ThuKha လူသုံးကုန် အလှကုန်Wholesale

  • Home
  • Myanmar
  • Yangon
  • ThuKha လူသုံးကုန် အလှကုန်Wholesale

ThuKha လူသုံးကုန် အလှကုန်Wholesale ရောဂါကင်းစင်ပြီး စိတ်ငြိမ်းချမ်းရာအကြောင်းတွေပြောမယ် ကျန်းမာရေးဗဟုသုတ

Wellness, Inner Peace , Health Knowledge

22/02/2026
22/02/2026

အနာဂတ်မှာ နှာတဖျားသာမယ့် ကလေးဖြစ်စေဖို့ တက်ထားရမယ့် Skills (၂၀)

အခုခေတ်ကြီးက အရမ်းကို မြန်ဆန်လွန်းပါတယ်။ နောက် ၁၀ နှစ်၊ နှစ် ၂၀ နေရင် ကမ္ဘာကြီးက ဘယ်လိုပုံစံပြောင်းသွားမလဲဆိုတာ မှန်းဆရခက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီလို အမြဲပြောင်းလဲနေတဲ့ အနာဂတ်ကမ္ဘာကြီးမှာ ကိုယ့်ကလေးက သူများထက် နှာတစ်ဖျားသာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကျောင်းစာချည်းပဲ တော်နေလို့ မရတော့ပါဘူး။

၁။ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking)
အင်တာနက်ပေါ်မှာ သတင်းတွေအများကြီး မြင်ရတဲ့ခေတ်မှာ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာကို အလွယ်တကူ မယုံဘဲ၊ အကျိုးအကြောင်း ဆီလျော်မှု ရှိမရှိ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာ တွေးတောနိုင်တဲ့ စွမ်းရည်ပါ။ ဒါက အလိမ်မခံရဖို့နဲ့ ဆုံးဖြတ်ချက်မှန်ဖို့ အရမ်းအရေးကြီးပါတယ်။

၂။ ပြဿနာ ဖြေရှင်းနိုင်စွမ်း (Problem Solving)
အခက်အခဲ တစ်ခုကြုံလာတဲ့အခါ ထိုင်ငိုနေတာ၊ ပြေးပုန်းတာမျိုး မလုပ်ဘဲ "ဒီပြဿနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ" ဆိုပြီး အဖြေရှာတတ်တဲ့ အကျင့်ပါ။ လမ်းကြောင်းတစ်ခု ပိတ်နေရင် နောက်လမ်းကြောင်းတစ်ခုကနေ သွားတတ်ဖို့ သင်ပေးရပါမယ်။

၃။ ဖန်တီးနိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်မှု (Creativity & Innovation)
စက်ရုပ် (AI) တွေ ဘယ်လောက်တော်တော် လူတွေရဲ့ "ဖန်တီးနိုင်စွမ်း" ကိုတော့ အလွယ်တကူ မမီနိုင်ပါဘူး။ သူများတွေ မတွေးမိတဲ့ ရှုထောင့်ကနေ မြင်တတ်တာ၊ အသစ်အသစ်တွေ တီထွင်ချင်စိတ်ရှိတာက ကလေးကို အနာဂတ်မှာ အများကြီး တန်ဖိုးတက်စေပါတယ်။

၄။ စူးစမ်းလေ့လာချင်စိတ် (Curiosity)
"မေမေ... ဒါဘာလို့ ဒီလိုဖြစ်တာလဲ" လို့ မေးတဲ့အခါ မငေါက်ပါနဲ့။ အဲဒီ စူးစမ်းချင်စိတ်၊ မေးခွန်းထုတ်တတ်တဲ့ အကျင့်က ကလေးတွေကို အမြဲတမ်း တိုးတက်နေစေမယ့် လျှို့ဝှက်ချက်ပါ။

၅။ အချက်အလက်များကို နားလည်အသုံးချနိုင်စွမ်း (Data Literacy)
အနာဂတ်က ဒေတာ (Data) ခေတ်ပါ။ အချက်အလက်တွေ အများကြီးထဲကနေ ကိုယ့်အတွက် လိုအပ်တဲ့၊ အသုံးဝင်မယ့် အရာကို ဆွဲထုတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

၆။ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (Emotional Intelligence - EQ)
IQ (ဉာဏ်ရည်) ထက် EQ က ပိုအရေးကြီးလာပါပြီ။ ကိုယ့်ရဲ့ ဒေါသ၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်တွေကို ကိုယ်တိုင် နားလည်ထိန်းချုပ်နိုင်သလို၊ သူတစ်ပါးရဲ့ ခံစားချက်ကိုပါ နားလည်ပေးနိုင်တဲ့ ကလေးတွေက ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါပြီး အောင်မြင်ကြပါတယ်။

၇။ ကိုယ်ချင်းစာတရား (Empathy)
သူတစ်ပါး နေရာကနေ ဝင်တွေးပေးတတ်တာပါ။ "သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုခံစားရမလဲ" ဆိုတဲ့ အတွေးမျိုးက ကလေးကို ကြင်နာတတ်တဲ့သူ၊ လူမှုအသိုင်းအဝိုင်းက အားထားရတဲ့သူ ဖြစ်လာစေပါတယ်။

၈။ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်စွမ်း (Communication Skills)
ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို သူများနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရပါမယ်။ အဲဒီလိုပဲ သူများပြောတာကိုလည်း သေချာ ဂရုတစိုက် နားထောင်ပေးတတ်တဲ့ (Active Listening) အကျင့်ရှိဖို့ အရမ်းအရေးကြီးပါတယ်။

၉။ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (Collaboration & Teamwork)
အနာဂတ်မှာ တစ်ယောက်တည်း အလုပ်လုပ်လို့ မရတော့ပါဘူး။ စိတ်သဘောထား မတူတဲ့သူတွေ၊ လူမျိုးမတူတဲ့သူတွေနဲ့ အဖွဲ့အစည်းလိုက် အဆင်ပြေပြေ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ စွမ်းရည်က လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ်ပါ။

၁၀။ လဲကျတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်ခွန်အား (Resilience)
အရှုံးနဲ့ကြုံတိုင်း၊ အမှတ်နည်းတိုင်း စိတ်ဓာတ်ကျမသွားဘဲ "ဒီအမှားကနေ ငါဘာသင်ခန်းစာရလိုက်လဲ" ဆိုပြီး ခါတလဲလဲ ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု မျိုးပါ။ ဒါက ဘဝရဲ့ လှိုင်းဒဏ်တွေကို ခံနိုင်ရည်ရှိစေပါတယ်။

၁၁။ အခြေအနေနဲ့အညီ ပြောင်းလဲနေထိုင်နိုင်စွမ်း (Adaptability & Flexibility)
မနေ့က မှန်ခဲ့တဲ့ နည်းပညာက ဒီနေ့ အသုံးမဝင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ကြောက်မနေဘဲ ခေတ်နဲ့အညီ ရေလို လိုက်လျောညီထွေ စီးဆင်းနေထိုင်တတ်ဖို့ လိုပါတယ်။

၁၂။ နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်မှု (Digital Literacy)
ဖုန်းပွတ်တတ်၊ ဂိမ်းဆော့တတ်ရုံ မဟုတ်ပါဘူး။ နည်းပညာကို သုံးပြီး အလုပ်လုပ်တတ်ဖို့၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ လုံလုံခြုံခြုံ ဘယ်လိုထားရမလဲဆိုတာတွေကို နားလည်တာပါ။

၁၃။ AI နည်းပညာကို ရင်းနှီးကျွမ်းဝင်မှု (AI Savviness)
အနာဂတ်မှာ AI (Artificial Intelligence) တွေက နေရာတိုင်းမှာ ပါလာမှာပါ။ AI ကို ကြောက်စရာလို့ မမြင်ဘဲ၊ AI ကို ကိုယ့်ရဲ့ လက်ထောက်တစ်ယောက်လို ဘယ်လို ခိုင်းစေအသုံးချရမလဲ ဆိုတာကို ကလေးတွေ သိထားဖို့ လိုပါတယ်။

၁၄။ ကုဒ်ရေးသားခြင်းနဲ့ စနစ်တကျ တွေးခေါ်ခြင်း (Coding & Computational Thinking)
ပရိုဂရမ်မာ ကြီးဖြစ်လာဖို့ မလိုပါဘူး။ ဒါပေမယ့် ကွန်ပျူတာ ကုဒ်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ လေ့လာတာက ပြဿနာတစ်ခုကို အဆင့်ဆင့် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ စနစ်တကျ တွေးခေါ်တတ်တဲ့ အကျင့် (Logical Thinking) ကို ရစေပါတယ်။

၁၅။ တစ်သက်တာ လေ့လာသင်ယူလိုစိတ် (Continuous Learning)
"ဘွဲ့ရသွားပြီ၊ စာသင်တာ ပြီးပြီ" လို့ သတ်မှတ်လို့ မရတော့ပါဘူး။ အရာရာက အမြဲပြောင်းလဲနေတာမို့ အသက်အရွယ်မရွေး အသစ်အသစ်တွေကို အမြဲလေ့လာနေချင်တဲ့ စိတ်ထားရှိမှ နောက်ကောက်မကျမှာပါ။

၁၆။ အချိန်စီမံခန့်ခွဲတတ်မှု (Time Management)
ဘယ်အလုပ်က အရေးကြီးဆုံးလဲ (Prioritize လုပ်တာ)၊ ဘယ်အလုပ်ကို အရင်လုပ်ရမလဲ ဆိုတာကို ကွဲကွဲပြားပြား သိပြီး ကိုယ့်ရဲ့ အချိန်ကို စနစ်တကျ အသုံးချတတ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရပါမယ်။

၁၇။ ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှု (Financial Literacy)
ကျောင်းတွေမှာ သိပ်မသင်ပေးတဲ့ အရာပါ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ ဆိုတာထက် ရှာလို့ရလာတဲ့ ပိုက်ဆံကို ဘယ်လို စုဆောင်းမလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမလဲ၊ အသုံးစရိတ်ကို ဘယ်လို စီမံမလဲဆိုတာ ကလေးတွေကို ငယ်ငယ်ကတည်းက နားလည်အောင် သင်ပေးထားသင့်ပါတယ်။

၁၈။ ခေါင်းဆောင်မှု စွမ်းရည် (Leadership Skills)
ခေါင်းဆောင်ဆိုတာ အမိန့်ပေးတတ်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်တာ၊ သူများတွေကို အားပေးကူညီပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် တိုက်တွန်း လမ်းပြနိုင်တာကို ခေါ်တာပါ။

၁၉။ ကမ္ဘာ့နိုင်ငံသားအဖြစ် ခံယူတွေးခေါ်နိုင်မှု (Global Citizenship)
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးလေးထဲမှာပဲ ပိတ်မတွေးဘဲ၊ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင် အရေး၊ လူ့အခွင့်အရေးတွေကို နားလည်ပြီး ယဉ်ကျေးမှု မတူညီတာတွေကို လေးစားလက်ခံတတ်တဲ့ ကမ္ဘာ့နိုင်ငံသား တစ်ယောက်လို တွေးခေါ်တတ်ဖို့ပါ။

၂၀။ ကိုယ်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်ခြင်း (Well-being Management)
ဘယ်လောက်ပဲ တော်တော် ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရပါဘူး။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့၊ အစားအသောက် ဆင်ခြင်ဖို့အပြင် စိတ်ဖိစီးမှုတွေကို ဘယ်လို လျှော့ချရမလဲ ဆိုတဲ့ ကိုယ်စိတ်ကျန်းမာရေး စောင့်ရှောက်မှုကိုပါ ကလေးတွေ ကိုယ်တိုင် သိနားလည်ထားဖို့ အရေးကြီးဆုံးပါပဲ။

MTZ Company Registration Consultancy
ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်

21/02/2026

ဘာရည်ရွယ်ချက်နဲ့ မေးတာလဲ။
ဘာလို့ အဲ့လိုလုပ်လိုက်တာလဲ။
ဘာဖြစ်ချင်တာလဲ။

လုပ်ငန်းခွင်မှာပဲဖြ​စ်ဖြစ်၊ မိသားစုဝင်ချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ သမီးရည်းစားအချင်းချင်းကြားမှာ တင်းမာမှုလေးတွေ ဖြစ်ကြတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် ဒါမျိုးမေးခွန်းတွေ မေးဖြစ်ကြလိမ့်မယ်ထင်ပါတယ်။

တစ်ဦးနဲ့တစ်ဦးကြား စိတ်အခန့်မသင့်ကြလို့ ပွတ်တိုက်မှုလေးတွေ ဖြစ်ပေါ်လာတဲ့အခါ မေးခွန်းတွေ အပြန်အလှန်မေးရင်း ဖြေရှင်းလိုက်ကြတာ ကောင်းတယ်ဆိုပေမဲ့ မီးငြှိမ်းနိုင်မဲ့ မေးခွန်းမျိုးဖြစ်ဖို့တော့ လိုပါတယ်။

ဘာမီးလဲဆိုရင်တော့ စိတ်ရဲ့အပူမီးကို ငြှိမ်းပေးနိုင်ရမှာဖြစ်ပါတယ်။

စိတ်အခန့်မသင့်လို့ စကားများကြပြီဆိုကတည်းက လူတွေရဲ့စိတ်ဟာ စတင်ဆူပွက်နေပြီးသားဖြစ်ပါတယ်။

လူတွေရဲ့ ဒေါသစိတ်ဟာ အချိန်မရွေးထပေါက်ကွဲသွားနိုင်တဲ့ မီးတောင်ရှင်လိုပါပဲ။

ဒါကြောင့် ပြဿနာရှင်းဖို့ စကားပြောကြပြီ၊ မေးကြပြီ၊ ဖြေရှင်းကြပြီဆိုတဲ့နေရာမှာလည်း မီးငြှိမ်းမေးခွန်းမေးတတ်ဖို့ အရေးကြီးပါတယ်။

ဘယ်လိုအပြုအမူ၊ ဘယ်လိုအပြောအဆိုက တစ်ဖက်လူကို လောင်ကျွမ်းစေမလဲဆိုတာ လူတိုင်းကောင်းကောင်းသိပါတယ်။

သိရက်နဲ့ တမင်လုပ်တာဟာ ကိုယ်ရောသူရောနှစ်ယောက်လုံး လောင်ကျွမ်းသွားဖို့ ကိုယ်တိုင်က ဓာတ်ဆီပြန်လောင်းနေသလိုဖြစ်နေမှာပါ။

အကျိုးဆက်အနေနဲ့ ဒေါသတွေထွက်ရလို့ စိတ်အပူတွေခံစားရပြီး ခန္ဓာရော စိတ်ပါ ခြေကုန်လက်ပမ်းကျသွားမှာပါ။

မီးငြှိမ်းတဲ့မေးခွန်းမေးနိုင်ဖို့ရာမှာ ကိုယ့်ရဲ့စိတ်ကိုကလည်း တည်ငြိမ်နေဖို့လိုပါတယ်။

စကားပြောဆိုတဲ့အခါ အသံအနေအထား၊ ကိုယ်ဟန်အမူအရာ အစစအရာရာက လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို ထင်ဟပ်ပုံပေါ်စေပါတယ်။

စကားသံကိုထိန်းပြီးပြောနိုင်ပေမဲ့ မျက်နှာအမူအရာမထိန်းနိုင်လိုက်ရင်လည်း ညှိနှိုင်းတဲ့နေရာမှာအလုပ်မဖြစ်သလို၊ မျက်နှာ၊ကိုယ်အမူအရာ ထိန်းနိုင်ပြီး စကားသံမှာမထိန်းလိုက်နိုင်ရင်လည်း အဆင်မပြေပါဘူး။

ဒါဟာ တကူးတကကြိုးစားဖို့မလိုဘဲ လူတွေရဲ့ အာရုံခံစားမှုအရ အလိုအလျောက်သိနိုင်တဲ့အရာတွေပါ။

ခဏတော့စိတ်ကိုထိန်းထားလိုက်နိုင်တယ်ဆိုပေမဲ့ ဒိီစိတ်ကြောင့် ကိုယ့်အတွင်းမှာ လောင်ကျွမ်းမှုတော့ရှိနေဆဲပါပဲ။

နေ့စဥ်ဘဝမှာ ဒီလို စိတ်အခန့်မသင့်စရာ ပွတ်တိုက်မှုတွေ၊ အကြောင်းတွေဆိုတာ ကြုံနေရဦးမှာဖြစ်ပြီး ရှောင်လွှဲမရနိုင်တဲ့ အခိုက်အတန့်တွေဆိုတာလည်း ရှိလာဦးမှာပါပဲ။

ဒီလိုအခြေအနေမျိုးကြုံရတဲ့အခါ တည်ငြိမ်တဲ့ စိတ်အခြေရှိထားမယ်ဆိုရင် ကိုယ်တိုင်လောင်ကျွမ်းရသက်သာသလို၊ ဘေးကိုလည်းအပူမကူးစေ​ဖို့ ထိန်းလိုက်နိုင်စေမှာဖြစ်ပါတယ်။

ဒါကြောင့် တစ်နေ့တာမှာ အချိန်ရရင်ရသလို ကိုယ့်ရဲ့စိတ်ကို သတိ​နဲ့စောင့်ကြည့်တတ်တဲ့ အလေ့အကျင့်လေးတစ်ခု ပျိုးထောင်ကြည့်ဖို့ တိုက်တွန်းရင်း စာလေးကို အဆုံးသတ်လိုက်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

Serinara






20/02/2026

ကလေးငယ်တွေရဲ့ Separation Anxiety
(မိဘ/အုပ်ထိန်းသူနဲ့ ခွဲခွါဖို့ကြောက်ရွံ့ငြင်းဆန်ခြင်း)

⭐️Separation Anxiety ဆိုတာဘာလဲ?

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်ပြီး အသက် (၆)လကနေ (၃)နှစ်အတွင်း ဖြစ်ပွါးလေ့ရှိပြီး Separation anxiety အမြင့်ဆုံးရောက်တဲ့ကာလကတော့ အသက် (၁၀)လကနေ (၁၈)လ/ (၁)နှစ်ခွဲ ဝန်းကျင်ဖြစ်ပါတယ်။

ဘာကြောင့် ဖွံ့ဖြိုးမှုဖြစ်စဉ်လို့ပြောရသလဲဆိုရင် Separation Anxiety ဖြစ်ရခြင်းက ကလေးငယ်ဟာ
-သူခင်တွယ်ရတဲ့သူကို သိလာခြင်း
-သူအတွက် စိတ်နဲ့ကိုယ်လုံခြုံမှုပေးနိုင်သူကို ရွေးချယ်တတ်လာခြင်း
-အဆိုပါသူ(များသောအားဖြင့် အမေ/ အထိန်း/ အနီးကပ်အုပ်ထိန်းသူတစ်ဦးဦး) တည်ရှိနေပေမယ့် သူ့အနားမှာ မရှိတော့တာဆိုတဲ့ ဖြစ်စဉ်ကို သိရှိနေခြင်း
စတဲ့ အဆင့်ဆင့်ကို နားလည်သဘောပေါက် ခံစားတတ်လာတာကြောင့်ပဲဖြစ်ပါတယ်။
ဒါပေမယ့်သူတို့က အဆိုပါ တစ်ဦးဦး (မိခင်) ပြန်လာမယ့်အချိန်၊ ကာလ စသဖြင့်ကို သေချာမခန့်မှန်းမသိရှိနိုင်တာရယ် စိတ်ခံစားချက်ကို ကိုယ်တိုင် မထိန်းချုပ်နိုင်သေးတာကြောင့် Separation Anxiety ဖြစ်စဉ်ကိုခံစားရပါတယ်။

Working Mom တွေရဲ့ ကလေးငယ်တွေမှာဆိုရင် ပိုစောပြီး Separation anxiety ကို ခံစားရတတ်ကြပါတယ်။ အချို့ Separation anxiety ကို လုံးဝ မခံစားရတဲ့ ကလေးတွေလည်းရှိတတ်ပါတယ်။ Primary attachment ဖြစ်တဲ့သူက အမြဲဘေးနားမှာရှိနေတဲ့အချို့ကလေးငယ်တွေက မခံစားရတာမျိုးရှိပေမယ့် အချို့ကလေးတွေက ခံစားရတာမျိုးလည်းရှိပါတယ်။

⭐️ဘယ်လိုအခြေအနေတွေမှာခံစားရလဲ?
-မိခင်အလုပ်ပြန်စဆင်းချိန်
-မိခင်/ ဖခင် ခရီးသွားရချိန်
-ကလေးထိန်း/ အုပ်ထိန်းသူ အပြောင်းအလဲဖြစ်ချိန်
-ဖွံ့ဖြိုးမှုအပြောင်းအလဲဖြစ်ချိန်တွေ
-သွားပေါက်တာ၊ နေမကောင်းဖြစ်တာ စတဲ့အချိန်တွေ
-Day Care စပို့ချိန်၊ မူကြိုစပို့ချိန်တွေ
-ခရီးသွားချိန်/ နေရာပြောင်းချိန်
-မိသာရစုဝင်အသစ်တိုးလာချိန်

⭐️Separation anxiety ဖြစ်တဲ့အခါ ကလေးငယ်
ဘယ်လိုပြုမူသလဲ?
-မိခင်/ အုပ်ထိန်းသူ/ အနီးကပ်စောင့်ရှောက်သူ စသဖြင့် တစ်ဦးတည်းကိုပဲ ကပ်တွယ်နေတာ
-ဘယ်သွားသွား ကပ်တွယ်နေတာ အချိန်ပြည့်ချီခိုင်းနေတာ
-သူ့အနားက ထိုတစ်ယောက်ယောက်သွားတော့မယ်ဆိုတာသိရင် အလွန်အမင်းငိုတာ
-အလွန်အမင်းဂျီကျ ငိုယိုတာ
-ညဖက်တွေ မကြာခဏနိုးတာ

🌟ဒီအပြုအမူတွေဟာ သင်ရော သင့်ကလေးငယ်ရော မှားယွင်းနေတာကြောင့်မဟုတ်ပါဘူး။ ကလေးငယ်က သူ့ရဲ့ လုံခြုံရတဲ့နေရာကို သိနေတဲ့အမူအကျင့်တွေကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။

⭐️ဘယ်အပြုအမူတွေက ပိုဆိုးစေသလဲ?
-မိဘအုပ်ထိန်းသူ ကိုယ်တိုင်က ကိုယ့်စိတ်ခံစားချက်ကို မထိန်းနိုင်တာ (comment မှာ ဆောင်းပါးတွေရှိပါတယ်)
-ကလေးကို အတင်းအငိုတိတ်ခိုင်းတာ၊ အော်တာ၊ ရိုက်တာ
-ကလေးစိတ်ခံစားချက်ကို အတင်းတားမြစ်တာ (ဥပမာ- ဒါ ငိုစရာမဟုတ်ဘူး ဆိုတာမျိုး အတင်းပြောဆိုတာ)
-မကြာခဏ ကလေးရဲ့ Primary attachment ဖြစ်တဲ့သူ အပြောင်းအလဲလုပ်တာ (ကလေးထိန်းခဏခဏပြောင်းတာ၊ လသားကနေ ၃နှစ်အတွင်းမှာ မိဘနဲ့ ရက်ပိုင်း(သို့)လပိုင်းနေလိုက် အကြာကြီးပြန်ခွဲလိုက် စသဖြင့် attachment လုပ်သူ မကြာခဏပျောက်တာ)
-မိဘ အုပ်ထိန်းသူက ကလေးကို သေချာ မပြောပြဘဲ ရုတ်တရက် ထွက်သွားတာ ( သမီးလေး လသားအရွယ် ကျွန်မ အလုပ်လုပ်စဉ်ကလည်း ဒီလို အမှားမျိုးလုပ်ခဲ့ဖူးပါတယ် ဒါပေမယ့် နောက်ပိုင်းသတိထားပြီး မနက်သွားတိုင်း သေချာပြောခဲ့၊ ညနေပြန်လာမယ့်အချိန်ပြောပြ စသဖြင့် လုပ်တာဟာ ကလေးငယ်ရဲ့ စိတ်ခံစားချက်အတွက် ပိုကောင်းခဲ့တာ လက်တွေ့ဖြစ်ပါတယ်)

⭐️ဘယ်လိုကိုင်တွယ်ရမလဲ?
-ကလေးငယ်ကို အမြဲ နှုတ်ဆက်စကားပြောပါ၊ ပြန်လာမယ့်အချိန်ကိုပါပြောပြထားပါ။ နေ့စဉ် အချိန်မှန်လုပ်တဲ့အခါ ကလေးအနေနဲ့ ခန့်မှန်းနိုင်သွားတာကြောင့် ကြောက်ရွံ့မှုပိုနည်းလာစေပါတယ်။
-နှုတ်ဆက်တဲ့အခါ မြန်မြန်နဲ့ လေသံမှန်မှန် ပြောဖို့ဂရိုစိုက်ပါ။
-ကလေးငယ်ကို adaptation လုပ်ချိန်ပေးပါ၊ ရင်းနှီးမှုဖြစ်အောင်ဂရုစိုက်ပေးပါ။
-ရုတ်တရက် ချက်ချင်း အကြာကြီးခွဲခွါတာမျိုးမလုပ်ပါနဲ့(ဥပမာ-မိခင်အလုပ်ပြန်မဆင်းခင်း တစ်ရက်ကို မိနစ်ပိုင်း၊ မိနစ်ပိုင်းကနေ နာရီပိုင်း စသဖြင့် တိုးတိုးပြီး ကလေးနဲ့ ခွါဖို့ လေ့ကျင့်ကြည့်ပါ)
-မိဘအုပ်ထိန်းသူတွေက ကိုယ့်ကိုယ်ကို အမြဲ စိတ်ရှည်သည်းခံပြီး တည်ငြိမ်ဖို့ လေ့ကျင့်ပါ။
-ကလေးငယ်အတွက် သူတို့ သက်တောင့်သက်သာရှိပြီး သဘောကျတဲ့ soothing ဖြစ်တဲ့ အရာလေးတွေ ပေးထားပါ။ (ဖက်လုံး၊ အရုပ်၊ စောင်၊ ချိုလိမ် စသဖြင့်)
-မူကြိုကျောင်း/ နေ့ကလေးထိန်း ပို့တဲ့အခါမှာလည်း ကလေးငယ်ကို ကျောင်းမထားခင်ကြိုပြောပြထားပါ။ အရင် လိုက်ပြပေးပါ။ အချိန်မှန်အကြိုအပို့လုပ်ပေးပြီး ကလေးရဲ့ ခံစားချက်ကို နားထောင်ပေးပါ။

အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်

#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ

20/02/2026

အသက်(၆၀)အရွယ် မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အလှတရားတွေကို ချပြလာခဲ့တဲ့ သရုပ်ဆောင်နန္ဒာလှိုင် 😍❤️
လှလိုက်တာကွယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ThuKha လူသုံးကုန် အလှကုန်Wholesale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram