24/02/2024
ချစ်ခရီးရှည်
ယိုး
ဆရာကြီးဦးသန်းဆွေ ခေါ် စာရေးဆရာကြီးသတိုးဆွေ သည် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစု ရပ်ကွက်အတွင်းရှိ အတော်အတန်ကျယ်ဝန်းသော ခြံကြီးအတွင်း၌ သမီးဖြစ်သူ ဒေါက်တာဝင်းဝင်းမင်း မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင်လျက်ရှိ၏။ ဆရာကြီး၏အဓိကစီးပွားရေးလုပ်ငန်းမှာ မိဘဘိုး ဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့သော ရန်နိုင် လိပ်ခေါင်းရောဂါ ပျောက်ဆေး ထုတ်လုပ် ရောင်းချခြင်းဖြစ်၏။ ဆရာကြီးသည် နေ့စဉ်နှင့်အမျှ ပုတီးစိတ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ မွေးနေ့၊ ဥပုသ် နေ့နှင့် ဝါတွင်းကာလတို့၌ ဥပုသ်စောင့်ခြင်းတို့ဖြင့်သာမွေ့လျော်သူဖြစ်၏။ ငယ်စဉ်က အဂ္ဂိရတ် ခေါ် ဖိုထိုးခြင်းလုပ်ငန်းအား ဝါသနာထုံခဲ့ဖူး၏။ သူ့၌ ဝါသနာတူမိတ်ဆွေများလည်းများစွာရှိ၏။ ဆရာကြီး သည် ယခင်က လမ်းမတော်မြို့နယ်တွင် နေထိုင်သည်ဖြစ်ရာ ရံဖန်ရံခါ အဂ္ဂိရတ်ဝါသနာရှင်မိတ်ဆွေ များနှင့် ချိန်းဆိုကာ မင်္ဂလာဒုံမြို့နယ်ရှိ ယခုနေထိုင်သောခြံကြီးသို့လာရောက်ကာ တစ်နေကုန်ဖိုထိုး ကြ၏။ ချက်ပြုတ်စားသောက်ကြ၏။ ထိုသို့ချက်ပြုတ်စားသောက်နိုင်ရန်အလို့ငှာ တပည့်ရင်းဖြစ် သော ပန်းချီဆရာမောင်ဝင်းကြည် ခေါ် ကိုပန်းချီ က အဝယ်အခြမ်းအချက်အပြုတ်တာဝန်ကိုယူရ၏။ မီးခိုးပြာတွေတလုံးလုံးနှင့် ရေနွေးကြမ်းသောက်လိုက်၊ လက်ဖက်သုတ်စားလိုက်၊ စကားပြောလိုက်၊ ဖိုထိုးလိုက်ဖြင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ဆိုသကဲ့သို့ ပျော်မွေ့ခဲ့ဖူး၏။ နောင်သောအခါ ဆရာကြီး ကိုယ်တိုင်စိတ်ပြောင်းသွားခြင်း၊ ဖိုထိုးဖော်ထိုးဖက်များ တဖြည်းဖြည်းတိမ်းပါးကုန်ခြင်း၊ အချို့လည်း အရပ်တစ်ပါးသို့ပြောင်းရွှေ့သွားကြကုန်သဖြင့် ဖိုထိုးခြင်းလုပ်ငန်းအား ရပ်ဆိုင်းလိုက် လေတော့၏။
နောင်သောအခါတွင် ဆရာကြီးဦးသန်းဆွေသည် မင်္ဂလာဒုံမြို့နယ်ရှိ နန္ဒဝန် ဟုအမည်ပေး ထားသော ယခုခြံကြီးသို့ ညီ ညီမ တူ တူမများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့၏။ နောက်ပိုင်းတွင် နိုင်ငံရပ်ခြား၌ နှစ်ရှည်လများတာဝန်ထမ်းဆောင်နေသော တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါက်တာ ဝင်းဝင်းမင်း နှင့် မိသားစုပါပြောင်းရွှေ့နေထိုင်လာကြသဖြင့် ပျော်ရွှင်စရာကောင်းသော မိသားစုကြီး အဖြစ် သိုက်သိုက်ဝန်းဝန်းနေထိုင်ခဲ့လေ၏။
ဆရာကြီးသည် အိမ်ရှေ့ရှိ ဇောင်းလျားပင်ကြီးအောက်၌ Orchid Villa ဟုအမည်ပေးထား သော ဧည့်တွေ့ဆောင်တစ်ဆောင်ကိုဆောက်လုပ်ထားလေ၏။ ယင်းဧည့်တွေ့ဆောင်၌ ခုံတန်းလျား တစ်လုံး၊ စားပွဲတစ်လုံးနှင့် ကုလားထိုင် သုံးလေးလုံးလည်းချထား၏။ ဆရာကြီးသည် နံနက်အိပ်ရာထ ဘုရားရှိခိုးခြင်းကိစ္စပြီးသည်နှင့် ဧည့်တွေ့ဆောင်၌နေရာယူ၏။ ညီမဖြစ်သူ မရွှေဝါစီစဉ်ပေးသော နံနက်စာကိုစား၏။ ရေနွေးကြမ်းသောက်၏။ ပုတီးစိတ်၏။ ဆေးကိစ္စနှင့်လာသောဧည့်သည်များအား လည်းကောင်း၊ အခြားဧည့်သည်များအားလည်းကောင်း ဧည့်ခံစကားပြော၏။ ကျွန်တော်က အလုပ် ပိတ်ရက်ဆိုလျှင် ဆရာကြီးနှင့်အတူရှိနေ၏။ သူပြောသောစကားကိုနားထောင်၏။ ကျွန်တော်သိလို သည်များကိုမေး၏။ တစ်ခါတစ်ရံ တပည့်ကျော် ကိုပန်းချီအလည်လာတတ်၏။ ကိုပန်းချီက လာလျှင် ဘက္ထရီဆိုင်ကယ်လေးနှင့်လာတတ်၏။ ရောက်တာနှင့် ဘက္ထရီဆိုင်ကယ်လေးအား အားသွင်းရ၏။ ဆရာကြီးက သူ့အဆောင်လေး၌ပင် အားသွင်းနိုင်အောင်စီစဉ်ပေးထား၏။
တစ်နေ့။
ထိုတစ်နေ့သည် ရာသီဥတုသာယာ၏။ လေညင်လေးကလည်း ဟိုမှသည်မှသုတ်ဖြူးလျက်ရှိ ၏။ ခြံထောင့်ရှိ ပုတီးဖြူပင်ကြီးပေါ်မှ ဥဩငှက်တစ်ကောင်ကလည်း လွမ်းဖွယ်ဆွေးဖွယ်ကောင်း အောင် အော်မြည်လျက်ရှိ၏။ ထူးခြားသည်မှာ ကျွန်တော်တို့နေထိုင်လျက်ရှိသည့် Orchid Villa အပေါ်၌ အုပ်မိုးလျက်ရှိသည့် ဇောင်းလျားပင်ကြီး၌ ကြက်တူရွေးများက ဇောင်းလျားသီးအစိမ်းများ ကို ကိုက်ချီစားသောက်လျက်ရှိကြရာ ဇောင်းလျားသီးအစိမ်းများမှာ တဘုတ်ဘုတ်ကြွေကျလျက်ရှိ ၏။
ဒီအကောင်တွေခက်တဲ့အကောင်တွေပဲကွ ဟု ဆရာကြီးက ညည်းပြောလေးပြောလိုက်၏။
ကျွန်တော်မောင်းထုတ်လိုက်ရမလားအကိုကြီး(ကျွန်တော်က ဆရာကြီးအား သူ့ညီအကို မောင်နှမများခေါ်သလို အကိုကြီးဟုခေါ်၏)
မမောင်းပါနဲ့ကွာ၊ သူအစာဝယင် သွားမှာပေါ့ ဟုပြန်ပြော၏။
ထိုအချိန်တွင် မရွှေဝါက လက်ဖက်သုတ်နှင့် ရေနွေးကြမ်းဓါတ်ဗူးကို ရေနွေးလာဖြည့်ပေး၏။
ကျွန်တော်တို့သုံးယောက်သား လက်ဖက်သုတ်စားယင်း ရေနွေးကြမ်းသောက်ယင်း ရောက် တတ်ရာရာစကားများကို ပြောနေကြ၏။
ခြံတံခါးတွန်းဖွင့်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ဆရာကြီး၏သမီးဖြစ်သူ ဒေါက်တာဝင်းဝင်းမင်း ဖြစ်နေကြောင်းတွေ့ရ၏။ ဆရာမသည် ရန်ကုန်မြို့ရှိနာမည်ကြီးဆေးရုံကြီးတစ်ရုံတွင် တာဝန်ထမ်း ဆောင်နေသူဖြစ်၏။ ယခုတာဝန်ချိန်ပြီးဆုံးသဖြင့် ပြန်လာြခင်းဖြစ်၏။ သူသည်ဟန်ကြီးပန်ကြီးမလုပ် တတ်သူပီပီ တံခါးကိုကိုယ်တိုင်ဆင်းဖွင့်ပြီး ကားပေါ်သို့ပြန်မတက်တော့ပဲ ကျွန်တော်တို့ထိုင်နေရာ ဧည့်တွေ့ဆောင်ဘက်သို့လျောက်လာလေ၏။
ဟာ အတော်ပဲ ဗိုက်တာနေတာနဲ့ ဟုဆိုကာ လက်ဖက်သုတ်ကို တစ်ဇွန်းနှစ်ဇွန်းဆက်တိုက် ခပ်စားလိုက်၏။ ပြီးမှ ရေနွေးကြမ်းကို တဖူးဖူးမှုတ်သောက်၏။
ခဏနေဦး သမီးအဝတ်အစားလဲပြီးပြန်လာခဲ့မယ် အဖေနဲ့ဆွေးနွေးစရာရှိတယ်ဟုဆိုကာ သူ့အိမ်ဆီသို့ ပြန်သွားလေ၏။ ဆရာကြီးသည် တစ်ချိန်လုံးဘာတစ်ခွန်းမှမပြောဘဲ သူ့သမီးလုပ်သမျှ အား ကြည့်ကာ ပြုံး၍သာနေလေ၏။
X x x x x x x x x x x x
အဖေ့ကို သမီးမေးစရာတစ်ခုရှိလို့
မေးလေ သမီး
သမီးကဆရာဝန်၊ အဖေကတိုင်းရင်းဆေးဆရာ ဆိုတော့ အယူအဆချင်းတော့မတူတာလဲ ဖြစ်နိုင်ပါတယ်၊ သမီးပြောချင်တာက အဖေ့ရဲ့ ရန်နိုင်လိပ်ခေါင်းပျောက်ဆေးက နှစ်ပေါင်း လည်း ၈၀ နီးပါးရှိပြီ၊ လိပ်ခေါင်းရောဂါကိုလည်း အမှန်တကယ်သက်သာစေတာအမှန်ပါပဲ၊ ဒါပေမယ့်လေ လိပ်ခေါင်းဆိုတာ စအိုဝမှာသွေးကြောထုံးလို့ဖြစ်တာ၊ သွေးကြောထုံးတာ
ကလည်း ဝမ်းချုပ်လို့ ဝမ်းညှစ်ရင်းနဲ့ ပိုဆိုးလာပြီး လိပ်ခေါင်းဆိုပြီးဖြစ်လာရတာ၊ ဝမ်းညှစ်ရင်း သွေးတွေပါထွက်လာတာ၊ ဝမ်းမှန်ရင် လိပ်ခေါင်းမဖြစ်ဘူး၊ အူကင်ဆာဆိုတာလည်းမဖြစ်ဘူး ပေါ့၊ ဒီတော့ သမီးပြေားချင်တာက အဖေ့ဆေးဟာ ဒါတွေအားလုံးကိုအထောက်အကူပြုတဲ့ အတွက် ဆေး ကောင်းတစ်လက်ဆိုတာ သမီးလက်ခံပါတယ်၊ ဒါပေမယ့်လိပ်ခေါင်းရောဂါ တစ်ခုတည်းကို ပျောက်စေတာမဟုတ်ပဲ ဝမ်းချုပ်လို့ဖြစ်တတ်တဲ့ရောဂါအားလုံးကို ကုသ ကာကွယ်နိုင်တာကြောင့် လိပ်ခေါင်းပျောက်ဆေးလို့ အမည်မပေးသင့်ဘူးလို့ထင်လို့ပါ၊ ဥပမာ ဝမ်းပျော့ဆေး လို့ အမည်ပြောင်းရင်မကောင်းဘူးလားလို့၊
သမီးဖြစ်သူ၏ အမေးစကားကို ငြိမ်ပြီးနားထောင်နေတဲ့ ဖခင်ကြီးဖြစ်သူက မျက်လုံးများပိတ် သွားသည်အထိ အားရအောင် ရီ(ရယ်)နေလေ၏။ ပြီးမှ သမီး၏ ပုခုံးလေးအား အသာအယာပုတ်ကာ
သမီးပြောတာ မမှားပါဘူး၊ တစ်ချို့ဆို လိပ်ခေါင်းရောဂါမရှိကြဘူး၊ တစ်နေကုန်ရုံးမှာထိုင်ပြီး အလုပ်လုပ်ရတဲ့ ဒီကောင့်လို(ကျွန်တော့်အားရည်ရွယ်လျက်)လူမျိုး၊ တစ်နေကုန်ကားမောင်း ရတဲ့ ကားဆရာလိုလူမျိုးတွေ၊ အထည်ချုပ်စက်ရုံတွေမှာ တစ်နေကုန်စက်ချုပ်ကြရတဲ့စက် ချုပ်သမလေးတွေဆိုယင်လည်း ဝမ်းချုပ်တတ်ကြပါတယ်၊ ဒါပေမယ့် သူတို့တွေ့က အဖေတို့ ရဲ့လိပ်ခေါင်းပျောက်ဆေးကို မဝယ်ရဲကြဘူး၊ ရှက်ကြတယ်၊ သူတို့မှာလိပ်ခေါင်းရောဂါဖြစ်နေ ကြတယ်ထင်မှာစိုးကြတယ်ပေါ့၊ တကယ်တော့ အဖေတို့ဆေးက လိပ်ခေါင်းရောဂါတစ်ခု တည်းပျောက်တာမဟုတ်ဘဲ အညောင်းအညာ အထုံအကျဉ်အတွက်ပါ ပျောက်ကင်းစေတဲ့ ဆေးပါ၊ ပြောရယင် သမီးရယ် ဝမ်တစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့စကားပုံလိုပေါ့၊ စော စောက သမီးပြောတဲ့ ဝမ်းတွင်းအကြွင်းအကျန်အညစ်အကြေးတွေကြောင့်ဖြစ်တတ်တဲ့ အူမ ကြီးကင်ဆာလို ရောဂါမျိုးကအစ ကာကွယ်ပေးနိုင်တဲ့ဆေးတစ်လက်ပါ။ သို့သော်လည်း သမီး ပြောသလို ဝမ်းပျော့ဆေးလို့ဘာကြောင့်မသုံးသလဲ ဆိုတဲ့အမေးကတော့ အဖေတို့အဖေ၊ သမီး ရဲဖိုးဖိုးကြီးလက်ထက်ကတည်းက ဟင်္သာတမြို့မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ထုတ်လုပ် ရောင်းချခဲ့တဲ့ဆေးဖြစ်လို့ နာမည်ပြောင်းလို့တော့ မဖြစ်ပါဘူးသမီးရယ်။
ဟုတ်ကဲ့ပါအဖေ သမီးနားလည်ပါပြီ
ကဲ အဖေလည်းပုတီးစိတ်လိုက်ဦးမယ်၊ သမီးလည်းနားလိုက်ဦး
ကျွန်တော်နဲ့ ကိုပန်းချီလည်း တစ်ယောက်နဲ့တစ်ယောက်မျက်ရိပ်ပြကာ လက်ဖက်ရည်ဆိုင်ဆီ သို့ ချီတက်ခဲ့ကြပေတော့၏။