ရွှေရောင်လင်း

ရွှေရောင်လင်း နွေနေပူ၊ မိုးလေသည်း၊ ဆောင်းချမ်းအေးလည်း၊ သင့်ကျန်းမာရေးအတွက်၊ အမြဲအသင့် ရှိနေမှာ၊ ရွှေရောင်လင်းပါ။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာဘာလဲ ❓ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာ ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးမှာ ...
27/08/2025

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာဘာလဲ ❓

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာ ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စတင်တွေ့ရှိရတဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှု ဖြစ်စဉ်ကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်ရှိလာတဲ့ ဟော်မုန်းအချို့ (estrogen, cortisol, human placental lactogen) တွေဟာ အင်ဆူလင်ရဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို ဟန့်တားတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတယ်။

ဖြစ်နိုင်ခြေမြင့်စေတဲ့ အချက်များကတော့
- မိသားစုထဲမှာ ဆီးချိုရောဂါရှိသူရှိခြင်း။
- အသက် ၂၅ နှစ်နှင့်အထက် (အထူးသဖြင့် ၃၅ နှစ်ကျော်) ကိုယ်ဝန်ဆောင်ခြင်း။
- ကိုယ်ဝန်မဆောင်မီက BMI က 30အထက်ရှိခြင်း သို့မဟုတ် အဝလွန်ခြင်း။

တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာ‌တွေကတော့...
ပုံမှန်ထက် ပိုမိုဆာလောင်ခြင်း၊ အစားတွေ ယခင်ကထက် ပိုစားလာခြင်း၊ ရေငတ်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ပုံမှန်ထက် ဆီးပိုသွားခြင်း၊ မအီမသာဖြစ်ခြင်း ၊မျက်လုံးတွေ ဝေဝါးခြင်း၊
ခန္ဓာကိုယ်ယားယံခြင်း၊ ခြေကုန်လက်ပမ်းကျခြင်းတို့ပဲဖြစ်ပါတယ်။

မိခင်နှင့်ကလေးမှာခံစားရသောဆိုးကျိုးများ‌ကတော့
-ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
-ကလေးအလွန်အမင်းကြီးထွားခြင်း (Macrosomia) ကြောင့် မွေးဖွားရ ခက်ခဲစေပြီး ကိရိယာအကူအညီ (လေစုပ်၊ ညှပ်ဆွဲ) ဖြင့်မွေးရခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေများစေခြင်း
-ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ပါလာနိုင်ခြင်း
-လမစေ့ပဲမွေးဖွားလာသောကလေးများတွင်အသက်ရှူလမ်းကြောင်းဆိုင်ရာခံစားရခြင်း
-ကလေးတွင်သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို
-ကိုယ်ဝန်ဆောင် ၂၄ – ၂၈ ပတ် အတွင်း *Oral Glucose Tolerance Test (OGTT) စစ်ဆေးခြင်း ။
- အစာမစားမီနှင့် အစာစားပြီး သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း။
- ဆီးထဲတွင် သကြားဓာတ်ရှိမရှိ စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိသူများအတွက် သွေးတွင်းသကြားဓာတ် ပုံမှန်အဆင့်မှာ
- အစာမစားမီ < 95 mg/dL
- အစာစားပြီး ၁ နာရီအကြာ < 140 mg/dL
- အစာစားပြီး ၂ နာရီအကြာ < 120 mg/dL ရှိရပါမယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အောက်ပါနည်းလမ်းတွေနဲ့ ထိန်းချုပ်ကုသနိုင်ပါတယ်

- အစားအသောက်ထိန်းခြင်း
- သကြားဓာတ်နည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာများစားသုံး‌ခြင်း
- အသီးအရွက်၊ သစ်သီး၊ ဂျုံ၊ ပဲအမျိုးမျိုး စားသုံးခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
- ပုံမှန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- သွေးတွင်းသကြားဓာတ် မကြာခဏစစ်ဆေးခြင်း
- အစားအသောက်နှင့် လေ့ကျင့်ခန်းတွေနဲ့ မထိန်းနိုင်ရင် အင်ဆူလင်(insulin)ထိုးခြင်း သို့မဟုတ် ဆေးသောက်ခြင်း။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာ ကိုယ်ဝန်ဆောင်ကာလအတွင်းသတိထားရမည့်အရေးကြီးရောဂါတစ်ခုဖြစ်ပြီး၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အစားအသောက်၊ အလေ့အကျင့်၊ သွေးတွင်းသကြားထိန်းချုပ်မှုမှန်မှန်လုပ်နိုင်ပါက မိခင်နဲ့ ကလေး နှစ်ဦးစလုံး အန္တရာယ်နည်းစေမှာပဲဖြစ်ပါတယ်။

#ကိုယ်၀န်ဆောင်ဆီးချို
#ရွှေရောင်လင်း
#ကျန်းမာရေးဗဟုသုတ

Malaria (ငှက်ဖျား) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကူးစက်ရောဂါများထဲမှ တစ်ခုပဲဖြစ်ပါတယ်။Plasmodiu...
21/08/2025

Malaria (ငှက်ဖျား) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကူးစက်ရောဂါများထဲမှ တစ်ခုပဲဖြစ်ပါတယ်။
Plasmodium လို့ခေါ်တဲ့ကပ်ပါးပိုးကြောင့်ဖြစ်ပြီး အနောဖလီးစ် (Anopheles) ခြင်မများကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သောရောဂါပဲဖြစ်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခံရခြင်းက‌နေ သွေးကြောထဲသို့ပိုးဝင်ရောက်ကာ အသည်းနှင့် သွေးနီဥဆဲလ်များမှတစ်ဆင့်အခြား‌သောအစိတ်အပိုင်းတွေဆီကို ကူးစက်ပြန့်နှံ့ကာ ပြင်းထန်သောငှက်ဖျားရောဂါကို ခံစားရခြင်းဖြစ်ပါတယ်

ရောဂါလက္ခဏာတွေကို သာမာန်ငှက်ဖျားနဲ့ ပြင်းထန်ငှက်ဖျားဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

သာမန်ငှက်ဖျား (Uncomplicated Malaria) ရဲ့လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ကလေးငယ်များတွင် တက်ခြင်း တို့ဖြစ်ပြီး
ပြင်းထန်ငှက်ဖျား (Severe Malaria) ရဲ့လက္ခဏာတွေကတော့ သတိလစ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊သွေးအားနည်းခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ အသိဥာဏ်ချို့ယွင်းခြင်း၊ ကိုမာဝင်ခြင်းနဲ့နောက်ဆုံးအသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

ငှက်ဖျားရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဟူ၍မရှိသေးတဲ့အတွက် ခြင်ကိုက်မခံရအောင်နေခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
-ခြင်ကိုက် မခံရအောင် ခြင်ထောင်နဲ့အိပ်ခြင်း
-ခြင်ကိုက် မခံရအောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေ ဝတ်ဆင်ခြင်း
-ခြင်ဆေးလူးခြင်း
-အိမ်အနားတွင်ရှိသောရေမြောင်းများအား ရေစီးရေလာကောင်းအောင်ဆောင်ရွက်ခြင်း တို့ဖြင့်လဲကာကွယ်နိုင်ပါတယ်။

မိမိတွင်ငှက်ဖျားရောဂါခံစားနေရပြီဟုသံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတို့တွင် ငှက်ဖျားရောဂါစစ်ဆေးပြီး ဆေးကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။

#ငှက်ဖျားရောဂါ

*သွေးလွန်တုပ်ကွေးရောဂါ *သွေးလွန်းတုပ်ကွေး ရောဂါဟာ " Aedes aegypti " ဆိုတဲ့ခြင်ကိုက်ခံရတာမှတဆင့် ကူးဆက်တတ်တဲ့ရောဂါအမျိုးစ...
13/08/2025

*သွေးလွန်တုပ်ကွေးရောဂါ *
သွေးလွန်းတုပ်ကွေး ရောဂါဟာ " Aedes aegypti " ဆိုတဲ့ခြင်ကိုက်ခံရတာမှတဆင့် ကူးဆက်တတ်တဲ့ရောဂါအမျိုးစားဖြစ်ပြီး ရောဂါရှိသူရဲ့အနားမှာနေရုံနဲ့တော့ မကူးစက်နိုင်ပါ။

သွေးလွန်တုပ်ကွေးရောဂါရဲ့ အတွေ့များသောရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊‌ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်တ၀ိုက်အနီစက်များထွက်ခြင်း၊ ကြွက်သားအဆစ်မြစ်များနာကျင်ခြင်း စသည့်ရောဂါလက္ခဏာများကိုခံစားရနိုင်ပါတယ်။

ဤရောဂါအတွက် သီးသန့်ကုသဆေးမရှိသေးပါဘူး။ ရောဂါလက္ခဏာများကို သက်သာစေရန် ပါရာစီတမောသောက်ခြင်း၊အတတ်နိုင်ဆုံးအနားများများယူခြင်း၊ ရေဓာတ်ဖြည့်တင်းစေဖို့ ရေများများသောက်ခြင်း၊ဆေးရုံတက်ကုသခြင်းများပြုလုပ်နိုင်ပါတယ်။ ရောဂါပြင်းထန်လာရင်တော့ ဆရာ၀န်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ဖို့ အကောင်းဆုံးကာကွယ်ရေးကတော့ခြင်ကိုက်မခံရအောင်နေထိုင်ခြင်းပဲဖြစ်ပါတယ်။
ခြင်ကိုက်မခံရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်း၊အိမ်တွင် ရေအိုးများကို လုံအောင်ဖုံးခြင်း၊ခြင်ပေါက်ဖွားနိုင်တဲ့နေရာများကိုရှင်းလင်းခြင်းစသည့်တို့ကိုပြုလုပ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက တစ်ကြိမ်ထက် ပိုဖြစ်နိုင်ပြီး နောက်တစ်ကြိမ်တွင် ပိုမိုပြင်းထန်နိုင်ပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးများ၊မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်‌ချေ ပိုများသောကြောင့် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။

#သွေးလွန်တုပ်ကွေး

လူကြီးမင်းက Ultrasound (USG) ရိုက်ဖို့လိုအပ်နေပေမယ့် မိုးတွင်းရဲ့စိုစွတ်မှုတွေကြောင့် အပြင်မထွက်ချင်ဘူး🙍🏻Ultrasound ရိုက...
01/08/2025

လူကြီးမင်းက Ultrasound (USG) ရိုက်ဖို့လိုအပ်နေပေမယ့် မိုးတွင်းရဲ့စိုစွတ်မှုတွေကြောင့် အပြင်မထွက်ချင်ဘူး🙍🏻Ultrasound ရိုက်ဖို့အတွက် ဆေးရုံဆေးခန်းတွေမှာလဲ အကြာကြီးမစောင့်ချင်ဘူး ဆိုရင်တော့ ရွှေရောင်လင်းကိုခုပဲဆက်သွယ်လိုက်ပါ ☎️

Ultrasound ရိုက်ခြင်းဖြင့်...

✅အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ ပန်ကရိယ နှင့် သားအိမ် အစရှိတဲ့ကိုယ်တွင်းကလီစာများနဲ့ပက်သက်သောရောဂါများအားစစ်ဆေးနိုင်ခြင်း

✅အမျိုးသမီးများအနေနဲ့ ကိုယ်၀န်ရှ်ိမရှိသိနိုင်ခြင်း

✅ကိုယ်၀န်ဆောင်မိခင်များ မိမိသန္ဓေသားဖွံ့ဖြိုးမှု၊ အနေအထား၊ ရေမွှာရည်ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ သားသား/မီးမီး ခွဲခြားသိရှိနိုင်ခြင်း

✅ကိုယ်၀န်ဆောင်မိခင်များ မိမိသန္ဓေသားမွေးဖွားမည့်ရက်ကိုခန့်မှန်းသိရှိနိုင်ခြင်းစသည်တို့ကို အချိန်တိုအတွင်းစစ်ဆေးနိုင်မှာပါ

🧑‍⚕️ဓာတ်မှန်ဆိုင်ရာဆရာ၀န်(Radiologist) ကိုယ်တိုင် အမေရိကန်နိုင်ငံထုတ် GE စက်ဖြင့်ရိုက်ကူးပေးမှာဖြစ်တဲ့အတွက် မှုန်ဝါးခြင်းမရှိပဲ တိကျမှန်ကန်တဲ့အဖြေရရှိမှာဖြစ်ပါတယ်💯👍

📌 Ultrasound ရိုက်ကူးခြင်းကို ရွှေရောင်လင်းဆေးခန်းတွင်လဲ နေ့စဉ်၀န်ဆောင်မှုရယူနိုင်ပါသည်။

#‌USG



#ရွှေရောင်လင်း

#အိမ်အရောက်၀န်ဆောင်မှု

Syphilis (ခေါ်) ကာလသားရောဂါဆိုတာ Treponema Pallidum လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် လိင်ဆ...
28/07/2025

Syphilis (ခေါ်) ကာလသားရောဂါဆိုတာ Treponema Pallidum လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် လိင်ဆက်ဆံရာမှတဆင့်ကူးစက်ပါတယ်။ ကာလသားရောဂါဆိုတာပျောက်ကင်းနိုင်တဲ့ရောဂါမျိုးဖြစ်ပြီး သေချာဆေးကုသမှုမခံယူရင်တော့ နောက်ဆက်တွဲပြဿနာတွေပြင်းထန်နိုင်ပါတယ်။
ကာလသားရောဂါက ရောဂါဖြစ်စဉ်အဆင့်ဆင့်ရှိပါတယ်။ ပထမအဆင့် (Primary)၊ ဒုတိယအဆင့် (Secondary)၊ ရောဂါခတ္တငုပ်သောအဆင့် (Latent) နဲ့ တတိယအဆင့် (Tertiary) တို့ပဲဖြစ်ပါတယ်။

ပထမအဆင့်မှာတော့ ရောဂါပိုးကူးတဲ့နေရာမှာ အနာဖြစ်တတ်ပါတယ်။ တစ်ခုထဲဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- အမျိုးသားအင်္ဂါ(pen*s)၊ အမျိုးသမီး အင်္ဂါ(vagina)၊ စအို (anus)၊ နှုတ်ခမ်း (lips)နဲ့ ပါးစပ် (mouth) စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။
အနာပုံစံက အများအားဖြင့် နည်းနည်းမာပြီး ခပ်ဝိုင်းဝိုင်းပုံစံမျိုးနဲ့ နာကျင်မှုမရှိတတ်ပါဘူး။ အဲဒီအနာတွေက ဆေးကုသည်ဖြစ်စေ မကုသည်ဖြစ်စေ ‌၃ပတ် မှ ၆ ပတ်အတွင်းအနာကျက်တတ်ပါတယ်။ အနာပျောက်သွားရင်တောင် ကုသမှု ဆက်လက်ခံယူရမှာပါ။အဲလိုကုသမှသာ ဒုတိယအဆင့်ကို ဆက်မကူးမှာဖြစ်ပါတယ်။

ဒုတိယအဆင့် ရောက်ရင်တော့ အရေပြားမှာ အနီကွက်တွေ၊ ပါးစပ်၊ မိန်းမကိုယ်နဲ့ စအိုမှာ အနာတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့် အနီကွက်၊ အနီပြင်တွေ ခန္ဓာကိုယ်မှာ ပေါ်လာတာပါ။အဲဒီ အနီပြင်တွေကခြေဖဝါး၊ လက်ဖဝါးမှာ ပေါ်တတ်ပြီး allergic ကြောင့်ဖြစ်တဲ့အနီပြင်တွေလို မယားပါဘူး။ တစ်ခါတလေ ခပ်မှိန်မှိန်ပဲမို့ သတိမထားမိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအနီပြင်တွေပေါ်တာအပြင် အောက်ပါ လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။
– ဖျားခြင်း
– အကျိတ်များထွက်ခြင်း
– လည်ချောင်းနာခြင်း
– အမွှေးကျွတ်ခြင်း
– ခေါင်းကိုက်တတ်ခြင်း
– ပိန်သွားခြင်း
– ကြွက်သားတွေနာကျင်ခြင်း
– ခန္ဓာကိုယ်နုံးခြင်း
ကုသမှုသေချာခံယူရင်တော့ ဒီလက္ခဏာတွေသက်သာပြီး ပျောက်ကင်းသွားနိုင်ပါတယ်။

ဒုတိယအဆင့်အပြီး တတိယအဆင့်မရောက်ခင်မှာပဲ ရောဂါခတ္တခဏငုပ်သွားတဲ့အဆင့်ရှိပါတယ်။ ရောဂါပျောက်သွားပြီအထင်နဲ့ ဆေးကုသမှုမခံယူရင်တော့ ကာလသားရောဂါပိုးဟာ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။

ရောဂါကုသမှုခံယူထားရင် ကာလသားရောဂါလူနာအများစုက တတိယအဆင့်ကို မပြောင်းတတ်ပါဘူး။ ဒီအဆင့်မှာတော့ နှလုံး၊ သွေးကြော၊ ဦးနှောက်နဲ့ အာရုံကြော‌တွေပါ ထိခိုက်နိုင်ပါတယ်။
တတိယအဆင့်ကာလသားရောဂါက ပြင်းထန်ပါတယ်။ ကာလသားရောဂါကူးစက်ပြီး ၁၀နှစ်ကနေ အနှစ်၃၀ အတွင်း ဖြစ်တတ်ပြီး ကိုယ်အင်္ဂါတွေကိုပျက်စီးစေကာ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

မည်သည့်အဆင့်မှာမဆို ပြနိုင်တဲ့ ကာလသားရောဂါရဲ့အဖြစ်များတဲ့ လက္ခဏာတွေကဝောာ့

ဦးနှောက်နဲ့ အာရုံကြော‌ထိသောကာလသားရောဂါ (Neurosyphilis)
– ခေါင်းအရမ်းကိုက်
– ကြွက်သားအားနည်း၊ လှုပ်ရှားမှုအားနည်း
– အာရုံမစိုက်နိုင်၊ အာရုံထွေပြား၊ မှတ်ဉာဏ်တွေမကောင်းတို့ ဖြစ်နိုင်ပါတယ်။

မျက်စိထိသော ကာလသားရောဂါ (ocular syphilis)
– မျက်လုံးအောင့်၊ နီ
– အမြင်အာရုံ ပြောင်းသွား (သို့) မမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

နားထိသော ကာလသားရောဂါ (otosyphilis)
– အကြားအာရုံပျောက်ဆုံးသွားမယ်
– နားထဲ အသံတေ ညံစီနေမယ် (tinnitus)
– မူးဝေမယ်၊ ချာချာလည်အောင်မူးမယ် စသဖြင့် ခံစားရနိုင်ပါတယ်။

ကာလသားရောဂါရှိတာ ဘယ်လိုသိနိုင်မလဲ?
အများစုကတော့ သွေးစစ်(VDRL, TPHA) ပြီး သိနိုင်ပါတယ်။ အချို့ကတော့ အနာက သားငန်ရည်ကိုယူပြီးစစ်ပြီးလဲသိနိုင်ပါတယ်

ကာလသားရောဂါဟာတစ်ခါဖြစ်ဖူးရုံနဲ့ နောက်ထပ်မဖြစ်အောင် ခုခံအား မပေါ်သလို၊ တစ်ခါအပျောက်ကုပြီးလည်း မဆင်ခြင်ရင် ထပ်ဖြစ်နိုင်ပါတယ်။ ရောဂါရှိမရှိကတော့ စစ်ဆေးမှ သေချာသိမှာပါ။ ရောဂါပျောက်ကင်းမှုရှိမရှိကလည်း ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း ပြန်စစ်ဖို့ လိုပါတယ်။


#ကာလသားရောဂါအကြောင်း

အသည်းရောင် အသားဝါ ဘီပိုးဆိုတာ သွေး၊‌ ချွေး နဲ့ တခြားသော လူ့ခန္ဓာကိုယ်မှထွက်သောအရည်များမှတဆင့်ကူးစက်တာဖြစ်ပြီး ကူးစက်ဖို့...
22/07/2025

အသည်းရောင် အသားဝါ ဘီပိုးဆိုတာ သွေး၊‌ ချွေး နဲ့ တခြားသော လူ့ခန္ဓာကိုယ်မှထွက်သောအရည်များမှတဆင့်ကူးစက်တာဖြစ်ပြီး ကူးစက်ဖို့အလားအလာအလွန်များတဲ့ ရောဂါတစ်မျိုးပါ။ များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ပဲ ရောဂါကျွမ်းမှ (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့်သွေးစစ်ရာကမှပေါ်လာတတ်တာမျိုးပါ။
ဘီပိုးဆိုတာ အသည်းရောင်ရာမှတဆင့် အသည်းခြောက်ပြီး နောက်ဆုံးအသည်းကင်ဆာထိဖြစ်နိုင်ပါတယ်။
အသည်းရောင်အသားဝါဘီပိုးကို ယနေ့အချိန်ထိအမြစ်ပြတ်ကုသနိုင်တဲ့ဆေးမပေါ်သေးပဲ ရောဂါပိုးဆက်လက်ကြီးထွားမလာနိုင်အောင်သာထိန်းချုပ်နိုင်သေးတာကြောင့် ကြိုတင်၍ ကာကွယ်ဆေးထိုးနှံထားခြင်းသည်သာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဘီပိုးကာကွယ်ဆေးကိုမဖြစ်မနေထိုးထားသင့်သူများကတော့
• မိမိနှင့်အတူနေမိသားစုမှာ ဘီပိုးရောဂါခံစားနေရသူရှိနေတဲ့အခါ
• ကျန်းမာရေး၀န်ထမ်းများ
• ဘီပိုးရှိတဲ့မိခင်မှမွေးဖွားလာမယ့်ရင်သွေးလေးများနဲ့
• နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်မယ့်သူများပဲဖြစ်ပါတယ်။
ဘီပိုးကာကွယ်ဆေးထိုးမယ်ဆိုရင် မိမိမှာ ဘီပိုးရှိ/မရှိ အရင်စစ်ဆေးရမှာဖြစ်ပြီး ပိုးမရှိမှသာကာကွယ်ဆေးထိုးလို့ရမှာဖြစ်ပါတယ်။

ဘီပိုးကာကွယ်ဆေးထိုးဖို့စုံစမ်းလိုပါက ရွှေရောင်လင်းရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့ 09408433377 နဲ့ 09408433399 ကိုအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးခန်းတွင်သာမကအိမ်အရောက်ဝန်ဆောင်မှုလဲရရှိနိုင်ပါတယ်။

#ဘီပိုးကာကွယ်ဆေး

💢19 ဇူလိုင် မမေ့နိုင်💢ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ကတော့ (၇၈)ကြိမ်မြောက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။(၁၉၄၇)...
19/07/2025

💢19 ဇူလိုင် မမေ့နိုင်💢
ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ကတော့ (၇၈)ကြိမ်မြောက် အာဇာနည်နေ့ပဲ ဖြစ်ပါတယ်။
(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ မနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ ကျဆုံးသွားလေသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံး ကို ရွှေရောင်လင်း မိသားစု မှ အောက်မေ့လွမ်းဆွတ် ဂါရဝပြုလိုက်ပါတယ်။

#အာဇာနည်နေ့


#ရွှေရောင်လင်း

ECG ဆိုတာဘာလဲ❓ECG လို့အတိုကောက်ခေါ်တဲ့ Electrocardiogram ဆိုတာ နှလုံးရဲ့အလုပ်လုပ်ပုံ၊ နှလုံးခုန်နှုန်း တွေကို တိုင်းတာပေ...
18/07/2025

ECG ဆိုတာဘာလဲ❓
ECG လို့အတိုကောက်ခေါ်တဲ့ Electrocardiogram ဆိုတာ နှလုံးရဲ့အလုပ်လုပ်ပုံ၊ နှလုံးခုန်နှုန်း တွေကို တိုင်းတာပေးတာ ဖြစ်ပါတယ်။ လူနာရဲ့ရင်ဘက် လက်နဲ့ခြေထောက်နေရာတွေမှာ Electrodes လို့ခေါ်တဲ့သတ္တုပြားလေးတွေကပ်ပြီး နှလုံးအခြေအနေကို ECG စက်မှတဆင့် စာရွက်ပေါ်မှာမျဉ်းလေးတွေဆွဲပေးပါတယ်။ အဲ့ဒီ့မျဉ်းလေးတွေကို ကြည့်ပြီး နှလုံးအခြေအနေကိုသိနိုင်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာအသုံးပြုလဲ❓
နှလုံးရဲ့အခြေအနေကို သိချင်ရင်၊ နောက်ပြီး ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ မောတာ၊ အသက်ရှုမ၀တာ စတဲ့ အခြေအနေတွေမှာလည်း ရောဂါရှာဖွေဖို့ အသုံးပြုပါတယ်။

ECG ဆွဲခြင်းဖြင့်ဘာတွေသိနိုင်လဲ❓
🔺 နှလုံးခုန် မြန်တာ၊ နှလုံးခုန်နှေးတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့နှလုံးခုန်နှုန်းတွေ
🔺 နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ (ဥပမာ - နှလုံးသွေးကြောကျဥ်းတာ/ပိတ်တာ၊ နှလုံးသွေးစီးဆင်းမှုမကောင်းတာမျိုး)
🔺 နှလုံးကြွက်သားမှာ ပြဿနာရှိတာ (ဥပမာ - နှလုံးနံရံ ထူတာ၊ နှလုံးအခန်း ကြီးလာတာမျိုး) စတာတွေကို သိနိုင်ပါတယ်။
ရောဂါရှိပြီးသားလူဆိုရင်တော့ ရောဂါအခြေအနေ သိရအောင် ECG ကို မကြာခဏ ဆွဲပေးဖို့ လိုပါတယ်။

ECG ဆွဲတာကြာလား❓အဖြေကောချက်ချင်းရလား❓
ECG ဆွဲတဲ့ကြာချိန်က ၅ မိနစ်မှ ၁၀ မိနစ်၀န်းကျင်ပဲကြာပါတယ်။ အဖြေချက်ချင်းရပါတယ်။ တိုင်းနေတုန်းမှာပဲ စက်ကနေ graph လိုမျိုး ပုံစံနဲ့ စာရွက်လေး ထွက်လာပါတယ်။ ဒါကို ဆရာဝန်၊ နှလုံးအထူးကုတွေက ဖတ်မှ မိမိရဲ့နှလုံးကျန်းမာရေးအခြေအနေကိုသိနိုင်မှာဖြစ်ပါတယ်။ တစ်ခါတလေ ECG နဲ့ မလုံလောက်ပဲ တခြားစစ်ဆေးတာတွေပါ လုပ်ရတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ ရှိလား❓
ECG ဟာ ဘေးထွက်ဆိုးကျိုးမရှိ၊ နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်လို့ရတဲ့ အရာဖြစ်လို့ မိမိနှလုံးကျန်းမာရေးကိုအချိန်တိုအတွင်းသိရှိနိုင်မှာပဲဖြစ်ပါတယ်

☀️ ရွှေရောင်လင်း ☀️
📍 Address - အမှတ် (၄၉/B)၊ ကျိုက္ကစံဘုရားလမ်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
📞09 4084 333 77
📞09 4084 333 99
⭐ 𝘿𝙚𝙙𝙞𝙘𝙖𝙩𝙚𝙙 𝙛𝙤𝙧 𝙔𝙤𝙪𝙧 𝙃𝙚𝙖𝙡𝙩𝙝 ❝သင့်ကျန်းမာရေး၊ အစဉ်အလေးပေး၊
စောင့်ရှောက်သေချာ၊ ကုသပေးမှာ၊
ရွှေရောင်လင်းပါ။❞




#ရွှေရောင်လင်း
#သင်္ဃန်းကျွန်း

ယနေ့ ဂျူလိုင်လ ၁၁ ရက်နေ့ဟာ ကမ္ဘာ့လူဦး‌‌‌ရေနေ့ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ် ဂျူလိုင်လ ၁၁ရက်နေ့မှာ  ကမ္ဘာ့လူဦး‌‌‌ရေ ၅ ဘီလီယံပြ...
11/07/2025

ယနေ့ ဂျူလိုင်လ ၁၁ ရက်နေ့ဟာ ကမ္ဘာ့လူဦး‌‌‌ရေနေ့ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ် ဂျူလိုင်လ ၁၁ရက်နေ့မှာ ကမ္ဘာ့လူဦး‌‌‌ရေ ၅ ဘီလီယံပြည့်ခဲ့ပါတယ်။ ကမ္ဘာ့လူဦး‌ရေဟာ လက်ရှိ ၈ ဘီလီယံရှိပြီး တစ်နှစ်လျှင် သန်း ၇၀ နှုန်းဖြင့်တိုးပွားလျက်ရှိပါတယ်။ တိုးပွားလာတဲ့ လူဦး‌‌‌ရေ နဲ့အတူ ဆင်းရဲမွဲတေမှုပြဿနာ၊ စွမ်းအင်လိုအပ်ချက်၊ စားနပ်ရိက္ခာခွဲဝေမှုပြဿနာ အစရှိတဲ့စိန်ခေါ်မှုများလည်း တိုးပွားလာခဲ့ပါတယ်။ ကမ္ဘာ့လူဦး‌ရေတိုးတက်မှုနှုန်း အပေါ်လူထုရဲ့စိတ်ဝင်စားမှု မြင့်တက်လာခဲ့တဲ့အတွက် တိုးပွားလာတဲ့ လူဦး‌‌‌ရေ နဲ့အတူ မိခင်နဲ့ကလေးကျန်းမာရေး၊ သားဆက်ခြားခြင်း၊ ဆင်းရဲမွဲတေမှုပြဿနာ၊ လူ့အခွင့်အ‌ရေး တို့ရဲ့ အရေးပါမှုတို့ကို လူထုအကြား အသိပညာတိုးပွားဖို့ရန် ရည်ရွယ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၉၀ ခုနှစ်မှစတင်၍ နှစ်စဥ် ကျင်းပလျက်ရှိပါတယ်။ ယခုနှစ်အတွက်ဆောင်ပုဒ်ကတော့ အနာဂတ်၏လူငယ်များအားခွန်အားပေး၍ ပိုမိုကောင်းမွန်သောမနက်ဖြန်များကိုမျှော်လင့်ခြင်း ဖြစ်ပါတယ်။ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူသားအားလုံးကျန်းမာစွာ နေထိုင်နိုင်ဖို့၊ ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမှီနိုင်ဖို့ အရေးကြီးပါတယ်။

နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးအလှူရှင်များနေ့အဖြစ်သတ်မှတ်ထားပါတယ်။ သွေးလှူခြင်းဆိုတာ မိမိရဲ့သွေးဖြင့် သူတစ်ပါးအသက...
14/06/2025

နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးအလှူရှင်များနေ့အဖြစ်သတ်မှတ်ထားပါတယ်။ သွေးလှူခြင်းဆိုတာ မိမိရဲ့သွေးဖြင့် သူတစ်ပါးအသက်ကိုကယ်တင်ခြင်းဖြစ်လို့ အမွန်မြတ်ဆုံးနဲ့အသန့်ရှင်းဆုံးအလှူ အဖြစ်သတ်မှတ်နိုင်ပါတယ်။

မိမိရဲ့သွေးဖြင့် အသက်ကယ်တင်ပေးနေသူများအားလုံးကို သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ ရောဂါအပေါင်းမှကင်းဝေးပါစေကြောင်း ရွှေရောင်လင်း မိသားစုမှ ဆုတောင်းမေတ္တာပေးပို့ရင်း ဂုဏ်ပြုလိုက်ရပါတယ်ရှင် 🙏🏻🙏🏻🙏🏻

🌧️မိုးရာသီတုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ??🌧️မိုးရာသီ တုပ်ကွေး မဖြစ်အောင် လေးမျိုးစပ် ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့...
06/06/2025

🌧️မိုးရာသီတုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ??
🌧️မိုးရာသီ တုပ်ကွေး မဖြစ်အောင် လေးမျိုးစပ် ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ရှင့်🤗🥰

💦💦မကြာမီ မိုးရာသီရောက်တော့မှာဖြစ်တဲ့အပြင် ရာသီတုပ်ကွေး အဖြစ်များတဲ့ အချိန်လည်းဖြစ်တာမို့ မဖြစ်မနေ ကြိုတင်ပြီး ကာကွယ်ဆေး ထိုးနံထားဖို့လည်း လိုအပ်ပါတယ်။💦

🦠တုပ်‌ကွေးလက္ခဏာများကတော့🦠
🤒တကိုယ်လုံးနာကျင် ကိုက်ခဲခြင်း
🤒ဖျားနာခြင်း၊ကိုယ်ပူခြင်း
🤒နှာစေးချောင်းဆိုးခြင်း ၊ ခေါင်းကိုက်ခြင်း
🤒အသက်ရှုကြပ်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း
ပိုမိုပြင်းထန်ပါက သတိလစ်မေ့မျောခြင်းအထိပါ ဖြစ်နိုင်တာမို့ ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး၀န်ထမ်းများ၊နာတာရှည်ရောဂါခံစားနေရသူများနှင့်ကိုယ်၀န်‌ဆောင်မိခင်များ အတွက်
ကာကွယ်ဆေးထိုးနှံဖို့ အထူးတိုက်တွန်းလိုပါတယ်💪

💯စနစ်တကျ cold chainမှန်ကန်စွာထိန်းသိမ်းထားသောကြောင့် ယုံကြည်စိတ်ဈစွာထိုးနှံနိုင်ရန်
ကြိုတင်ဘိုကင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏

💥အိမ်အရောက် ထိုးနှံပေးသည့်၀န်ဆောင်မှုလည်းရှိနေတာမို့
အမြန်ဆုံး ဘိုကင်တင်ထားကြပါနော်💥

📍 Address - အမှတ် (၄၉/B)၊ ကျိုက္ကစံဘုရားလမ်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
📞09 4084 333 77
📞09 4084 333 99

⭐ 𝘿𝙚𝙙𝙞𝙘𝙖𝙩𝙚𝙙 𝙛𝙤𝙧 𝙔𝙤𝙪𝙧 𝙃𝙚𝙖𝙡𝙩𝙝 ❝သင့်ကျန်းမာရေး၊ အစဉ်အလေးပေး၊
စောင့်ရှောက်သေချာ၊ ကုသပေးမှာ၊
ရွှေရောင်လင်းပါ။❞



#မိုးရာသီတုပ်ကွေးကာကွယ်ဆေး

အသည်းရောင်အသားဝါ(အေ) ရောဂါ ဆိုတာ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်(အေ)ပိုး (Hepatitis A Virus-HAV) ကူးစက်ခံရခြင်းကြောင့်ဖြစ်တ...
10/03/2025

အသည်းရောင်အသားဝါ(အေ) ရောဂါ ဆိုတာ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်(အေ)ပိုး (Hepatitis A Virus-HAV) ကူးစက်ခံရခြင်းကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ အသည်းရောင်အသည်းဝါ ဘီပိုး၊စီပိုးတို့လိုနာတာရှည်ရောဂါမျိုးတော့မဟုတ်ပါဘူး။ လူအများစုကတော့ ကြီးကြီးမားမားလက္ခဏာမပြပဲပျောက်ကင်းသွားကြသလို တချို့ရောဂါပြင်းထန်တာမျိုးလဲဖြစ်နိုင်ပါတယ်။

ကူးစက်နိုင်တဲ့နည်းလမ်းများ
* ရောဂါပိုးရှိသူရဲ့ခန္ဓာကိုယ်မှထွက်လာတဲ့အညစ်အကြေးနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့မိထားသော အစားအသောက်များစားသုံးမိခြင်း။
* မသန့်ရှင်းသော သောက်သုံးရေများကိုအသုံးပြုခြင်း
* ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း။
* ရောဂါပိုးရှိနေသောလူနာနှင့်အနီးကပ်ပြုစု ထိတွေ့ခြင်း။

ရောဂါလက္ခဏာများ
* အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ၀မ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း။
* အသည်းရောင်အသားဝါ Bပိုး၊ Cပိုး ရှိသူများနှင့် HIV ပိုးရှိသူများတွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ပါသည်။
* ပြင်းထန်စွာ အသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

ကာကွယ်နိုင်သည့်နည်းလမ်းများ
* တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။
* လက်ကိုဆပ်ပြာဖြင့်စနစ်တကျဆေးကြောခြင်းကို အစားအစာများ မကိုင်တွယ်မှီ၊ မချက်ပြုတ်မှီ၊ အစားမစားမှီနှင့် အိမ်သာအသုံးပြုပြီးတိုင်းဆောင်ရွက်ပါ။
* ဆူပွက်အောင်ကျိုချက်ထားသောရေ သို့မဟုတ် FDA အသိအမှတ်ပြု ရေသန့်ကိုသောက်သုံးပါ။
* အစားအစာများကိုအစိမ်းစားခြင်းမှရှောင်ကြဉ်ပါ။
* ယင်လုံအိမ်သာသုံးစွဲပါ။

မိမိမှာအထက်ဖော်ပြပါရောဂါလက္ခဏာများထဲမှ တခုခုခံစားနေရပြီဆိုရင်တော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး အသည်းရောင်အသားဝါ(အေ)ပိုးရှိ/မရှိ ဓာတ်ခွဲခန်းမှာအတည်ပြုစစ်ဆေး၍ဆေးကုသမှုခံယူနိုင်ပါသည်။

ရွှေရောင်လင်း
အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်ကုသရေးစင်တာ
အမှတ် ၄၉(ဘီ)၊ ကျိုက္ကဆံဘုရားလမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
📲 09408433377
📲 09408433399

Address

အမှတ် (၄၉/B), ကျိုက္ကဆံဘုရားလမ်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံရှေ့၊
Yangon

Telephone

+959408433377

Website

Alerts

Be the first to know and let us send you an email when ရွှေရောင်လင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရွှေရောင်လင်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram