09/06/2023
"ရိုးမဖျားက ဂုဏ်ပြုစကား"
မြတ်ဆရာသီချင်းသံကိုကြားတိုင်း အလွမ်းသယ်မိသည်က တာဝန်ကျရာ ရွာလေးကို လွမ်းချင်းပင်ဖြစ်သည်။
(ထိုရွာသည်ကား ပဲခူးရိုးမတော ၏အဖျားပိုင်းနှင့်ဆက်စပ်မှုရှိပါသည်ကိုသိရပါသည်။)
အကြောင်းမှာ ပညာရေးကို တိုးတက်စေသည့် ရည်ရွယ်ချက်ဖြင့် ပညာရေးနှင့်ပတ်သက်သည့် ဟောပြောချက်များ ၊ ဂုဏ်ပြုဆုံးမစကားများကို ပညာရေးနယ်ပယ်၌ အတွေ့အကြုံရှိသည့် ဆရာကြီး ဆရာမကြီးများက ဂုဏ်ပြု ဩဝါဒပေးခြင်းပင်ဖြစ်သည်။
ထိုပွဲသည် အသေးစား စာပေဟောပြောပွဲတစ်ခုပင်ဖြစ်သည်။ဂုဏ်ပြုရှင်မိဘများဘက်ကလည်း ရွာသူရွာသားများအားလုံးနှင့်ဖိတ်ကြားထားသူများကို စနစ်တကျဝက်သားဟင်းနှင့်ပင်ဧည့်ခံကျွေးမွေးပါသည်။ အခမ်းအနားပြီးဆုံးသည့်အခါဖိတ်ကြားထားသည့်ဆရာ/မများအားလုံးကိုကန်တော့ပစ္စည်းလက်ဆောင်များဖြင့် ကန်တော့ပါသည်။ထို့နောက် ဧည့်ခံကျွေးမွေးရာတွင်လည်း စားချင်စဖွယ်ပြင်ဆင်ကွယ် ဟူသည့်အတိုင်းဧည့်ခံကျွေးမွေးပါသည်။
ဤကဲ့သို့သောဂုဏ်ပြုပွဲကိုရောက်ရှိလာသည့် ဂုဏ်ပြုရှင်မိဘများနှင့် အဘိုးအဘွားများ၊ဂုဏ်သရေရှိဧည့်ပရိတ်သတ်များ၊ဆရာ/မ များ၊ ကျောင်းသား/သူလေးများသည် ဂုဏ်ပြုဧည့်ခံမဏ္ဍပ်အောက်တွင်စည်ကားသိုက်မြိုက်စွာ အသီးသီးနေရာယူ၍ကျင်းပကြပါသည်။
ထို့နောက် ဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း
အခမ်းအနားမှူးနှင့်ပင် စနစ်တကျ ဖွင့်လှစ်ပါသည်။
ဤဂုဏ်ပြုပွဲအခမ်းအနားကိုဖွင့်သည်နှင့်ပင် အလှည့်ကျဆရာ၊ဆရာမများသည် ဂုဏ်ပြုဆုံးမစကားများကို
ဂုဏ်ပြုခံရသူ ကျောင်းသား (ဝါ)ကျောင်းသူအားရည်ရွယ်၍ နည်းပေးလမ်းညွှန်ကာ ဆုံးမ စကားများ၊ ဂုဏ်ပြုချီးမွမ်းစကားများလည်းပြော၍ ဂုဏ်ပြုဧည့်ခံကြပါသည်။
ထိုသို့ဂုဏ်ပြုဆုံးမခဲ့သည့် ဂုဏ်ပြုဆုံးမစကားသံများထဲတွင် အမြဲလိုလို အကြံပြုတိုက်တွန်း၍ ဆုံးမတတ်သည့် ဆရာကြီးဦးခင်မောင်မြင့်၏ ဆုံးမစကားများသည် ယခုအချိန်ထိပင် နားထဲက မထွက်ပေ။
ဆရာကြီး၏ တိုက်တွန်းချက်စကားများထဲတွင်
ဂုဏ်ပြုခံ ပုဂ္ဂိုလ်အား ဦးနှောက်တံခါးပွင့်စေသည့်
စာဖတ်ခြင်းကို အမြဲတိုက်သွင်းပါသည်။
ထို့သို့တိုက်သွင်းရာတွင် ဦးသန့်၏ စကားဖြစ်သည့် "စာဖတ်သောလူမျိုးတိုင်းသည် တိုးတက်၍
တိုးတက်သော လူမျိုးတိုင်းသည် စာဖတ်ကြသည်"ဟုလည်း လက်သုံးစကားအဖြင့်အမြဲပြောပါသည်။
နောက်ထပ်လက်သုံးစကားမှာ
"တို့မိဘတွေ၊တို့ကျောင်းသား/သူတွေ
ယာသီးမစားနဲ့ စာသီးစားကြကွ"ဟုလည်း
ခဏခဏ ဆုံးမတတ်သည့်စကားပင် ဖြစ်သည်။
ဆရာကြီးသည် ဂုဏ်ပြုံးဆုံးမရာ၌ ဟန်၊အသံက
ဆွဲဆောင်မှုကောင်းသည်။နားထောင်သူ ပုဂ္ဂိုလ်များကလည်း သေချာအာရုံစိုက်၍ နားထောင်ကြပါသည်။အခမ်းအနားကို အလိုက်သင့်သင့်သလို
စီမံ၍ ကဗျာရွတ်၍ သော်လည်ကောင်း၊သီချင်းတစ်ပိုဒ်ဖြင့်ရွတ်ဆို၍လည်းကောင်း၊မှတ်သားစရာ စကားစုများဖြင့်လည်း ဆုံးမဩဝါဒပေး၍ အခမ်းအနားကို နိဂုံးချုပ်တတ်ပါသည်။
ထိုသို့ရွတ်ဆိုတတ်သည့်ဆရာကြီး၏ဆုံးမစာ(ကဗျာ)နှင့်စကားလေးကို ပြန်လည်သတိရမိပါသည်။
ထိုကဗျာလေးမှာ-
*အဆုံးအမ*
# # # # # # # # # #
"လူခြေတိတ်လို့အိပ်ရာဝင်
တို့မေမေကသင်။
စကားဆိုလျှင်ချိုသာဖို့
ယဉ်ကျေးပါစေလို့။
နေခြည်ဝင်းလို့ မိုးလင်းစဉ်
တို့ဖေဖေကသင်။
အရာရာတွင်ဖြောင့်မှန်ဖို့
ရဲစွမ်းပါစေလို့။
ခေါင်းလောင်းသာလို့ ကျောင်းမှာဝင်
တို့ဆရာကသင်။
ပညာရေးတွင်ထူးချွန်ဖို့
ဇွဲကောင်းပါစေလို့" ဟူသည့် ကဗျာဆရာတင်မိုး၏ ကဗျာလေးကို
ရွတ်ဆို၍ ကျောင်းသားနှင့်မိဘကြားမှာ ထားရှိသင့်သည့် စိတ်နေသဘောထားကိုရည်ရွယ်၍
အသံနေအသံထားမှန်ကန်စွာ ရွတ်ဆို၍ ဆုံးမစကားများလည်း ပြောခဲ့ပါသည်။
နောက်ဆုံးဆရာကြီး၏ဂုဏ်ပြုစကားများကိုနိဂုံးချုပ်ရာတွင်
ပြောလေ့ပြောထရှိသော ဆုံးမစကားမှာ
စာဖတ်ခြင်းနှင့်ပတ်သက်သည့် စာပေရွေးနည်းကို ရှင်းပြ၍ နိဂုံးချုပ်တတ်ပါသည်။
ထိုသို့စာပေရွေးနည်းမှာ
"ကွမ်းနှင့်တူသောစာ
ကြံနှင့်တူသောစာ
နွားနို့နှင့်တူသောစာ" ဟူ၍
အဓိပ္ပာယ်ကိုကောင်းစွာရှင်းပြပြီးမှသာလျှင် အခမ်းအနားကို နိဂုံးချုပ်တတ်ပါသည်။
ထိုသို့သော အခမ်းအနားမျိုးကို မြတ်ဆရာသီချင်းသံကြားတိုင်းအလွမ်းသယ်မိသူမှာ
အပြစ်ပြောစရာပင်မရှိနိုင်ဘူးဟုတွေးမိပါသည်။ ရေးမိပါသည်။ငေးမိပါသည်။
မောင်သုတ(အလင်းရောင်)
8-6-2023