03/03/2026
'ဘုန်းကံ မမှိန်စေနဲ့...
" လူမှာ ဘုန်းရှိန်၊ ကံရှိန် ဆိုတာ ရှိပါတယ် "
သူတစ်ပါးကို
သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ
ကိုယ့်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန် သွားတယ်။
သူတစ်ပါးကို
ဂုဏ်သတင်း မှေးမှိန်အောင်၊
သိက္ခာ ကျ သွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့်
ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ
သေးသိမ် မှေးမှိန် သွားစေပါတယ်။
သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ့်အရှိန်ဝါတွေ ဆုတ်ယုတ် နေပါတယ်။
သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့
မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီး
ကြည့်ကြည့်ရင် သိပ်သိသာပါတယ်။
ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်း မပြောနဲ့ တဲ့။
ဘုရားရှင်က ဒီလို ဆုံးမထားတယ် နော်။
သူများအတင်း၊ သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပါပဲ။
သူတစ်ပါးတို့ရဲ့မလျော်သော
အပြစ်၊အနာအဆာတို့ကို လိုက်ကြည့် မနေပါနဲ့။
သူက ကောင်းတာတွေ လုပ်နေတာလား၊
မကောင်းတာတွေ လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့
လိုက်လံကြည့်ရှု မနေပါနဲ့။
ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊မလုပ်ကိုပဲ
အမြဲမပြတ် ကိုယ့်ကိုယ်ကိုသာသုံးသပ်ဉ
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ တဲ့။
ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။
အတင်းအဖျင်း ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို
ပြန်ပြီး စမ်းစစ်ကြည့်၊သုံးသပ်ကြည့်ပါ...
အေးချမ်း၊ ကြည်လင် နေသလားလို့။
ကိုယ်က...
အတင်းပြောတဲ့ အချိန်မှာ
တစ်ဖက်လူက...
ဂုဏ်တော်ပွားနေချိန်၊ မေတ္တာ ပွားနေချိန်၊
တရား နာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေချိန်၊
ကောင်းမှု ကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့များ
ကြုံကြိုက်ခဲ့တယ် ဆိုရင် ...
ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ ကြောက်စရာ ကောင်းပါတယ်။
🙏ပါချုပ်ဆရာတော်ကြီး🙏
🙏 ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏