19/05/2024
" သွားညှိကုသမှုခံယူသင့်သော ကလေးများရဲ့ ခံတွင်းအခြေအနေများ"
သွားညှိကုသမှု သို့မဟုတ် Braces လို့ကြားလိုက်တာနဲ့ သွားခေါခြင်း၊ သွားထပ်ခြင်း စတဲ့အခြေအနေတွေကို ကျန်းမာလှပတဲ့သွားလေးတွေအဖြစ် ပြောင်းလဲပေးမယ့် ကုသမှုအနေနဲ့ သိကြပါတယ် ။
ဒါပေမယ့် သွားညှိကုသမှဟာ သွားခေါမှ၊ သွားထပ်မှရယ်မဟုတ်ပဲ ကျယ်ပြန့်လွန်းတဲ့နယ်ပယ်တစ်ခုဖြစ်ပြီး သွားညှိကုသမှုခံယူသင့်တဲ့ ခံတွင်းအခြေအနေများစွာရှိနေပါတယ် ။
သွားညှိကုသမှုရဲ့ နောက်ထပ်အရေးကြီးတဲ့အချက်က Timing ဆိုတဲ့ "အချိန်"ပါ ။ မှန်ကန်သင့်လျော်တဲ့အချိန်တစ်ခုမှာ သွားညှိကုသမှုကို စခွင့်ရခဲ့မယ်ဆိုရင် ကုသမှုဟာ လွယ်ကူမြန်ဆန်ပြီး ကုသမှုရလဒ်ဟာလည်း အင်မတန်ကို ကောင်းမွန်လွန်းလှတာပါ ။
ဒါကြောင့် ကလေးတွေရဲ့ Braces လုပ်သင့်တဲ့ ခံတွင်းအခြေအနေတွေကို မိဘများသတိပြုမိရန်အတွက် မျှဝေပေးပါရစေ ။
✅ မညီမညာဖြစ်နေသောသွားများ/ ထပ်နေသောသွားများ (Crowded or Crooked Teeth)
ဒီအခြေအနေကတော့ သွားညှိကုသမှုခံယူဖို့အတွက် အသိသာဆုံး၊ အထင်ရှားဆုံး အခြေအနေတစ်ခုဖြစ်ပါတယ် ။
သွားထပ်ခြင်းကို အဓိကဖြစ်စေတဲ့အကြောင်းကတော့ ကျွန်တော်တို့ရဲ့ မေးရိုးဟာ သွား (၃၂)ချောင်း ညီညီညာညာပေါက်နေရန်အတွက် နေရာအလုံအလောက်မရှိလို့ဖြစ်ပါတယ်။ မညီမညာဖြစ်နေပြီး ထပ်နေတဲ့သွားတွေဟာ ကျွန်တော်တို့ရဲ့ အစာဝါးတဲ့လုပ်ဆောင်ချက်များကို ပြဿနာဖြစ်စေနိုင်တာအပြင် သန့်ရှင်းရေးလုပ်ရခက်တာကြောင့် သွားနှင့်ခံတွင်းရောဂါများဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါတယ်။
✅ အပေါ်မေးခေါထွက်ခြင်း/ အောက်မေးရိုးခေါထွက်ခြင်း (Overbite or Underbite)
ကလေးရဲ့ မျက်နှာက ပြေပြေပြစ်ပြစ်ဖြစ်မနေပဲ အပေါ်မေးရိုး သို့မဟုတ် အောက်မေးရိုး ခေါထွက်နေရင်လည်း သွားညှိကုသမှုလိုပါမယ် ။
အပေါ်မေးရိုးက အောက်မေးရိုးထက် အပြင်ကို သိသာစွာ ခေါထွက်နေခြင်းကို အင်္ဂလိပ်လို Overbite လို့ခေါ်ပါတယ်။ အောက်မေးရိုးက အပေါ်မေးရိုးထက် အပြင်ကို သိသာစွာ ခေါထွက်နေခြင်းကိုတော့ Underbite လို့ခေါ်ပါတယ်။
Overbite နဲ့ Underbite နှစ်ခုလုံးဟာ ကျွန်တော်တို့ရဲ့ အစာဝါးခြင်း နဲ့ စကားပြောခြင်း စတဲ့ လုပ်ဆောင်ချက်များမှာ ပြဿနာများဖြစ်စေနိုင်ပါတယ် ။
✅ အပေါ်/အောက်သွားများ စိလိုက်တဲ့အခါ သွားအချို့ ထပ်နေခြင်း (Crossbite)
ဒီအခြေအနေလေးက အပေါ်မှာပြောပြခဲ့တဲ့ Underbite နဲ့ အခြေအနေဆင်ပါတယ် ။ ဒါပေမယ့် Underbite က သွားအကုန်လုံး၊ မေးရိုးတစ်ခုလုံးက သိသာစွာ ထပ်နေတာဖြစ်ပြီး Crossbite မှာကျတော့ သွားအုပ်စုအနည်းငယ်သာ ထပ်နေတာကို ဆိုလိုပါတယ် ။
Crossbite ကို အရှေ့သွားများတွင်ရော အနောက်သွားများတွင်ပါ တွေ့နိုင်ပါတယ် ။
Crossbite ကြောင့် အလှအပနဲ့ပတ်သက်ပြီး အများကြီးထိခိုက်ချင်မှ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးရှူ့ထောင့်များအရ အစားဝါးတဲ့ပုံများ ကမောက်ကမဖြစ်နိုင်ခြင်း၊ မေးရိုးဆစ်များနာနိုင်ခြင်း၊ သွားကြွေလွှာများပျက်စီးမှုများခြင်း၊ စကားပြောတဲ့ဖြစ်စဥ်တွေကို အနှောက်အယှက်ဖြစ်စေခြင်း စတဲ့အချက်များကြောင့် သွားညှိကုသမှု- Braces တပ်သင့်တဲ့ အခြေအနေတစ်ခုလို့ မှတ်ရမှာပါ ။
✅ အပေါ်သွား/အောက်သွားများစိလို့မရပဲ ဟနေခြင်း (Openbite)
ဒီအခြေအနေကိုမြင်အောင်ပြောရရင် ကျွန်တော်တို့ အနောက်က အံသွားတွေကို စိလိုက်တယ်ဆိုပါစို့ ။ ဒါဆို အနောက်အံသွားတွေက စိသွားပြီ။ အနောက်အံသွားတွေ စိနေတာတောင် အရှေ့သွားအပေါ်အောက်ကျတော့ လုံးဝ စိမရပဲ နေရာလွတ်ကြီးတစ်ခုအနေနဲ့ "ဟ"နေတာမျိုး ။
ဒါကိုတော့ အင်္ဂလိပ်လို Open Bite လို့ခေါ်ပါတယ် ။
Open Bite ဟာဆိုရင်လည်း ကျွန်တော်တို့ရဲ့ အစာဝါးခြင်း နဲ့ စကားပြောခြင်း စတဲ့ လုပ်ဆောင်ချက်များမှာ ပြဿနာများဖြစ်စေနိုင်ပါတယ် ။
✅ ပါးစပ်ဖြင့် အသက်ရှူခြင်း (Mouth Breathing)
ကလေးတွေ ပါးစပ်နဲ့အသက်ရှူနေတာကိုတွေ့ရင်လည်း မိဘတွေအနေနဲ့ မပေါ့ဆသင့်ပါဘူး ။ ပါးစပ်နဲ့အသက်ရှူတာဟာ မေးရိုးနဲ့ သွားတွေကို နေရာရွေ့သွားတာမျိုး၊ ပြောင်းလဲမှုတွေဖြစ်စေတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ် ။
ပါးစပ်နဲ့အသက်ရှူနေတာဟာ သွားညှိကုသမှုခံယူဖို့ လိုအပ်ကြောင်း ပြနေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် ကလေးတွေ ပါးစပ်နဲ့အသက်ရှူခြင်းနဲ့ သွားညှိကုသမှူတွေဟာ အပြန်အလှန်ဆက်စပ်နေတတ်ပါတယ် ။
✅ ကလေးသွားများ စောစီးစွာ ကျိုးခြင်း/ ဆုံးရှုံးခြင်း သို့မဟုတ် ကလေးသွားများ အချိန်နောက်ကျမှ ကျိုးခြင်း/ ဆုံးရှုံးခြင်း ( Early or Late Loss of Baby Teeth)
ကလေးငယ်သွားတွေစောစောစီးစီး ကျိုးသွားရင်လည်း မကောင်းသလို နောက်ကျမှ သွားကျိုးရင်လည်း မကောင်းပါဘူး ။
ကလေးငယ်သွားတွေ စောစီးစွာ ဆုံးရှုံးသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ငယ်သွားတွေနဲ့နေရာတွေမှာ အချိန်မှီ သွားအသစ်တွေ မပေါက်လာနိုင်တာကြောင့် ဘေးက လက်ကျန်ငယ်သွားတွေက နေရာဝင်ယူသွားပြီး သွားအသစ်များ နေရာဆုံးရှုံးကာ နေရာမှန်ပေါက်ဖို့ မသေချာတော့ပါဘူး။
ကလေးငယ်သွားကျိုးတာ နောက်ကျပါက သွားအသစ်များပေါက်ဖို့အချိန် အင်မတန်ကို နောက်ကျနေတတ်တာမို့ စောပေါက်တဲ့သွားအသစ်တွေက နေရာပိုယူတာကြောင့် သွားပေါက်နောက်ကျနေတဲ့သွားအတွက် နေရာလုံလောက်မှုမရှိနိုင်တော့ပါဘူး ။
ဒါကြောင့် မိဘများအနေနဲ့ ကလေးတွေ သွားလဲတဲ့အသက်အပိုင်းအခြားတွေမှာ သွားအသစ်လဲချိန်များမှန်ကန်မှုရှိရဲ့လားဆိုတာ အမြဲသတိပြုသင့်ပါတယ် ။.............................................................................
အခုပြောပြခဲ့တာကတော့ ကလေးတွေမှာ တွေ့ရနိုင်တဲ့ သွားညှိကုသမှုခံယူသင့်သော အခြေအနေတွေပဲ ဖြစ်ပါတယ် ။
သွားညှိကုသမှုကို ကလေးတွေရဲ့အခြေအနေအလိုက် စောစီးစွာကုသမှုခံယူပါက ဆိုးရွားတဲ့အခြေအနေတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ကုသမှုရလဒ်ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်ဗျာ ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။
ဒေါက်တာမျိုးမြင့်အောင်................................................................................
Braces & Faces Aesthetic Dental Care
🏩 Room 303, Building 3, Hotel Yangon, 8 mile, Yangon.
☎ 09256027897 , 09940008510 , 09785048510
📧 bracesandfacesaesthetic@gmail.com
Braces and faces aesthetic dental care