08/05/2023
မူယာက ရာသီဥတုအကူးအပြောင်းမှာ အမြဲဖျားနေကျ။ အထူးသဖြင့် မိုးတွင်း တုပ်ကွေးရာသီဆိုရင် မဖျားတဲ့နှစ်မရှိ။ ဒီနှစ်တော့ မဖျားအောင် ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာထိုးဖို့ စဉ်းစားနေတယ်။ ဒီဆေးထိုးရင် မူယာမဖျားတော့ဘူးလား?
တုပ်ကွေးဖြစ်တာက ခံရခက်ပါတယ်။ ဖျားတဲ့အပြင်၊ နှာစေး၊ ချောင်းဆိုးပြီး ကိုယ်တွေလက်တွေကိုက်တော့ အလုပ်ပျက် အကိုင်ပျက်နဲ့ လူလဲနေရအတော်ခက်ပါတယ်။ ဒါ့ထက်ဆိုးတာက မူယာဖျားလာရင် မူယာတို့ တစ်အိမ်လုံးက ဖျားကြတာပါပဲ။ မူယာ့အမေ ဒေါ်သီတာဆိုရင် အသက်ကြီးတော့ အဖျားပိုဆိုးတတ်ပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးကို Flu shot လို့လဲခေါ်ကြပါတယ်။ လက်မောင်းကြွက်သားထဲဝင်အောင် ဆေးထိုးအပ်နဲ့ထိုးရပါတယ်။ တချို့နိုင်ငံတွေမှာတော့နှာခေါင်းထဲဖြန်းရတဲ့ အမျိုးအစားလဲရှိပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးတွေက ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးပိုး အမျိုးအစားတွေ မတူတာကြောင့် တစ်နှစ်ကို တစ်မျိုး အသစ်ထွက်ပါတယ်။ အခုဆိုရင် ဒီနှစ်အတွက်လဲ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ရနေပြီဖြစ်ပါတယ်။
#ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင်မဖျားအောင်ကာကွယ်ပေးနိုင်လား?
ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်တာကြောင့် ရာသီတုပ်ကွေးကြောင့်ဖြစ်တဲ့ အဖျားမျိုး နဲ့ သူ့ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ဖျားခဲ့ရင်တောင် ရောဂါပြင်းထန်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ တခြား ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ အဖျားကိုတော့ မကာကွယ်ပေးနိုင်ပါ။ သုတေသနတွေအရ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာ ကိုဗစ်ရောဂါဖြစ်လာရင် သိပ်မပြင်းထန်တာကိုတွေ့ရပါတယ်။
#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်အချိန်ထိုးထားရမလဲ?
ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ရောဂါကာကွယ်တဲ့လက်နက်တွေထွက်လာဖို့ အချိန် ၂ ပတ်ကြာပါတယ်။ တစ်နည်းအားဖြင့် ဆေးစွမ်းပြဖို့အတွက် ၂ ပတ်လောက်အချိန်ယူပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီမှထိုးတာထက် တုပ်ကွေးရာသီမတိုင်ခင် မိုးမကျမီ ၂ ပတ်လောက်စောစောထိုးထားသင့်ပါတယ်။ ကောင်းတာကတော့ ခု ဧပြီနဲ့ မေလ ဆန်းလောက်ထိုးထားတာက အချိန်ကောင်းဖြစ်ပါတယ်။
#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်သူတွေထိုးသင့်သလဲ?
အသက် ၆ လ နဲ့အထက် ဘယ်သူမဆိုထိုးထားသင့်ပါတယ်။ ဒါပေမယ့် ဒီအောက်က အခြေအနေတစ်ခုခုရှိနေရင်တော့ တုပ်ကွေးကာကွယ်ဆေးကို မထိုးမဖြစ်ထိုးထားသင့်ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက်လူကြီးများ
ကိုယ်ဝန်ဆောင်များ
၆လကနေ ၅ နှစ်အရွယ် ကလေးများ
HIV/AIDS ရှိသူများ
ဆီးချိုရှိသူ
ပန်းနာရင်ကြပ် နှင့် အဆုတ်ရောဂါရှိသူ
နှလုံးရောဂါရှိသူ
လေဖြတ်နေသူ
ကင်ဆာရောဂါရှိသူ
နာတာရှည်ကျောက်ကပ်ရောဂါရှိသူ
မသန်စွမ်းသူများ
အာရုံကြောရောဂါရှိသူများ
သွေးရောဂါတစ်မျိုးမျိုးရှိသူများ
#ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးဘာဖြစ်တတ်လဲ?
များသောအားဖြင့်တော့ဘာမှ သိပ်မဖြစ်တတ်ပါ။ ဒါပေမဲ့ တချို့သူတွေမှာ ဆေးထိုးပြီး ၂၄ နာရီအတွင်း ဖျားတာ၊ ချမ်းတုန်တာ၊ ဆေးထိုးထားတဲ့နေရာမှာ နီနေတာ၊ ရောင်နေတာ၊ နာနေတာ တွေ ခံစားရနိုင်ပါတယ်။ ဒါတွေက တစ်ရက် နှစ်ရက်လောက်နေရင် သက်သာသွားတတ်ပါတယ်။
#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်သူတွေမထိုးသင့်ဘူးလဲ?
ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့မတည့်သူများ
ကြက်ဥနဲ့ ဓာတ်မတည့်သူများ
ပြဒါးနဲ့ ဓာတ်မတည့်သူများ
ဖျားနေသူများ
Guillain-Barre ရောဂါရှိသူများ
အချုပ်ပြောရရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးက နှစ်တိုင်း ထိုးထားသင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အပေါ်မှာပြောခဲ့တဲ့ အခြေအနေတစ်ခုခုရှိနေတဲ့သူတွေမှာ တုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲတွေဆိုးတဲ့အတွက် ပိုပြီးထိုးထားသင့်ပါတယ်။ ကိုယ့်အလုပ်က လူအများနဲ့ ဆက်ဆံပြောဆိုနေရတဲ့သူ (ဥပမာ - ကျောင်း၊ ရုံး၊ ဈေးတွေမှာ လုပ်တဲ့သူ) တွေဆိုရင် တုပ်ကွေးဖြစ်နိုင်ခြေများလို့ ထိုးထားသင့်ပါတယ်။ ဆေးထိုးတော့မယ်ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။
#ကိုယ့်ကိုယ်ကိုချစ်ပါ။
#ဂရုစိုက်ပါ။
#ကျန်းမာအောင်နေပါ။
#သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်။
ဒေါက်တာအေရွန်
#မူယာတို့အိမ် ၂၁ #ရာသီတုပ်ကွေး #ကာကွယ်ဆေး
Ref: Healthline, CDC