Dr. Soe Thiha Maung - အသည်းဆေးပညာ

Dr. Soe Thiha Maung - အသည်းဆေးပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soe Thiha Maung - အသည်းဆေးပညာ, Doctor, Online, Yangon.
(1)

M.B.,B.S (Ygn.), MRCP (UK), MBA, MSc (Hepatology)
Hepatology and Transplant Hepatology Fellowship (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Visiting Scholar/ Fellow (Honorary) - Hepatology
Prince of Wales Hospital, Hong Kong

အသည်းခြောက်လူနာများတွင် အသည်းပြင်းထန်စွာ ထိခိုက်မှုကြောင့် ဖြစ်သည့် ဦးနှောက်ထိခိုက်ခြင်း အခြေအနေ (𝐇𝐞𝐩𝐚𝐭𝐢𝐜 𝐄𝐧𝐜𝐞𝐩𝐡𝐚𝐥𝐨𝐩𝐚𝐭𝐡𝐲...
25/02/2026

အသည်းခြောက်လူနာများတွင် အသည်းပြင်းထန်စွာ ထိခိုက်မှုကြောင့် ဖြစ်သည့် ဦးနှောက်ထိခိုက်ခြင်း အခြေအနေ (𝐇𝐞𝐩𝐚𝐭𝐢𝐜 𝐄𝐧𝐜𝐞𝐩𝐡𝐚𝐥𝐨𝐩𝐚𝐭𝐡𝐲)

𝐇𝐞𝐩𝐚𝐭𝐢𝐜 𝐄𝐧𝐜𝐞𝐩𝐡𝐚𝐥𝐨𝐩𝐚𝐭𝐡𝐲 ဆိုသည်မှာ အသည်းကအလုပ်ကောင်းကောင်းမလုပ်တော့တဲ့အခါ ချေဖျက်ရမယ့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေသည် စုပုံလာပြီး ဦးနှောက်ကို သွားပြီး ဒုက္ခပေးတဲ့ ရောဂါလက္ခဏာ တခုဖြစ်ပါတယ်။

သာမန် ခေါင်းမကြည်ဘူး/ မေ့လွယ်လာတယ် ဆိုတဲ့ အဆင့်ကနေ သတိလစ်မေ့လဲတဲ့ အဆင့်အထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့
🔸စိတ်အခြေအနေက ပုံမှန်မဟုတ်ဘူးဖြစ်လာတယ် (ဥပမာ - ဒေါသတွေကြီးလာတာမျိုး၊ စိတ်ဂယောက်ဂယက်ဖြစ်တာမျိုး)
🔸အိပ်ချိန်တွေလွဲလာတာ (ညဘက်တွေမအိပ်ဘဲ နေ့ဘက်တွေကို ပို အိပ်တာ၊ အိပ်မပျော်ဘဲ မှိန်းနေတာမျိုး)
🔸တခုခုကို အာရုံစူးစိုက်လို့မရဘဲ ခဏ ခဏ မေ့လာတာမျိုး၊
🔸မိမိကိုယ်ကို ထိန်းပြီး လမ်းမလျှောက်နိုင်တော့တာ၊
🔸စကားတွေလေးလာတာ၊ စကားပြောရင် လျှာတွေလိပ်ပြီး မပီသတော့တာ၊
🔸လက်တွေတုန်လာတာ နဲ့
🔸သတိလစ်သွားတာမျိုး တို့ ဖြစ်ပါတယ်။

အသည်းခြောက်ပြီး ဦးနှောက်ကို ထိခိုက်တဲ့ လူနာတွေမှာ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ ရှိတတ်ပါတယ်။
အဲ့ဒါတွေကတော့ -
🔹အသည်းခြောက်နေပြီဖြစ်တဲ့ အချိန်မှာ အရက်တွေ အလွန်အကျွံသောက်ခြင်း၊
🔹ရုတ်တရက် အသည်းကို ထိခိုက်နိုင်တာတွေ လုပ်မိခြင်း (ဥပမာ - အိပ်ဆေးတွေ သောက်ခြင်း၊ မြန်မာဆေး/ တိုင်းရင်းဆေးတွေ သောက်ခြင်း)
🔹အကြောင်းတခုခုကြောင့် ပိုးဝင်ခြင်း၊
🔹ရုတ်တရက်သွေးအန်ခြင်း၊ နဲ့
🔹ဝမ်းချုပ်ခြင်း တို့ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းကလည်း အရေးမကြီးဘူးထင်ရပေမယ့် Hepatic Encephalopathy မဖြစ်စေဖို့ အရေးကြီးတာက ဝမ်းမှန်မှန်သွားနေဖို့ ဖြစ်ပါတယ် … အသည်းခြောက်တဲ့လူနာတွေသည် တနေ့ကို အနည်းဆုံး တကြိမ်တော့ ဝမ်းပျော့ပျော့သွားဖို့ လိုပါတယ် … ဒါမှသာ အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို ပုံမှန်စွန့်ထုတ်ရာကျပြီး Hepatic Encephalopathy ကို ကာကွယ်နိုင်ပါမယ်။

ဒီနေရာမှာ အဓိကထားပြောချင်တာ အိပ်ဆေးတွေပါ … အပေါ်မှာ ပြောခဲ့သလိုပဲ လူနာက အိပ်ချိန်တွေ မမှန်ဖြစ်လာတော့ ကောင်းကောင်း အိပ်ချင်တဲ့ သဘောနဲ့သော်လည်းကောင်း၊ ဂယောက်ဂယက်တွေ ဖြစ်လာတော့ ငြိမ်သွားစေချင်တဲ့ သဘောနဲ့သော်လည်းကောင်း အိပ်ဆေးတွေတိုက်တာ/ သောက်တာ လုပ်တတ်ကြပါတယ် … အဲ့ဒါ တော်တော် အန္တရာယ်ကြီးပါတယ် … လူနာက အသည်းအရမ်းခြောက်နေတော့ ပေးလိုက်တဲ့ အိပ်ဆေးသည် သာမန်ပမာဏ ဖြစ်စေဦးတော့ လူနာအတွက် Hepatic Encephalopathy ဖြစ်ပြီး ပြန်မနိုးတော့တာပါ။ ဒါကြောင့် လက်လွတ်စပယ် ဆေးတွေ မတိုက်သင့်/ မသောက်သင့်ကြောင်း ပြောချင်ပါတယ်။

အရင်က ပြောပြခဲ့ဖူးတဲ့ ရေဖျဉ်းရှိတဲ့ လူနာတွေမှာ ဗိုက်က ရေဖျဉ်းထဲ ပိုးဝင်ရောက်ခြင်းကဲ့သို့သော အခြေအနေ … အသည်းခြောက်လူနာတွေရဲ့ ကိုယ်ခံအားက ပိုးဝင်လွယ်တာမို့ အခြားသောဘယ်နေရာမှာပဲ ပိုးဝင်ဝင် Hepatic Encephalopathy ဖြစ်စေနိုင်ပါတယ်။ အသည်းခြောက်လို့ အစာမျိုပြွန်မှာ သွေးကြောထုံးတွေရှိပြီး ပေါက်တဲ့အခါ သွေးအန်တတ်ပါတယ် … အဲ့လို ဖြစ်ချိန်နဲ့ တချိန်တည်းမှာပဲ Hepatic Encephalopathy ဖြစ်နိုင်ပြန်ပါတယ်။

🚨 နောက်ထပ် အရေးကြီးတဲ့ အယူအဆမှားတခု ရှိပါတယ်။ အဲ့ဒါက အသည်းခြောက်တဲ့လူနာတွေသည် အသားမစားရဘူးဆိုတဲ့ အယူအဆအမှားပါ။ သုတေသန တွေ့ရှိချက်တွေအရ အသားဓာတ်လုံလောက်စွာ မစားတဲ့ အသည်းခြောက် လူနာတွေသည် အာဟာရ ချို့တဲ့မှုကြောင့် Hepatic Encephalopathy ပင် ဖြစ်နိုင်ချေများကြောင်း သိလာရပါတယ်။ ဒါကြောင့် အသည်းခြောက် လူနာတွေ အနေနဲ့ အသားဓာတ်ကို စားပေးရပါမယ်။ ကိုယ်အလေးချိန် 70 kg ရှိတဲ့ အသည်းခြောက် လူနာတဦးသည် တနေ့ကို အသား ၁၀၅ ဂရမ် ကနေ ၂၀၀ ဂရမ် စားပေးသင့်ပါတယ်။ မြန်မာ့အလေးချိန် နဲ့တွက်ရင် အကြမ်းဖျဉ်း ၇ ကျပ်သားကနေ ၁၅ ကျပ်သား လောက် စားပေးရမှာ ဖြစ်ပါတယ်။

အသည်းကြောင့် ဦးနှောက်ကို ထိခိုက်ခြင်း (Hepatic Encephalopathy) ကို ကာကွယ်ရန် အသည်းခြောက်လူနာများ အနေနဲ့ အောက်ပါအတိုင်း လိုက်နာရပါမယ်။
♦️အသည်းခြောက်ခြင်း ပိုမဆိုးစေဖို့ သက်ဆိုင်ရာ ဆရာဝန် နဲ့ ပုံမှန်ဆေးခန်းပြပါ။
♦️အရက်/ ဘီယာ လုံးဝ မသောက်ရပါ။
♦️ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဘာဆေးမှ မိမိသဘောနဲ့ မိမိ မသောက်ရပါ။
♦️အာဟာရပြည့်ပြည့်ဝဝ စားဖို့လိုပါတယ်။ အထူးသဖြင့် အသားဓာတ်များများစားပေးပါ။
♦️လုံးဝ ဝမ်းမချုပ်ပါစေနဲ့။
♦️အာမခံချက်မရှိသော တိုင်းရင်းဆေး/ မြန်မာဆေး နဲ့ ဟိုအရွက်ပြုတ်/ ဒီအရွက်ပြုတ်တွေသာမက အခုခေတ်စားလာတဲ့ သိပ္ပံနည်းကျထောက်ခံချက် မရထားတဲ့ Supplements တွေကို ရှောင်ရပါမယ်။

Hepatic Encephalopathy ဆိုတာသည် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေဖြစ်လို့ အဲ့လိုမဖြစ်ဖို့ စနစ်တကျ ကာကွယ် ကုသမှု ခံယူရပါမယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

23/02/2026

အသည်းအဆီဖုံးနှုန်း ၊ အသည်းမာနှုန်းတိုင်းတာသည့်နည်းလမ်းများ
🔹အသည်းမှအသားစယူခြင်း — Liver Biopsy ဆိုသည်မှာ
🔹FibroScan နှင့် အခြားသောစက်များ (FibroTouch နှင့် Ultrasound ကို အသုံးပြုပြီး တိုင်းတာသော စက်များ) သည် တိကျမှုတွင် ဘယ်လို ကွာခြားမှု ရှိလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်ခြင်းရောဂါစု (𝐇𝐞𝐩𝐚𝐭𝐨-𝐫𝐞𝐧𝐚𝐥 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞) အသည်းခြောက်ခြင်းရောဂါကြောင့်ဖြစ်သော န...
21/02/2026

အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်ခြင်းရောဂါစု (𝐇𝐞𝐩𝐚𝐭𝐨-𝐫𝐞𝐧𝐚𝐥 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)

အသည်းခြောက်ခြင်းရောဂါကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာတွေ အများကြီး ရှိပါတယ်။ အခုပြောပြမှာက အသည်းခြောက်တဲ့အဆင့်တော်တော်ဆိုးပြီး အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါဖြစ်နိုင်သည့် ကျောက်ကပ်ပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်။

𝐇𝐞𝐩𝐚𝐭𝐨-𝐫𝐞𝐧𝐚𝐥 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ( 𝐇𝐑𝐒 ) ဆိုတာဘာလဲ ?
🔸 HRS ဆိုတာရုတ်တရက် ကျောက်ကပ်အလုပ်မလုပ်ခြင်းဖြစ်ပြီး အသည်းကောင်းကောင်းအလုပ်မလုပ်သောလူနာများ - အထူးသဖြင့် အသည်းခြောက်လူနာများတွင်ဖြစ်နိုင်သည့် နောက်ဆက်တွဲ ပြဿနာတခုဖြစ်ပါသည်။
🔸 သာမန်အသည်းခြောက်လူနာများတွင်ဖြစ်လေ့မရှိပဲ အသည်းလုံးဝနီးပါးအလုပ်မလုပ်နိုင်တဲ့အခါ ကျောက်ကပ်ပါ ထိခိုက်ပျက်စီးသွားသော အခြေအနေတခုဖြစ်သည်။

ရောဂါလက္ခဏာတွေကဘာတွေလဲ ?
♦️ ကျောက်ကပ်ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်ထိန်းညှိခြင်းကို မလုပ်နိုင်တဲ့အခါ ရေများစုပုံလာပြီး ခြေထောက်ဖောခြင်း၊ရောင်ခြင်းတို့ဖြစ်ကာ ဆီးအလွန်နည်းသွားတတ်ပါသည်။
♦️ ကိုယ်တွင်းဓာတ်ဆားဓာတ်များ ကမောက်ကမဖြစ်ကာကုသရန်ခက်ခဲသော အခြေအနေတခုဖြစ်ပါသည်။ အချို့လူနာတွေမှာ ဆေးပေး ကုသရုံဖြင့် မသက်သာဘဲ ကျောက်ကပ်ဆေးရခြင်းအထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူနာမျိုးတွေသည် ဖြစ်နိုင်ချေများပါသလဲ ?
🚨 အသည်းခြောက်ပြီး အသည်း၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခြင်းမရှိတော့သောလူနာများ၊
🚨 အသည်းခြောက်သောလူနာများတွင် ကျောက်ကပ်ကိုထိခိုက်နိုင်သောဆေးများသောက်သုံးမိခြင်း၊
🚨 ဗိုက်တွင်ရေဖျဉ်းရှိသော အသည်းခြောက်လူနာများတွင်ရေဖျဉ်းသို့ပိုးဝင်ခြင်း နှင့်
🚨 အရက်အလွန်အကျွံသောက်ခြင်း တို့ဖြစ်ပါသည်။

“အသည်းအလုပ်မလုပ်ခြင်းကြောင့်ဖြစ်သော ကျောက်ကပ်ထိခိုက်ခြင်းရောဂါစု” မဖြစ်အောင်ကာကွယ်နိုင်ပါသလား ?
✅ ယေဘုယျအားဖြင့်ပြောမယ်ဆိုလျှင် ကာကွယ်နိုင်သည်ဟုပြောရပါမည်။ သို့သော်အသည်း၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်းကျဆင်းလာသည့်လူနာများတွင် ကာကွယ်နိုင်ရန်ခက်ခဲသည်ဟုလည်းဆိုရပါမည်။
✅ ထို့ကြောင့်အပေါ်မှာပြောပြခဲ့သော ရောဂါလက္ခဏာများကိုသတိထားစောင့်ကြည့်ရန်လိုပြီး 𝐇𝐑𝐒 ဖြစ်စေနိုင်သည့်အကြောင်းအရာများကို ရှောင်ရှားရန်လိုအပ်ပါသည်။
✅ အရေးအကြီးဆုံးအချက်သည် မိမိပြသနေသောဆရာဝန်ဖြင့် မှန်မှန်ပြသကာ စစ်ဆေးမှုများကိုဆောင်ရွက်နေရမည်ဖြစ်သည်။ အထူးသဖြင့် အသည်းခြောက်ခြင်းရောဂါရှိသောလူနာများသည် ပို၍အရေးကြီးပါသည်။

“အသည်းအလုပ်မလုပ်ခြင်းကြောင့်ဖြစ်သော ကျောက်ကပ်ထိခိုက်ခြင်းရောဂါစု” မဖြစ်ဖို့ဘာတွေလိုက်နာရမလဲ ?
👉🏻 မိမိအသည်းကို စနစ်တကျစောင့်ရှောက်ပါ။
👉🏻 သင့်တင့်မျှတသော အစားအစာများကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုက်နာစားသုံးပါ။ ( အထူးသဖြင့် အသည်းခြောက်လူနာများတွင် ပို၍ဂရုစိုက်သင့်သည်။ )
👉🏻 ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မည့်သည့်ဆေးကိုမျှ မသောက်သုံးသင့်ပါ။ သက်ဆိုင်ရာ ဆရာဝန်က ပေးထားတဲ့ ဆေးတွေကို မိမိသဘောနဲ့ တိုးပြီး/ လျှော့ပြီး မသောက်ရပါ။
👉🏻 ဆရာဝန်ချိန်းဆိုထားသော ရက်ချိန်းများတွင် အချိန်မှန်သွားရောက်ပြသကာ စဉ်ဆက်မပြတ်စစ်ဆေးမှုများ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။ မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

အသည်းခြောက်ခြင်းကြောင့် “သွေးအန်ခြင်း“ နဲ့ “ဝမ်းမည်းမည်းသွားခြင်း“🔸နာတာရှည် အသည်းရောဂါတခုဖြစ်တဲ့ အသည်းခြောက်ခြင်းရောဂါမှ...
19/02/2026

အသည်းခြောက်ခြင်းကြောင့် “သွေးအန်ခြင်း“ နဲ့ “ဝမ်းမည်းမည်းသွားခြင်း“

🔸နာတာရှည် အသည်းရောဂါတခုဖြစ်တဲ့ အသည်းခြောက်ခြင်းရောဂါမှာ အရေးကြီးတာက အသက်အန္တရာယ်ရှိသော လက္ခဏာများကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။
🔸အသည်းစပြီး ခြောက်ကာစမှာ ဘာလက္ခဏာမှ မပြတဲ့အတွက် မစစ်ဆေးမိခဲ့ရင် အသည်းခြောက်တဲ့အစ အချိန်ကို မသိလိုက်ဖို့ ဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာ ပြချိန်မှ အသည်းခြောက်နေကြောင်း သိကြတာ ဖြစ်ပါတယ်။

🔸အသည်းခြောက်ခြင်းရဲ့ ရောဂါလက္ခဏာတွေသည် အသက်ဆုံးရှုံးနိုင်သည် အထိ ဖြစ်နိုင်တဲ့အတွက် ထိုကဲ့သို့ လက္ခဏာတွေ မပေါ်ခင်ကပင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။
🔸အသည်းခြောက်တဲ့ လူနာတွေမှာ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်တာကတော့ “အစာမျိုပြွန်ရှိ သွေးကြောထုံးများ ပေါက်ခြင်းကြောင့် (𝐑𝐮𝐩𝐭𝐮𝐫𝐞𝐝 𝐄𝐬𝐨𝐩𝐡𝐚𝐠𝐞𝐚𝐥 𝐕𝐚𝐫𝐢𝐜𝐞𝐬) သွေးအန်ခြင်း” ဖြစ်ပါတယ်။

🔸အသည်းခြောက်ပြီး အသည်းကကျုံလာတဲ့အခါ အသည်းတွင်းရှိ သွေးကြောတွေကို ဆွဲညှစ်လိုက်ပါတယ်။ ဒီအခြေအနေကို 𝐏𝐨𝐫𝐭𝐚𝐥 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 (“ပေါ်တယ်” သွေးပြန်ကြောအတွင်း ဖိအားတက်လာခြင်း) လို့ခေါ်ပါတယ်။ အဲ့လိုဖိအားတက်လာခြင်းကြောင့် အစာမျိုပြွန်တလျောက်မှာ သွေးကြောထုံးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် “ပေါ်တယ်” သွေးပြန်ကြော ဖိအားများခြင်းကြောင့် အစာအိမ်နံရံတွင် သွေးစိမ့်ခြင်းများ (𝐏𝐨𝐫𝐭𝐚𝐥 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐆𝐚𝐬𝐭𝐫𝐨𝐩𝐚𝐭𝐡𝐲) လည်းဖြစ်နိုင်ပြီး သွေးနည်းနည်းချင်း စိမ့်ပြီးသွေးထွက်နေခြင်းကြောင့် သွေးအားနည်းခြင်းလည်း ဖြစ်နိုင်ပါတယ်။

အပေါ်ကပြောခဲ့သလို သွေးကြောထုံးတွေ ဖြစ်လာတဲ့အခါ ကြိုတင်မသိခဲ့ရင် အဲ့လို သွေးကြောထုံးတွေက ပေါက်ပြီး သွေးတွေ အန်နိုင်ပါတယ်။
‼️ အရေးပေါ်ကုသမှုမပေးနိုင်ခဲ့ရင် ဆေးရုံမရောက်ခင်မှာတင် အသက်အန္တရာယ်ရှိတဲ့ လက္ခဏာဖြစ်ပါတယ်။
အဲ့လို သွေးအန်တဲ့လူနာတွေရဲ့
-၂၀-၃၀% မှာ အသက်သေဆုံးနိုင်ပါတယ်။
- ကံကောင်းလို့ အသက်မသေဆုံးခဲ့ရင်တောင် နောက်တကြိမ် သွေးအန်ဖို့ အခွင့်အလမ်း အလွန်များပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ
🚨ပထမအကြိမ်သွေးအန်တဲ့ လူနာတွေရဲ့ ၅၀% သည် တနှစ်အတွင်း သေဆုံးနိုင်ချေရှိပြီး
🚨အဲ့လိုလူနာတွေ ရဲ့ ၃၀% သာ ၅ နှစ်အကြာအထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက သွေးကြောထုံးတွေ မပေါက်ခင် ကြိုတင်သိရှိကာ ကုသမှုခံယူဖို့ ဖြစ်ပါတယ်။
ဒါကြောင့် သွေးအန်ပြီး အသက်မဆုံးရှုံးရအောင် သွေးကြောထုံးတွေ ရှိနေလား/ မရှိနေဘူးလား ဆိုတာကို သိဖို့လိုပါတယ်။

🔸အသည်းခြောက်လူနာတိုင်းသည် မှန်ပြောင်းကြည့်ဖို့ မလိုပေမယ့် လူနာရဲ့ သွေးအဖြေတွေ၊ ရောဂါအခြေအနေတွေ အပေါ်မူတည်ပြီး အသည်းခြောက်လူနာတွေထဲမှာ မဖြစ်မနေ မှန်ပြောင်းကြည့်သင့်တဲ့ လူနာအများစု ရှိပါတယ်။ ဒါကြောင့် အသည်းခြောက်ခြင်း ရောဂါရှိတဲ့ လူနာများမှာ သက်ဆိုင်ရာ ဆရာဝန်များက အစာအိမ် နဲ့ အူလမ်းကြောင်း မှန်ပြောင်း ကြည့်ဖို့ ညွှန်ကြားခြင်းသည် “အစာမျိုပြွန်တလျောက်ရှိ သွေးကြောထုံးများ” ကို ရှာဖို့ ဖြစ်ပြီး လိုအပ်ခဲ့ရင် တခါတည်း ကုသမှုပါ လုပ်ဆောင်ရပါမယ်။

🔸သွေးကြောထုံးတော့ ရှိပေမယ့် ပိုဆိုးမလာအောင် “ပေါ်တယ်” ဖိအား ကျဖို့ သောက်ဆေးတွေလည်း ရှိပါတယ်။ ဒါမှသာ သွေးမအန်အောင် ကာကွယ်ရာရောက်ပြီး တတ်နိုင်သ၍ သက်တမ်းစေ့နေနိုင်ဖို့ဖြစ်ပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။ မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲ အန္တရာယ် “ရေဖျင်းစွဲခြင်း”အသည်းခြောက်တဲ့ လူနာတွေမှာ အသည်းက သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပ...
15/02/2026

အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲ အန္တရာယ် “ရေဖျင်းစွဲခြင်း”

အသည်းခြောက်တဲ့ လူနာတွေမှာ အသည်းက သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်နိုင်တော့တဲ့အခါ အသည်းခြောက်ခြင်းရဲ့ ရောဂါလက္ခဏာတွေ စပြီးပြလာပါတယ်။ အဲ့လိုရောဂါလက္ခဏာတွေထဲမှာ အဖြစ်များတဲ့ လက္ခဏာ တခုက “ဗိုက်မှာ ရေများစုပုံလာခြင်း” ဖြစ်ပါတယ်။ ဒါကို မြန်မာလို “ရေဖျဉ်းစွဲ” တယ်လို့ ပြောကြပါတယ်။

❓❓❓ဘာလို့ ရေဖျဉ်းစွဲတာလဲ❓❓❓
▪️အသည်းကနေထုတ်ပေးနေတဲ့ “𝐀𝐥𝐛𝐮𝐦𝐢𝐧 (အယ်လ်ဗျူမင်)” လို့ခေါ်တဲ့ ပရိုတင်းတမျိုးရှိပါတယ်။ အဲ့ဒီ့ အယ်လ်ဗျူမင် က သွေးကြောထဲမှာပဲ အရည်တွေရှိနေအောင် လုပ်ဆောင်ပေးရတဲ့ အရေးကြီးတဲ့ တာဝန်ကို ဆောင်ရွက်ပါတယ်။ အသည်းမကောင်းလို့ “အယ်လ်ဗျူမင်” ကို မထုတ်ပေးနိုင်တော့တဲ့အခါ သွေးကြောထဲရှိ အရည်တွေက ပြင်ပကိုထွက်လာပြီး ဝမ်းဗိုက်မှာ လာစုတာဖြစ်ပါတယ်။ တချိိန်တည်းမှာလည်း ခြေထောက်တွေရောင်လာခြင်းသည်လည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။
▪️နောက်တချက်က အသည်းကကျုံလာတဲ့အခါ အသည်းတွင်းရှိ သွေးကြောတွေကို ဆွဲညှစ်လိုက်ပါတယ်။ ဒီအခြေအနေကို 𝐏𝐨𝐫𝐭𝐚𝐥 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 (“ပေါ်တယ်” သွေးပြန်ကြောအတွင်း ဖိအားတက်လာခြင်း) လို့ခေါ်ပါတယ်။ အဲ့လိုဖိအားတက်လာခြင်းကြောင့်လည်း သွေးကြောထဲရှိ အရည်တွေက ပြင်ပကိုထွက်လာပြန်ပါတယ်။
▪️အဲ့လို အရည်တွေ သွေးကြောပြင်ပရောက်သွားခြင်းကြောင့် လုံလောက်တဲ့ သွေးပမာဏသည် ကျောက်ကပ်ကို မရောက်တော့ပါဘူး။ ဒါကြောင့် ကျောက်ကပ်က ယူဆလိုက်တာက သွေးကြောတွင်း အရည်နည်းလာတယ် … ဒါကြောင့် ခန္ဓာကိုယ်ကနေ အရည်စွန့်ထုတ်တာကို လျှော့ချပြီး ရေပြန်များလာအောင် လုပ်ပါတယ်။ ဒီမှာ အဆိုးသံသရာ လည်ပါတော့တယ်။
▪️အသည်းမကောင်းခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေစုစေတဲ့ ဟော်မုန်းတွေကြောင့်လည်း ရေတွေပိုပိုပြီး စုလာကြပါတယ်။

❓❓❓ရေဖျဉ်းဖြစ်လာတာ ဘယ်လို အဓိပ္ပါယ်လဲ ❓❓❓
▪️အသည်းခြောက်ခြင်းက အခြေအနေ ဆိုးရွားလာတာကို ပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။
▪️ရေဖျဉ်းစွဲခြင်း လက္ခဏာ ပေါ်လာရင် အသည်းခြောက်ခြင်းက အဆင့်အားဖြင့် နောက်ဆုံးနီးပါးလောက် ရောက်လာတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။
▪️အန္တရာယ်ရှိသော အသည်းခြောက်ခြင်းလို့ သတ်မှတ်ပါတယ်။

❓❓❓ရေဖျဉ်းစွဲခြင်းက ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ရှိနိုင်လဲ ❓❓❓
🔸အရေးအကြီးဆုံးကတော့ ရေဖျဉ်းစွဲနေတဲ့ ဗိုက်ထဲရှိ ရေဖျဉ်းမှာ ပိုးဝင်ခြင်း ဖြစ်ပါတယ်။ အဲ့ဒါက အသက်အန္တရာယ်ရှိပြီး စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။
🔸ဒါ့အပြင် ရေဖျဉ်းက အရမ်းများလာတဲ့အခါ သောက်ဆေးတွေသောက်ပေမယ့်လည်း ရေဖျဉ်းက လျော့မလာတော့တာလည်း ဖြစ်လာနိုင်ပါတယ်။ သောက်ဆေးတွေဆိုတာကလည်း သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ပေးလို့မရတာတွေ ရှိပါတယ်။

✅ ရေဖျဉ်းစွဲခြင်းကို ဘယ်လိုကုသပေးနိုင်လဲ???
- သက်ဆိုင်ရာဆရာဝန် နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။
- ရေဖျဉ်းစဖြစ်ကာစမှာတော့ သောက်ဆေးတွေပေးပြီး ရေဖျဉ်းလျော့လာအောင် ဆေးတွေ ပေးနိုင်ပါတယ်။ သောက်ဆေးတွေ ပေးတာကလည်း သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သက်ဆိုင်ရာ ဆရာဝန် ရဲ့ ညွှန်ကြားချက်အတိုင်းသာ လိုက်နာပြီး သောက်ရပါမယ်။
- သောက်ဆေးပေးပေမယ့် ရေဖျဉ်းက လျော့မလာတော့တဲ့အခါ ဗိုက်ကနေရေတွေ ထုတ်ရခြင်း (𝐀𝐬𝐜𝐢𝐭𝐞𝐬 𝐅𝐥𝐮𝐢𝐝 𝐓𝐚𝐩𝐩𝐢𝐧𝐠) လုပ်ရနိုင်ပါတယ်။
- ဝမ်းဗိုက်ပေါ်ကနေ သတ်မှတ်နေရာကတဆင့် အပ်နဲ့ဖောက်ကာ ရေဖျဉ်းကို ထုတ်တာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန် ရဲ့ ညွှန်ကြားချက်အတိုင်း စနစ်တကျလုပ်ဆောင်ပေးရပါတယ်။ အဲ့လိုလုပ်ချိန်မှာ သွေးပေါင်ချိန်ကျခြင်းကဲ့သို့သော အခြေအနေဖြစ်နိုင်တဲ့အတွက် အယ်ဗျူမင် ဆေး ပြန်သွင်းပေးရတာလည်း ရှိပါတယ်။

⚠️ ရေဖျဉ်းရှိတဲ့လူနာတွေဘာတွေ ရှောင်ကြဉ်ရမလဲ? ❌❌
▪️အငန်များတာတွေကို တတ်နိုင်သမျှ လျှော့စားရပါမယ်။ အငန်ဆိုတဲ့နေရာမှာ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည် အကုန်ပါတယ်။ ကြက်သားမှုန့်၊ အရသာမှုန့် နဲ့ ဟင်းချိုမှုန့်တွေက အဓိက ရန်သူတွေပဲ။ ဆိုင်ရောင်း မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ နဲ့ အသုပ်စုံ စတာတွေက အသည်းခြောက်သူတွေ မစားသင့်တဲ့ အရာတွေဖြစ်တယ်။ ဘယ်လောက်ပဲ ဟင်းချိုမှုန့်မသုံးဘူး ပြောပြော အိမ်မှာချက်တာလောက်တော့ စိတ်မချရတာ အမှန်ပါပဲ။
▪️ရေအများကြီးမသောက်ရပါဘူး။ တတ်နိုင်သမျှရေကိုလျှော့သောက်ရပါမယ်။ ရေများများသောက်လေ ရေဖျဉ်းမလျော့လေ ဖြစ်နေမှာပါ။
▪️ဓာတ်ဆားရည်လိုမျိုး၊ အားဖြည့်အချိုရည်လိုမျိုး နဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေကို မသောက်သင့်ပါဘူး။
▪️ပြီးတော့ စားတဲ့ အစားအသောက်တွေထဲမှာ ပွအောင်လုပ်တဲ့ Baking Soda ပါတဲ့ အစားအစာများကို ရှောင်ရပါမယ်။
▪️အကြောင်းအမျိုးကြောင့် ဖျားနာခြင်း/ ဝမ်းပျက် ဝမ်းလျှော ဖြစ်ခြင်းတို့မှာ ပုလင်းကြီးချိတ်ခြင်း၊ ဆေးထိုးခြင်း (အထူးသဖြင့် အကိုက်အခဲပျောက်ဆေး) နဲ့ ဓာတ်ဆားရည်များ သောက်ခြင်း တို့ကို လုံးဝ (လုံး၀) ရှောင်သင့်တယ်။
▪️အဓိကမှာချင်တာက မြန်မာဆေး၊ တိုင်းရင်းဆေး၊ ဟို အရွက်ပြုတ်၊ ဒီအရွက်ပြုတ် စတာတွေကို လုံးဝ မသောက်ရပါ။ တိုင်းရင်းဆေးတွေထဲမှာ အသည်းခြောက်နေတဲ့သူတွေအတွက် အန္တရာယ်ရှိသော ပစ္စည်းများပါဝင်နေတတ်လို့ လုံးဝ ရှောင်ရပါမယ်။
▪️ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဘာဆေးမှ မသောက်ရပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေကို ဆရာဝန်တွေ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။ လွယ်လွယ်ပြောရရင် ဆရာဝန်မပေးဘဲ ဘာဆေးမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါ။

အသည်းခြောက်လို့ ရေဖျဉ်းရှိသူတွေ အနေတဲ့ ကျွန်တော် ရေးပေးတဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြပါစေ။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။ မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

11/02/2026

“သည်းခြေကျောက်များ”အကြောင်း တစေ့တစောင်း
🔸 သည်းခြေကျောက် အမျိုးအစားများ
🔸သည်းခြေအိတ်ရောင်ခြင်း လက္ခဏာများ
🔸 ကုသရန်လိုအပ်သည့် လူနာများ နှင့် ကုသရမည့်နည်းလမ်းများ

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

“အသည်းရောဂါများ“ နှင့်ပတ်သက်ပြီး ဒေါက်တာစိုးသီဟမောင် နဲ့ ဆွေးနွေးပြသလိုသော လူနာများအတွက် Online ကနေတဆင့် လူနာကြည့်ပေးလျက...
09/02/2026

“အသည်းရောဂါများ“ နှင့်ပတ်သက်ပြီး ဒေါက်တာစိုးသီဟမောင် နဲ့ ဆွေးနွေးပြသလိုသော လူနာများအတွက် Online ကနေတဆင့် လူနာကြည့်ပေးလျက်ရှိတာတော့ သိထားကြပြီး ဖြစ်မှာပါ။

Appointment အတွက် ရက်ချိန်း ယူလိုပါက “Dr. Soe Thiha Maung - အသည်းဆေးပညာ” Page 👉🏻👉🏻👉🏻 https://www.facebook.com/drsoethihamaung?mibextid=JRoKGi ၏ Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09770732636 (Viber) ကို ဆက်သွယ်နိုင်ပါတယ်။ Confirmed Appointment ယူပြီးလူနာများ များနေသည့်အတွက် ရက်ချိန်းရနိုင်ရန် အနည်းဆုံး (၂) ပတ်မှ (၃) ပတ်ခန့် အထိ စောင့်ရနိုင်ပါတယ်။ ဒါကတော့ “ပုံမှန် ရက်ချိန်း (𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭)” ဖြင့် ပြသနိုင်ရန် ဖြစ်ပါတယ်။

🔹အချို့သော လူနာသစ်များ — အထူးသဖြင့် အသည်းကင်ဆာလူနာများ နှင့် ရောဂါ အခြေအနေအရ ဒေါက်တာစိုးသီဟမောင် ၏ အကြံပေးမှုများအတွက် ချက်ချင်း ဆွေးနွေးလိုသော လူနာများ၊
🔹လူနာဟောင်းများထဲမှလည်း “ပုံမှန်ရက်ချိန်း (Regular Appointment)” ဖြင့် မဟုတ်ဘဲ ရက်ချိန်းစောစောယူကာ ပြသလိုသော လူနာများက ပုံမှန်ရက်ချိန်း ရဖို့ (၂) ပတ်ခန့် မစောင့်ဆိုင်းလိုကြဘဲ ဖြစ်နိုင်သမျှ မြန်မြန် ရက်ချိန်းယူကာ ဆွေးနွေးချင်ကြတာကို သိရပါတယ်။
ဒါ့ကြောင့် အောက်ပါ အစီအစဉ် (၂) ခုကို ဆောင်ရွက်ပေးရန် စီစဉ်ထားပါကြောင်း သတင်းပါးချင်ပါတယ်။

📣 ပထမ အစီအစဉ်ကတော့ “ရက်ချိန်းယူပြီး ၂၄ နာရီအတွင်း ဆွေးနွေးပေးခြင်း (𝐔𝐫𝐠𝐞𝐧𝐭 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭)” ဖြစ်ပါတယ်။ ဒီ option က လူနာသစ်များ — အထူးသဖြင့် လူနာ၏ ရောဂါအခြေအနေအရ ဒေါက်တာစိုးသီဟမောင် နှင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်လိုသော လူနာများ အတွက် ရည်ရွယ်ပါတယ်။ ပုံမှန်ရက်ချိန်း ကို မစောင့်လိုဘဲ 𝐔𝐫𝐠𝐞𝐧𝐭 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ဖြင့်ပြသလိုပါက Page Admin များကို ဆက်သွယ်နိုင်ပါတယ်။ အသေးစိတ်ကို Page Admin များက ရှင်းပြပေးမှာဖြစ်ပါတယ်။ Appointment confirmed ဖြစ်ပြီးတာနဲ့ နေ့ချင်းမှာပဲ ဆွေးနွေးနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

📣 ဒုတိယ အစီအစဉ်ကတော့ “အသည်းကင်ဆာလူနာများ” အတွက် ရည်ရွယ်ပါတယ်။ အသည်းကင်ဆာရောဂါလူနာများ အနေနဲ့ မိမိပြသနေသော ဆရာဝန် နှင့် ဆွေးနွေးပြီးသည့်တိုင် နောက်ထပ်ဆရာဝန်တဦး နှင့် ထပ်မံဆွေးနွေးကာ အကြံပေးမှုများကို လိုချင်ကြတာမျိုး ရှိပါတယ်။ ဒါက နိုင်ငံတကာမှာလည်း ရှိပါတယ်။ “𝐄𝐱𝐩𝐞𝐫𝐭 𝐒𝐞𝐜𝐨𝐧𝐝 𝐎𝐩𝐢𝐧𝐢𝐨𝐧” လို့ခေါ်ပါတယ်။ လူနာ (သို့) လူနာရှင်များမှာ ရှိနေတဲ့ ဆေးမှတ်တမ်းများ — သွေးအဖြေများ၊ CT / MRI အဖြေများ — ကို အခြေခံကာ ဒေါက်တာစိုးသီဟမောင် ၏ ထင်မြင်ယူဆချက်များကို ရေးသားကာ လူနာအတွက် အကြံပြုချက်များ၊ ဆက်လက်ဆောင်ရွက်သင့်သည်များက်ို ရေးသားပြီး “ထင်မြင်ချက်များ - 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐎𝐩𝐢𝐧𝐢𝐨𝐧” အနေနဲ့ ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အရင်ပြထားသောဆရာဝန်နှင့် ဆွေးနွေးထားပြီးသော်လည်း လူနာအတွက် အခြားသောကုသမှုနည်းလမ်းများ၊ မြန်မာနိုင်ငံတွင် မဟုတ်ဘဲ ပြည်ပတွင် သွားရောက်ကုသနိုင်မှု အခြေအနေများကို သိလိုသည့် လူနာ/ လူနာရှင်များအနေနဲ့ ပုံမှန်ရက်ချိန်းအထိလည်း မစောင့်ချင်၊ Urgent Appointment ဖြင့်လည်း ဆွေးနွေးရန် အခြေအနေမပေးပါက ဒီ Option ကို ရွေးချယ်နိုင်ပါတယ်။ အသေးစိတ်အတွက် Page Admin များကိုဆက်သွယ်နိုင်ပြီး Expert Second Opinion ကို (၂၄) နာရီအတွင်း ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။

ဆွေးနွေးတိုင်ပင်လိုသော လူနာများအနေနဲ့ Page ရဲ့ Messenger (သို့) ဖုန်းနံပါတ် 09770732636 (Viber) မှ တဆင့်ဆက်သွယ်နိုင်ပါသည်။ ဆွေးနွေးလိုသော အစီအစဉ် နှင့် ဆွေးနွေးကြာချိန်အလိုက် ကျသင့်သော Consultation Fees ကို Mobile Banking / Mobile Wallets များဖြင့် “ကြိုတင်” ပေးချေပြီးမှသာလျှင် Page ရဲ့ Admin များက အသေးစိတ်ကို Confirm လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒေါက်တာစိုးသီဟမောင် ၏ ကိုယ်ရေးအကျဉ်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဒေါက်တာစိုးသီဟမောင် သည် (၂၀၁၅) ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ “ဆေးပညာဘွဲ့” (M.B.,B.S) ကို ရရှိခဲ့ပြီး (၂၀၁၉) ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဆေးပညာသမားတော်များ တော်ဝင်ကော်လိပ် (Royal College of Physicians of UK) ၏ ဒီပလိုမာဘွဲ့ - MRCP (UK) ကို ရရှိခဲ့ပါသည်။ ထို့အပြင် “စီးပွါးရေးလုပ်ငန်း စီမံ ခန့်ခွဲမှု မဟာဘွဲ့” (MBA) ကို “ကျန်းမာရေးလုပ်ငန်း စီမံခန့်ခွဲမှု” ကို အခြေခံသည့် စာတမ်းဖြင့် (၂၀၂၃) ခုနှစ်တွင် ရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရဆေးရုံကြီး ဖြစ်သော “ချူလာလောင်ကွန်း ဘုရင့် ဆေးရုံကြီး” (King Chulalongkorn Memorial Hospital) ၏ “အစာအိမ်၊ အူလမ်းကြောင်း နှင့် အသည်းရောဂါအထူးကုဌာန” (Division of Gastroenterology) တွင် Clinical Fellow အဖြစ် Training ယူခဲ့ပြီး (၂၀၂၄) ခုနှစ်တွင် ထိုင်းနိုင်ငံ၊ “ချူလာလောင်ကွန်း တက္ကသိုလ်” က ချီးမြှင့်သော “ဆေးလက်တွေ့ပညာ မဟာသိပ္ပံဘွဲ့ - 𝐌.𝐒𝐜. 𝐢𝐧 𝐂𝐥𝐢𝐧𝐢𝐜𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (အသည်းဆေးပညာ)” ကို ရရှိခဲ့ပါတယ်။
ထို့နောက် အာရှ-ပစိဖိတ် အသည်းရောဂါ အဖွဲ့ကြီး (APASL) ကပေးအပ်သော Fellowship Award ဖြင့် အသည်းကင်ဆာရောဂါ နှင့် အသည်းအစားထိုး ကုသခြင်းများအတွက် 𝐎𝐧𝐜𝐨-𝐇𝐞𝐩𝐚𝐭𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 𝐇𝐞𝐩𝐚𝐭𝐨𝐥𝐨𝐠𝐲 𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အာဆန် အထူးကုဆေးရုံကြီး (Asan Medical Center) တွင် လေ့လာသင်ယူခွင့်ရခဲ့ပါသည်။

လက်ရှိတွင် ဒေါက်တာစိုးသီဟမောင် သည် အာရှ-ပစိဖိတ် အစာအိမ်/အူလမ်းကြောင်း နှင့် အသည်းရောဂါ အဖွဲ့ကြီး (Asian-Pacific Association of Gastroenterology) နှင့် JGH Foundation တို့က ချီးမြှင့်သော “𝐂𝐥𝐢𝐧𝐢𝐜𝐢𝐚𝐧-𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭 𝐅𝐞𝐥𝐥𝐨𝐰” (လက်တွေ့ဆေးပညာဆိုင်ရာ သုတေသီ) အဖြစ်ခန့်အပ်ခြင်းခံရပါသောကြောင့် The Chinese University of Hong Kong (CUHK) ရှိ Institute of Digestive Disease (IDD) နှင့် Prince of Wales ဆေးရုံကြီးတွင် “𝐇𝐨𝐧𝐨𝐫𝐚𝐫𝐲 𝐕𝐢𝐬𝐢𝐭𝐢𝐧𝐠 𝐒𝐜𝐡𝐨𝐥𝐚𝐫 (𝐇𝐞𝐩𝐚𝐭𝐨𝐥𝐨𝐠𝐲)” အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။
တချိန်တည်းမှာပဲ “ဆေးလက်တွေ့ပညာ ပါရဂူဘွဲ့ - Ph.D. in Clinical Sciences (အသည်းဆေးပညာ)” အတွက်လည်း ဆေးသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

Admin Team of “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page

08/02/2026

🚨 အသည်းခြောက်လူနာများ သိထားရမည့် နေ့စဉ်အစားအသောက်ဆိုင်ရာ အချက် (၃) ချက်

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုးရှိသူများအတွက် စောစီးစွာကုသမှုခံယူခြင်း၏ အရေးကြီးပုံ ‼️‼️အသည်းရောင် အသားဝါ ဘီပိုးကြောင့် နာတာရှည...
06/02/2026

အသည်းရောင် အသားဝါ ဘီပိုးရှိသူများအတွက် စောစီးစွာကုသမှုခံယူခြင်း၏ အရေးကြီးပုံ ‼️‼️

အသည်းရောင် အသားဝါ ဘီပိုးကြောင့် နာတာရှည်အသည်းရောဂါ ခံစားနေရသူများအနေနဲ့ စောစီးစွာကုသမှုခံယူဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဘာမှ မဖြစ်သေးလို့ မကုသေးဘူးဆိုတာ လူတိုင်းအတွက် မမှန်ပါဘူး။ နောက်ကျမှကုလေ ပြန်ပြင်လို့မရနိုင်တဲ့ အသည်းထိခိုက်မှုတွေရှိနိုင်လေ ဖြစ်တာကြောင့် စောစီးစွာကုသကြဖို့ သုတေသနတွေအရ သိလာရပါတယ်။ ဒီဆောင်းပါးမှာတော့ သုတေသနတွေအရ စောစီးစွာကုသမှုခံယူဖို့လိုအပ်တဲ့ အဓိကအကြောင်းရင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

✅ အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
- အသည်းရောင် ဘီပိုးဟာ ကမ္ဘာတစ်ဝှမ်းမှာ အသည်းကင်ဆာအဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။
- စောစီးစွာကုသမှုခံယူခြင်းက အသည်းကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
- လက်ရှိကုသမှုလမ်းညွှန်ချက်တွေအရ ကုသရန်မလိုသေးဘူးလို့ သတ်မှတ်ခံရတဲ့ လူနာတွေမှာတောင် အသည်းကင်ဆာဖြစ်နိုင်ခြေရှိတာကြောင့် စောစီးစွာကုသမှုခံယူဖို့ အရေးကြီးပါတယ်။

✅ အသည်းခြောက်ရောဂါကို ကာကွယ်ပေးနိုင်ခြင်း
- ကုသမှုမခံယူရင် အသည်းရောင်ရမ်းမှုတွေကြောင့် အသည်းခြောက်ရောဂါဖြစ်နိုင်ခြေများပါတယ်။
- စောစီးစွာကုသမှုခံယူခြင်းက ဗိုင်းရပ်စ်ပိုးများကို ထိန်းချုပ်ပေးပြီး အသည်းရောင်ရမ်းမှုကို လျှော့ချကာ အသည်းခြောက်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

✅ ဗိုင်းရပ်စ်ပိုးများ အသည်းဆဲလ်တွေထဲ ဝင်ရောက် ပေါင်းစပ်မှုကို လျှော့ချပေးခြင်း
- အသည်းရောင် ဘီ ပိုးဟာ အသည်းဆဲလ်တွေထဲကို ပေါင်းစပ်ဝင်ရောက်ပြီး မျိုးဗီဇပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။
- ဒီလိုပြောင်းလဲမှုတွေဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
- စောစီးစွာကုသမှုခံယူခြင်းက ဒီလိုပေါင်းစပ်မှုတွေကို လျှော့ချပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

✅ ကုန်ကျစရိတ်သက်သာစေပြီး ကျန်းမာရေးစောင့်ရှောက်မှု ဝန်လျော့ချပေးခြင်း
- စောစီးစွာကုသမှုခံယူခြင်းက မကုသဘဲနေပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စတဲ့ ပြဿနာတွေကြောင့် ဆေးရုံတက်ရောက်ကုသမှုစတဲ့ ကုန်ကျစရိတ်ကြီးမားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
- အခုနေ ဆေးသောက်နေလို့ ကုန်ကျမှုသည် အသည်းခြောက်/ အသည်းကင်ဆာဖြစ်လို့ ကုသတဲ့အခါ ကုန်ကျရတာနဲ့ ယှဉ်ရင် လုံးဝကို မပြောပလောက်ပါဘူး။

✅ အသက်ရှည်ပြီး နေ့စဉ်နေထိုင်မှု ဘဝအရည်အသွေးကောင်းမွန်စေခြင်း
- လက်ရှိအနေအထားအရ အသည်းရောင် ဘီ ပိုးကို လုံးဝပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ လူနာ အလွန်နည်းပါတယ်။
- ဒါကြောင့် စောစီးစွာကုသမှုခံယူခြင်းက ရောဂါကိုထိန်းချုပ်ထားပြီး နောက်ဆက်တွဲ ပြဿနာတွေမဖြစ်အောင် ကာကွယ်ရာရောက်လို့ လူနာတွေ အနေနဲ့ သက်တမ်းစေ့နေရကာ Quality of Life လို့ခေါ်တဲ့ နေ့စဉ်နေထိုင်မှု ဘဝအရည်အသွေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။

‼️ ဒီအချက်တွေဟာ သုတေသနတွေအရ ထောက်ခံထားတဲ့အချက်တွေ (ခြေမြစ်ခိုင်မာသော ဆေးပညာ သုတေသန တွေ့ရှိချက်တွေ) ဖြစ်ပြီး ကျွန်တော့ရဲ့ပုဂ္ဂလိက ထင်မြင်ယူဆချက်တွေမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်မှာ အသည်းရောင် ဘီပိုးရှိနေပြီဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး စောစီးစွာကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

Address

Online
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Soe Thiha Maung - အသည်းဆေးပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Soe Thiha Maung - အသည်းဆေးပညာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category