20/12/2024
လက်ရှိမှာ လူငယ်များအကြားရေပန်းစားလျက်ရှိတဲ့အပြင် စိုးရိမ်မှုတွေပါ မြင့်တက်လျက်ရှိတဲ့ အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e အကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
က။ အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ဆိုတာ ဘာလဲ?
- အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ဆိုတာဟာ သမာရိုးကျ စီးကရက်၊ ဆေးလိပ်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် အစရှိသော ဆေးရွက်ကြီးကို လိပ်ထားတဲ့အရာများကို မီးညှိပြီး ရှုရှိုက်ခြင်းမျိုးမဟုတ်ပဲ aerosol လို့ခေါ်တဲ့ အငွေ့ (V***r) ရရှိအောင် အရည်တစ်မျိုးကို အပူပေးခြင်းဖြင့် လုပ်ဆောင်ပြီး ရှုရှိုက်ရတဲ့ ဘက်ထရီ (သို့မဟုတ်) အားသွင်းနိုင်တဲ့ စက်ကိရိယာတစ်မျိုးဖြစ်ပါတယ်။
- စက်ကိရိယာရဲ့ ဒီဇိုင်းအမျိုးမျိုး၊ အရသာကလည်း ကြိုက်နှစ်သက်ရာရွေးချယ်နိုင်တာကြောင့် လူငယ်များအကြားမှာ ဖက်ရှင်တစ်ခုအနေနဲ့ပါ လူကြိုက်များလာတာဖြစ်ပါတယ်။ ဒါကြောင့် ယခုနောက်ပိုင်းမှာ အီးစီးကရက် (E-Cigarette) ကို V**e Pens, Pod systems, Mods စသည်ဖြင့် မတူညီတဲ့ဒီဇိုင်း၊ အပြင်အဆင် လုပ်ဆောင်ချက်များပါ ပြောင်းလဲထုတ်လုပ်လာကြတာဖြစ်ပါတယ်။
- ဒါပေမယ့် ယခုအခါမှာ အီးစီးကရက် (E-Cigarette) ကို ဆေးလိပ်ဖြတ်ရန်၊ ကွမ်းဖြတ်ရန် စသည်ဖြင့် ဘေးကင်းတဲ့ရွေးချယ်စရာတစ်ခုအသွင် ဈေးကွက်ချဲ့ထွင်လာကြတာဟာ ကျန်းမာရေးအသိနည်းပါးသူလူငယ်များအနေနဲ့ အထူးသတိထားရန် လိုအပ်လာပါတယ်။
ခ။ အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e တစ်ခု ဘယ်လိုအလုပ်လုပ်လဲ?
- ပုံမှန်အားဖြင့် အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e တစ်ခုမှာ အစိတ်အပိုင်း (၄) ခုပါဝင်လေ့ရှိပါတယ်။
(၁) Cartridge သို့မဟုတ် Pod - နီကိုတင်း (သို့) အနံ့အရသာတစ်ခုခုနှင့် အခြားဓာတုပစ္စည်းများပါ၀င်တဲ့ e-liquid - အရည် ထည့်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
(၂) အပူပေးနိုင်သည့်ပစ္စည်း (Atomizer)- ဤအစိတ်အပိုင်းဟာ aerosol ဖန်တီးရန် e-liquid အား အပူပေးနိုင်သည့် ပစ္စည်းဖြစ်ပါတယ်။
(၃) ဘက်ထရီ - အပူပေးနိုင်တဲ့ပစ္စည်းအတွက် power source ဖြစ်ပါတယ်။
(၄) Mouth Piece - ရှုသွင်းဖို့အတွက် အစိတ်အပိုင်း တို့ဖြစ်ပါတယ်။
အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ကို ရှူသွင်းလိုက်တဲ့အချိန်မှာ ဘက်ထရီမှ အပူပေးသည့်ကိရိယာကို ပါဝါပေးလိုက်ပြီး Cartridge ထဲရှိ အရည်များကို aerosol အဖြစ်ပြောင်းလဲပေးလိုက်ခြင်းဖြင့် အလုပ်လုပ်ပေးတာဖြစ်ပါတယ်။
ဂ။ E-Liquid လို့ခေါ်တဲ့ အဲ့ဒီအရည်တွေထဲမှာ ဘာတွေပါဝင်သလဲ?
(၁) နီကိုတင်း - ဆေးလိပ်ဖြတ်ဖို့အတွက် သုံးကြပေမယ့် အဲ့ဒီအရည်အများစုမှာ နီကိုတင်းဓါတ်တွေ ပါဝင်တာတွေ့ရပါတယ်။
(၂) Propylene Glycol ဟု ခေါ်တဲ့ ဆေးဝါးအများစုမှာ သုံးလေ့ရှိတဲ့ အရည်တစ်မျိုးနှင့် အချိုဓါတ်အတွက် ဟင်းသီးဟင်းရွက်မှ ရရှိတဲ့ Glycerin စသည်တို့ကို အငွေ့ဖန်တီးရန်အတွက် အသုံးပြုလေ့ရှိပါတယ်။
(၃) Flavouring - ပိုမိုဆွဲဆောင်မှုရှိစေရန် အရသာအမျိုးမျိုးအတွက် ပစ္စည်းများပါဝင်ပါတယ်။
(၄) အခြားဖြည့်စွက်ပစ္စည်းများ - တခါတရံမှာ ကြာရှည်ခံရန်အတွက် (သို့မဟုတ်) အခြား အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e Brand များထက် ပိုမိုဆွဲဆောင်မှုရှိစေရန် ဓာတုပစ္စည်းတွေ ပါဝင်လေ့ရှိပါတယ်။
ဃ။ သမာရိုးကျဆေးလိပ်သောက်ခြင်းနှင့် ဘာတွေ ကွာခြားလဲ?
- အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ ဆေးရွက်ကြီးကို မီးရှို့လောင်ကျွမ်းတာမဟုတ်တဲ့အတွက် Tar ဟု ခေါ်တဲ့ ကတ္တရာစေးကဲ့သို့၊ ကာဘွန်မိုနောက်ဆိုက်ကဲ့သို့ ဆေးလိပ်မီးခိုးထဲမှာ ပါဝင်တဲ့ အန္တရာယ်အရှိဆုံးပစ္စည်းများကို ထုတ်လုပ်ခြင်းမရှိပါ။
- အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ကို ရှူသွင်းလိုက်တဲ့အခါ aerosol အငွေ့များဟာ လည်ချောင်းမှတဆင့် အဆုတ်သို့ရောက်ရှိသွားပြီး နီကိုတင်းနှင့် အခြားဓာတုပစ္စည်းများဟာ လည်ချောင်း၊ အဆုတ်နှင့် သွေးထဲမှာ ပျော်ဝင်ရောက်ရှိသွားမှာဖြစ်ပါတယ်။
- ဒါကြောင့်မို့ အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ကို ဆေးလိပ်၏ တခြားရွေးချယ်စရာအဖြစ် ဈေးကွက်ထဲသို့ တင်ပို့ရောင်းချနေသော်လည်း အဆုတ်နှင့်ပတ်သက်သော ရောဂါများ၊ ဓာတုပစ္စည်းများရဲ့ အန္တရာယ်များအပါအဝင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ရှိနေဆဲဖြစ်ပါတယ်။
🚨 သင်သိထားရန်လိုအပ်သည့် အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e သုံးစွဲခြင်း၏ အန္တရာယ်များ 🚨
(၁) Ni****ne စွဲလမ်းခြင်း - အီးစီးကရက်အများစုမှာ ဆေးလိပ်အစားထိုးရန်ဟု ဆိုကြသော်လည်း လွန်စွာစွဲလမ်းတတ်ပြီး အန္တရာယ်ဖြစ်စေသော နီကိုတင်းပါဝင်တာကြောင့် အထူးသဖြင့် ဦးနှောက်မဖွံ့ဖြိုးသေးသော ဆယ်ကျော်သက်များကို ရည်ရွယ်၍ အဓိက ဈေးကွက်ထဲ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။
(၂) ကျန်းမာရေးအန္တရာယ်များ - အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e သုံးစွဲခြင်းကြောင့် အဆုတ်ရောင်ရမ်းခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းအပြင် EVALI - E-cigarette, or va**ng, product use associated lung injury (အီး-စီးကရက် သို့မဟုတ် V**e သုံးစွဲခြင်းကြောင့် ရရှိလာသော ဆက်စပ်အဆုတ်ထိခိုက်ဒဏ်ရာရခြင်း) တို့ကို ဖြစ်စေနိုင်သည်။
(၃) အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း - အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e တွင် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ၊ နီကယ်နှင့် ခဲကဲ့သို့ သတ္တုများနှင့် အခြားအန္တရာယ်ရှိသော အရာများ ပါဝင်နိုင်သောကြောင့် ရေရှည်သုံးစွဲသူများအတွက် အလွန်ကို အန္တရာယ်များပါတယ်။
(၄) Second-Hand Exposure- စီးကရက်မီးခိုးကဲ့သို့ပင်၊ e-cigarette အငွေ့သည် သင်နှင့် သင့်ပတ်ဝန်းကျင်ရှိသူများကို ထိခိုက်စေနိုင်ပြီး အသုံးပြုသူမဟုတ်သူများကိုလည်း ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
(၅) ပေါက်ကွဲမှုများ- အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e ကိရိယာများဟာ ဘက်ထရီအပြင် အပူပေးသည့်ကိရိယာပါဝင်သောကြောင့် ရုတ်တရက် ချွတ်ယွင်းချက် သို့မဟုတ် ပေါက်ကွဲနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ဖြစ်စေနိုင်ပါတယ်။
(၆) အီးစီးကရက် (E-Cigarette) သို့မဟုတ် V**e အကြောင်းမှာ မကောင်းတာတွေချည်းပဲလားဆိုရင်တော့ ကောင်းတဲ့ဖက်ကလည်း လှည့်တွေးနိုင်ပါတယ်။ ဥပမာ - v**e အသုံးပြုသူအများစု တစ်လအတွက် ကုန်သွားတဲ့ E Liquid ခေါ် အရည်ထဲမှာ နီကိုတင်းပမာဏက ဆေးလိပ် ၂လိပ်စာခန့်သာ ပါဝင်တဲ့အတွက် ဆေးလိပ်ဖြတ်သူများအတွက် နီကိုတင်းထိတွေ့မှုဟာ အမှန်တကယ် လျှော့ချနိုင်မှာဖြစ်ပါတယ်။ တခြားတစ်ဖက်မှာလည်း ဓာတုပစ္စည်းများ ထိတွေ့မှုအန္တရာယ်ဟာလည်း မြင့်တက်လာမှာဖြစ်ပါတယ်။
***ဒါကြောင့် မှတ်သားထားစေချင်တာကတော့
“No to***co and its related product is safe” - “ဆေးရွက်ကြီးနှင့် ပတ်သက်သောထုတ်ကုန်မှန်သမျှဟာ အန္တရာယ်မကင်းပါ”
သတင်းအချက်အလက်များ စဥ်ဆက်မပြတ်လေ့လာသိရှိနေခြင်းဖြင့် အန္တရာယ်ကင်းသော ရွေးချယ်မှုများ ပြုလုပ်နိုင်ကြပါစေ….
Say-Ku Team
Ref: www.cdc.gov, my.clevelandclinic.org, www.who.int, nida.nih.gov,
science.howstuffworks.com