04/02/2026
"ကမ္ဘာ့ကင်ဆာတိုက်ဖျက်ရေးနေ့ (World Cancer Day)"
ကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး ရောဂါများထဲတွင် ဒုတိယနေရာတွင် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် လူဦးရေ ၁၀ သန်းနီးပါးသည် ကင်ဆာကြောင့် အသက်ဆုံးရှုံးနေရပြီး ၎င်းသေဆုံးမှုများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံကဲ့သို့ ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဖြစ်ပွားနေခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ယခုနှစ်ကင်ဆာ ရောဂါ တိုက်ဖျက်ရေး အတွက် ဆောင်ပုဒ်ကတော့
" United by Unique" "ထူးခြားကွဲပြားမှုများကြားမှ တူညီသောအားမာန်ဖြင့် စုစည်းစို့" ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်အရ လူဦးရေ တိုးပွားလာခြင်းနှင့် လူနေမှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ၂၀၄၀ ပြည့်နှစ်တွင် ကင်ဆာလူနာသစ် ဖြစ်ပွားမှုနှုန်းသည် ၅၀ ရာခိုင်နှုန်းခန့်အထိ ထပ်မံတိုးတက်လာနိုင်ကြောင်း သိရပါတယ်။
ကမ္ဘာပေါ်တွင် ရင်သားကင်ဆာ သည် ပထမနေရာတွင် ရှိနေပြီး အဆုတ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့က နောက်မှ လိုက်နေပြီး အဆုတ်ကင်ဆာ သည် ကမ္ဘာပေါ်တွင် သေဆုံးမှု အများဆုံး ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။
ထို့အတူ ကျတော်တို့ မြန်မာနိုင်ငံတွင် GLOBOCAN ၏ နောက်ဆုံးအချက်အလက်များအရ တစ်နှစ်လျှင် လူနာသစ် ၇၀,၀၀၀ ခန့် ရှိနေပြီး နှစ်စဉ် လူဦးရေ ၄၅,၀၀၀ ကျော် သည် ကင်ဆာကြောင့် အသက်ဆုံးရှုံးနေရပါတယ်။
ထို့အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကင်ဆာကြောင့် သေဆုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများထဲတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။ အကြောင်းအရင်းမှာ မြန်မာလူနာ ၇၀ ရာခိုင်နှုန်းကျော်သည် များသော အားဖြင့် ဆေးမြှီးတိုများ ဖြင့်ကုသကြပြီး ရောဂါအဆင့် (၃) သို့မဟုတ် အဆင့် (၄) ရောက်မှ ဆေးရုံသို့ ရောက်ရှိလာတတ်ကြသဖြင့် ကုသရန် ခက်ခဲစေပြီး သေဆုံးမှု နူန်း များလာပါတယ်။
အဖြစ်အများဆုံး အမျိုးအစားများမှာ အမျိုးသားများတွင် အသည်းကင်ဆာ နှင့် အဆုတ်ကင်ဆာ မှာ ထိပ်ဆုံးမှဖြစ်ပြီး ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်းကင်ဆာ မှာလည်း တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။
အမျိုးသမီးများတွင် ရင်သားကင်ဆာ သည် နံပါတ် (၁) ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ မှာ ဒုတိယအဆင့်ဖြစ်ကာ စစ်ဆေးမှုအားနည်းခြင်းကြောင့် အသက်ဆုံးရှုံးမှု များပြားနေပါတယ်။
မြန်မာနိုင်ငံတွင် ထိုသို့ ကင်ဆာဖြစ်ပွားမှုကို အားပေးနေသော အချက် (၃) ချက်မှာ-
၁။ကွမ်းယာ၊ ဆေးလိပ် နှင့် အရက် အလွန်အကျွံ သုံးစွဲခြင်း။
၂။ဓာတုဆိုးဆေးပါသော အစားအစာများ၊ မှိုတက်နေသော ငရုတ်သီးမှုန့်နှင့် အဆီပြန်သော အစားအစာများ သုံးစွဲခြင်း။
၃။အသည်းရောင် အသားဝါ (B) နှင့် (C) ပိုးများကြောင့် အသည်းကင်ဆာ ဖြစ်ပွားခြင်း။
၄။ HPV ဗိုင်းရပ်စ်ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခြင်း။
တကယ်တော့ ကင်ဆာအားလုံး၏ ၃ ပုံ ၁ ပုံ သည် ကာကွယ်၍ရပြီး နောက်ထပ် ၃ ပုံ ၁ ပုံ မှာ စောစီးစွာသိလျှင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ???
မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု အများဆုံးသော ကင်ဆာများကို လေ့လာကြည့်လျှင် ကျွန်ုပ်တို့၏ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရုံဖြင့် ကာကွယ်နိုင်သည်ကို တွေ့ရမည် ဖြစ်တယ်။
၁။ ရင်သားကင်ဆာ (Breast Cancer) –
အမျိုးသမီးများအတွက် နံပါတ် (၁) ရန်သူဖြစ်ပါတယ်။
ရင်သားကင်ဆာသည် မြန်မာအမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်သော်လည်း အစောပိုင်းအဆင့်တွင် သိရှိပါက ပျောက်ကင်းနိုင်ခြေ အလွန်မြင့်မားပါတယ်။
သတိပြုရန် လက္ခဏာများ: ရင်သားတွင် အကျိတ်စမ်းမိခြင်း (နာကျင်ခြင်း မရှိသည်က များသည်)၊ ရင်သားပုံသဏ္ဌာန် ပြောင်းလဲခြင်း၊ နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်ထွက်ခြင်း၊ အရေပြား လိမ္မော်သီးခွံကဲ့သို့ ဖြစ်လာခြင်း။
ဘယ်လိုစစ်မလဲ? - အသက် (၂၀) ကျော်ကတည်းက မိမိဘာသာ ရေချိုးရင်း ရင်သားကို စမ်းသပ်စစ်ဆေးတတ်ရန် လိုအပ်ပါတယ်။ အသက် (၄၀) ကျော်ပါက ၂ နှစ်တစ်ကြိမ် ရင်သားဓာတ်မှန် (Mammogram) ရိုက်သင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ? - ကလေးကို မိခင်နို့တိုက်ကျွေးခြင်း၊ အဝလွန်ခြင်းကို ရှောင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း။
၂။ အသည်းကင်ဆာ (Liver Cancer) –
မြန်မာနိုင်ငံတွင် သေဆုံးမှု အများဆုံးဖြစ်ပါတယ်။
မြန်မာအမျိုးသားများတွင် အဖြစ်အများဆုံးဖြစ်ပြီး အစောပိုင်းမှာ လက္ခဏာမပြတတ်ခြင်းက အဓိက စိုးရိမ်စရာ ဖြစ်ပါတယ်။
ဖြစ်စေသော အကြောင်းရင်းများ မှာ အသည်းရောင် အသားဝါ (B) ပိုး နှင့် (C) ပိုး များရှိနေခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ မှိုတက်နေသော ငရုတ်သီး၊ မြေပဲများတွင် ပါတတ်သော Aflatoxin (အာဖလာတော့ဆင်) ကို စားမိခြင်း။
ဘယ်လိုကာကွယ်မလဲ? (B) ပိုး ကာကွယ်ဆေးထိုးပါ။ (C) ပိုး ရှိမရှိ စစ်ဆေးပြီး ရှိပါက ဆေးကုသမှု ခံယူပါ။ အစားအစာများကို သန့်ရှင်းခြောက်သွေ့စွာ သိမ်းဆည်းပါ။
သတိပြုရန်မှာ ဗိုက်ညာဘက်အပေါ်နားက နာကျင်ခြင်း၊ မျက်လုံးဝါခြင်း၊ ဗိုက်ထဲတွင် ရေဖျဉ်းစွဲခြင်း တို့ဖြစ်ပါတယ်။
၃။ အဆုတ်ကင်ဆာ (Lung Cancer) –
ဆေးလိပ်သောက်သူများသာမက ဆေးလိပ်ငွေ့ကို တဆင့်ခံရှူရှိုက်ရသူ (Second-hand smoker) များတွင်လည်း ဖြစ်ပွားတတ်ပါတယ်။
သတိပြုရန် လက္ခဏာများမှာ ရက်ရှည်ချောင်းဆိုးခြင်း (၃ ပတ်ထက်ကျော်ခြင်း)၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အကြောင်းရင်းမရှိဘဲ ဝိတ်ကျသွားခြင်း တို့ သတိထားရပါမည်။
ဘယ်လိုကာကွယ်မလဲ? : ဆေးလိပ်နှင့် ဆေးတံများကို အပြီးတိုင်ဖြတ်ပါ။ မီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှုများမှ ရှောင်ကြဉ်ပါ။
ကျတော်တို့ မြန်မာနိုင်ငံရှိ အဆုတ်ကင်ဆာ လူနာအများစုသည် ဆေးလိပ်ကြောင့် ဖြစ်ရသော်လည်း တချို့မှာ မီးဖိုချောင်မီးခိုးငွေ့နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဆေးလိပ်မသောက်ဘဲ ဖြစ်ရသူများလည်း ရှိလာနေတယ်လို့ကြားသိရပါတယ်။
၄။ ခံတွင်းကင်ဆာ (Oral Cancer) –
ဤကင်ဆာသည် အနောက်နိုင်ငံများထက် မြန်မာနိုင်ငံတွင် ခံပိုအဖြစ်များရခြင်းမှာ ကွမ်းစားခြင်း ကြောင့် ဖြစ်တယ်။
ဖြစ်စေသော အကြောင်းရင်းများမှာ ကွမ်းယာ (အထူးသဖြင့် ဆေးရွက်ကြီးပါသော ကွမ်း)၊ ဆေးလိပ်နှင့် အရက် တို့ဖြစ်ကြပါတယ်။
သတိပြုရန် လက္ခဏာများမှာ ပါးစပ် သို့မဟုတ် လျှာပေါ်တွင် ပျောက်ကင်းခြင်းမရှိသော အနာများရှိခြင်း၊ ခံတွင်းထဲတွင် အဖြူကွက် သို့မဟုတ် အနီကွက်များရှိခြင်း၊ သွားများ အကြောင်းမဲ့ လှုပ်လာခြင်း၊ အစာမျိုရ ခက်ခဲခြင်းတို့ ဖြစ်ကြပါတယ်။
ဘယ်လိုကာကွယ်မလဲ? ကွမ်းနှင့် ဆေးလိပ်ကို လုံးဝဖြတ်ပါ။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခံတွင်းထဲတွင် ထူးခြားသော အနာ သို့မဟုတ် အဖုအကျိတ်တွေ့ပါက သွားနှင့်ခံတွင်းဆရာဝန်နှင့် ချက်ချင်းပြသပါ။
ကင်ဆာရောဂါသည် "မသိလို့ မဖြစ်တာမဟုတ်ဘဲ၊ သိတာနောက်ကျလို့ ကုမရတာ" သာ ဖြစ်ပါတယ်။
✅ အကျင့်ဆိုးဖြတ်ပါ - ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း နှင့် အရက်။
✅ အစားအသောက် ဆင်ခြင်ပါ: - အသီးအနှံများများစားပါ၊ ပြုပြင်ထားသော အသား (Sausage, Ham) များ လျှော့စားပါ။
✅ ကိုယ်လက်လှုပ်ရှားပါ- တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ပါ။
✅ စစ်ဆေးပါ- မိမိခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အပြောင်းအလဲတွေ့လျှင် ဆရာဝန်နှင့် ပြပါ ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
Disclaimer - This content is part of Shwe Ohh Pharmacy’s Health Knowledge Sharing Program, written by licensed professionals.