28/07/2023
ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ သိုင်းရွိုက် ကင်ဆာရောဂါအကြောင်းပဲဖြစ်ပါတယ်။
အရင်နေ့တွေက သိုင်းရွိုက် ရဲ့အလုပ်လုပ် ပုံတွေကို ရှင်းပြပြီးသားဖြစ်ပါတယ်။
⭐သိုင်းရွိုက်ကင်ဆာ (Thyroid cancer )
သိုင်းရွိုက် ကင်ဆာ အများစုကဖြည်းဖြည်းချင်းကြီးလာပြီးနှစ်ပေါင်းများစွာကြာမှရောဂါလက္ခဏာပြတတ်ပါတယ်။
သိုင်းရွိုက် ကင်ဆာ ကို ယေဘူယျအားဖြင့် 4မျိုးခွဲခြားနိုင်ပါတယ်။
1.Papillary thyroid cancer
သူကတော့ သိုင်းရွိုက် ကင်ဆာထဲမှာအဖြစ်များဆုံးအမျိုးအစားဖြစ်ပြီး လူငယ်အထူးသဖြင့်အမျိုးသမီးတွေမှာအဖြစ်များပါတယ်။
2. Follicular thyroid cancer
ဒီအမျိုးအစားကတော့ ဒုတိယအဖြစ်များတဲ့
သိုင်းရွိုက် ကင်ဆာ ဖြစ်ပြီးလူကြီးတွေမှာ
ပိုပြီးဖြစ်တတ်ပါတယ်။
3. Medullary thyroid cancer
ဒါကတော့ ရှားပါးတဲ့ Thyroid cancerအမျိုးအစားဖြစ်ပြီး တခါတရံမျိုးရိုးလိုက်ပြီးဖြစ်တတ်ပါတယ်။
4. Anaplastic thyroid cancer
သူကလဲရှာပါးတဲ့အမျိုးအစားဖြစ်ပြီး Thyroid cancer ထဲမှာတော့အဆိုးဆုံးအမျိုးအစားပါ။
အသက်60အထက်မှာတွေ့ရတတ်ပါတယ်။
⭐ သိုင်းရွိုက် ကင်ဆာ (Thyroid cancer )လက္ခဏာများ
- လည်ပင်းအ ရှေ့ဘက်တွင် နာကျင်မှုမရှိသောအလုံးပေါ်လာပြီးတဖြည်းဖြည်းကြီးလာခြင်း
- အစာမျိုရခက်ခြင်း
-အသက်ရှုကြပ်ခြင်း၊မောခြင်း
-အသံ ဩောလာခြင်း
-ကင်ဆာcell တွေက သိုင်းရွိုက် ဟော်မုန်း ထုတ်မှုကိုအနှောက်အယှက်မပေးတာကြောင့် သိုင်းရွိုက် ကင်ဆာ လူနာအများစုက သိုင်းရွိုက် ဟော်မုန်း နည်းခြင်းများခြင်းကြောင့်ဖြစ်မယ့်လက္ခဏာများမတွေ့ရတတ်ပါ
⭐သိုင်းရွိုက်ကင်ဆာဟုတ်မဟုတ်ဘယ်လို
စမ်းသပ်မလဲ?
ကိုယ့်မှာ အထက်ပါလက္ခဏာတွေရှိပြီဆိုရင်ဆရာဝန်နှင့်စမ်းသပ်စစ်ဆေးမှုကိုခံယူသင့်ပါတယ်။
1. Thyroid ultrasound scan
Thyroid ကို ultrasound scan ရိုက်ခြင်းဖြင့် ကိုယ့်လည်ပင်းမှာကြီးနေတဲ့အလုံးကိုအရည်လားအခဲလားခွဲခြားနိုင်ပါတယ်။အခဲဆိုရင်တော့ thyroid ကင်ဆာပိုဖြစ်နိုင်ပါတယ်။
Ultrasound scan ကဒီအလုံးကတော့ thyroid ကင်ဆာပါလို့ရောဂါမသတ်မှတ်နိုင်ပေမယ့် တခါတရံ ကင်ဆာမဟုတ်ပါဘူးလို့တော့ပြောနိုင်ပါတယ်။
2. Fine needle aspiration biopsy
ဆေးထိုးအပ်ဖြင့် သိုင်းရွိုက် အလုံးထဲကိုဖြည်းညှင်းစွာထိုးသွင်းပြီး အသားစယူခြင်းဖြစ်ပါတယ်။အဲ့ဒီအသားစအရည်ကိုဓါတ်ခွဲခန်းပို့၍ ကင်ဆာဟုတ်မဟုတ်စစ်နိုင်ပါတယ်။ဒီလုပ်ငန်းစဉ်ကအလွန်လွယ်ကူပြီးပြင်ပလူနာဌာနတွင်ပြုလုပ်လို့ရပါတယ်။
3. Blood test
တခြားလိုအပ်တဲ့ thyroid hormone စစ် ခြင်း၊ thyroid ရဲ့ခုခံအားစစ်ခြင်းများလဲပြုလုပ်သင့်ပါတယ်။
⭐သိုင်းရွိုက် ကင်ဆာ ကိုဘယ်လိုကုသကြမလဲ?
1.ခွဲစိတ်ကုသခြင်း Surgery
ခွဲစိတ်ခြင်းက သိုင်းရွိုက် ကင်ဆာကုသခြင်းရဲ့ပထမဦးစားပေးဖြစ်ပါတယ်။သိုင်းရွိုက် ကင်ဆာ လို့သိတာနဲ့ခွဲစိတ်ကုသသင့်ပါတယ်။ ခွဲစိတ်ခြင်းသာလျှင်
မကောင်းတဲ့ကင်ဆာcellတွေကိုဖယ်ရှားနိုင်မှာပါ။
Thyroid gland အကုန်လုံးထုတ်လိုက်ရတဲ့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဟော်မုန်း (hormone) ပြန်ဖြည့်ဖို့အတွက် Thyroxin (T4) ကို တစ်သက်လုံးသောက်သုံးသွားဖို့လိုအပ်ပါတယ်။
ဒါပေမယ့်ဟော်မုန်း ဆေးဖြစ်သည်အလျောက်နည်းလွန်းများလွန်းလျှင်ခန္ဓာကိုယ်အတွက် ဆိုးကျိုးရှိသည်အတွက် ဆရာဝန်ညွှန်ကြားထားသောပမာဏအတိုင်းသာသောက်သင့်ပါသည်။
2. Radioactive iodine therapy (အနုမြူရောင်ခြည်ဆေးသောက်၍ကုသခြင်း)
Medullary thyroid and anaplastic thyroid cancer အမျိုးအစားသာမဟုတ်ဘူးဆိုလျှင် ခွဲစိတ်ပြီးလျှင် အနုမြူရောင်ခြည်ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနုမြူရောင်ခြည်ဆေးသောက်ရခြင်း၏အဓိကရည်ရွယ်ချက်က ခန္ဓာကိုယ်မှာကျန်ရှိနေတဲ့ thyroid ကင်ဆာcell တွေကိုသတ်ပစ်ဖို့ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် သိုင်းရွိုက် ကင်ဆာ ဆိုတာတခြားကင်ဆာ တွေနဲ့ယှဥ်လျှင် ကုသမှုအလွယ်ကူဆုံးနဲ့ ပျောက်ကင်းနိုင်မှုအများဆုံးကင်ဆာရောဂါဖြစ်ပါတယ်။ဒါကြောင့်သင့်မှာ သိုင်းရွိုက်အလုံးအကျိတ်များဖြစ်နေလျှင် အချိန်မဆိုင်းပဲ ဆရာဝန်များနဲ့တိုင်ပင်ပြီးကုသမှုခံယူပါလို့အကြံပြုလိုက်ပါတယ်။
နောက်အပတ်တွေမှာဆိုလျှင် သိုင်းရွိုက်ခွဲစိတ်ကုသခြင်း နဲ့ Radioactive iodine treatment (အနုမြူရောင်ခြည်ဆေးဖြင့်ကုသခြင်း)များကိုအသေးစိတ်ပြန်လည်ဖော်ပြမှဖြစ်လို့စောင့်မျှော်ဖတ်ရှုပေးကြပါအုံးနော်။