07/03/2023
အားလုံးပဲ မင်္ဂလာပါ
စာတွေမရေးဖြစ်တာ အရမ်းကြာသွားပြီရှင့် 😁
ဒီနေ့မှာတော့ လူငယ်၊ လူလတ်ပိုင်းတွေမှာ မကြာခနဖြစ်လေ့ရှိတဲ့ Traumatic Knee Injury လို့ခေါ်တဲ့ ဒူးဆစ်ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်အစိတ်အပိုင်းတွေထိခိုက်နိုင်လဲ၊ ဘယ်လိုတွေကုသလို့ရမလဲ စတဲ့ ဗဟုသုတအကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်
လူငယ်တွေ၊ အားကစားသမားတွေမှာ ဘောလုံးကန်ရင်း၊ ကြက်တောင်ရိုက်ရင်း၊ ပြေးရင်း၊ အားကစားလုပ်ရင်း ချော်လဲတာ၊ ဒူးထောက်လဲကျတာ၊ ဒူးလည်သွားတာ၊ ဒူးဆစ်ကို တိုက်ရိုက်ထိမိတိုက်မိတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရတတ်ကြပါတယ်
ဒူးဆစ် ထိခိုက်ဒဏ်ရာရတဲ့အခါ ဒူးဆစ်အထဲမှာ(သို့မဟုတ်) ဘေးမှာ ရှိတဲ့ အရွတ်/အရွတ်ပြားတွေ (Tendons & Ligaments), အရိုးနုပြားလေးတွေ (menisci), ကြွက်သား၊ သွေးကြောမျှင် စတဲ့ soft tissues လေးတွေ ပျက်စီးသွားပါတယ်
ဒူးဆစ်တဝိုက်က Soft tissues လေးတွေပျက်စီးသွားတာနဲ့ တပြိုင်နက် ဒူးဆစ်နာလာမယ်၊ ရောင်ရမ်းလာမယ်၊ ညိုမဲလာမယ်၊ လှုပ်ရှားလို့မရဖြစ်မယ်၊ ဒူးအကွေးအဆန့် အပြည့်အဝမရတာ၊ ဆောင့်ကြောင့်ထိုင်လို့မရတာမျိုးတွေ ဖြစ်လာပါတယ်။
အဲ့ဒီလို ရောင်ရမ်းနာကျင်မှုတွေဟာ ထိခိုက်မိတဲ့ပြင်းအားပေါ်မူတည်ပြီး ၃ရက်-၅ရက် ကနေ အဲ့ထက်ပိုပြီးတော့လဲ ကြာနိုင်ပါတယ်။
➡️ Day 1 to Day 3 (ပထမတစ်ရက် ကနေ သုံးရက်အတွင်း)
အိမ်တွင်းကုသမှုအနေနဲ့ ထိခိုက်ဒါဏ်ရာရတာနဲ့ တပြိုင်နက် လုပ်နေကျ လှုပ်ရှားမှု၊ အားကစား စတာတွေကနေ ချက်ချင်း အနားယူပါ။ စနစ်တကျ ရေခဲကပ်ပေးပါ။ Elastic Bandage လို့ခေါ်တဲ့ Elastic ပါတဲ့ ပတ်တီးစည်းပါ (သို့မဟုတ်) ဒူးစွပ် စွပ်ပါ။ ဒူးဆစ်အောက်ပိုင်းတစ်လျှောက် ခေါင်းအုံး၊ စောင် စသဖြင့် ခုထားပြီး ခြေထောက်ကို မြှင့်ထားပေးပါ။
➡️ Day 2 to Day 3 (ဒုတိယရက် နှင့် တတိယရက်)
ဒုတိယရက်ကနေစပြီး Gentle Exercises လေ့ကျင့်ခန်းအပျော့စားလေးတွေ စလုပ်တာ၊ လမ်းဖြေးဖြေးလျှောက်တာ စသဖြင့်လုပ်လို့ရပါပြီ။
➡️ Day 4 to Day 9 (၄ရက် မှ ၉ရက် အတွင်း)
ဒီရက်ပိုင်းအတွင်းမှာတော့ လေ့ကျင့်ခန်းတွေ တဖြေးဖြေးတိုးပြီး လုပ်လို့ရပါပြီ။ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအမျိုးအစား၊ အကြိမ်အရေအတွက်၊ ပြင်းအားစသည်ကို ကျွမ်းကျင်သည့် အကြောအဆစ်ကုပညာရှင် Physiotherapist နှင့် တိုင်ပင်ပါ။
➡️ Day 9 to Day 21 (၉ရက် မှ သုံးပတ်အတွင်း)
ဒီရက်အပိုင်းအခြားမှာတော့ မိမိတို့ရဲ့ ပုံမှန်လုပ်ဆောင်နေကျ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။သို့ပေမယ့် ဆောင့်ကြောင့်ထိုင်တာ၊ ပြေးတာ၊ ခုန်တာ စတဲ့အပြုအမူတွေကိုတော့ ရှောင်ဖို့လိုအပ်ပါသေးတယ်။
ထိခိုက်မိတဲ့ Injury site မှာ scar tissue (အမာရွတ်တစ်ရှူး) ပြန်လည်အစားထိုးတဲ့အတွက် လေ့ကျင့်ခန်းစနစ်တကျ မလုပ်တဲ့အခါ scar tissue လေးတွေက ကျုံ့သွား၊ တိုသွားတတ်ပါတယ်။ အဲ့တာကြောင့် အကြောလျှော့လေ့ကျင့်ခန်းတွေကို စနစ်တကျ ပြုလုပ်ဖို့လိုအပ်ပါတယ်။
💁🏻♀️ ကျွန်မတို့ Physiotherapist တွေအနေနဲ့ ထိခိုက်ဒါဏ်ရာရပြီးနောက် Electrotherapy ကုသမှု (Cryo, Ultrasound, TENS)၊ Kinesio Taping ကုသမှု၊ နောက်ထပ်ပြန်မဖြစ်အောင်၊ ဟန်ချက်ထိန်းနိုင်အောင် လေ့ကျင့်ခန်းကုထုံးတွေ (Injury Prevention, Stretching Exercises, & Proprioception Exercise) ကို လူနာတွေရဲ့ အခြေအနေပေါ်မူတည်ပြီး ကုသမှုပေးလျက်ရှိပါတယ်။
စဖြစ်ဖြစ်ချင်း သင့်လျော်ကောင်းမွန်တဲ့ ကုသမှုရလိုက်မယ်ဆိုရင် soft tissues healing ကောင်းပြီး ပုံမှန်လှုပ်ရှားသွားလာမှု မြန်မြန်ပြန်လုပ်နိုင်မှာဖြစ်လို့ ဒူးဆစ်ထိခိုက်ဒါဏ်ရာရတဲ့အခါ ကျွမ်းကျင်တဲ့ အကြောအဆစ်ကုပညာရှင် Physiotherapist နဲ့ တိုင်ပင်ပြီး ကုသမှုခံယူကြဖို့ တိုက်တွန်းပါရစေရှင်
အားလုံးပဲ အနာကင်းဝေးပြီး ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏
Hnin - The Physiotherapist
7/3/2023