာကို အဖြေမှန်ရွေးချယ်ပြီး ဆန်းစစ်ကြည့်လိုက်ပါဦး။

လမ်းပြကြယ်တို့ရေ .....ကျွန်တော်တို့ရဲ့ လမ်းပြကြယ် Page ကနေ မသန်စွမ်းအရေး၊ EO ဘေးကင်းရေးနဲ့ GBV ကင်းစင်ရေး အကြောင်းအရာတွေ...
28/02/2026

လမ်းပြကြယ်တို့ရေ .....
ကျွန်တော်တို့ရဲ့ လမ်းပြကြယ် Page ကနေ မသန်စွမ်းအရေး၊ EO ဘေးကင်းရေးနဲ့ GBV ကင်းစင်ရေး အကြောင်းအရာတွေကို အတူတူ လေ့လာ၊ ဆွေးနွေးပြီး တက်ကြွစွာ မျှဝေပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒီကမ်ပိန်းကနေတစ်ဆင့် မိတ်ဆွေတို့အနေနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး၊ လေးစားမှုရှိတဲ့ ဝေါဟာရအသုံးအနှုန်းတွေနဲ့ အတားအဆီးမဲ့ ပတ်ဝန်းကျင် (Accessibility) ဖန်တီးပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အသေးစိတ် လေ့လာခဲ့ကြရသလို မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်အမှတ်အသားတွေ၊ ဘေးကင်းရေး စည်းကမ်းတွေနဲ့အတူ ဒေသတွင်းမှာ ဘေးကင်းစွာ ဘယ်လို နေထိုင်ရမလဲဆိုတဲ့ အသိပညာတွေကိုလည်း သိရှိခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒါတင်မကသေးဘဲ ဂျန်ဒါနဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆအမှားတွေကို ချေဖျက်ပြီး ကျား/မ အခြေပြု အကြမ်းဖက်မှု အမျိုးအစားတွေနဲ့ အဲဒီအန္တရာယ်တွေကနေ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အခြေခံသဘောတရားတွေကိုလည်း နားလည်သွားကြမယ်လို့ ယုံကြည်ပါတယ်။

စာဖတ်မိတ်ဆွေတွေရဲ့ ပံ့ပိုးမှုတွေက ကျွန်တော်တို့ ကမ်ပိန်းအတွက်သာမကဘဲ ပိုမိုဘေးကင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့အတွက်ပါ တကယ့်ကို အရေးပါတဲ့ တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အားလုံးအတွက် သာတူညီမျှရှိပြီး လုံခြုံတဲ့ ကမ္ဘာကြီးကို အတူတူ ဆက်လက် ပုံဖော်သွားကြရအောင်နော်။ 🤝

အားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်လျက်......

အပြောင်းအလဲကို သင်ကိုယ်တိုင်က စတင်ပါ ✨ ကျွန်တော်တို့ရဲ့ လမ်းပြကြယ်ပေ့ချ်ကနတစ်ဆင့် အတူတူပျိုးထောင်ခဲ့တဲ့ အသိပညာနဲ့ စာနာမှ...
28/02/2026

အပြောင်းအလဲကို သင်ကိုယ်တိုင်က စတင်ပါ ✨

ကျွန်တော်တို့ရဲ့ လမ်းပြကြယ်ပေ့ချ်ကနတစ်ဆင့် အတူတူပျိုးထောင်ခဲ့တဲ့ အသိပညာနဲ့ စာနာမှုတွေဟာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လအတော်ကြာအတွင်းမှာ စာဖတ်မိတ်ဆွေတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသိပညာတွေ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလည်း အစပြုနိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။
အပြောင်းအလဲဆိုတာ တစ်ခဏတာ လှုပ်ရှားမှုမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ အလေ့အထတစ်ခုပါ။ ဒါကြောင့် မသန်စွမ်းသူတွေကို ခွဲခြားမှုမရှိဘဲ တန်ဖိုးထားဖို့၊ EO (ပေါက်ကွဲစေတတ်တဲ့လက်နက်များ) ဘေးကင်းရေး သတင်းစကားတွေကို လက်ဆင့်ကမ်းဖို့နဲ့ အကြမ်းဖက်မှုကင်းစင်တဲ့ ဝန်းကျင်လေးဖြစ်အောင် ကာကွယ်ပေးဖို့ဆိုတဲ့ အချက်တွေကို နေ့စဉ်ဘဝမှာ အမြဲသတိပြု နေထိုင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် ပိုမိုကြီးမားတဲ့ လူမှုအသိုက်အဝန်း ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်မှာပါ။ အပြောင်းအလဲဆိုတာ သင့်ရဲ့ စာနာမှုနဲ့ အသိပညာလေးတွေကနေပဲ စတင်တာပါ။ ပိုမိုလှပပြီး ဘေးကင်းတဲ့ လူ့အသိုက်အဝန်းတစ်ခုဆီကို အတူတူ အရှိန်အဟုန်နဲ့ ဆက်လက် လျှောက်လှမ်းကြပါစို့။ ✨❤️🌏

ကျွန်တော်တို့ရဲ့ လူ့အသိုက်အဝန်း ဘေးကင်းလုံခြုံဖို့နဲ့ အားလုံးအတွက် သာတူညီမျှမှုရှိစေဖို့ဆိုတာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်...
27/02/2026

ကျွန်တော်တို့ရဲ့ လူ့အသိုက်အဝန်း ဘေးကင်းလုံခြုံဖို့နဲ့ အားလုံးအတွက် သာတူညီမျှမှုရှိစေဖို့ဆိုတာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေအပြင် လူတစ်ဦးချင်းစီရဲ့ သိရှိနားလည်မှုနဲ့ ပူးပေါင်းပါဝင်မှုအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖြစ်လာဖို့ မိတ်ဆွေတို့အနေနဲ့ ဘယ်လိုအချက်လေးတွေမှာ ပါဝင်ကူညီနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ မသန်စွမ်းသူများ၏ အခွင့်အရေးကို မြှင့်တင်ခြင်း (Disability Inclusion) ♿️
မသန်စွမ်းသူတွေကို "သနားစရာ" ဒါမှမဟုတ် "ဝန်ထုတ်ဝန်ပိုး" အဖြစ် မြင်တတ်တဲ့ အယူအဆဟောင်းတွေကို အတူတူ ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

• လူကို ဦးစားပေး ဆက်ဆံပါ: သူတို့ရဲ့ မသန်စွမ်းမှုထက် "တန်ဖိုး" နဲ့ "စွမ်းဆောင်ရည်" ကို ပိုပြီး အသိအမှတ်ပြုပေးပါ။ စကားပြောဆိုတဲ့အခါမှာလည်း မသန်စွမ်းမှုကို အသားပေးတာထက် လူတစ်ဦးအဖြစ် လေးစားစွာနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပေးပါ။
• အတားအဆီးမဲ့ ဝန်းကျင်ဖန်တီးပါ: လမ်းတွေ၊ အဆောက်အအုံတွေနဲ့ သတင်းအချက်အလက်တွေဟာ မသန်စွမ်းသူတွေအတွက်ပါ လက်လှမ်းမီနိုင်စွမ်းရှိအောင် မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း အကြံပြု တိုက်တွန်းပေးပါ။
• အခွင့်အလမ်း ဖော်ဆောင်ပါ: အလုပ်အကိုင်တွေနဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ခွဲခြားဆက်ဆံတာမျိုး မရှိဘဲ သူတို့ပါ တက်တက်ကြွကြွ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ပေးပါ။

၂။ ပေါက်ကွဲစေတတ်သော ပစ္စည်းများ (EO) ဘေးကင်းရေး ⚠️
ပဋိပက္ခဒေသတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာဟောင်းတွေမှာ မတော်တဆ ထိခိုက်မှုတွေ မဖြစ်ရလေအောင် သတိနဲ့ အသိကို အမြဲ ယှဉ်တွဲထားရပါမယ်။

• အခြေခံစည်းကမ်းကို လိုက်နာပါ: ထူးဆန်းတဲ့ ပစ္စည်းတွေ၊ သံချေးတက်နေတဲ့ သံတိုသံစတွေ ဒါမှမဟုတ် မသင်္ကာစရာ ပစ္စည်းတစ်ခုခုကို တွေ့ပြီဆိုရင် "မကိုင်ပါနဲ့၊ မထိပါနဲ့၊ အနီးမှာမနေပါနဲ့" ဆိုတဲ့ စည်းကမ်းကို တိတိကျကျ လိုက်နာပေးပါ။
• သတိပေးချက်တွေကို လိုက်နာပါ: ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေတွေမှာ လူအများ သွားလာနေကျ လမ်းကြောင်းဟောင်းတွေကိုပဲ အသုံးပြုပါ။ ဒေသခံတွေရဲ့ သတိပေးချက်နဲ့ ဆိုင်းဘုတ်လေးတွေကိုလည်း အမြဲ ဂရုစိုက်ကြည့်ပေးပါ။
• သတင်းပို့ပါ: အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ့ရင် ဘေးကင်းတဲ့ အကွာအဝေးကနေ တခြားသူတွေကို သတိပေးပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး ဒါမှမဟုတ် ကျွမ်းကျင်အဖွဲ့အစည်းတွေကို ချက်ချင်း အသိပေးပါ။ ရေကြီးမြေပြိုပြီးနောက်မှာ ဒီပစ္စည်းတွေ နေရာရွေ့လာနိုင်တာကိုလည်း သတိထားပေးပါ။

၃။ ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ကင်းစင်ရေး 🚫
အကြမ်းဖက်မှုကို လုံးဝလက်မခံတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ဆိုတာ မိမိတို့ရဲ့ အိမ်တွင်းကနေပဲ စတင်ရမှာပါ။

• အပြစ်တင်ခြင်းကို ရပ်တန့်ပါ: အကြမ်းဖက်ခံရသူကို "သူ့အမှားကြောင့်" လို့ အပြစ်တင်တာမျိုး မလုပ်ဘဲ သူတို့ရဲ့ ခံစားချက်ကို စာနာစိတ်နဲ့ နားထောင်ပေးပါ၊ ယုံကြည်ပေးပါ။
• စံနှုန်းများကို ပြောင်းလဲပါ: "ကျား/မ" အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် ဖိနှပ်တဲ့အသုံးအနှုန်းတွေကို ဝိုင်းဝန်း တားဆီးပေးပါ။ ကိုယ့်အိမ်တွင်းမှာလည်း တန်းတူညီမျှ တန်ဖိုးထားတဲ့ ယဉ်ကျေးမှုကို ပျိုးထောင်ပါ။
• တက်ကြွစွာ ကာကွယ်ပါ: အကြမ်းဖက်မှု ဖြစ်နေတာကို မြင်တွေ့ရရင် မိမိကိုယ်တိုင် ဘေးကင်းမယ့် နည်းလမ်းနဲ့ တားဆီးပေးတာ ဒါမှမဟုတ် အကူအညီပေးနေတဲ့ Hotline ဖုန်းနံပါတ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာမျိုး လုပ်ဆောင်ပေးပါ။

ဒီအချက်လေးတွေဟာ လူတစ်ဦးတည်း လုပ်ဆောင်ရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအင်အားနဲ့ ဆောင်ရွက်မှသာ ပိုမိုဘေးကင်းပြီး သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ပေါ်ထွန်းလာမှာပါ။ အပြောင်းအလဲဆိုတာ သင့်ရဲ့ အသိပညာနဲ့ စာနာမှုလေးတွေကနေပဲ စတင်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လမ်းပြကြယ်အနေနဲ့   (၈) လတာ ကာလအတွင်း လူမှုဝန်းကျင်မှာ ကြုံတွေ့နေရတဲ့  စိန်ခေါ်မှုတွေနဲ့ သိရှိထားသင့်တဲ့ အရ...
20/02/2026

ကျွန်တော်တို့ လမ်းပြကြယ်အနေနဲ့ (၈) လတာ ကာလအတွင်း လူမှုဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ သိရှိထားသင့်တဲ့ အရေးကြီးအချက်အလက်တွေကို အစဉ်တစိုက် မျှဝေခဲ့ပါတယ်။ ဒီအသိပညာပေးမှုတွေဟာ အမှန်တကယ် လိုအပ်နေသူတွေအတွက် လက်လှမ်းမီတဲ့ အထောက်အပံ့တစ်ခု ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အဓိကထား မျှဝေခဲ့တဲ့ -
✅ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးခြင်း
✅ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် (EO)
✅ ကျား၊မ အခြေပြု အကြမ်းဖက်မှု (Gender-Based Violence - GBV)
✅စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အကြောင်းအရာတွေကို အချိန်မရွေး ဖတ်ရှုလေ့လာနိုင်ဖို့ စနစ်တကျ စုစည်းဖော်ပြပေးလိုက်ပါတယ်။

📌 မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးခြင်း (Disability Awareness)
မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာဖို့ ဆွေးနွေးထားတဲ့ အကြောင်းအရာများ...

🔹မသန်စွမ်းမှုဆိုတာ ဘာလဲ
🔹UNCRPD သဘောတူစာချုပ် ပေါ်ပေါက်လာပုံ
🔹မသန်စွမ်းသူများ ကိုအားနည်းသူဟု မှတ်ယူသင့်ပါသလား
🔹အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်တဲ့ လက်လှမ်းမီမှု
🔹မသန်စွမ်းအမျိုးသမီးများ၏ ထပ်ဆင့်စိန်ခေါ်မှုများ
🔹မသန်စွမ်းသူတွေကို ဘယ်လိုမှန်ကန်စွာ ကူညီမလဲ
🔹အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆိုတာ..
🔹အရေးပေါ်အခြေအနေ ကြုံလာရင် မသန်စွမ်းသူများအတွက် ပြင်ဆင်ထားသင့်တဲ့အချက်များ
🔹မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အားလုံးပါဝင်ရေးအတွက် လက်တွေ့လုပ်ဆောင်နိုင်မည့် အချက်များ"
🔹မသန်စွမ်းသူများက ပြောတဲ့ မသန်စွမ်းသူနေ့ အမှတ်တရ ဂုဏ်ပြုဗီဒီယို
🔹မသန်စွမ်းသူတွေလိုအပ်တဲ့ အပြုသဘောဆောင်သော ပံ့ပိုးမှု
🔹မသန်စွမ်းသူတို့၏ စွမ်းရည်ကို မြှင့်တင်ပေးမည့် မဟာမိတ်ကောင်းများ
🔹အားပေးကူညီဖို့ လိုအပ်တဲ့ မသန်စွမ်းသူများရဲ့ မိသားစုဝင်များ

📌 ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် (Explosive Ordnance - EO)
အသက်အန္တရာယ်ကင်းဝေးစေဖို့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းများ အန္တရာယ်ကို ဘယ်လိုသတိပြု ရှောင်ရှားရမလဲဆိုတဲ့ လမ်းညွှန်ချက်များ...

🔹ပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်း (EO) ဆိုတာဘာလဲ
🔹ပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်း (EO) အန္တရာယ် ရှောင်ရှားရမည့်နည်းလမ်းများ
🔹မိုင်းဒဏ်သင့်ဒေသများ လူမှုစီးပွားဘဝ ဘယ်လိုပြန်ထူထောင်မလဲ
🔹EO အန္တရာယ်ကြောင့် ပိုမိုထိခိုက်နေရတဲ့ ကလေးများနှင့် အမျိုးသမီးများ

📌 ကျား၊မ အခြေပြု အကြမ်းဖက်မှု (Gender-Based Violence - GBV)
လူ့အဖွဲ့အစည်းအတွင်းမှာ ကျား၊မ ရေးရာ ခွဲခြားမှုတွေ လျော့နည်းသွားစေဖို့နဲ့ တန်းတူအခွင့်အရေး ရရှိစေဖို့ အသိပညာပေးချက်များ..

🔹Gender ကျားမရေးရာဆိုတာ ဘာလဲ။
🔹အိမ်မှုကိစ္စတွေနဲ့ ကလေးထိန်းတွေက ဘယ်သူ့တာဝန်လို့ထင်ပါသလဲ။
🔹ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆိုတာဘာလဲ။
🔹မသန်စွမ်းအမျိုးသမီးတွေကြုံရနိုင်တဲ့ GBV အန္တရာယ် နဲ့ ဘယ်လို ရှောင်ရှားရမလဲ။

📌 စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု (Mental Health & Psychosocial Support)
မသန်စွမ်းမှု၊ (EO) အန္တရာယ် နှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသူများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် သတင်းစကားများ

🔹စိတ်ဒဏ်ရာဆိုတာ မျက်စိနဲ့ မမြင်နိုင်ပေမယ့် ကုစားဖို့ လိုအပ်ပါတယ်။
🔹"စိတ်ကျန်းမာရေးပြဿနာက ရှက်စရာမဟုတ်ပါ"

ကျွန်တော်တို့ မျှဝေခဲ့တဲ့ အသိပညာပေး သတင်းစကားတစ်ခုချင်းစီတိုင်းဟာ မသန်စွမ်းသူများအတွက် တန်းတူညီမျှသော အခွင့်အရေး ရရှိစေဖို့၊ ဂျန်ဒါ ခွဲခြားမှုကင်းစင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်လာစေဖို့ တို့အပြင် အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေဖို့လည်း ရည်ရွယ်ပါတယ်။

ဒီဗဟုသုတတွေကို ပြန်လည်မျှဝေပေးခြင်းဖြင့် ကျွန်တော်တို့နဲ့ အတူ ခွဲခြားမှုကင်းစင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ရပ်ကို အတူတကွ ပုံဖော်တည်ဆောက်သွားကြပါစို့။ ✨🌟

#

မသန်စွမ်းသူတစ်ဦးရဲ့ ဘဝမှာ ပညာရေး၊ ကျန်းမာရေးနဲ့ တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူ...
31/01/2026

မသန်စွမ်းသူတစ်ဦးရဲ့ ဘဝမှာ ပညာရေး၊ ကျန်းမာရေးနဲ့ တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူတွေကတော့ သူတို့ရဲ့ "မိသားစုဝင်တွေ" ပဲ ဖြစ်ပါတယ်။
သူတို့ဟာ မသန်စွမ်းသူတွေအတွက်... နေ့စဉ် စားသောက်၊သွားလာရေးကအစ တစ်ကိုယ်ရေသန့်ရှင်းရေးအထိ အနီးကပ်ကူညီပေးတာ ၊ လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးကိစ္စတွေကို စီမံပေးရတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့၊ လူ့အသိုင်းအဝိုင်းမှာ ဝင့်ဆံ့နိုင်ဖို့ ၊ တန်းတူရည်တူ အခွင့်အ‌ရေးတွေ ရဖို့ ရှေ့ကနေ ဦးဆောင်ပေးကြတဲ့ အဓိက ဇာတ်ကောင် များလည်းဖြစ်ပါတယ်။
ဒါပေမဲ့...အစစအရာရာ ပြည့်စုံအောင် ဦးစီးဦးရွက် ပြုပေးနေရတဲ့ မိသားစုဝင်တွေမှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိဖို့ လိုပါတယ်။
ငွေရေးကြေးရေး အခက်အခဲတွေကြားက ရုန်းကန်ရတာ..
အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ လူရောစိတ်ပါ နွမ်းနယ်လာတာ..
ဝါသနာ၊ ကိုယ်ပိုင်အချိန်နဲ့ လူမှုဆက်ဆံရေးတွေ ပျောက်ဆုံးပြီး မိမိကိုယ်ပိုင်ဘဝနဲ့ ကင်းကွာသလို ခံစားရတာ..
ဒါကြောင့်မို့ လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ ကျွန်တော်တို့အားလုံးအနေနဲ့ မသန်စွမ်းသူတွေကိုသာမက သူတို့ကို အနီးကပ်ပြုစုနေတဲ့ မိသားစုဝင်တွေကိုလည်း စာနာမှု၊ နားလည်မှု တွေ ပိုပေးဖို့ လိုအပ်ပါတယ်။
လူမှုအသိုင်းအဝိုင်းအနေနဲ့ ....
သူတို့ရဲ့ ရုန်းကန်ရမှုတွေကို အသိအမှတ်ပြုပေးပါ။ လေးစားမှုရှိရှိ ဆက်ဆံပေးပါ။
သူတို့တွေ ခဏတာဖြစ်ဖြစ် အနားယူချိန်ရအောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးပါ။
သူတို့ရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုပေးတဲ့ အားပေးစကားမျိုးတွေကလည်း ကြီးမားတဲ့ အားဆေးတစ်ခွက် ဖြစ်စေပါတယ်။
မိသားစုဝင်တွေဟာ မသန်စွမ်းသူတွေအတွက် "မရှိမဖြစ်" အသက်သွေးကြောတွေ ဖြစ်သလို၊ သူတို့ကိုယ်တိုင်အတွက်လည်း လူ့အသိုင်းအဝိုင်းရဲ့ အားပေးပံ့ပိုးမှုတွေက အင်မတန် အရေးကြီးပါတယ်။
မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ မသန်စွမ်းသူတွေရဲ့ မိသားစုဝင်တွေကို အသိအမှတ်ပြုပေးပါ။ အားပေးပါ၊ ကူညီပါ၊ ဖေးမပါ၊ ချီးကျူးပေးပါ။ ဒီလိုမျိုး တစ်ဦးကိုတစ်ဦး ဖေးမကူညီတဲ့ နွေးထွေးတဲ့ အသိုက်အဝန်းလေးကို အတူတူ တည်ဆောက်နိုင်ပါတယ်။

မသန်စွမ်းသူတစ်ဦး ဘဝနေထိုင်ရပ်တည်ရေးမှာ  မိသားစုနဲ့ ပတ်ဝန်းကျင်က မဟာမိတ်ကောင်းတွေဖြစ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ကိုပြည့...
29/01/2026

မသန်စွမ်းသူတစ်ဦး ဘဝနေထိုင်ရပ်တည်ရေးမှာ မိသားစုနဲ့ ပတ်ဝန်းကျင်က မဟာမိတ်ကောင်းတွေဖြစ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ကိုပြည့်ဖြိုးအောင်ရဲ့ အတွေ့အကြုံက သက်သေပါပဲ။ ကိုပြည့်ဖြိုးအောင်ရဲ့ ဘဝခရီးလမ်းမှာ မိသားစုဝင်တွေ ဘေးနားကနေ ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေ၊ ခွန်အားတွေနဲ့ ပံ့ပိုးပေးခဲ့လဲဆိုတာကို ဒီစတိုရီလေးကတစ်ဆင့် မြင်တွေ့ရမှာပါ။

"စိတ်ကျန်းမာရေးပြဿနာက ရှက်စရာမဟုတ်ပါ" ❤️ခန္ဓာကိုယ် နေမကောင်းဖြစ်ရင် ဆေးခန်းပြရသလိုပဲ  စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု...
26/01/2026

"စိတ်ကျန်းမာရေးပြဿနာက ရှက်စရာမဟုတ်ပါ" ❤️
ခန္ဓာကိုယ် နေမကောင်းဖြစ်ရင် ဆေးခန်းပြရသလိုပဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေအတွက်လည်း အကူအညီတောင်းခြင်းက ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်သာ ဖြစ်ပါတယ်။ ဒီလို အကူအညီတောင်းဖို့ ရှက်စရာလည်းမလိုသလို စိတ်ကျန်းမာရေး ပြဿနာကို အားနည်းချက်တစ်ခု၊ အပြစ်တစ်ခုလို့ ထင်မြင်ယူဆစရာ လုံးဝမလိုအပ်ပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က "စိတ်ကျန်းမာရေးဆိုတာ စိတ်ရောဂါမရှိခြင်းထက် ပိုပါတယ်" လို့ ဆိုထားပါတယ်။ စိတ်နဲ့ရုပ်ဟာ အပြန်အလှန် မှီခိုနေတာပါ။ စိတ်ကျန်းမာမှသာ ဘဝရဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးတွေပါ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
🤝 အကူအညီရယူနိုင်မည့် နည်းလမ်းများ
စိတ်ပိုင်းဆိုင်ရာ အခက်အခဲကြုံလာရတဲ့အခါ တစ်ယောက်တည်း ကြိတ်မှိတ်မခံစားပါနဲ့။ စိတ်ရောဂါဆိုတာ ကျွမ်းကျင်ဆရာဝန်တွေကသာ စနစ်တကျ စမ်းသပ်သတ်မှတ်တာဖြစ်လို့ မိမိဘာသာ မသတ်မှတ်ဖို့ အရေးကြီးပါတယ်။ အခြေအနေတွေ ဆိုးရွားလာတယ်လို့ ခံစားရရင် ဒီလိုနည်းလမ်းတွေနဲ့ အကူအညီ ရယူနိုင်ပါတယ်။
ယုံကြည်ရသူထံ ရင်ဖွင့်ပါ : ကိုယ့်ကို အဆုံးအဖြတ်မပေးဘဲ နားထောင်ပေးနိုင်မယ့် မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် ဆရာသမားတစ်ဦးဦးကို မိမိခံစားချက်များ ဖွင့်ဟပြောဆိုပါ။ ရင်ဖွင့်လိုက်ရခြင်းက စိတ်ဖိစီးမှုကို တစ်ဝက်မက လျော့ကျစေပါတယ်။
နှစ်သိမ့်ဆွေးနွေးမှုရယူပါ: ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ လမ်းပျောက်နေရင် ကျွမ်းကျင်တဲ့ Counselor တွေနဲ့ တိုင်ပင်ပါ။ သူတို့က သင့်ရဲ့ခံစားချက်တွေကို စနစ်တကျ နားထောင်ပေးပြီး ဖြေရှင်းနည်းလမ်းတွေကို အတူတူရှာဖွေပေးပါလိမ့်မယ်။
စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသပါ: အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် မိမိကိုယ်ကို ထိခိုက်လိုစိတ်များ ပြင်းထန်လာပါက Psychiatrist (စိတ်ကျန်းမာရေးဆရာဝန်) နှင့် ပြသပြီး စနစ်တကျ ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
အလားတူအတွေ့အကြုံရှိသူများထံမှ အားယူပါ: မိမိကဲ့သို့ အခက်အခဲကြုံတွေ့နေရသူများ၊ ကျော်ဖြတ်နိုင်ခဲ့သူများနှင့် အတွေ့အကြုံဖလှယ်ခြင်းကလည်း "ငါတစ်ယောက်တည်း မဟုတ်ပါလား" ဆိုတဲ့ စိတ်ခွန်အားကို ရရှိစေပါတယ်။
လိုအပ်ပါက စိတ်ကျန်းမာရေးအဖွဲ့အစည်းများထံ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးပါ။
မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး ဝန်‌ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတစ်ချို့ကိုလည်း ဖော်ပြပေးထားပါတယ်။
1. https://www.facebook.com/CallMeToday.Service
2. https://www.facebook.com/counsellingcornermyanmar
3. https://www.facebook.com/honesthourmyanmar
4. https://www.facebook.com/profile.php?id=100086899312246
5. https://www.facebook.com/aohmentalhealthservice
6. https://www.facebook.com/Cittaconsultancy
စတဲ့ စိတ်ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် Message ပို့၍ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ Online Counselling ရယူနိုင်ပါတယ်။
အချင်းချင်း ဖေးမကူညီရင်း စိတ်ကျန်းမာတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့။

စိတ်ဒဏ်ရာဆိုတာ မျက်စိနဲ့ မမြင်နိုင်ပေမယ့် ကုစားဖို့ လိုအပ်ပါတယ် မသန်စွမ်းမှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် (EO) ...
13/01/2026

စိတ်ဒဏ်ရာဆိုတာ မျက်စိနဲ့ မမြင်နိုင်ပေမယ့် ကုစားဖို့ လိုအပ်ပါတယ်
မသန်စွမ်းမှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် (EO) နဲ့ ဂျန်ဒါအခြေပြုထိခိုက်ခံစားရမှု တို့ကို ကြုံတွေ့ရသူတွေက သာမန်ထက် ပိုမိုပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားရလေ့ရှိပါတယ်။ ဒီဝေဒနာတွေကို အချိန်မီမကုစားခဲ့ရင် ရေရှည်မှာ ပြင်းထန် စိတ်ဒဏ်ရာ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကတော့ အခြေအနေအလိုက် မတူညီကြပါဘူး။
မသန်စွမ်းသူတွေ အတွက် အခြားသူတွေလို တက်ကြွစွာ မလှုပ်ရှားနိုင်ခြင်း၊ အလုပ်အကိုင်နဲ့ ပညာရေး အခွင့်အလမ်းတွေ ဆုံးရှုံးခြင်းတို့ကြောင့် အထီးကျန်ခြင်းနဲ့ အကူအညီမဲ့ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သနားစရာအမြင်တွေက သူတို့အတွက် ယုံကြည်မှု လျော့နည်းပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်စေပါတယ်။
ပေါက်ကွဲစေတတ်သော ပစ္စည်းများ အန္တရာယ်ကြုံတွေ့ ခဲ့ရသူများမှာ ရုတ်တရက် ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေကြောင့် ပြင်းထန်တဲ့ ထိတ်လန့်တုန်လှုပ်မှု၊ နောက်ဆက်တွဲမှာ မသန်စွမ်းဖြစ်သွားခဲ့ပါက ရုတ်ချည်း ပြောင်းလဲသွားတဲ့ ဘဝအခြေအနေအပေါ် စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဒဏ်ရာတွေကို ခံစားရတတ်ပါတယ်။
ဂျန်ဒါ အခြေပြုထိခိုက်မှု ခံစားရသူအနေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း၊ လုံခြုံမှုမရှိတော့သလိသလို ခံစားရခြင်းနဲ့ လူမှုပတ်ဝန်းကျင်ကို ကြောက်ရွံ့ခြင်းတို့ ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထုံကျင်သွားခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်းကနေ ရှက်ရွံအားငယ်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့အထိ ပြင်းထန် စိတ်ဖိစီးမှုဝေဒနာများကို ခံစားရလေ့ရှိပါတယ်။
ဘယ်လိုကုစားကြမလဲ ?
စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
လိုအပ်ပါက စိတ်ကျန်းမာရေး ပညာရှင်များ၊ နှစ်သိမ့်ဆွေးနွေးသူများနှင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပါ။ မိသားစုနှင့် သူငယ်ချင်းများနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ကဲ့ရဲ့ရှုံ့ချမှု ကင်းစင်ပြီး နွေးထွေးလုံခြုံသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အချင်းချင်း ဖေးမကူညီနိုင်ဖို့အတွက် အလားတူ အတွေ့အကြုံရှိသူအချင်းချင်း အတွေ့အကြုံမျှဝေခြင်းနဲ့ အားပေးခြင်းကလည်း ကြီးမားတဲ့ ခွန်အားဖြစ်စေပါတယ်။ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် မိမိဝါသနာပါရာ အလုပ်တစ်ခုခုမှာ အာရုံစိုက် လုပ်ကိုင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ကို တစ်နည်းတစ်ဖုံနဲ့ ပြန်လည်တည်ငြိမ်စေနိုင်ပါတယ်။
နွေးထွေးလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကသာလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသူတွေအတွက် အကောင်းဆုံးသော ကုထုံးဖြစ်ပါတယ်။ အချင်းချင်း ဖေးမကူညီရင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေရဲ့ ဝေဒနာတွေကို အတတ်နိုင်ဆုံး အတူတကွ ဝိုင်းဝန်းဖြေဖျောက် ပေးကြပါစို့။

ကုန်ဆုံးတော့မယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လမ်းပြကြယ်ပေ့ချ်ကနေ  မသန်စွမ်းသူများ အရေးနဲ့ အသိပညာပေးမှုတွေကို အဆက်မပြတ် မျှဝေခဲ့...
31/12/2025

ကုန်ဆုံးတော့မယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လမ်းပြကြယ်ပေ့ချ်ကနေ မသန်စွမ်းသူများ အရေးနဲ့ အသိပညာပေးမှုတွေကို အဆက်မပြတ် မျှဝေခဲ့သလို မသန်စွမ်းသူများကိုယ်တိုင် တက်ကြွစွာ ပါဝင်ဆင်နွှဲနိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုပြိုင်ပွဲများ ကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။
မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၂၀၂၆ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ အချင်းချင်း ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ တစ်ဦးကိုတစ်ဦး "လေးစားမှု"ရှိခြင်းပဲ ဖြစ်ပါတယ်။
မသန်စွမ်းမှုကြောင့်ဖြစ်စေ၊ အခြားသော ကွဲပြားမှုများကြောင့်ဖြစ်စေ ခွဲခြားခြင်းမရှိဘဲ လူသားတိုင်းရဲ့ ဂုဏ်သိက္ခာကို အပြန်အလှန် တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်တစ်ခုဟာ အားလုံးအတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး ရပ်ဝန်း ဖြစ်ပါတယ်။
ကျွန်တော်တို့ အတူတူ ချစ်ခြင်းမေတ္တာတွေနဲ့ ပေါင်းစည်းထားတဲ့ “အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်း” အဖြစ် ၂၀၂၆ နှစ်သစ်ကို အတူတူ တက်လှမ်းကြရအောင်။
အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း လမ်းပြကြယ် အဖွဲ့မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
#လမ်းပြကြယ် #နှစ်သစ်ကူးဆုတောင်း

မသန်စွမ်းသူတွေ လူ့အဖွဲ့အစည်းမှာ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ရဲ့ အပြုသဘောဆောင်တဲ...
28/12/2025

မသန်စွမ်းသူတွေ လူ့အဖွဲ့အစည်းမှာ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ရဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးမှု ပေါ်မှာ အများကြီး မူတည်နေပါတယ်။
လေ့လာချက်တွေအရ ခိုင်မာတဲ့ လူမှုဆက်ဆံရေးရှိတဲ့ မသန်စွမ်းသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်ပြီး ဘဝကို ပျော်ရွှင်စွာ ရှင်သန်နိုင်တာကို တွေ့ရပါတယ်။ မိသားစုရဲ့ စာနာမှုဟာလည်း မသန်စွမ်းတွေအတွက် မိမိကိုယ်ကို တန်ဖိုးထားမှု ဖြစ်စေတဲ့ အဓိကသော့ချက်ပါပဲ။
မိသားစုဆိုတာ မသန်စွမ်းသူအတွက် ပထမဆုံး လုံခြုံရာအရပ်ဖြစ်သလို ဘဝရဲ့ အုတ်မြစ်လည်း ဖြစ်ပါတယ်။ ချစ်ခင်မှု၊ နားလည်မှုနဲ့ ယုံကြည်မှုတွေကို အိမ်မှာတင် အပြည့်အဝပေးနိုင်ခြင်းက သူတို့အတွက် အပြင်က ခွဲခြားဆက်ဆံမှုတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ခွန်အားကို ဖြစ်စေပါတယ်။
နေ့စဉ် စားသောက်နေထိုင်မှု၊ သွားလာမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ စိတ်ရှည်လက်ရှည် ကူညီပေးခြင်းကလည်း သူတို့ရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးပါတယ်။ "မသန်စွမ်းလို့ မလုပ်နိုင်ဘူး" ဆိုတဲ့ အမြင်ကို ဖျက်ဆီးပြီး ပညာသင်ကြားခွင့်၊ အလုပ်အကိုင် ရှာဖွေခွင့်တွေအတွက် မိသားစုက ရှေ့ကနေ လမ်းပြပေးနိုင်သူ အဖြစ် ရပ်တည်ပေးရပါမယ်။ မိသားစုရဲ့ ပံ့ပိုးမှုဆိုတာ ကြင်နာမှုသက်သက်မကဘဲ အခွင့်အလမ်းတွေရဲ့ အခြေခံအုတ်မြစ်လဲ ဖြစ်ပါတယ်။
မိတ်ဆွေသူငယ်ချင်းဆိုသည်မှာလည်း မသန်စွမ်းသူကို လူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။ အတူတူ ပျော်ရွှင်စွာ အချိန်ဖြုန်းတာ၊ အားပေးစကားပြောတာမျိုးစတဲ့ သူတို့ကို မိတ်ဆွေသူငယ်ချင်းတစ်ယောက် အဖြစ် ပုံမှန်ဆက်ဆံပေးခြင်းက မိမိကိုယ်ကို ယုံကြည်မှုတိုးပွားစေပါတယ်။
မိသားစုနဲ့ သူငယ်ချင်းတွေက ပေးတဲ့စိတ်ဓာတ်ခွန်အားတွေအပြင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းအနေနဲ့ကလည်း လက်တွေ့ကျကျ ပံ့ပိုးဖော်ဆောင်ပေးဖို့ အရေးကြီးပါတယ်။
လက်လှမ်းမီရရှိမှု - သွားလာရလွယ်ကူတဲ့ လမ်းတွေ၊ အဆောက်အအုံတွေ နဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ သိရှိနိုင်တဲ့ စနစ်တွေ ဖန်တီးပေးခြင်းက လွတ်လပ်စွာ သွားလာနိုင်မှုကို အာမခံချက်ပေးပါတယ်။
တန်းတူညီမျှမှု - လုပ်ငန်းခွင်တွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ စွမ်းဆောင်ရည်အလိုက် အလုပ်ခန့်ခြင်း၊ ကျောင်းတွေမှာ အဆင်ပြေပြေ သင်ကြားခွင့်ပေးခြင်းတို့က ၎င်းတို့ကို တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာစေပါတယ်။
အမြင်သစ်ဖြင့် လက်ခံခြင်း - မသန်စွမ်းသူတွေကို "သနားစရာ" လို့ မမြင်ဘဲ အားလုံးနဲ့ တန်းတူရပိုင်ခွင့်ရှိတဲ့ "လူသားတစ်ဦး" အဖြစ် အသိအမှတ်ပြုခြင်း။
မသန်စွမ်းသူများအနေနဲ့ ပုံမှန်ဝင်ငွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ အသက်မွေးဝမ်းကျောင်းမှု ရရှိစေရန်၊ "တန်းတူညီမျှတဲ့ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း" ခံစားခွင့်ရရှိရန်နှင့် အခြေခံလိုအပ်ချက်များ ပြည့်မီကာ "အမှီအခိုကင်းသော လူမှုစီးပွားဘဝ" ပိုင်ဆိုင်နိုင်စေဖို့ လူ့အဖွဲ့အစည်းအနေနဲ့ ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ နွေးထွေးလုံခြုံစေတဲ့စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအပြင် နည်းပညာနှင့် အများပြည်သူသုံး ဝန်ဆောင်မှုတွေကို လွယ်ကူလုံခြုံစွာ အသုံးပြုနိုင်တဲ့ "အတားအဆီးကင်းတဲ့ ပတ်ဝန်းကျင်” ဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Address

Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when လမ်းပြကြယ် Guiding Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လမ်းပြကြယ် Guiding Star:

Share