16/12/2023
https://t.me/aungpharmacyy
လေမဖြတ်ချင် ကြိုပြင်ဆင်
ဖတ်ရန်ကြာချိန် (၂)မိနစ်
လေဖြတ်ခြင်းဆိုတာဟာ အထူးသတိထားသင့်တဲ့ အရေးကြီးကျန်းမာရေး ပြဿနာတစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လေဖြတ်ပြီးသေဆုံးနိုင်တဲ့ လူဦးရေပမာဏက အခုလာမဲ့နှစ်တွေမှာ ယခင်တုန်းကထက်ကို ထက်ဝက်နီးပါးလောက် ပိုများလာနိုင်တယ်လို့ အချို့သုတေသီတွေက ခန့်မှန်းထားကြပါတယ်။
ဒီအတွက်ကြောင့် လေမဖြတ်အောင် ကာကွယ်နိုင်ဖို့ရာ သူ့ရဲ့ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်နိုင်သလဲဆိုတာတွေကို သိရှိထားဖို့အတွက် တင်ပြပေးလိုက်ပါတယ်နော်။
~ ရှေ့ပြေးလက္ခဏာများ
လေဖြတ်ခြင်းပြဿနာမှာ အထူးသတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ -
၁) မျက်နှာနဲ့ ခြေလက်တွေ ထုံကျဥ်လာတာ၊ အားနည်းလာတာ
၂) ခန္ဓာကိုယ်တစ်ခြမ်းလုံး ရုတ်တရက်ကြီးထပြီး ထုံကျဥ်လာတာ၊ အားနည်းလာတာ
၃) ရုတ်တရက်ကြီး စိတ်မမှန်တော့တာ၊ စကားပြောဖို့ခက်လာတာ၊ သူများပြောတာကို နားလည်သဘောပေါက်ဖို့ ခက်ခဲလာတာ
၄) မျက်စိတစ်ဖက်(သို့)နှစ်ဖက်လုံးမှာ အမြင်အာရုံအားနည်းလာတာ
~ ဖြစ်နိုင်ချေများတဲ့သူများ
၁) သွေးတိုးအခံရှိတဲ့သူတွေက သွေးပေါင်တက်ရင် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်
၂) သွေးတွင်းအဆီများသူတွေနဲ့ သွေးပျစ်သူတွေကလည်း ဦးနှောက်သွေးကြောထဲမှာ အဆီခဲ/သွေးခဲပိတ်ပြီး လေဖြတ်နိုင်ပါတယ်
၃) အမျိုးသားတွေက ဆေးလိပ်/အရက်/ကွမ်း/မူးယစ်ဆေးသုံးတာ အမျိုးသမီးတွေထက် ပိုပြီးများတဲ့အတွက် လေဖြတ်နိုင်ချေပိုများပါတယ်
၄) ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ ပဋိသန္ဓေတားဆေးတွေ စွဲသောက်နေရတဲ့ အမျိုးသမီးတွေနဲ့ သွေးဆုံးကိုင်ပြီးတဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်
၅) မိသားစုမျိုးရိုးထဲမှာ လေဖြတ်တဲ့ရောဂါရာဇဝင် ရှိတဲ့သူတွေကလည်း သတိထားရမှာပါ
၆) ဆီးချိုရောဂါသမားတွေ၊ အဝလွန်သူတွေနဲ့ အရက်အလွန်အကျွံသောက်သူတွေကလည်း လေဖြတ်တတ်ပါတယ်
၇) SLE/အရေပြားလေးဘက်နာ, Autoimmune Disease/ခုခံအားဝီရိယလွန်ရောဂါ, Brain Cancer/ဦးနှောက်ကင်ဆာ, Polycythemia/သွေးဆဲလ်များသွေးပျစ်ရောဂါ, Thrombocytosis/သွေးဥမွှားများရောဂါ, Clotting Disorder/သွေးကျဲရောဂါလိုမျိုး ရောဂါအခံရှိသူတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်
~ ကာကွယ်နည်းများ
ကြိုတင်ကာကွယ်ခြင်းက ရောဂါဖြစ်မှကုသခြင်းထက် ပိုမိုထိရောက်တာမို့ လေမဖြတ်ဖို့အတွက် အဓိကလုပ်ဆောင်ရမဲ့အချက်က သွေးပေါင်ချိန်ပုံမှန်ဖြစ်နေအောင် ထိန်းထားပေးဖို့ပါပဲ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပုံမှန်လေးလုပ်ပေးတာကလည်း အဆီမတက်ဖို့၊ ဆီးချိုကျဖို့နဲ့ သွေးပေါင်မှန်ဖို့အတွက် ကူညီပေးနိုင်လို့ လေမဖြတ်ဖို့ကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် အထောက်အကူပြုပါတယ်။
အသီးအရွက်၊ အသားငါးနဲ့ အစေ့အဆံတွေ စုံလင်မျှတအောင် စားသောက်တာကလည်း သွေးပေါင်မတက်ဖို့၊ ကိုယ်အလေးချိန်ထိန်းဖို့နဲ့ သွေးတွင်းအဆီကျဖို့ အထောက်အကူဖြစ်စေပါတယ်။
အဆီ၊ အချို၊ အငန်တွေကိုလည်း လျှော့စားသင့်သလို အရက်၊ ဘီယာနဲ့ ဆေးလိပ်တွေကိုလည်း လျှော့သောက်သင့်ပါတယ်။
မိသားစုမျိုးရိုးမှာ လေဖြတ်ရောဂါရာဇဝင် ရှိဖူးတယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။
#ဒီဃာယု #ဒီဃာယုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း