14/08/2024
နံနက်ဦးခေါင်း ညဒူးခေါင်း ရေချိုးနည်း( ဆောင်းပါး )
==================
စာရေးသူငယ်စဉ်က ကိုးတန်းစာမေးပွဲဖြေပြီး မတ်လ နွေ ကျောင်းပိတ်ရက်တွင် ကိုရင်ဝတ်ခဲ့သည်။ သုံးဆယ်မြို့ ထူပါရုံကျောင်းတွင်ဖြစ်သည်။
စာရေးသူ၏ဇာတိမြို့မှာ ဥက္ကံမြို့ဖြစ်သော်လည်း အဖေ၏ အဘွားလေးတော်စပ်
သူ၏ စုပေါင်းရှင်ပြုပွဲတွင်ပါဝင်ကာ ဒုတိယအကြိမ် သင်္ကန်း
ဝတ်ရှင်ပြုခဲ့ခြင်း ဖြစ်သည်။
ထူပါရုံကျောင်းတိုက်သည် အလွန်ကျယ်ဝန်းသော ကျောင်းတိုက်ကြီးဖြစ်ပြီး ဆရာတော်ကြီးများ အဆက်ဆက်မှာလည်း သက်တော်ရှည် ဆရာတော်ကြီးများဖြစ်ကြ သည်။
သက်တော် ၉ဝ ကျော် ၁ဝဝ နီးမှ ပျံလွန်တော်မူကြသည်က များသည် ကို တွေ့ရသည်။
ထိုကျောင်းတိုက်ရှိ စာချဆရာတော် ဘဒ္ဒန္တသုဇာတ၏ကျောင်းတွင် စာရေးသူ ကိုရင်ဝတ်ဖြင့် နေရသည်။ ထိုဆရာတော်သည် ယနေ့ထက်တိုင် သက်တော် ထင်ရှားရှိသဖြင့် သက်တော် ၈ဝ ကျော် ၉ဝ ခန့် ရှိနေပြီဖြစ်သည်။ ဆရာတော်
များ၏ သက်ရှည်ကျန်းမာခြင်းအကြောင်း တင်ပြလိုသည်။
ဆရာတော် ဘဒ္ဒန္တသုဇာတသည် စာပေပို့ချသည်သာမက ဝိနည်းနှင့်အညီ ကျန်းမာအောင် သွားလာနေထိုင်နည်းများကိုပါ အချိန်အားလပ်သည့်အခါတိုင်း ဆုံးမသြဝါဒပေးလေ့ရှိသည်။ စာရေးသူတို့ သိမီသည့်ကာလအတွင်း ဆရာတော် သည် နေထိုင်မကောင်းဖြစ်သည်ဟု မတွေ့ရ။
စာဝါအမြဲပို့ချနေသော်လည်း မျက်မှန်တပ်ရသည်ကို မတွေ့ရပေ။
စာရေးသူမှတ်မိနေသည့်အရာတစ်ခုမှာ ဆရာတော်စာချသည့်အနီး နံရံပေါ်တွင် မြေဖြူဖြင့်ရေးသားထားသည့် 'နံနက်(မနက်) ဦးခေါင်း၊ ည ဒူးခေါင်း' ဟူသည့် စာတန်းဖြစ်သည်။
နံနက် (မနက်) ဦးခေါင်းဟူသည် အဘယ်နည်း။
ည ဒူးခေါင်းဟူသည် အဘယ်နည်း။
အချိန်အတော်ကြာအောင် မသိခဲ့ပါ။
နေပူပြင်းသောတစ်နေ့တွင် ဦးပဉ္စင်းများ၊ ကိုရင်များ
ကို ယခုလို ပူပြင်းသည့် ရာသီ၌ ရေချိုးရာတွင် သတိရှိကြရန်
မြွက်ကြားထားသည်။ ကျောင်းတိုက်အနီးရှိ ရေကန်၌ ညနေစောင်းတွင် ရေမကူးကြရန် တားမြစ်သည်။ ရေချိုးခြင်းကိစ္စကို ကျောင်းအတွင်းရှိ ရေပိုက်နှင့်သွယ်ထားသော အမိုးအကာရှိသည့် အုတ်ကန်တွင်သာ ချိုးရမည်ဟု မြွက်
ကြားထားသည်။
ဆရာတော်မြွက်ကြားထားသည်မှာ ပူပြင်းသောနွေရာသီတွင် ရေကို နံနက်စောစောချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ အရုဏ်ဆွမ်းခံထွက်သော ကိုယ်တော်များသည် ကျောင်းပြန်ရောက်သည်နှင့် ဆွမ်းတန်းဘုဉ်းမပေးရ။ ရေ
ကို အလျင်ချိုးရမည်။ ပြီးမှ ဆွမ်းစားကျောင်းသို့ သွားရမည်ဟုဆိုသည်။
ရေချိုးသည့်နေရာတွင်လည်း ဒူးအောက်ပိုင်းကို အရင် ရေစလောင်းပြီး တဖြည်းဖြည်း အထက်သို့ တက်လောင်းချိုးရမည်။ ဦးခေါင်းကို ရေလောင်းမချိုးသော ကိုရင်ငယ်များကို ဆောင့်ကြောင့်ထိုင်စေပြီး ဆရာတော်ကိုယ်တိုင် ဦးခေါင်းမှ ရေကို အားရပါးရ လောင်းချိုးပေးသည်။
နံနက်စောစော ရေချိုးလျှင် ဦးခေါင်းကိုချန်ထားခဲ့ပါက အခိုးအငွေ့အပူများ ခေါင်းတွင်အောင်းကျန်ခဲ့ပြီး တစ်နေ့
လုံး ခေါင်းမကြည်၊ ဥာဏ်မပွင့်၊ စာကျက်၊ စာကြည့်အား မကောင်းဟု ဆိုသည်။ ဦးခေါင်းအခိုးငုပ်ခြင်းကြောင့် မျက်စိအမြင်အာရုံကို ထိခိုက်လာမည်ဟုဆိုသည်။
မျက်စိအဆုံး၊ နားအရှုံးဟူသော စာဆိုနှင့်အညီ မျက်စိတွင် အခိုးမငုပ်စေရန်၊ တိမ်သလ္လာမကပ်စေရန် အရေးကြီးသည်။ ငယ်စဉ်ကတည်းက ဂရုစိုက်လျှင် အသက်ကြီးလာသည်ထိ မျက်စိမမှုန်ဟု ဆိုသည်။
ညဒူးခေါင်းဆိုသည်မှာ ညအိပ်ရာဝင်ခါနီးလျှင် ဒူးအပေါ်မှ ရေလောင်းပြီး ခြေဆေးရမည်။
ထိုသို့ ရေဆေးရာတွင်လည်း နှစ်ခွက်၊ သုံးခွက်လောင်းရုံမျိုးမဟုတ်။ အားပါးတရ ခုနစ်ခွက်၊ ဆယ်ခွက်အထိ လောင်းပြီး ခါးလယ်မှ
အခိုးများ အောက်သို့ဆင်းသွားသည် ထင်ရသည်အထိ လောင်းဆေး သင့်သည်။ ထိုသို့ နေ့စဉ်မှန်မှန်ပြုလုပ်သူသည် အညောင်းအကိုက်ရောဂါ၊ ဒူလာပါဒရက်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိနှင့်ဦးခေါင်း မကြည်လင်သောရောဂါ များပါ သက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။
စာရေးသူတို့မျိုးရိုးသည် မျက်စိမှုန်သောမျိုးရိုးဖြစ်သည်။ စာရေးသူ၏ဖခင်သည် အသက် ၁၃ နှစ်သားအရွယ်က မျက်မှန်တပ်ရသည်။ စာရေးသူ၏ဖခင်သည် မျက်စိအဆုံး၊ နားအရှုံးမဖြစ်စေချင်ဟုဆိုကာ မျက်စိအာရုံကောင်းစေ
မည့် နည်းလမ်းများစွာဖြင့် စာရေးသူကို ဂရုတစိုက်ဆောင်
ရွက်ပေးခဲ့သည်။ ရေအပြည့်ထည့်ထားသောဇလုံတွင် မျက်
နှာကိုငုပ်၍ မျက်စိကို ဖွင့်ချည်၊ ပိတ်ချည် လုပ်ခိုင်းသည်။
အစပထမတွင် ရေမွန်း၍ မလုပ်နိုင်သော်လည်း နောင်တွင် အကျင့်ရလာသော အခါ လုပ်နိုင်လာသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် ရေဇလုံ တွင် ရေငုပ်ခြင်းကို နေ့စဉ်ပြုလုပ်ခဲ့ရသည်။ ရေဇလုံအတွင်းမှ အေးစက်နေသောရေတွင် မျက်နှာကိုငုပ်၍ မျက်စိဖွင့်ပိတ် ၁ဝ မိနစ်ခန့်ပြုလုပ်ပြီးသောအခါ ပူနွေးကျန်ခဲ့သည်ကို တွေ့ရသည်။ မျက်စိမှ အပူများ ရေအတွင်း သို့ရောက်သွားခြင်းဖြစ်သည်။
စာရေးသူ ကိုးတန်းကျောင်းသားအရွယ်တွင် ဒုတိယအကြိမ် ရှင်သာမဏေဝတ်သောအခါ ထူပါရုံကျောင်းမှ စာချဆရာတော် ၏နည်းလမ်းအတိုင်း နံနက်စောစောရေချိုး၊ ရေချိုးသည့်အခါတွင် ခါးအောက်ပိုင်းမှစ၍ တဖြည်း
ဖြည်းအထက်သို့ တက်ပြီး ခေါင်းမှရေလောင်းချိုးသည့်အကျင့်ရလာသည်။
ညအိပ်ရာဝင်သည့်အခါတွင်လည်း နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ဒူးအထက်ပေါင်လယ်မှစကာ ရေအေးဖြင့်လောင်း၍ ခြေဆေးသည်။ ရေလောင်းရာတွင် ဖလားအပြည့် ခုနစ်ခွက်မှ ၁ဝ ခွက်အထိ အားပါးတရလောင်း
ဆေးသည်။ တစ်ခါတစ်ရံ ပူအိုက်၍ ရေမသုတ်ဘဲထားသော်လည်း လျင်မြန်စွာ ရေခြောက်သွားသည်ကို သတိထားမိသည်။ ငယ်စဉ်က နံနက်အိပ်ရာထလျှင် မျက်ဝတ်များပိတ်ပြီး မျက်ချေးဖတ်များ ကပ်နေလေ့ရှိခြင်းသည် ညအိပ်ရာဝင် ခြေဆေးအိပ်ခြင်းအကျိုးကြောင့် လုံးဝပျောက်ကင်းသွားသည်ကို သတိပြုမိသည်။
ငယ်စဉ်ကပင် ဖခင်၏နည်းလမ်းဖြင့် မျက်စိကို ရေငုပ်ခြင်း၊ ထို့နောက် ဆရာတော်၏နည်းလမ်းအတိုင်း နံနက်စောစောရေချိုးလျှင် ဦးခေါင်းကို ရေလောင်းချိုးခြင်း၊ ညအိပ်ရာဝင်ချိန် ဒူးအထက်မှ ရေလောင်းခြေဆေးခြင်း အကျိုးကျေး
ဇူးတို့ကြောင့် စာရေးသူမှာ မျိုးရိုးအတိုင်း ငယ်စဉ်ကပင် မျက်စိမှုန်၊ မျက်မှန်တပ်ရခြင်းဘေးမှ ကင်းဝေးခဲ့သည်။ အသက် ၄၆ နှစ်ခန့်မှ စာကြည့်မျက်မှန် (+၁၅ဝ ဒီဂရီ) တပ်ခဲ့ရသည်။ ဤသည်မှာလည်း အသက်အရွယ်အားဖြင့်
ပုံမှန်သာဖြစ်သည်ဟု မျက်စိဆရာဝန်က ပြောသည်။
နံနက်ခင်းစောစောအချိန် ရေချိုးသောအခါ ဦးခေါင်းကို ရေလောင်းခြင်းသည် သင့်တော်သော်လည်း နေ့လယ်၊ မွန်းတည့်ချိန်နှင့် ညနေစောင်း နေအပူရှိန်ပြင်းနေဆဲ အချိန်များတွင် ဦးခေါင်းကို ရေလောင်းခြင်းမှာ မသင့်ပေ။ အပူ
ရှပ်ခြင်း၊ အပူငုပ်ခြင်း၊ မျက်စိရုတ်တရက်ကွယ်ခြင်းများဖြစ်နိုင်သည်။
အလွန်ပူသောအချိန်တွင် အအေးလောင်းခြင်း သည် ရေနွေးထည့်ထားသော ဖန်ခွက်ကို သွန်ပစ်ပြီး ရုတ်တရက် ရေခဲရေလောင်းထည့်လိုက်သောအခါ ဖန်ခွက်ကွဲ သွားသည့်ဥပမာနှင့် တူသည်။
နံနက်အိပ်ရာထလျှင်ထချင်း မျက်နှာမသစ်မီ ဒူးမှစ၍ ရေလောင်းပြီး ခြေဆေး လျှင် မျက်စိကြည်သည်။ ဒူးနာရောဂါဘေးမှလည်း ကင်းဝေးသည်ဟု နည်းလမ်းတစ်မျိုးရှိသည်။
ဆွမ်းခံကြွသည့်သံဃာတော်များ ဝိနည်းအရ
ဖိနပ်စီးခွင့် မရှိပေ။ မြေကြီးမှ အပူများ ခြေဖဝါးမှတစ်ဆင့် မျက်စိထိတတ်သဖြင့် ဆွမ်းခံကြွပြီး ပြန်အလာတွင် ခြေနှစ်ဖက်ရေဆေးရသည်မှာ ဘုရားရှင်လက်ထက်တော်ကပင်ရှိသည်။ နံနက်နှင့် ညအိပ်ရာဝင်ချိန် တို့တွင် ခြေထောက်ရေ ဆေးခြင်းမှာ အပြစ်မရှိပေ။ နေ့လယ်နေ ပူပြင်းချိန်တွင် အပြင်မှပြန်လာပြီး ခြေဆေးခြင်းသည် အလွန်ပင် အန္တရာယ်ရှိသဖြင့် မပြုလုပ်သင့်ပေ။
ဒူးသည် ဘဝတစ်သက်တာ သွားလာလှုပ်ရှားမှုဒဏ်၊ အဆင်းအတက်ပြုလုပ်ခဲ့ ရခြင်းများကြောင့် အရွတ်ပြားများ ပွန်းစားခြင်း၊ ဒူးဆစ်နှင့်ခုံညင်းရိုးများ ကျီးပေါင်း တက်ခြင်း တို့ကြောင့် အသက်ကြီးလာလျှင် ဒူးနာရောဂါရလာတတ်
သည်။ ဒူးနာရောဂါရှိသူများ၏ ဒူးကိုကြည့်လျှင် ပုံသဏ္ဌာန်မမှန်ခြင်း၊ အဆစ်များရောင်ခြင်း၊ ကြီးခြင်း၊ တောင့်တင်းနေ ခြင်းများကို တွေ့ရတတ်သည်။ ထိုရောဂါများမှ ကင်းဝေးစေရန် ညအိပ်ရာဝင်ချိန်တိုင်း ဒူးအထက်မှ ရေများများ
လောင်းပြီး ခြေဆေးခြင်းသည် မှန်ကန်သော ဒူးနာရောဂါ ကာကွယ်နည်းဖြစ်သည်။
မျက်စိအမြင်ကြည်လင်စေခြင်း၊ ဒူးနာရောဂါဘေးမှကင်းဝေးစေခြင်းအတွက် နည်းလမ်းကောင်းဖြစ်သည့် ''နံနက် ဦးခေါင်း၊ ည ဒူးခေါင်း'' နည်းလမ်းကို တိုင်းရင်းဆေးပညာရှုထောင့်မှ တင်ပြလိုက်ရခြင်းဖြစ်ပေသည်။
ကြည်လွင်မြင့်(မုဒြာ)
https://t.me/mahadan969