
24/03/2025
ဝီ (၁)
Whiskey ရဲ့သမိုင်းအစ
မိတ်ဆွေတို့ရေ၊
ဝီစကီဆိုတာကို ခင်ဗျားတို့ ဘယ်လိုမြင်ကြလဲ။
“ဪ၊ သောက်လိုက်ရင် မူးတာပဲကွာ၊ အရက်တမျိုးပဲမဟုတ်လား” လို့ ထင်ရင်တော့ ကျနော့်အမြင်နဲ့နည်းနည်းလွဲနေပြီဗျ။
ဝီစကီက ဒီလောက် ရိုးရိုးရှင်းရှင်း “အရက်တခွက်ပါပဲ”ဆိုတာလောက်နဲ့ ပြီးသွားတဲ့ အရာမဟုတ်ဘူးလို့ ကျနော်တော့ထင်တယ်။
ဝီစကီဟာ လူသားတွေရဲ့ လက်မှုအတတ်ပညာ၊ စိတ်ရှည်သည်းခံနိုင်မှု၊ အချိန်ကို စောင့်ဆိုင်းနိုင်ခြင်းရဲ့ တန်ဖိုးတွေကို ရောစပ်ပြီး ဖန်တီးထားတဲ့ အနုပညာပစ္စည်းတခုလိုပါပဲ။ နောက်ပြီး လူ့သမိုင်းထဲက ယဉ်ကျေးမှုတွေ၊ ဇာတ်လမ်းတွေကို သယ်ပိုးထားတဲ့ ဂန္တဝင်လက်ဆောင်တခုလည်း ဖြစ်တယ်။
“ဟာ၊ ဒီလောက်တောင် ကြီးကျယ်ခမ်းနားတာလားကွ၊ ငါတို့သောက်နေတဲ့ ဝီစကီဆိုတာကြီးက” လို့ စောဒကတက်ချင်ရင်တော့ မိတ်ဆွေ အေးဆေး၊ ဆက်ဖတ်ကြည့်လိုက်ပါဦး။
ကျနော်က အခု ဝီစကီရဲ့သမိုင်းအစအကြောင်း ဖတ်ဖူးသလောက် နည်းနည်းလေးစပြီး ပြောပြပေးကြည့်မယ်။
ဝီစကီကို ဘယ်ကနေ ဘယ်လိုချက်လုပ်ရရှိလာတာလဲဆိုတဲ့ အကြမ်းဖျဉ်းလောက်တော့ ခင်ဗျားတို့လည်း သိပြီးသားပါပဲလေ။
မုယောစပါး၊ ဂျုံစေ့၊ ပြောင်းဆန်၊ ရိုင်း Rye စတဲ့ ကစီဓာတ်ပါတဲ့အစေ့အဆန်တွေကို ကြိတ်ခွဲ၊ ရေနဲ့ရောပြီး အချဉ်ဖောက်၊ ပေါင်းခံချက်လုပ်၊ အဲ့ဒီက ထွက်လာတဲ့ အရည်ကို သစ်သားစည်ထဲမှာ နှစ်ပေါင်းများစွာ သိမ်းထားပြီး သက်တမ်းရင့်အောင် လုပ်ထားတာ။ ဒါပြီးရင် ပုလင်းထဲထည့်၊ ဆိုင်ပေါ်ကနေ ကျနော်တို့လက်ထဲရောက်လာပြီး သောက်ဖြစ်ကြတာပေါ့။
ဒါပေမယ့် ဒီလောက်လေးပြောပြရုံနဲ့ ဝီစကီထုတ်လုပ်ခြင်းရဲ့ အဓိပ္ပါယ်က မပြည့်စုံဘူးဗျ။ ဝီစကီဆိုတာ ရိုးရိုးအရက်ယမကာတမျိုးဆိုတာထက် အများကြီး အများကြီး ပိုအဓိပ္ပါယ်ရှိပါတယ်။ သူက သမိုင်းကြောင်း အရှည်ကြီးနဲ့ကိုလာတာဗျ။
ဝီစကီကလူသားတွေအတွက် ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ အောင်ပွဲခံစရာတွေ၊ အခမ်းအနားတွေမှာ အဖော်ပြုခဲ့တဲ့ ဂန္တဝင်အဖျော်ယမကာတခုပါ။
ဒီအခန်းမှာတော့ ဝီစကီဆိုတာက ဘာလဲ၊ ဘယ်ကစလာတာလဲ၊ ဘာလို့ ဒီလောက် ထူးခြားနေရတာလဲ ဆိုတာကို နည်းနည်းလေ့လာကြည့်ကြမယ်။
⁃ ဝီစကီဆိုတဲ့ နာမည် ဘယ်လိုဖြစ်လာတာလဲ
ဝီစကီဆိုတဲ့ စကားလုံးကို ကြားတိုင်း၊ ဒီနာမည်က ဘာကိုဆိုလိုတာလဲ၊ ဘယ်ကစလာတာလဲ လို့ ကျနော် တွေးမိဖူးတယ်။ မိတ်ဆွေတို့ရော တွေးမိဖူးလား။ တကယ်တော့ ဒီနာမည်က အင်္ဂလိပ်စကားက မဟုတ်ဘူးဗျ။
အိုင်ယာလန်နဲ့ စကော့တလန်က ဂေလစ်ဘာသာစကားကနေ ဆင်းသက်လာတာ။ အိုင်ယာလန်မှာ “uisce beatha”၊ စကော့တလန်မှာ “uisge beatha” လို့ ခေါ်တယ်။ အနီးစပ်ဆုံး “ဝီစီဘီသာ” “ယွီစီဘေသာ” လို့ အသံထွက်ရမယ်ထင်တယ်။ အဓိပ္ပါယ်က “အသက်ရှင်စေတဲ့ ရေ” ဒါမှမဟုတ် “သက်စောင့်ရေစင်” လို့ ဆိုလိုတာပါ။
တချို့ကလည်း ဒီနာမည်က လက်တင်ဘာသာက “aqua vitae” ဆိုတဲ့ စကားကနေ ဆင်းလာတယ်လို့ ယူဆတယ်။ “Aqua” က ရေ၊ “Vitae” က အသက်ရှင်တာ။
ဒါက ဝီစကီပေါ်ပေါက်လာတဲ့ အစောဆုံးဝိသေသလက္ခဏာကို ပြနေတာပဲ။ သူက ဆေးဘက်ဝင်တယ်၊ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပြီး စခဲ့တာလေ။ အရက်သေစာအနေနဲ့ ပေါ်လာတာမဟုတ်ပါဘူး။
အချိန်ကြာလာတော့ “uisce” ဆိုတာကို လူတွေက အသံထွက်ရတာ ခက်လာမှာပေါ့။ ဒါနဲ့ “whisky” ဒါမှမဟုတ် “whiskey” လို့ ပြောင်းလိုက်ကြပါတယ်။
အိုင်ယာလန်နဲ့ အမေရိကမှာဆို “whiskey” ဆိုပြီး “e” ထည့်ရေးတယ်။
စကော့တလန်၊ ဂျပန်၊ ကနေဒါကတော့ “whisky” ဆိုပြီး “e” မပါဘဲ ရေးတယ်။ ဒီလို စာလုံးပေါင်းကွဲတာကပဲ ဝီစကီရဲ့ ဒေသအလိုက် သမိုင်းနဲ့ ယဉ်ကျေးမှုကွဲပြားမှုကို ပြတယ်လေ။ ကျနော်ကတော့ ဒီစာထဲမှာ မြန်မာလို “ဝီစကီ”၊ အင်္ဂလိပ်လို “Whiskey” လို့ပဲ သုံးပြီးရေးပါမယ်။
⁃ ကဲ ဒါဆို ဝီစကီက ဘယ်လိုဖြစ်လာတာလဲ ဆိုတာ နည်းနည်းလေးဆက်ပြီး လေ့လာကြည့်ကြရအောင်။
ဝီစကီချက်လုပ်ဖို့ရာအတွက် ကုန်ကြမ်းအစေ့အဆန်တွေဖြစ်တဲ့ မုယောစပါး၊ ဂျုံစေ့၊ ပြောင်းဆန်၊ ရိုင်း Rye စတာတွေကို အရင် သန့်စင်၊ ကြိတ်ခွဲပြီး ရေနဲ့ရောတယ်။ အဲ့ဒီအရောအနှောရည်ထဲကို Yeast တဆေး ထည့်ပြီး အချဉ်ဖောက်လိုက်ရင် ကစီဓာတ်ကနေ သကြားအချိုဓာတ်အဖြစ်ပြောင်းပြီးတော့ အဲ့ဒီကမှ Alcohol အရက်ဓာတ်ဖြစ်လာတယ်။ ဒီအထိအဆင့်ကတော့ ဘီယာနဲ့ဆင်တူတာပေါ့။
အဲ့ဒီ Alcohol ရည်ကို စနစ်တကျပေါင်းခံချက်လုပ်ပြီးတဲ့အခါမှာတော့ ပိုသန့်တဲ့၊ အာနိသင်ပိုပြင်းတဲ့ အရည်တစ်မျိုးထွက်လာတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီအရက်ရည်ကိုာသစ်သားစည်တွေထဲ ထည့်သိမ်း၊ နှစ်တွေ ကြာအောင် သက်တမ်းရင့်စေပြီးမှ ဝီစကီလို့ အမည်နာမတပ်ခေါ်ပြီး ပုလင်းထဲရောက်လာတာပါ။
ဒီလို ပြောတော့ လုပ်ရတာလွယ်သလိုပဲလို့ ထင်စရာရှိပါတယ်။
ဒါပေမယ့် အဆင့်တိုင်းမှာ တိကျတဲ့ နည်းပညာ၊ လက်မှုပညာတွေ ပါတယ်။ ဥပမာ၊ ချက်လုပ်ရာမှာသုံးတဲ့ ရေအရင်းအမြစ်က သိပ်အရေးကြီးပါတယ်။
စကော့တလန်မှာတော့ အေးစိမ့်တဲ့တောင်ကြားတွေထဲကစီးဆင်းလာတဲ့ စိမ့်စမ်းရေတွေက သတ္တုဓာတ်နည်းပြီး သန့်ရှင်းကြည်လင်တော့၊ Scotch Whisky ရဲ့ ထူးခြားတဲ့ အရသာကို ပေးနိုင်တယ်။
အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ်က မြေအောက်ရေကတော့ ထုံးကျောက်တွေကြားက စိမ့်ထွက်လာတာဆိုတော့ Bourbon ဝီစကီကို ချိုချိုမြမြ အရသာဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒီလို ရေအရင်းအမြစ် တမျိုးနဲ့တမျိုး မတူတာကိုကပဲ ဝီစကီတမျိုးချင်းစီရဲ့ အရသာကို ကွဲပြားခြားနားစေနိုင်ပါတယ်။
နောက်တခုကတော့ Aging လို့ခေါ်တဲ့ ဝီစကီကိုနှစ်ချို့အောင်ထည့်လှောင်တဲ့ Cask လို့ခေါ်တဲ့ သစ်သားစည်တွေပါ။ အဲ့ဒီ Cask သစ်သားစည်တွေကို ထုတ်လုပ်ထားတဲ့ သစ်သားအမျိုးအစား၊ သစ်သားရဲ့ သက်တမ်းအနုအရင့် အပြင် တခြားစိတ်ဝင်စားစရာအချက်တွေကလည်း ထုတ်လုပ်လိုက်တဲ့ဝီစကီတွေရဲ့အနံ့အရသာနဲ့ အရည်အသွေးကို သိသိသာသာကွဲပြားခြားနားသွားစေပါတယ်။
Cask သစ်သားစည်တွေကို များသောအားဖြင့် ဝက်သစ်ချသား၊ ယမနေသား စတာတွေနဲ့ ပြုလုပ်ကြပါတယ်။ ဒီသစ်သားစည်တွေကို လုပ်ပြီးပြီးချင်း အသစ်အတိုင်း၊ အစိမ်းအတိုင်း ဝီစကီထည့်လှောင်တာမျိုး မဟုတ်ပါဘူး။ အနည်းဆုံးတော့ သစ်သားစည်ရဲ့အတွင်းပိုင်းကို ထင်းမီးနဲ့ ညှော်နံ့စွဲအောင် မီးသင်းတိုက်ရပါတယ်။
အဲ့ဒါကြောင့် ဝီစကီစိမ်တဲ့ Cask စည်ဟာ ဘယ်လို ထင်းမီးမျိုးနဲ့ သင်းတိုက်ထားတာလဲ၊ ပြီးတော့ အဲ့ဒီ Cask ထဲမှာ အရင်က ဘာတွေ ထည့်စိမ်ထားခဲ့ဖူးခဲ့သလဲ ဆိုတာပေါ်မူတည်ပြီး အရသာက ထပ်ပြောင်းပြန်တယ်။ စက်ရုံကထုတ်လုပ်ပြီးချင်းချင်း သစ်သားစည်အသစ်ကို အလွတ်အတိုင်း ဘယ်တော့မှမသုံးဘူး။ ဝိုင်၊ ရှယ်ရီ စတဲ့ Alcohol အနိမ့်တွေ အရင်စိမ်ထားပြီး အနံ့စွဲ၊ အသားသေမှ Whiskey သိမ်းဖို့ သုံးတာဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးကြီး ဝီစကီတွေမှာ “ဘယ်လိုစည်မျိုးထဲမှာ သက်တမ်းရင့်အောင်သိမ်းထားပါတယ်” ဆိုပြီး ဂုဏ်ယူစွာ ရေးထားတာတွေ တွေ့ရတာပေါ့။
⁃ ဝီစကီကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကစလုပ်တာလဲ
တော်တော်များများ သိထားကြတဲ့ အတိုင်း ဝီစကီကို အိုင်ယာလန်နဲ့ စကော့တလန်မှာ စလုပ်တယ်ဆိုပေမယ့်၊ ဒီလို ဖြစ်လာဖို့အတွက် အဓိကကျတဲ့ ပေါင်းခံချက်လုပ်နည်းက ပိုပြီးရှေးကျတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
ဘီစီ ၁၂၀၀ လောက်က အာရပ်ပညာရှင်တွေက ရေမွှေးထုတ်လုပ်ဖို့အတွက် အဆင့်မြင့်တဲ့ပေါင်းခံနည်းကို စတင်တွေ့ရှိခဲ့ပါတယ်။
အေဒီ ၈ ရာစုမှာတော့ အာရပ်ကုန်သည်တွေက ဒီအဆင့်မြင့် ပေါင်းခံချက်လုပ်နည်းကို ဥရောပကို ယူဆောင်လာပါတယ်။
၁၁ ရာစုမှာ အာရပ်ကုန်သည်တစ်ယောက်က “alembic” ဆိုတဲ့ ကြေးနီသား ပေါင်းခံကိရိယာနဲ့ ပေါင်းခံချက်လုပ်တဲ့နည်းကို စပိန်ဘုန်းတော်ကြီးတွေကို သင်ပြပေးခဲ့ပါတယ်။
စပိန်ဘုန်းတော်ကြီးတွေက အစပထမမှာတော့ အဲ့ဒီပေါင်းခံချက်လုပ်နည်းကို ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာမှာ စမ်းသပ်ကြည့်ရင်းနဲ့ ဒီနည်းက အိုင်ယာလန်၊ စကော့တလန်ထိ ရောက်လာပြီး ဝီစကီချက်လုပ်တဲ့နေရာမှာ သုံးခဲ့ကြတာပါ။
⁃ ဝီစကီက ဘာလို့ တခြား အရက်တွေထက် ပိုပြီးထူးခြားတာလဲ
ဝီစကီက ပုံမှန်ယမကာဆိုတာထက် ပိုပြီး ဂန္တဝင်ဆန်တယ်လို့ ကျနော် ပြောတာ ဒီလိုပါ။
အနောက်ဥရောပနိုင်ငံတွေမှာ ကြမ်းတမ်းတဲ့ဆောင်းရာသီရဲ့ အေးစိမ့်မှုကို ခံနိုင်အောင် ကူညီပေးတယ်။ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ ညတွေမှာ စိတ်ကို အနားပေးဖို့ အဖော်ပြုတယ်။
အိုင်ယာလန်မှာဆို ဝီစကီကို “မိတ်ဆွေဖွဲ့ရတာ လွယ်ကူစေတဲ့ ပီယဆေး” ဆိုပြီး တင်စားခေါ်ဝေါ်ကြပါတယ်။ စကော့တလန်မှာ ကျေးလက်ရိုးရာ ပွဲလမ်းသဘင်တွေ၊ ကောက်သီးကောက်နှံရိတ်သိမ်းပွဲတွေမှာ ဝီစကီကို ညီတူညီမျှသောက်သုံးကြပြီး စည်းလုံးညီညွတ်မှုရဲ့ အနှစ်သာရကို ဖော်ပြကြတယ်။ အမေရိကမှာဆို သူတို့ကမ္ဘာတလွှား နယ်ချဲ့ကျူးကျော်တဲ့ခရီးစဉ်တွေမှာ ဝီစကီဆိုတာဟာ မပါမဖြစ်ပါပဲ။
ဒီလို တငုံစာ၊ တမြုံ့စာ၊ တခွက်စာလေးထဲမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ သမိုင်းပုံပြင်တွေ အများကြီး ပါနေတာကြောင့် ဝီစကီဟာ ရာစုနှစ်တွေပေါင်းများစွာ တည်တံ့ပြီး၊ ဒီနေ့ထိ လူသားတွေကို ဆွဲဆောင်နေတာပေါ့။
⁃ ဥပမာလေး တစ်ခု
ဝီစကီရဲ့ လူသားတွေအပေါ်ဆွဲဆောင်နိုင်မှုကို သမိုင်းထဲက ဥပမာပေးရရင် ၁၆၀၈ ခုနှစ်မှာ အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဆာ ဂျွန် ဖော့ကျူးန် ဆိုသူဟာ အိုင်ယာလန်ကို ရောက်သွားတယ်။ သူဟာ ဒေသခံတွေဆီကနေ “မီးရောင်လို တောက်ပနေတဲ့ အရည်” တစ်ခွက် မြည်းကြည့်ရတယ်တဲ့။
သောက်ကြည့်လိုက်တော့ “လည်ချောင်းထဲ မီးလျှံလိုစီးဆင်းသွားပြီး ချက်ချင်းပဲစိတ်ကို ကြည်လင်လန်းဆန်းစေတယ်” လို့ သူက ရေးထားတယ်။
ဒီလို ခံစားမှုမျိုးကိုက ဝီစကီကို တခြားအရက်ယမကာတွေနဲ့ မတူအောင် လုပ်ပေးနိုင်တာ။ သောက်လိုက်ရင် ပူစပ်စပ်နဲ့ နွေးထွေးပြီး စိတ်ကို ပေါ့သွားစေတယ်။ ဒီအာနိသင်က လူတွေကို စွဲသွားတာပေါ့။
⁃ ဒီစာအုပ်က မိတ်ဆွေကို ဘာတွေပေးမှာလဲ
ဒီစာအုပ်က ဝီစကီရဲ့ ခရီးရှည်ကြီးကို အစကနေ အဆုံးထိ စူးစမ်းရှာဖွေမှာ။
ဒီအခန်းမှာတော့ ဝီစကီက ဘာလဲ၊ ဘယ်ကလာတာလဲ၊ ဘာလို့ ဆွဲဆောင်နိုင်တာလဲ ဆိုတာကို မိတ်ဆက်ပြခဲ့တယ်။ ဒါပေမယ့် ဒါက အစပဲရှိပါသေးတယ်။
ဝီစကီရဲ့ သမိုင်း၊ ချက်လုပ်ပုံ၊ အမျိုးအစားတွေ၊ ယဉ်ကျေးမှု၊ ကျန်းမာရေးအကြောင်းတွေကို နောက်အခန်းတွေမှာ ဆက်ပြီးပြောပြပါ့မယ်။
နောက်လာမယ့် အခန်း ၂ မှာတော့
အိုင်ယာလန်နဲ့ စကော့တလန်မှာ ဝီစကီဇာတ်လမ်းတွေ ဘယ်လို စခဲ့လဲ၊ ဘုန်းတော်ကြီးတွေ၊ ဘုရင်တွေ၊ လယ်သမားတွေ လက်ထဲကနေ ဘယ်လိုဇာတ်ကြောင်းတွေ ပေါ်တာလဲ ဆိုတာကို အသေးစိတ် ဖော်ပြမယ်။ ဝီစကီသမိုင်းရဲ့ ပထမဆုံး မှတ်တမ်းတွေ၊ ဝီစကီချက်သူတွေရဲ့ ဘဝဇာတ်ကြောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ခရီးကို ဆက်သွားမယ်။ ဒါဆို နောက်အခန်းမှာ တွေ့ကြမယ်နော်။
#ဝီ
#ဖတ်ကြည့်