13/05/2025
အသိအမှတ်ပြုတယ်ဆိုတာ
အသိအမှတ်ပြု ခံချင်တဲ့ စိတ်နေ သဘောထားဟာ လူကြီး လူငယ်မရွေးမှာ ရှိတတ်ပါတယ်
ကိုယ်ဘာပဲလုပ်လုပ် အသိအမှတ်ပြု ခံချင်ကြတယ် ငယ်သေးတဲ့အရွယ်မှာ လူရာမဝင်သေးတော့ ပတ်ဝန်းကျင်က အသိအမှတ်မပြုကြပါဘူး
လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါမှာလည်း မိမိ ကြိုးစားပေမယ့် အသိအမှတ်ပြု မခံရတာတွေလည်း ကြုံဖူးမှာပါ အမှားများစွာနဲ့ ဖြတ်သန်းနေရတဲ့ အခါမျိုးတွေမှာပေါ့
အမှား ဆိုတာက တခါမှားရင် ပြင်တတ်ဖို့ပါ သင်ခန်းစာ ယူဖို့ပါ အကြိမ်ကြိမ်မှားတယ် ဆိုရင်တော့ ဒါဟာ သမားရိုးကျမဟုတ်တော့ဘူး ကိုယ့်လိုအပ်ချက် ကိုယ်ရှာရတော့မယ်
ကိုယ်ဒီလိုမှားတတ်ရင် မမှားအောင် သတိထားရတော့မယ် ဘယ်သူမှ အသိအမှတ်မပြုရင် နေပါစေ အချိန်က အသိအမှတ်ပြုပါလိမ့်မယ် အသက်ဆိုတာ အချိန်ဖြစ်တဲ့အတွက် ရင့်ကျက်လာတာနဲ့အမျှ သူ့အလိုလို အသိအမှတ်ပြုပြီးသား ဖြစ်နေပါလိမ့်မယ်
အမှုကိစ္စ တခု ပြီးမြောက်တိုင်း ပြီးမြောက်တိုင်း မိမိကိုယ်မိမိ စကားပြောပါ နင်လုပ်နိုင်တယ် နင့်မှာ စွမ်းရည်အပြည့်ရှိတယ် လုပ်ဆောင်ချက် အရမ်းကောင်းတယ် အစရှိသည်ဖြင့် မည်သူ တဦး တယောက်မျှ အသိအမှတ်မပြုရင် နေပါစေ မိမိကိုယ်မိမိ အသိအမှတ်ပြုပါ
အရမ်းတော် တာ ပါပဲ ဆက်ကြိုးစားပါလို့ ပြောလိုက်တဲ့ စကားလေးတခွန်းဟာ သူတပါးအတွက် အင်အားတခု ဖြစ်စေမယ်ဆိုရင် ဘာကြောင့်များ မုဒိတာ ထားပြီး မပြောနိုင်ရမှာပါလိမ့်
မည်သို့ပင်ဖြစ်ပါစေ ပန်းတိုင် ဆိုတာ သင့်အတွက်ပါ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ရလဒ်ဆိုတာ ကိုယ့်ဘေးမှာပဲရှိတာပါ
ချစ်ခင်စွာဖြင့်